နောက်ပြန်လှည့်တာ ရုပ်ရှင်မှာ

နောက်ပြန်လှည့်တာ ရုပ်ရှင်မှာ

အရင်က ဖျက်သိမ်းခဲ့ပြီးဖြစ်တဲ့ ရုပ်ရှင်ဆင်ဆာအဖွဲ့ဟာ အခု ဒီဇင်ဘာ ၁ ရက်နေ့ကစ စိစစ်မှုတွေ ပြန်လုပ်နေပါပြီ။

အရင်က ဖျက်သိမ်းခဲ့ပြီးဖြစ်တဲ့ ရုပ်ရှင်ဆင်ဆာအဖွဲ့ဟာ အခု ဒီဇင်ဘာ ၁ ရက်နေ့ကစ စိစစ်မှုတွေ
ပြန်လုပ်နေပါပြီ။

ဒီမိုကရေစီခေတ်ကို သွားပါ့မယ်လို့ ကြွေးကြော်နေတဲ့၊ လွတ်လပ်ခွင့်တွေ ပြန်ပေးပါ့မယ်လို့
ကတိခံနေတဲ့ ဦးသိန်းစိန် အစိုးရဟာ ဘာကြောင့် ဆင်ဆာ အဖွဲ့ပြန်ဖွဲ့ပြီး တင်းကျပ်မှုတွေ
လုပ်ရတာပါလဲ။

အခုဆင်ဆာအဖွဲ့မှာ ဘယ်သူတွေပါသလဲ၊ စာနယ်ဇင်းမှာတော့ ဆင်ဆာက ပျောက်သွားပြီး
ဗီဒီယို ရုပ်ရှင်မှာမှ ဆင်ဆာက ဘာလို့ ပြန်ကျင့်သုံးရတာလဲ၊ ဒီကိစ္စရုပ်ရှင်လောကသားတွေ
ဘယ်လို သဘောထားကြသလဲ၊ ဘာတွေ ဆက်ဖြစ်လာနိုင်မလဲဆိုတာ ဒီတစ်ပတ်
ဆွေးနွေးတင်ပြသွားပါ့မယ်။

အစိုးရဘက်က အကြောင်းပြတာကတော့ အရင်ရှိခဲ့တဲ့ ဗီဒီယိုနဲ့ ရုပ်ရှင်ဆင်ဆာအဖွဲ့ကို
ဖျက်သိမ်းပေးပြီး ရိုက်ကူးရေးနဲ့ ပတ်သက်ရင် လွတ်လပ်ခွင့်တွေ ပေးခဲ့တဲ့အကြောင်း၊ အဲဒီလို
လွတ်လပ်ခွင့်ပေးလိုက်တဲ့အခါ နောက်ပိုင်း ရိုက်ကူးတဲ့ ဇာတ်ကားတွေမှာ ဖေတော့ မောင်တော့
ဇာတ်ကားတွေ များလာတယ်။

မောင်နဲ့ နှမ သားနဲ့ အမိ မကြည့်ဝံ့တဲ့ ဇာတ်ကားတွေ များလာတယ်၊ မိန်းမလျာဇာတ်ရုပ်တွေ
ထည့်ပြီး တစ်တစ်ခွခွ ဗန်းစကားတွေ ထည့်ပြောလာတယ်။

မြန်မာ့ရုပ်ရှင် ဗီဒီယိုအဆင့်အတန်း နိမ့်ကျလာတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့
ဝေဖန်ထောက်ပြမှုတွေ ရှိလာနေတယ်လို့ ဆိုပါတယ်။

ဒီလိုနည်းနဲ့ နာမည်လှလှလေး ပေးထားတဲ့ ဇာတ်ကားများ အဆင့်အတန်း စိစစ်အကဲဖြတ်အဖွဲ့
ဆိုပြီး ပြန်ဖွဲ့ ဆင်ဆာတည်းဖြတ်မှုတွေ ပြန်လုပ်လာတာပါ။

အဲဒီအဖွဲ့ဟာ သက်တမ်း နှစ်နှစ်ရှိပြီး အဖွဲ့ဝင် ၁၆ ဦးပါ၀င်ပါတယ်။ အဖွဲ့ဝင်တွေအဖြစ် ပြန်ကြားရေး
မြန်မာ့ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊
မြန်မာနိုင်ငံ ရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး နဲ့ မြန်မာနိုင်ငံစာရေးဆရာများ အသင်းက
လူတွေ ပါ၀င်ကြပါတယ်။

ဗီဒီယိုရုပ်ရှင်ရိုက်ကူးမယ့် သူတွေအနေနဲ့ ဇာတ်ကားမရိုက်ကူးမီ ဇာတ်လမ်းတွေကို အဲဒီအဖွဲ့ဆီ
ကြိုတင် တင်ပြရမှာဖြစ်ပြီး အဲဒီအဖွဲ့ဝင်တွေက ကန့်ကွက်ရင် ဇာတ်ကားတစ်ခုလုံး ရိုက်ကူးခွင့်
ငြင်းပယ် နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တချို့ဇာတ်လမ်းတွေကိုတော့ အဖွဲ့က ပြုပြင်ပိုင်ခွင့်ရှိပြီး ဒါကို မလိုက်နာဘူးဆိုရင် ဇာတ်ကား
ရိုက်ကူးခွင့် ငြင်းပယ်ခံရမှာ ဖြစ်ပါတယ်။

တကယ်တော့ ပြန်ကြားရေးဝန်ကြီးဌာနဟာ အလားတူလုပ်ရပ်မျိုး စာနယ်ဇင်းပုံနှိပ် မီဒီယာ
ကိုလည်း လုပ်ဖို့ ကြံစည်ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ အောင်မြင်မှုမရခဲ့ပါဘူး။

အားလုံးမှတ်မိကြပါဦးမယ်။ ၂၀၁၃ ခုနှစ်ထဲမှာ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ဟာ
လွှတ်တော်ထဲမှာ ပုံနှိပ်ထုတ်ဝေခွင့်ဥပဒေကြမ်း တင်ပါတယ်။ စာနယ်ဇင်း လောကထဲက
ဘယ်သူ့ကိုမှ အသိမပေးဘဲ အလစ်အငိုက် သွားတင်လိုက်တာပါ။

လွှတ်တော်ထဲမှာ ပြောတာက စာနယ်ဇင်းလွတ်လပ်ခွင့်ပေးလိုက်တဲ့အခါ ဂျာနယ်၊ မဂ္ဂဇင်းတွေနဲ့
ပုံနှိပ်ထုတ်ဝေစာတွေမှာ ဒူးပေါ်ပေါင်ပေါ် ပုံတွေ ဖော်ပြကြတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့
မကိုက်ညီတာတွေ ဖော်ပြကြတယ်။ စာနယ်ဇင်းလောက တစ်ခုလုံး အဝါရောင် ဖုံးလွှမ်းကုန်ပါပြီ။

ဒါကြောင့် သူတင်ပြတဲ့ ပုံနှိပ်ထုတ်ဝေ ဥပဒေကြမ်းကို ဆွေးနွေးအတည်ပြုပေးကြပါဆိုပြီး
ဖြစ်ပါတယ်။

၀န်ကြီး ဦးအောင်ကြည်တင်တဲ့ အဲဒီ ဥပဒေကြမ်းမှာ ပြန်ကြားရေးဝန်ကြီးဌာနက အရာရှိ
တစ်ယောက်ဟာ ထုတ်ဝေစာတွေနဲ့ ပတ်သက်ရင် တရားသူကြီးတစ်ယောက်သဖွယ် သုံးသပ်၊
ဆုံးဖြတ်၊ ဒဏ်ပေးအရေးယူနိုင်တဲ့ အချက်မျိုးတွေ ပါ၀င်ပါတယ်။

ဒါကို စာနယ်ဇင်း လောကသားတွေ ငုံ့မခံကြပါဘူး။ ဆွေးနွေးပွဲတွေ လုပ်ပါတယ်။
တောင်းဆိုမှုတွေ ထုတ်ပါတယ်။ လမ်းပေါ်ထွက် ဆန္ဒပြပွဲတောင် လုပ်လိုက်ပါသေးတယ်။

နောက်ပိုင်း လွှတ်တော်ထဲက အမတ်တွေကို နားလည်အောင် ဆွေးနွေး ပြောဆိုပြပြီး
အဲဒီဥပဒေကြမ်းကို အမြီးနုတ် ခေါင်းနုတ် ဘာအဆိပ်အတောက်မှ မကျန်အောင် လုပ်နိုင်ခဲ့ပါတယ်။

ဒီလိုနည်းနဲ့ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းနဲ့ စာနယ်ဇင်း လောကကို ပြန်ထိန်းချုပ်ဖို့
ကြိုးစားတဲ့ စီမံချက်ကြီး ပျက်ပြယ်သွားခဲ့ပါတယ်။

ဆင်ဆာစနစ်ကြီးလည်း ပြန်ပေါ်မလာတော့ပါဘူး။ တကယ်တော့ ဘယ်နယ်ပယ်ကိုမဆို
အလွန်အကျွံ ဖိနှိပ်တားမြစ်ထားတဲ့ အခြေအနေကနေ လွတ်လပ်ခွင့်ပေးလိုက်ရင် လွတ်လပ်ခွင့်ကို
ရုတ်တရက် ကျင့်သုံးလို့ မတတ်တာမျိုး ကြံုရတတ်ပါတယ်။

စာပေစိစစ်ရေး ဖျက်သိမ်းလိုက်ပြီး လွတ်လပ်ခွင့်ရလာတဲ့ စာနယ်ဇင်းလောကမှာလည်း အဲဒီလို
ကြံုရတာပါပဲ။ အဖော်အချွတ်ပုံတွေ ဖော်ပြတာ၊ သွေးရဲရဲသံရဲရဲ ပုံတွေ ဖော်ပြတာအပြင်
အောင်ရင်ငြိမ်းလို စာရေးဆရာတွေက အပြာစာအုပ်ဆန်ဆန်တွေကို ထုတ်ဝေတဲ့အထိတောင်
ဖြစ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ စာနယ်ဇင်းလောက ပင်မရေစီးကတော့ ဘယ် ခေတ်ကနဲ့မှမတူ အဆင့်မြင့်လာပါတယ်။
အစိုးရ၊ လွှတ်တော်၊ တရားရေး မဏ္ဍိုင်ကြီး သုံးရပ်ကို အသေအချာထောက်ပြနိုင်တဲ့ အဆင့်
ရောက်လာပါတယ်။

ရှေ့ဆက်ပြီးတော့လည်း ဆက်တိုးတက်နေပါတယ်။ တကယ်တော့ အစိုးရက ဗီဒီယို၊ ရုပ်ရှင်ကို
ခုလို ဆင်ဆာပြန်လုပ်တာကို တကယ့် ရုပ်ရှင် လောကသားတွေက လက်ခံကြတာတော့
မဟုတ်ပါဘူး။

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဟောင်း သရုပ်ဆောင် အကယ်ဒမီ ဇင်ဝိုင်း၊ လက်ရှိ နာမည်ကြီးနေတဲ့
ဒါရိုက်တာ ၀ုိင်း၊ ဗီဒီယိုရုပ်ရှင် ဇာတ်ညွှန်းတွေ ရေးနေတဲ့ စာရေးဆရာနေနော်၊ လူငယ်ဒါရိုက်တာ
ကြည်ဖြူသျှင် အပါအဝင် ရုပ်ရှင်လောကသား အတော်များများက ဆန့်ကျင်ကန့်ကွက်ကြပါတယ်။

ဒါပေမဲ့ ရုပ်ရှင်အစည်းအရုံးအနေနဲ့၊ ရုပ်ရှင်လောကသား အများစုအနေနဲ့ စနစ်တကျ ဆန့်ကျင်
ကန့်ကွက်တာမျိုးကိုတော့ မမြင်မတွေ့ကြရသေးပါဘူး။

တကယ်တော့ ရုပ်ရှင် ဗီဒီယို လောကကို လွတ်လပ်ခွင့်ပေးလိုက်ရင် တကယ့် အချိန်ကောင်းပါ။
မြန်မာပြည်သမိုင်းဟာ စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းပေါင်းများစွာနဲ့ ပြည့်နှက်နေပြီး အဲဒါတွေ
အားလုံး ရုပ်ရှင်ရိုက်ကူး တင်ဆက်နိုင်တဲ့ အနေအထား ရှိပါတယ်။

ပြည်တွင်းစစ်၊ တောတွင်းလက်နက်ကိုင်တွေရဲ့ အတက်အကျ သံသရာ၊ ဘိန်းစစ်ပွဲ၊ ဘိန်းကုန်ကူးမှု၊
ကျောင်းသား လှုပ်ရှားမှု၊ စစ်အာဏာသိမ်းမှု၊ သပိတ်မှောက် ဆန္ဒပြပွဲတွေ၊ အဂတိလိုက်စားမှုတွေ၊
ထောင်တွင်း ဖိနှိပ်ရက်စက်မှုတွေစသဖြင့် မကုန်မခန်းနိုင်တဲ့ ကုန်ကြမ်းတွေကို ရုပ်ရှင်အနုပညာ
အဖြစ် ပြောင်းပြီး မြန်မာနိုင်ငံသားတွေရော၊ ကမ္ဘာကိုပါ စိတ်တဝင်စား ဖြစ်စေမယ့်
ဇာတ်လမ်းပေါင်းများစွာနဲ့ ပြည့်နှက်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စောစောက တင်ပြခဲ့သလို ပြည်ထဲရေး၊ ရှေ့နေချုပ်ရုံးနဲ့ ရုပ်ရှင် မြှင့်တင်ရေးလို
တကယ့်ဖိနှိပ်တဲ့ ယန္တရားက လူတွေ ဆင်ဆာအဖွဲ့ဝင်တွေဖြစ်နေမှတော့ ဘာဇာတ်ကား
ကောင်းကောင်းမှ ရိုက်လို့ရတော့မှာ မဟုတ်ပါဘူး။

တကယ်တော့ မြန်မာ့ရုပ်ရှင် ဗီဒီယိုလောကဟာ ဆင်ဆာကြောင့် အကြံတုံး၊ ဉာဏ်တုံး၊
ဦးနှောက်တွေ သံချေးကိုက်၊ ဘာဖန်တီးမှုမှ မလုပ်နိုင်ဘဲ အဆင့်အတန်း မရှိဆုံးဆိုတဲ့ အခြေအနေ
ရောက်ခဲ့ရဖူးပါတယ်။

အခုတစ်ခါ လွတ်လပ်ခွင့်ရတဲ့ ကာလတိုလေးအတွင်း အားယူလို့ ထမယ် မကြံသေးဘူး၊
ဆင်ဆာပြန်ဖွဲ့၊ ပြန်ဖိနှိပ်ဖို့ လုပ်လာတာမို့ နောက်ထပ် နာလန်မထူနိုင် ဖြစ်သွားနိုင်ပါတယ်။

ဒီအတွက် စာနယ်ဇင်း သတင်းမီဒီယာသမားတွေနည်းတူ ရုပ်ရှင် လောကသားတွေကိုယ်တိုင်
ကိုယ့်လွတ်လပ်ခွင့်အတွက် ကိုယ်တောင်းဆို၊ တိုက်ပွဲဝင်မှသာ အရည်အသွေးရှိတဲ့ ရုပ်ရှင်ဗီဒီယို
ဇာတ်ကားတွေကို ဖန်တီးခွင့်ရနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021