ဥပဒေကြမ်းတွေကို ဘယ်သူတွေက ဘယ်လိုရေးဆွဲကြမလဲ (၅)

ဥပဒေကြမ်းတွေကို ဘယ်သူတွေက ဘယ်လိုရေးဆွဲကြမလဲ (၅)

"အုပ်ချုပ်ရေးစနစ်သစ်အရ ၁၉၇၃ ခုနှစ်မှာ အဲဒီတုန်းကရှိနေခဲ့တဲ့ ရှေ့နေချုပ်ရုံးကို ဗဟို ဥပဒေရုံးအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့ ဆရာပြောခဲ့ပါတယ်။ ကျွန်တော် အမှတ်မမှားရင် အုပ်ချုပ်ရေးစနစ်သစ်က ၁၉၇၂ ခုနှစ်မှာ စတင်ခဲ့တာမဟုတ်လား ဆရာ"

"အုပ်ချုပ်ရေးစနစ်သစ်အရ ၁၉၇၃ ခုနှစ်မှာ အဲဒီတုန်းကရှိနေခဲ့တဲ့ ရှေ့နေချုပ်ရုံးကို ဗဟို ဥပဒေရုံး
အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့ ဆရာပြောခဲ့ပါတယ်။ ကျွန်တော် အမှတ်မမှားရင် အုပ်ချုပ်ရေး
စနစ်သစ်က ၁၉၇၂ ခုနှစ်မှာ စတင်ခဲ့တာမဟုတ်လား ဆရာ"

"အနှစ်တစ်ရာကျော်လောက် အမြစ်တွယ်လာတဲ့ စနစ်ဟောင်းကို ဖျက်သိမ်းပြီး စနစ်သစ်
စတင်တယ်ဆိုတာက ညွှန်ကြားချက် တစ်စောင် နှစ်စောင် ထုတ်ပြန်ဆောင်ရွက်ရုံနဲ့ ပြီးနိုင်တဲ့
ကိစ္စမှမဟုတ်တာ၊ အဲဒီလိုလုပ်ဖို့အတွက် မူဝါဒတွေ ချမှတ်ရတယ်။ အဲဒီ မူဝါဒအတိုင်း
အကောင်အထည်ဖော်ဖို့အတွက် ဗဟိုအဖွဲ့နဲ့ အဖွဲ့ခွဲတွေဖွဲ့ရတယ်၊ အချက်အလက်တွေ
စုဆောင်းရတယ်၊ စာအုပ် စာတမ်းတွေ ပြုစုရတယ်၊ အဲဒီအတွက် အချိန် တစ်နှစ်၊
နှစ်နှစ်လောက်တော့ လိုမှာပေါ့။ ၁၉၇၃ ခုနှစ်မှာ ဗဟိုဥပဒေရုံးကို ဖွဲ့စည်းတယ်ဆိုတာက
အဲဒီစီမံကိန်းချမှတ်ပြီး လုပ်ထုံး လုပ်နည်းဆိုင်ရာ စာအုပ်စာတမ်းတွေ ထုတ်ဝေပြီး အစိုးရဌာန
အများစုကို ပြင်ဆင်ဖွဲ့စည်းတဲ့ နှစ်ကိုပြောတာ။ အများအားဖြင့်တော့ ၁၉၇၂ ခုနှစ်မှာ အုပ်ချုပ်ရေး
စနစ်သစ်ကို စတင်ခဲ့တယ်လို့ ပြောကြရေးကြတာတော့ မှန်ပါတယ်။ အဲဒီလိုလုပ်ခဲ့တာ
မှန်သလား၊ မှားသလား၊ တိုင်းပြည်အတွက် အကျိုးရှိသလားဆိုတာတွေ အသာထားပြီး
အဲဒီအုပ်ချုပ်ရေး ပြောင်းလဲမှုသမိုင်းကို သတ်သတ်ရေးသားပြီး မှတ်တမ်းတင်ထားဖို့တော့
ကောင်းတယ်ကွ"

"ဟုတ်ကဲ့ပါဆရာ၊ အခုဆရာပြောခဲ့သမျှအရ၊ ရှေ့နေချုပ်ရုံးနဲ့ ဥပဒေရေးဆွဲရေးသမိုင်းက
အတော်ပြည့်စုံသွားပါပြီ၊ ဥပဒေရေးဆွဲရေး နည်းပညာအကြောင်း ဆက်ပါဦးဆရာ"

"နည်းနည်းဖြည့်စွက်ပြောဖို့ နှစ်ချက်လောက် ကျန်သေးတယ်ကွ၊ အဲဒါကို အရင် ပြောဦးမယ်။
ပထမအချက်က ၁၉၄၈ ခုနှစ် အခြေခံဥပဒေအရ ပြည်နယ်များ ပေါ်ပေါက်လာခဲ့ပြီး ပြည်နယ်
ဥပဒေပြုအဖွဲ့နဲ့ ပြည်နယ် အစိုးရတွေလည်း ပေါ်ပေါက်လာခဲ့တယ် မဟုတ်လား"

"ဟုတ်ပါတယ် ဆရာ"

"အဲဒီတုန်းက ရှေ့နေချုပ်ရုံးအောက်မှာ ဥပဒေရုံးတွေ မရှိသေးဘူးကွ၊ ဒီတော့ ပြည်နယ် ဥပဒေပြု
အဖွဲ့နဲ့ အစိုးရအဖွဲ့ကို ဥပဒေရေးရာကိစ္စတွေမှာ အကြံပြုဖို့ ပြည်နယ်များဆိုင်ရာ ဥပဒေအရာရှိ
(States Law Officer) ဆိုတာကို ခန့်ထားပြီး ရုံးအဖွဲ့ကိုလည်း ဖွဲ့စည်းပြီး ကမ်းနားလမ်း
ခြောက်ထပ်ရုံးမှာ ရုံးဖွင့်ထားတယ်။ ဒီရုံးက ပြည်နယ်အားလုံးအတွက် ဥပဒေရေးရာကိစ္စတွေကို
လုပ်ပေးရတာဆိုတော့ ပြည်နယ်တွေက ပြဋ္ဌာန်းတဲ့ ဥပဒေကြမ်းတွေကိုလည်း စိစစ်အကြံပေးဖို့
လိုအပ်ရင် ရေးဆွဲပေးဖို့ တာဝန်ရှိတယ်။ လိုအပ်တဲ့အခါ ရှေ့နေချုပ်ထံတင်ပြပြီး အတည်ပြုချက်၊
လမ်းညွှန်ချက် ယူရတယ်။ ပြည်နယ်များဆိုင်ရာ ဥပဒေအရာရှိရဲ့ရာထူးက နိုင်ငံတော်
လက်ထောက်ရှေ့နေချုပ်နဲ့ အဆင့်အတန်းတူတယ်။ အဲဒီခေတ်က အတွင်းဝန်တွေ ခံစားခွင့်ရှိတဲ့
ပုံသေလစာ ၁,၆၀၀ ခံစားခွင့်ရှိတယ်။ အုပ်ချုပ်ရေးစနစ်သစ်အရ အစိုးရဌာနတွေကို ပြန်လည်
ဖွဲ့စည်းရာမှာတော့ ပြည်နယ်များဆိုင်ရာ ဥပဒေအရာရှိရုံးကို ရှေ့နေချုပ်ရုံးနဲ့ ပေါင်းလိုက်တယ်၊
အဲဒီအခါမှာ လက်ထောက် ရှေ့နေချုပ်နဲ့ ပြည်နယ်များဆိုင်ရာ ဥပဒေ အရာရှိ ရာထူးတွေက
ရှေ့နေချုပ်ရုံးရဲ့ ညွှန်ကြားရေးမှူး ရာထူးတွေ ဖြစ်သွားတာပေါ့"

"ဟုတ်ကဲ့ပါဆရာ"

"ဖြည့်စွက်ပြောလိုတဲ့ နောက်တစ်ချက်ကတော့ ၁၉၇၈ ခုနှစ်မှာ နိုင်ငံတော်ကောင်စီရဲ့
အမိန့်ကြော်ငြာစာနဲ့ 'ဥပဒေကော်မရှင်' ဆိုတာကို ဖွဲ့စည်းခဲ့ပြီး ကော်မရှင်ရဲ့ လုပ်ငန်းတွေကို
ဆောင်ရွက်ဖို့ ဒုတိယညွှန်ကြားရေးမှူးတစ်ဦး ဦးစီးတဲ့ ဌာနခွဲတစ်ခုကိုလည်း နိုင်ငံတော်
ကောင်စီရုံးမှာ ဖွဲ့စည်းထားရှိခဲ့တယ်။ ဥပဒေ ကော်မရှင်ရဲ့ တာဝန်တွေထဲမှာ အဓိကတာဝန်ကတော့
ဥပဒေပြင်ဆင်ခြင်း၊ ဥပဒေအသစ် ပြဋ္ဌာန်းခြင်းကိစ္စတွေမှာ ဥပဒေကြမ်းတွေကို စိစစ်ပြီး
နိုင်ငံတော်ကောင်စီကို တင်ပြပေးဖို့ပဲ"

"အခု ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေကြမ်း စိစစ်ရေး ပူးပေါင်းကော်မတီဆိုတာမျိုး
ဖြစ်မှာပေါ့ဆရာ"

"အဲဒါကိုတော့ ငါလည်း အတိအကျမသိဘူး။ ဖွဲ့စည်းပုံချင်းကတော့ မတူဘူးလို့ ထင်တယ်။
ထားလိုက်ပါတော့။ နောက်ဆုံး ၁၉၈၈ ခုနှစ်မှာ 'နဝတ' အစိုးရတက်လာတော့
အဲဒီ ဥပဒေကော်မရှင်ရုံးက ဥပဒေအရာရှိတွေနဲ့ ရုံးဝန်ထမ်းတွေကို ရှေ့နေချုပ်အောက်ကို
လွှဲပြောင်းပြီး ရှေ့နေချုပ်ရုံးနဲ့ ပူးပေါင်းခဲ့တယ်။

"ဟုတ်ကဲ့ပါ ဆရာ။ အခုဆရာပြောခဲ့တဲ့ သမိုင်းစဉ်တွေကို ကြည့်ရင် ရှေ့နေချုပ်ရုံးက ဥပဒေ
အမှိုက်ပုံကြီးလို ဖြစ်မနေဘူးလား ဆရာ"

"ဟာ ခွေးကောင်ဖောက်လာပြန်ပြီ။ အဲဒီအထဲမှာ သက်ဆိုင်ရာ ဘာသာရပ်နဲ့ ပတ်သက်ပြီး
ကျွမ်းကျင်သူတွေပါလာတဲ့အတွက် ရှေ့ နေချုပ်ကို အားဖြည့်ပေးတဲ့ သဘောပဲကွ။ မင်းတို့ကို
လက်တွဲသင်ကြားပေးခဲ့တဲ့ ဆရာသမားတွေလည်း ပါတယ် မဟုတ်လား။ အဲဒီလိုပြောမယ့်အစား
ဥပဒေမြစ်လက်တက်တွေ အားလုံး ရှေ့နေချုပ်ရုံးဆိုတဲ့ ဥပဒေမြစ်ကြီးထဲကို
ပေါင်းစည်းသွားတယ်လို့ ပြောပါကွာ"

"တောင်းပန်ပါတယ် ဆရာ၊ ဆက်ပါဦး"

"ရှေ့နေချုပ်ရုံးနဲ့ ဥပဒေကြမ်းရေးဆွဲရေး လုပ်ငန်းသမိုင်းကို အတော်လေးပြည့်ပြည့်စုံစုံ
ပြောပြီးပြီဆိုတော့ ဆာအာသာအဂ္ဂါပြုစုခဲ့တဲ့ ဥပဒေကြမ်းရေးဆွဲနည်း (Drafting Bills) အကြောင်း
ဆက်ပြောမယ်။ အဲဒီအကြောင်းအရာက ဒို့အစောပိုင်းတုန်းက ပြောခဲ့တဲ့ "The Digest of
Government of Burma Act" ဆိုတဲ့ စာအုပ်ကလေးထဲမှာ အခန်းတစ်ခန်းအဖြစ်နဲ့ ပါ၀င်တာ။
သူပြောထားတာတွေက အတော်များတော့ ဒီမှာတော့ အပြည့်အစုံပြောဖို့ အခြေအနေမပေးဘူး။
အဓိကအချက် တချို့လောက်ပဲ ပြောနိုင်မယ်။ အခုအဲဒီအခန်းလေးကို မြန်မာဘာသာပြန်နေတယ်။
အခုငါတို့ ဆွေးနွေးခဲ့တဲ့ စာတမ်းနဲ့ပေါင်းပြီး စာအုပ်ကလေးတစ်အုပ် လုပ်မယ်လို့
စိတ်ကူးထားတယ်ကွ"

"ကောင်းတာပေါ့ ဆရာ။ အဲဒီစာအုပ်ကလည်း ရှားပါးစာအုပ်ဖြစ်နေတော့ လူငယ်တွေအတွက်
အကျိုးရှိမှာပါ ဆရာ။ မူရင်း အင်္ဂလိပ်ဘာသာတစ်ပိုဒ်ချင်းကို မြန်မာဘာသာပြန်နဲ့ ယှဉ်ပြရင်
ပိုကောင်းမယ်ဆရာ။ လူငယ်တွေအတွက် အင်္ဂလိပ်စာလည်း တိုးတာပေါ့"

"အဲဒီလိုပဲ စိတ်ကူးထားတယ်ကွ။ အဲဒီမှာ ဘာသာပြန်အတတ်ပညာကိုလည်း လေ့လာနိုင်တာပေါ့။
အခုခေတ်မှာ ပြည်သူတွေကို ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ပေးဖို့အတွက် ဘာသာပြန်ပညာကလည်း
အရေးကြီးတယ်ကွ"

"မှန်ပါတယ် ဆရာ"

"နောက်ပြီး ဆရာကြီး အဂ္ဂါရဲ့ ရေးသားပုံ စတိုင်ကိုလည်း နည်းယူဖို့ ကောင်းတယ်ကွ။ သူက
ဥပဒေပြုအဖွဲ့နဲ့ တရားရုံးတွေကို လမ်းညွှန်တဲ့ သဘောနဲ့ မဟုတ်ဘဲ ဥပဒေရေးဆွဲတဲ့ အရာရှိ
(legal draftsman) ကိုပဲ လမ်းညွှန်တဲ့ သဘောနဲ့ ရေးထားတယ်"

"ဘယ်လိုပါလဲ ဆရာ"

"ဥပဒေပြုအဖွဲ့အနေနှင့် လိုက်နာရမယ့် အချက်တွေကို ပြောတဲ့အခါ ဥပမာဆိုပါတော့။
'ပြည်သူ့လွှတ်တော်သည် ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်မယ့် ဥပဒေတွေကိုပဲ ပြဋ္ဌာန်း
ပေးရမယ်'လို့ ပြောမယ့်အစား 'ပြည်သူ့လွှတ်တော်သည် ပြည်သူများအတွက် အကောင်းဆုံး
ဖြစ်ရန်ကိုသာ ရည်ရွယ်ခြင်းဖြစ်သည်' ဟု တရားရုံးများက မှတ်ယူကြမှာဖြစ်တယ်လို့
ရေးထားတယ်ကွ။

နောက်ပြီး 'ပြည်သူ့လွှတ်တော်သည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ပေးအပ်ထားသော
အာဏာထက်ကျော်လွန် ဆောင်ရွက်ခြင်း မပြုရ'လို့ မပြောဘဲ 'ပြည်သူ့လွှတ်တော်က
ပြဋ္ဌာန်းလိုက်သော ဥပဒေများသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေက ပြည်သူ့လွှတ်တော်အား
အပ်နှင်းထားသော အာဏာများအတွင်း ကျရောက်ခြင်း ရှိ မရှိ ကြည့်ရှုခြင်းမှတစ်ပါး
တရားရုံးများသည် ပြည်သူ့လွှတ်တော်အပေါ် ထိန်းချုပ်ခွင့် အာဏာမရှိ' လို့ ပြောထားတယ်ကွ"

"မှတ်သားသင့်ပါတယ် ဆရာ"

"နောက်ပြီး တရားရုံးတွေရဲ့ တာဝန်ပိုင်းနဲ့ ပတ်သက်ပြီတော့လည်း 'တရားရုံးများရဲ့ တာဝန်ဟာ
ဥပဒေကို အဓိပ္ပာယ်ဖွင့်ရန်သာ ဖြစ်ပြီး ဥပဒေကို ပြုလုပ်ရန် (ပြဋ္ဌာန်း)ရန် မဟုတ်တဲ့'၊
'ဥပဒေရေးဆွဲရာမှာ ချွတ်ယွင်းမှုရှိတဲ့ ကိစ္စ၊ ပြဋ္ဌာန်းရမယ့်အချက်ကို ပြဋ္ဌာန်းခြင်း မရှိဘဲ ကျန်ရစ်ခဲ့တဲ့
ကိစ္စတွေဖြစ်ရင်တော့ တရားရုံးများအနေနဲ့ မိမိသဘောအလျောက် ဖြည့်စွက်ခွင့် မရှိဘူး'တဲ့၊
'ဥပဒေပြဋ္ဌာန်းချက် တစ်ရပ်နဲ့ ပတ်သက်ပြီး ဒွိဟသံသယဖြစ်တဲ့ ကိစ္စမှာလည်း အဲဒီသံသယရဲ့
အကျိုးကို အဲဒီ ပြဋ္ဌာန်းချက်အရ အရေးယူခံရတဲ့ သူအား ခံစားခွင့်ပေးသင့်တယ်'တဲ့"

"မှန်ပါတယ် ဆရာ၊ တရားစီရင်ထုံးတွေကလည်း ဒီအတိုင်းပဲ လမ်းညွှန်ထားပါတယ်"

"နောက်ပြီး ဥပဒေကြမ်းရေးဆွဲသူ (legal draftsman) အနေနဲ့ လိုက်နာရမယ့် အချက်တွေလည်း
အတော်များများပါရှိတယ်။ အင်္ဂလိပ်ခေတ်တုန်းက "General Clauses Act" (ယေဘုယျ
စကားရပ်များအက်ဥပဒေ) ဆိုတာရှိခဲ့တယ် မဟုတ်လား၊ ဥပဒေတွေမှာ အသုံးများတဲ့
ဝေါဟာရတွေကို တညီတညွတ်တည်းဖြစ်အောင် အဓိပ္ပာယ်ဖွင့်ဆိုပေးတဲ့ ဥပဒေလေ၊ ၁၉၇၃ ခုနှစ်
ကစပြီး 'စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေ' ဆိုပြီး မြန်မာဘာသာနဲ့ ပြဋ္ဌာန်းထားတယ်
မဟုတ်လား။

"ဥပဒေကြမ်းတစ်ခုမှာ အဲဒီဥပဒေမှာ အဓိပ္ပာယ်ဖွင့်ဆိုပေးထားတဲ့ ယေဘုယျ ဝေါဟာရတစ်ရပ်ကို
သုံးမယ်ဆိုရင် အဲဒီဥပဒေမှာ အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့အတိုင်း အဓိပ္ပာယ် သက်ရောက်စေရမယ်
ဆိုတာကို ဥပဒေကြမ်း ရေးဆွဲသူက သတိပြုရမယ်တဲ့။ အဲဒီဝေါဟာရကို တခြားအဓိပ္ပာယ်နဲ့
သုံးချင်တယ်ဆိုရင်တော့ ဥပဒေကြမ်းမှာ အဲဒီဝေါဟာရရဲ့ အဓိပ္ပာယ်ကို သီးခြားဖွင့်ဆိုပေးဖို့
လိုမယ်တဲ့။ နောက်ပြီး ရာဇသတ်ကြီး၊ အခန်း ၄ မှာ ပြဋ္ဌာန်းထားတဲ့ "General Exceptions"
(အထွေထွေ ကင်းလွတ်ခွင့်များ၊ သို့မဟုတ် ကင်းလွတ်ရမြဲ အချက်များ) ဟာ ရာဇသတ်ကြီးမှအပ
ဖြစ်သော ကျန်ရာဇဝတ်ဥပဒေအားလုံး (အထူး ဥပဒေအားလုံး) နဲ့လည်း သက်ဆိုင်တယ်ဆိုတာကို
ဥပဒေကြမ်းရေးဆွဲသူအနေနဲ့ မမေ့ရဘူးတဲ့။ ဥပဒေသမားမဟုတ်သူတွေ နားလည်အောင်
ဥပမာအဖြစ်၊ ပြောရရင်၊ အသက် ၁၂ နှစ်အောက် ကလေး၊ သို့မဟုတ် စိတ်ပေါ့သွပ် သူရဲ့
ပြုလုပ်မှုတွေနဲ့ မိမိကိုယ်ကို ခုခံပိုင်ခွင့်အရ ပြုလုပ်မှုတွေဟာ ပြစ်မှုမမြောက်(ပြစ်မှု မဟုတ်ဘူး) လို့
ရာဇသတ်ကြီးမှာ ပြဋ္ဌာန်းထားတယ်။ အဲဒီပြုလုပ်မှုမျိုးတွေကို တခြားပြစ်မှု ဥပဒေ(အထူးဥပဒေမှာ
ပြစ်မှုမြောက်တယ်ဆိုပြီး ဥပဒေကြမ်းရေးဆွဲသူက ဥပဒေရေးဆွဲခွင့် မရှိဘူးလို့ ဆိုလိုတာပေါ့)"

"မှန်ပါတယ် ဆရာ"

"အဲဒီလို ဥပဒေကြမ်းရေးဆွဲသူက လိုက်နာရမယ့် အချက်တွေကို အမှတ်စဉ်ထိုးပြီး
ဖော်ပြမယ်ဆိုရင် အချက်ပေါင်း ၁၆၀ လောက်ရှိမယ် ထင်တယ်။ အခုပြောခဲ့တာတွေက
နမူနာလောက်ပဲဆိုပါတော့။ ဥပဒေကြမ်းတွေကို တာဝန်အရ ရေးဆွဲနေရသူတွေနဲ့ ဒီဘာသာရပ်ကို
၀ါသနာပါသူအနေနဲ့ ဆာအာသာအဂ္ဂါ ရဲ့ မှတ်စုလေးကို ဖတ်လိုက်ရင်ပဲ ဥပဒေကြမ်းရေးဆွဲခြင်း
(legislative drafting) အတွက် အတော်ကို အထောက်အကူရနိုင်ပါတယ်"

"မှန်ပါတယ် ဆရာ။ ဆရာကိုယ်တိုင်လည်း ဥပဒေကြမ်းတချို့ကို ရေးဆွဲပေးခဲ့တဲ့အပြင်
လက်အောက်အရာရှိတွေ ရေးဆွဲတင်ပြလာတဲ့ ဥပဒေကြမ်းတွေကို စိစစ်တဲ့ အတွေ့အကြံုလည်း
အတော်များများရှိခဲ့တော့ ဒီလုပ်ငန်းနဲ့ ပတ်သက်လို့ လူငယ်ဥပဒေသမားလေးတွေ
သိရှိထားသင့်တာတွေကို ပြောပြပါဦး ဆရာ"

"ဒီလုပ်ငန်းနဲ့ ပတ်သက်လို့ အခုထိတော့ သင်တန်းတွေ ဘာတွေလုပ်တာမျိုး ဒို့ဆီမှာ
မတွေ့ရသေးဘူး။ တာဝန်အရ ဖြစ်ဖြစ်၊ ၀ါသနာအရဖြစ်ဖြစ် ကိုယ့်ဘာသာလေ့လာကြရမှာပဲ။
သင်တန်းပေးရင်တော့ ဒီလုပ်ငန်းနဲ့ ပတ်သက်တဲ့ နည်းနာနိဿယတွေကိုတော့ သိမှာပဲ။ ဒါပေမဲ့
လုပ်ငန်းလုပ်ကိုင်တဲ့အခါမှာ ထွက်လာမယ့် လက်ရာချင်းကတော့ အရည်အသွေး ကွာလိမ့်မယ်။

"ဒီလုပ်ငန်းကလည်း အနုပညာလုပ်ငန်း တစ်ရပ်ပဲ။ ကဗျာ၊ ၀တ္ထု၊ ပြဇာတ်စတဲ့ ရသစာပေရေးတဲ့
လုပ်ငန်း၊ ပန်းချီရေးဆွဲတဲ့ လုပ်ငန်း၊ ပန်းပုထုတဲ့ လုပ်ငန်း၊ ဗိသုကာအင် ဂျင်နီယာလုပ်ငန်းတွေနဲ့
လုပ်ငန်းသဘာဝ ချင်းတူတယ်။ စာမျိုးစုံ ဘာသာရပ်မျိုးစုံဖတ်တဲ့ အတွေ့အကြံုရှိဖို့ လိုတယ်။
မိမိရဲ့ ဘာသာစကားအပြင် အင်္ဂလိပ်စာကိုပါ ကျွမ်းကျင်လိုတယ်။

"ဘာကြောင့်လဲဆိုတော့ တချို့ကိစ္စတွေမှာ အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်စာတမ်းတွေကို
ဖတ်ရှုပြီးမှ ဥပဒေရေးဆွဲရတာတွေ ရှိတယ် မဟုတ်လား။ ဥပမာ "Arbitration" ဥပဒေကိစ္စ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ကိစ္စမျိုးတွေပေါ့။ ကဲ ဒီလောက်နဲ့ပဲ
အဆုံးသတ်လိုက်ကြရအောင်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021