"အေး ဪ လာထိုင်ကွာ၊ ဒီတစ်ပတ် မင်းမလာတော့ဘူးလို့ ထင်နေတာ၊ မင်းရောက်လာတာနဲ့ အတော်ပဲကွ"
"အေး ဪ လာထိုင်ကွာ၊ ဒီတစ်ပတ် မင်းမလာတော့ဘူးလို့ ထင်နေတာ၊ မင်းရောက်လာတာနဲ့
အတော်ပဲကွ"
"ဘာဖြစ်လို့လဲ ဆရာ၊ ကိစ္စလေးတစ်ခုရှိလို့ ၀င်နေတာနဲ့ နောက်ကျသွားတာပါ၊ ဘာခိုင်းစရာ
ရှိလို့လဲ ဆရာ"
"ခိုင်းစရာတော့ မဟုတ်ပါဘူးကွာ၊ ခါတိုင်းကတော့ မင်းကစပြောတဲ့ ဥပဒေပြဿနာတွေကိုပဲ
ဒို့ဆွေးနွေးခဲ့ကြတာ မဟုတ်လား၊ ဒီတစ်ခါတော့ မင်းမလာခင်လေးမှာပဲ ငါပြန် သတိရလာတဲ့
ဥပဒေပြဿနာလေး နှစ်ခုလောက်ကို မင်းလာရင် ပြောပြဖို့ စိတ်ကူးနေတုန်း မင်းရောက်လာတာနဲ့
အတော်ပဲလို့ ပြောလိုက်ရတာ"
"ဟုတ်ကဲ့၊ ဘယ်လိုပါလဲ ဆရာ"
"ပြဿနာလေးကို စကားအဖြစ် ပြောတာဖြစ်ပေမယ့် အမှန်ကတော့ ပြဿနာကြီးတွေကွ၊
ဥပဒေရေးဆွဲရေးနဲ့ဆိုင်တဲ့ နိုင်ငံတော် မှားယွင်းမှုကြီးလို့ ပြောရင်တောင်ရတယ်"
"ဆရာ့ဟာကလည်း ထိတ်လန့်စရာကြီးပါလား ဆရာ၊ ပြောပြပါဦးဆရာ"
"ပြဿနာနှစ်ခုစလုံးက တော်လှန်ရေး ကောင်စီခေတ်ကနေ ဆိုရှယ်လစ်ပြည်သူ့ လွှတ်တော်ခေတ်
ကို ကူးပြောင်းချိန်မှာ စဖြစ်တာ၊ အတိအကျဆိုရရင်တော့ ၁၉၇၄ ခုနှစ်မှာ စဖြစ်တာ"
"ဘယ်လိုဖြစ်တာပါလဲ ဆရာ"
"ဒီပြဿနာကို စာဖတ်သူတွေ နားလည်ဖို့အတွက် နောက်ခံအကြောင်းအချက်လေးတွေကို
အရင်ပြောဖို့ လိုမယ်ကွ။ မင်းတို့ တရားရုံးတွေမှာ အရင်ခေတ်က ရာဇဝတ်မှုလို့ခေါ်တဲ့ ပြစ်မှုဆိုင်ရာ
အမှုတွေကို စစ်ဆေးရာမှာ လိုက်နာရတဲ့ ကျင့်ထုံးဥပဒေ ရှိတယ်မဟုတ်လား"
"ဟုတ်ပါတယ်ဆရာ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပါ"
"အဲဒါက အဲဒီဆိုရှယ်လစ် ပြည်သူ့လွှတ်တော်ခေတ်မှာမှ အမည်ပြောင်းလိုက်တာ မဟုတ်လား၊
ဒီမတိုင်ခင်တုန်းကတော့ 'The Code of Criminal Procedure'၊ မြန်မာလိုကတော့
'ရာဇဝတ်ကျင့်ထုံးဥပဒေ' ပေါ့ကွာ၊ အဲဒီမှာ 'SCHEDULE II' (ဒုတိယဇယား) ဆိုတာပါရှိပြီး
အဲဒီဇယားမှာ ပုဒ်မနဲ့ ရာဇဝတ်မှု အမျိုးအမည်၊ ရဲက အရေးယူပိုင်ခွင့် ရှိ မရှိ၊ အဲဒီအမှုကို
စစ်ဆေးစီရင်ပိုင်ခွင့်ရှိတဲ့ တရားသူကြီးရဲ့ ရာထူးအဆင့်အတန်း အမှု အမျိုးအစားလိုက်
စစ်ဆေးရမယ့် လုပ်ထုံးလုပ်နည်းနဲ့ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် အများဆုံး ချမှတ်နိုင်တဲ့
ပြစ်ဒဏ်စတာတွေကို ဖော်ပြထားတယ်လေ"
"ဟုတ်ပါတယ် ဆရာ"
"အဲဒီမှာ ရာဇဝတ်မှု အမျိုးအစားလိုက် ခွဲခြားပြဋ္ဌာန်းထားတဲ့ နည်းတွေကို ပြောပါဦး"
"ထောင်ဒဏ် (၆) လအောက် ချမှတ်ခွင့်ရှိတဲ့ သမ္မန်မှု စစ်ဆေးနည်း၊ ထောင်ဒဏ် (၆)လအထက်
ချမှတ်ခွင့်ရှိတဲ့ ၀ရမ်းမှု စစ်ဆေးနည်း၊ နောက်ပြီး အဲဒီအမှုတွေကို အကျဉ်းစစ်ဆေးနည်းဆိုတာတွေ
ရှိပါတယ်ဆရာ"
"ဒါတင်ပဲလား"
"ဟုတ်ပါတယ်ဆရာ၊ အခုထိ အသုံးပြုနေတဲ့ အမှုစစ်ဆေးနည်းတွေပါ ဆရာ"
"ကျန်သေးတယ်ကွ၊ ကြီးလေးတဲ့ ထောင်ဒဏ်၊ တစ်ကျွန်းပို့ဒဏ်နဲ့ သေဒဏ်ချမှတ်နိုင်တဲ့
အမှုကြီးတွေကို ဘယ်ရုံးကစစ်လဲ"
"ခရိုင်တရားရုံးတွေက စစ်ဆေးပါတယ် ဆရာ"
"ဒါက ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ဖြစ်လာတာ၊ ရာဇဝတ်ကျင့်ထုံးဥပဒေရဲ့ ဒုတိယဇယားမှာ
အဲဒီအမှုကြီးတွေကို ဘယ်တရားသူကြီး (ဘယ်တရာရုံး) က စစ်ဆေးရမယ်လို့ ဖော်ပြထားလဲ"
" 'Court of Sessions' မဟုတ်လားဆရာ"
"အေး၊ ဟုတ်တယ်၊ မြန်မာလိုလည်း 'စက်ရှင် တရားသူကြီးရုံး' သို့မဟုတ် 'စက်ရှင်ရုံး' လို့
ခေါ်တယ်။ ဒါပေမဲ့ စက်ရှင်ရုံးမှာ အမှုစစ်တဲ့နည်းက အခုနပြောခဲ့တဲ့ သမ္မန်မှု စစ်ဆေးနည်း၊ ၀ရမ်းမှု
စစ်ဆေးနည်းတွေအတိုင်း မဟုတ်တော့ဘူး၊ သီးခြားအမှုစစ်နည်းကို ခွဲခြားပြဋ္ဌာန်းပေးထားတယ်"
နောက်ပိုင်း မှာ ဆက်ပြောမယ်။ အခု ဒို့ပြောခဲ့တဲ့ အခြေခံအချက်တွေအပေါ် မူတည်ပြီးတော့
စောစောက ငါပြောခဲ့တဲ့ ဥပဒေပြဿနာနှစ်ခုကို ဆက်ပြီးပြောကြတာပေါ့"
"ဒါပေမဲ့ လူငယ်ဥပဒေသမားတွေအတွက် အရေးကြီးတဲ့ ဥပဒေအခြေခံသဘောတရားတစ်ခုအဖြစ်
ပြောပြမယ်"
"ဟုတ်ကဲ့ပါ ဆရာ"
"၁၉၇၄ ခုနှစ်ကစပြီး တရားစီရင်ရေး စနစ်သစ်အရ ယခင်ကရှိခဲ့တဲ့ တရားသူကြီးတစ်ဦးထိုင်
တရားရုံးအားလုံးကို ဖျက်သိမ်းပြီး ရပ်ကွက်/ ကျေးရွာ၊ မြို့နယ်၊ တိုင်း၊ ဗဟိုဆိုပြီး အဆင့်
လေးဆင့်သာ ထားရှိခဲ့တာကြောင့် ယခင်ခရိုင်စက်ရှင်တရားရုံးတွေ မရှိတော့ဘဲ အဖွဲ့ဝင်သုံးဦးစီ
ပါ၀င်တဲ့ မြို့နယ်တရားရုံးက သေဒဏ်ထိုက်သင့်တဲ့ အမှုတွေ အပါအဝင် ပြစ်မှုအားလုံးကို
စစ်ဆေးစီရင်ခွင့်ရှိခဲ့တယ် မဟုတ်လား"
"မှန်ပါတယ် ဆရာ"
"အဲဒီမှာ ပထမကောင်စီ သက်တမ်း လေးနှစ်အတွင်း အတွေ့အကြံုအရ ဖြစ်မယ်ထင်တယ်၊
ဒုတိယကောင်စီ သက်တမ်းမှာကျတော့ သေဒဏ်အဖြစ် ပေးနိုင်တဲ့အမှုကြီးတွေကို
မြို့နယ်တရားစီရင်ရေးအဖွဲ့က စစ်ဆေးပြီးလို့ရှိရင် စီရင်ချမှတ်ခြင်းမပြုဘဲ ပြည်နယ်/တိုင်းတရားရုံး၊
တရားစီရင်ရေး အဖွဲ့ထံ တင်ပြပြီး ပြည်နယ်/တိုင်း တရား စီရင်ရေးအဖွဲ့က ဆုံးဖြတ်တဲ့အတိုင်း
မြို့နယ်တရားစီရင်ရေးအဖွဲ့က စီရင်ချမှတ်ရမယ်ဆိုပြီး အဲဒီတုန်းက ပြည်သူ့တရားသူကြီးအဖွဲ့က
ညွှန်ကြားချက် ထုတ်ပါလေရော၊ ညွှန်ကြားချက် အမှတ်(၁၅) လား မသိဘူး၊ အဲဒီတော့
ပြည်သူ့တရားသူကြီးအဖွဲ့ ဥပဒေအရ၊ မြို့နယ် တရားစီရင်ရေးအဖွဲ့တွေကို သေဒဏ်စီရင်ခွင့်
အာဏာပေးထားပြီးတော့မှ ပြည်သူ့ တရားသူကြီးအဖွဲ့က အဲဒီညွှန်ကြားချက်အရ ပြန်လည်
ရုတ်သိမ်းတဲ့သဘော ဖြစ်နေတာပေါ့"
"မှန်ပါတယ်ဆရာ၊ ဥပဒေပြဋ္ဌာန်းချက်ကို ညွှန်ကြားချက်နဲ့ ပြင်တဲ့သဘော၊ ညွှန်ကြားချက်က
လွှမ်းမိုးတဲ့ သဘောဖြစ်နေတော့ အဲဒီ ညွှန်ကြားချက်က ဥပဒေနဲ့ ဆန့်ကျင်နေတာပေါ့ ဆရာ၊
အဲဒီအချိန်လောက်က ကျွန်တော်တို့က အလုပ်ဝင်စဆိုတော့ အဲဒီလောက်အထိ မသိခဲ့သေးပါဘူး
ဆရာ"
"ငါကလည်း အဲဒီကောင်စီ ဒုတိယသက်တမ်းမှာ တိုင်းတရားသူကြီးအဖွဲ့၊ အဖွဲ့ဝင်ဖြစ်နေပြီဆိုတော့
အဲဒီပြဿနာကို ခြောက်လပတ် ဗဟိုနဲ့ ပြည်နယ်/တိုင်း တရားသူကြီးအဖွဲ့ အစည်းအဝေးမှာ
တင်ပြခဲ့တယ်၊ အဲဒီညွှန်ကြားချက်က ပြဋ္ဌာန်းဥပဒေကို အာဏာကျော်လွန်တယ်လို့
ယူဆကြောင်းနဲ့ အမှန်လိုအပ်ပါက ဥပဒေကိုသာ ပြန်လည် ပြင်ဆင်သင့်ကြောင်း စသည်ဖြင့်
ပေါ့ကွာ"
"အဲဒီတင်ပြချက် အောင်မြင်ခဲ့ပါသလား ဆရာ"
"မအောင်မြင်ခဲ့ဘူးကွ၊ အဲဒီတုန်းက ပြည်သူ့ တရားသူကြီးအဖွဲ့ဥက္ကဋ္ဌကလည်း အတော်ကို
ခက်ထန်တဲ့အပြင် ဒို့အဖွဲ့ကိုလည်း အထက် အမိန့်ကို မလိုက်နာတဲ့အဖွဲ့အဖြစ် မြင်ပုံရတဲ့အတွက်
နောင်အစည်းအဝေးတွေမှာလည်း ဥပဒေပြဿနာ တင်ပြတာတို့၊ အကြံပြုတာတို့ မလုပ်တော့ဘဲ
ကိုယ့်တိုင်းအတွင်းမှာ ဖြစ်ပေါ်တဲ့ ပြဿနာကို ကိုယ့်ဘာသာပဲ ဖြေရှင်းခဲ့တော့တယ်။ နောက်တော့
ဒီဥက္ကဋ္ဌဆိုသူလည်း အဆောင်အယောင်သာရှိပြီး ပုဂ္ဂလိကအနေနဲ့ ဘာမှ လုပ်ပိုင်ခွင့်မရှိတဲ့
အဖွဲ့အစည်းတစ်ခုထဲကို ရောက်သွားတယ်ကွာ၊ သူလုပ်ချင်တာကျတော့ စွတ်လုပ်လို့
မှားတာတွေလည်း ရှိခဲ့တာကိုး"
"ဟုတ်ကဲ့၊ ဒီပြဿနာကတော့ ၁၉၈၈ ခုနှစ်မှာ လူထုအုံကြွမှုနဲ့ ရှင်းရာမှာပါသွားပြီးဖြစ်လို့
လူငယ်ဥပဒေသမားလေးတွေအဖို့ သမိုင်းသင်ခန်းစာအဖြစ်နဲ့ မှတ်ယူထားကြဖို့ပဲ ဖြစ်ပါတယ်။
ဒုတိယပြဿနာကို ဆက်ပါဦး ဆရာ"
"ဒုတိယပြဿနာကလည်း ဗဟိုရဲ့ အမှားဆိုတော့ နိုင်ငံတော်ရဲ့ အမှားကြီးပေါ့ကွာ၊
ဒီပြဿနာကတော့ လူမသိ၊ သူမသိနဲ့ အခုထိ ရှိတုန်းပဲကွ၊ မင်းတို့ဥပဒေသမားတွေလည်း
ဒီပြဿနာနဲ့ နေ့စဉ်ထိတွေ့နေရပေမယ့် သတိပြုမိပုံ မရကြဘူးနဲ့တူတယ်။ သတိပြုမိတဲ့
လူရှိရင်လည်း အများက မိုးခါးရေသောက်နေ ကြလို့ လိုက်သောက်နေတာပဲ ဖြစ်မယ်၊
ဘာကြောင့်လဲဆိုတော့ အဲဒီပြဿနာကို ဖော်ထုတ်တာ မတွေ့ဖူးသေးလို့ပဲကွ"
"ဘယ်လိုပြဿနာပါလဲဆရာ၊ ကျွန်တော်တော့ စဉ်းစားလို့မရဘူး"
"ပြောမယ်လေ၊ အမှုစစ်နည်း သုံးမျိုးရှိတဲ့အကြောင်း စောစောက ပြောခဲ့တယ်မဟုတ်လား၊
ထောင်ဒဏ် ခြောက်လအောက်သာ အပြစ်ပေးနိုင်တဲ့ သမ္မန်မှုစစ်ဆေးနည်း၊ ထောင်ဒဏ်
ခြောက်လအထက် ပြစ်ဒဏ် ချမှတ်နိုင်တဲ့ ၀ရမ်းမှုစစ်ဆေးနည်းနဲ့ ကြီးလေးတဲ့ ထောင်ဒဏ်၊
တစ်ကျွန်းပို့ဒဏ်နဲ့ သေဒဏ်အထိ ချမှတ်နိုင်တဲ့ စက်ရှင်ရုံးစစ်ဆေးနည်း ဆိုတာတွေပေါ့၊
အခုအခါမှာ မသုံးတော့တဲ့ သီးခြားအာဏာပေးမှသာ အသုံးပြုနိုင်တဲ့ အကျဉ်းစစ်နည်း
(summary trial) ဆိုတာကိုတော့ ထားလိုက်တော့"
"အဲဒီနည်းသုံးနည်းထဲက စက်ရှင်ရုံး အမှုစစ်နည်းဆိုတာကတော့ ကျွန်တော်တို့ အလုပ်စဝင်ခဲ့တဲ့
၁၉၇၄ ခုနှစ် နောက်ပိုင်းမှာ အသုံးမပြုတော့လို့၊ စက်ရှင်ရုံးဆိုတာလည်း မရှိတော့လို့ ကျွန်တော်တို့
မသိခဲ့ရပါဘူး ဆရာ၊ ရာဇဝတ်ကျင့်ထုံးဥပဒေမှာ တွေ့ရပေမယ့် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး
ဖတ်မကြည့်မိပါဘူး။ နောက်ပိုင်းမှာ သိချင်လို့ ဖတ်ကြည့်တော့လည်း သိပ်နားမလည်ဘူးဆရာ"
"စက်ရှင်တရားရုံးဆိုတာကတော့ ၁၉၇၃ ခုနှစ်နောက်ပိုင်းမှာ မရှိတော့ဘူး၊ အဲဒီမတိုင်ခင်
'ခရိုင်တရားမနှင့် စက်ရှင်တရားရုံး' ဆိုပြီး ခရိုင်အတော်များများမှာ ရှိခဲ့တယ်၊ အင်္ဂလိပ်လိုကတော့
'Court of District and Sessions Judge' ပေါ့၊ အဲဒါက ရာထူးနှစ်ခုကို လူတစ်ယောက်တည်းက
ကိုင်ထားတာ၊ ခရိုင်တရားမ တရားသူကြီးအဖြစ်နဲ့ တရားမမှုကြီးတွေ စစ်ပြီးတော့၊ စက်ရှင်
တရားသူကြီး အဖြစ်နဲ့ ရာဇဝတ်မှုကြီးတွေကို စစ်ဆေးရတာပေါ့။ စက်ရှင်တရားသူကြီးတွေက
၁၉၇၃ ခုနှစ်အထိ ရှိခဲ့ပေမယ့် စက်ရှင်ရုံး ရာဇဝတ်မှု စစ်ဆေးနည်းဆိုတာကတော့ စစ်ကြီးအပြီး
၁၉၄၆ ခုနှစ်ကတည်းက ရပ်စဲသွားခဲ့တယ်"
"ဟုတ်ကဲ့ စက်ရှင်ရုံး ရာဇဝတ်မှု စစ်ဆေးနည်းအကြောင်း ပြောပါဦးဆရာ"
"အင်္ဂလိပ်ခေတ်ဦးကစပြီး ၁၉၇၃ ခုနှစ်အထိ မြို့နယ်တိုင်းမှာ မြို့ပိုင်ရုံးဆိုပြီး ရှိခဲ့တယ် မဟုတ်လား၊
မြို့ပိုင်ဆိုတာက မြို့နယ်ရာဇဝတ် တရားသူကြီး၊ မြို့နယ်အခွန်တော် အရာရှိ၊ မြို့နယ်ငွေတိုက်အရာရှိ၊
မြို့နယ် အထွေထွေ အုပ်ချုပ်ရေးအရာရှိဆိုတဲ့ တာဝန်တွေကို ပေါင်းခေါ်ထားတဲ့ ရာထူးလို့
ဆိုင်နိုင်တာပေါ့ကွာ၊ အဲဒီစက်ရှင်ရုံး ရာဇဝတ်မှု စစ်ဆေးနည်းမှာ မြို့ပိုင်လို့ခေါ်တဲ့ မြို့နယ်ရာဇဝတ်
တရားသူကြီးက အတော်ကို အရေးပါတဲ့ ပုဂ္ဂိုလ်ပဲကွ၊ ကြီးလေးတဲ့ထောင်ဒဏ်၊ တစ်ကျွန်းပို့ဒဏ်နဲ့
သေဒဏ်အထိ အပြစ်ပေးနိုင်တဲ့ ရာဇဝတ်မှုကြီးတွေကို ခရိုင်မှာရှိတဲ့ စက်ရှင်တရားရုံးက
စပြီးစစ်ဆေးတာ မဟုတ်ဘူး၊ မြို့ပိုင်လို့ခေါ်တဲ့ မြို့နယ်ရာဇဝတ် တရားသူကြီးက မြို့ပိုင်ရုံးမှာပဲစပြီး
စစ်ဆေးပေးရတာ၊ အဲဒီမြို့ပိုင်ကလည်း အနိမ့်ဆုံးအားဖြင့် ပထမတန်း ရာဇဝတ်အာဏာရရှိတဲ့
တရားသူကြီးဖြစ်ရမယ်ကွ၊ တရားစီရင်ရေးအာဏာ အဆင့်ဆင့်အကြောင်းတွေကိုတော့ ဆောင်းပါး
သိပ်ရှည်သွားမှာမို့ ဒီမှာ မပြောသာတော့ဘူး"
"ဟုတ်ကဲ့ပါဆရာ"
"အဲဒီ စက်ရှင်ရုံး အမှုစစ်ဆေးနည်းက အခုအခါမှာ မသုံးတော့ပေမယ့် ရာဇဝတ်ကျင့်ထုံးဥပဒေ
အခန်း ၁၈ နဲ့ အခန်း ၂၃ တွေမှာ ပါရှိပြီး အခုထိအာဏာတည်နေသေးတယ်၊ အဲဒီလို စက်ရှင်ရုံးက
စီရင်ပိုင်ခွင့်ရှိတဲ့ အမှုတွေကို မြို့ပိုင်ရုံးမှာ စတင်စစ်ဆေးခဲ့ရတဲ့ အကြောင်းရင်းကတော့
ရာဇဝတ်ကျင့်ထုံး ဥပဒေကို ပြဋ္ဌာန်းခဲ့တဲ့ ၁၈၉၈ ခုနှစ် ၀န်းကျင် အချိန်လောက်တုန်းက
အခြေအနေအရ၊ တောရွာတွေကနေ ခရိုင်မြို့ကို သွားဖို့က လှည်း၊ လှေနဲ့ ခြေကျင်ခရီးပဲ ရှိတဲ့အပြင်
အမှုသည်တွေ၊ သက်သေတွေအနေနဲ့ မြို့ပေါ် မှာတည်းဖို့ ခိုဖို့ စားသောက်ဖို့ဆိုတာကလည်း
အလွန်ခက်ခဲတာကြောင့် ဖြစ်မယ်ကွ"
"မှန်ပါတယ် ဆရာ"
"အကျဉ်းဆုံး ပြောရရင်တော့ မြို့နယ် ရာဇဝတ်တရားသူကြီးက တရားလိုပြသက်သေတွေကို
စစ်ဆေးပြီးရင် စွဲချက်တင်သင့်ရင် စွဲချက်တင်မယ်၊ စွဲချက်တင်ဖို့ လုံလောက်တဲ့ သက်သေ
အထောက်အထားမရှိရင် တရားခံကို တရားရှင်လွှတ်မယ်၊ စွဲချက်တင်ရင်တော့ တရားခံသက်သေ
စာရင်းတောင်းပြီး နှစ်ဖက်သက်သေစာရင်းနဲ့တကွ တရားခံကို စက်ရှင် တရားသူကြီးက
ဆက်လက်စစ်ဆေးရေး အတွက် စက်ရှင်ရုံးကို လွှဲအပ်တင်ပို့ပေးရတယ်၊ အဲဒါကို
အင်္ဂလိပ်ဘာသာနဲ့ 'commit' လို့ခေါ်တယ်။ ဒီတော့ စက်ရှင်တရားသူကြီးတွေက အဲဒီအမှုတွေကို
စွဲချက်တင်တဲ့အဆင့် ရောက်မှ စတင်စစ်ဆေးပြီး နှစ်ဖက်သက်သေ ခံချက်တွေအရ တရားခံ
အပြစ် ရှိ မရှိ ဆုံးဖြတ်တဲ့ သဘောပေါ့ကွာ၊ အင်္ဂလိပ်ဘာသာနဲ့ 'inquiry' လို့ခေါ်တဲ့ စွဲချက်မတင်မီ
တရားလို ပြသက်သေတွေကို 'စစ်ဆေးစုံစမ်း' တဲ့ အဆင့်ကိုတော့ မြို့နယ်ရာဇဝတ်တရားသူကြီးက
လုပ်ပေးတဲ့ သဘောပေါ့ကွာ"
"ဟုတ်ကဲ့ပါ ဆရာ"
"အဲဒီမှာ တစ်ခုသိသင့်တာက အဲဒီခေတ်က (လွတ်လပ်ရေး မရမီအထိ) အင်္ဂလိပ်စာက
ရုံးသုံးစာဆိုတော့ သက်သေတွေက မြန်မာလို ပြောတာကို တရားသူကြီးက အင်္ဂလိပ်လို
ဘာသာပြန်ပြီး မှတ်တမ်းတင်ရတာ၊ အဲဒီခေတ်က မြို့ပိုင်ဆိုတာ အနိမ့်ဆုံးတော့ ကျောင်းထွက်
လက်မှတ်ရစာမေးပွဲ၊ သို့မဟုတ် တက္ကသိုလ်ဝင်တန်း အောင်ပြီးသားလူတွေဆိုတော့ သူတို့
အင်္ဂလိပ်စာက ဒို့ခေတ်တက္ကသိုလ်ဘွဲ့ရတွေ ထက်တောင် ပိုတော်ကြတယ်ကွ၊ အဲဒီလို
သက်သေထွက်ဆိုချက်တွေကို အင်္ဂလိပ်လို ပြန်ပြီး မှတ်တမ်းတင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး
ဒို့အထက်အရာရှိဆရာကြီးတွေ ပြောဖူးတဲ့ ပုံပြင်လေးကို သတိရနေတုန်းပဲကွ"
"ဟုတ်ကဲ့ ပြောပြပါဦးဆရာ"
"ဒီလိုကွ၊ တစ်ခါက မြို့နယ်ရာဇဝတ် တရားသူကြီးတစ်ဦးက အခုပြောခဲ့တဲ့ လုပ်ထုံးလုပ်နည်းအရ
လူသတ်မှုတစ်မှုကို စစ်ဆေးရာမှာ တရားလိုသက်သေတစ်ဦးက 'အိမ်အောက်ထပ်မှာ သူတို့နှစ်ဦး
လုံုးထွေးသတ်ပုတ်နေတာကို အိမ်အပေါ်ထပ်မှာနေတဲ့ ကျွန်တော်မျိုးက တွေ့မြင်ခဲ့တာပါ'
လို့ပြောတော့ 'အခင်းဖြစ်တာက ညမှောင်နေတဲ့အချိန်မှာ မောင်မင်းက ဘယ်လိုမြင်ရတာလဲ'လို့
တရားသူကြီးက မေးတော့ သက်သေက 'အိမ်အောက်ထပ် ဘုရားစင်မှာ ထွန်းထားတဲ့
မီးအလင်းရောင်ကြောင့် အပေါ်ထပ် ကြမ်းကြားကနေပြီး ကျွန်တော်မျိုး မြင်ရတာပါ'လို့ ဖြေသတဲ့၊
အဲဒါ ကို တရားသူကြီးက အင်္ဂလိပ်လို ပြန်လိုက်တာက 'I saw them fighting by the light
of payasim (ဘုရားစင်) through kyangya (ကြမ်းကြား) တဲ့ကွာ"
"ဆရာကလည်း ဘာသာပြန်ကောင်းတယ်လို့ ကျွန်တော်သိထားပါတယ်၊ အဲဒီမြန်မာ ၀ါကျကို
အင်္ဂလိပ်လို ပြန်ပြပါဦးဆရာ"
"ဟာ ခွေးကောင်၊ ငါ့ကို မြှောက်သလိုလိုနဲ့ ချောက်မချနဲ့၊ ငါက သူတို့တွေလောက် အင်္ဂလိပ်စာ
မတော်ဘူးလို့ ပြောထားတဲ့ဟာကို"
"တောင်းပန်ပါတယ်ဆရာ၊ ဆက်ပြောပါဦး"
"အခုပြောခဲ့တဲ့ စက်ရှင်ရုံးအမှုစစ်နည်းက ၁၉၄၆ ခုနှစ်မှာ ရပ်စဲသွားခဲ့တယ်၊ ဘာကြောင့်လည်း
ဆိုတော့ အဲဒီနှစ်မှာ 'The Special Judges Act, 1946' ဆိုတဲ့ဥပဒေကို ဘုရင်ခံ ကောင်စီက
ပြဋ္ဌာန်းလိုက်တော့ အဲဒီဥပဒေ ပုဒ်မ ၅ မှာ 'အထူးတရားသူကြီးတစ်ဦးက အမှုစစ်ဆေးတဲ့အခါ
(အခုပြောခဲ့တဲ့) လွှဲအပ်တင်ပို့ နည်းကို အသုံးမပြုဘဲ အခြားရာဇဝတ်မှုများကို စစ်ဆေးတဲ့ ၀ရမ်းမှု
စစ်ဆေးနည်းကို လိုက်နာဆောင်ရွက်ရမယ်' လို့ ပြဋ္ဌာန်းပေးထားတယ်၊ ဒါ့ပြင်
စက်ရှင်တရားသူကြီးအားလုံးနဲ့ တွဲဖက်စက်ရှင် တရားသူကြီးအားလုံးဟာလည်း ၎င်းတို့ရဲ့
ရာထူးအလျောက် အထူးတရားသူကြီးများ ဖြစ်ရမယ်ဆိုပြီး အဲဒီဥပဒေ ပုဒ်မ ၃ မှာ
ပြဋ္ဌာန်းထားတယ်။ အဲဒီအချိန်က စပြီး စက်ရှင်ရုံးအမှုစစ်ဆေးနည်းနဲ့ စစ်ဆေး စီရင်ဖို့
သတ်မှတ်ထားတဲ့ အမှုတွေကို ခရိုင်မြို့ တွေမှာရှိတဲ့ ခရိုင်တရားမနှင့် စက်ရှင်ရုံးတွေမှာ အစအဆုံး
၀ရမ်းမှု စစ်ဆေးနည်းနဲ့ စစ်ဆေးခဲ့တယ်။ ဒါပေမဲ့ စက်ရှင်တရားသူကြီး အနေနဲ့ စစ်ဆေးတာတော့
မဟုတ်ဘူး၊ အထူး တရားသူကြီးအနေနဲ့ စစ်ဆေးတာ"
"ဟုတ်ကဲ့ရှင်းပါပြီ ဆရာ၊ ဒီတော့ ၁၉၇၄ ခုနှစ်နောက်ပိုင်းမှာ မြို့နယ်တရားရုံး (မြို့နယ်
တရားစီရင်ရေးအဖွဲ့) နဲ့ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ တိုင်းတရားရုံး၊ နောင်မှာ ခရိုင်တရားရုံးတွေက
စက်ရှင်ရုံးက စီရင်ပိုင်ခွင့်ရှိတဲ့ အမှု ကြီးတွေကို စစ်ဆေးကြရာမှာ အဲဒီအထူး တရားသူကြီး
ဥပဒေအရ စစ်ဆေးခဲ့တာပေါ့ ဆရာ၊ မဟုတ်ဘူးလား"
"မဟုတ်ဘူးကွ၊ အဲဒါက ငါပြောချင်တဲ့ အခုထိ ဖြစ်နေသေးတဲ့ ပြဿနာကြီးပေါ့ကွာ၊
ပြဿနာစတာကတော့ ၁၉၇၄ ခုနှစ်မှာ ပြည်သူ့တရားသူကြီးအဖွဲ့ ဥပဒေကို ပြဋ္ဌာန်းတုန်းက
စခဲ့တာလို့ ဆိုရမယ်၊ အဲဒီဥပဒေအရ ဥပဒေရှစ်ခုကို ရုပ်သိမ်းခဲ့ရာမှာ 'The Special Judges Act,
1946' လည်း ပါ၀င်တယ်။ ဒါပေမဲ့ မြို့နယ်တရားရုံးတွေကို စက်ရှင်ရုံး ကသာ စီရင်ပိုင်ခွင့်ရှိတဲ့
အမှုကြီးတွေကို စီရင် ပိုင်ခွင့်ပေးခဲ့ပေမယ့် အဲဒီအမှုကြီးတွေကို စစ်ဆေးဖို့ လုပ်ထုံးလုပ်နည်းတွေ
ကိုတော့ Special Judges Act မှာလို ပြင်မပေးခဲ့ဘူးကွ၊ အဲဒါအပြင် နောက်ပိုင်းမှာ ပြဋ္ဌာန်းခဲ့တဲ့
တရားစီရင်ရေး ဥပဒေတွေမှာလည်း အဲဒီကိစ္စအတွက် ပြဋ္ဌာန်းချက် မပါတော့ဘူး"
"အဲဒီတော့ ၁၉၇၄ ခုနှစ်ကနေ အခုထိ အမှုကြီးတွေကို ၀ရမ်းမှု စစ်ဆေးတဲ့ လုပ်ထုံး လုပ်နည်းက
နှစ်ပေါင်း ၄၀ လုံးလုံး မှားနေခဲ့တာပေါ့ ဆရာ၊ မဟုတ်ဘူးလား"
"အခုလောက် ပြောခဲ့ပြီးမှတော့ ဒီမေးခွန်းကို ထပ်ဖြေဖို့ လိုဦးမှာလားကွာ"
"ဒါဆို အဲဒီပြဿနာကို ပြည်သူ့တရားသူကြီးအဖွဲ့နဲ့ ပြည်နယ်/တိုင်း တရားသူကြီး
အစည်းအဝေးတွေမှာ ဆရာတို့ မတင်ပြခဲ့ဘူးလား ဆရာ"
"အသေအချာတော့ မမှတ်မိတော့ဘူးကွ၊ ငါလည်း မိုးခါးရေသောက်ခဲ့မိသလား မသိတော့ဘူး၊
ဒါပေမဲ့ ၁၉၈၈ ခုနှစ်မှာတော့ ဒီပြဿနာကို ငါတစ်ခါပြန်ဖော်ခဲ့ဖူးသေးတယ်"
"ပြောပါဦးဆရာ"
"၁၉၈၈ ခုနှစ်တုန်းက သေနတ်သံ မစဲသေးတဲ့အချိန်မှာ အဲဒီတုန်းက ညွှန်ချုပ်က ခေါ်လို့
အဲဒီတုန်းက အလံပြဘုရားလမ်းမှာရှိတဲ့ ကာကွယ်ရေးဝန်ကြီး ဌာနရုံးကို သွားရောက်ခဲ့ရပြီး
ဥပဒေကြမ်း လေးငါးခုလောက် စိစစ်တဲ့ အဖွဲ့ ထဲမှာ ငါပါခဲ့ရသေးတယ်လို့ အရင်ဆောင်းပါး
တစ်စောင်မှာ ပြောခဲ့တာကို မှတ်မိတယ် မဟုတ်လား"
"မှတ်မိပါတယ်ဆရာ"
"အဲဒီမှာ ဒီပြဿနာကို ငါကထုတ်ဖော်ပြီး အဲဒီတုန်းကတရားစီရင်ရေး ဥပဒေမူကြမ်းမှာ
'စက်ရှင်ရုံးက စီရင်ပိုင်ခွင့်ရှိတဲ့ အမှုတွေကို ၀ရမ်းမှု စစ်ဆေးနည်းနဲ့ စစ်ဆေးနိုင်ကြောင်း' ဆိုတဲ့
အချက်ကို ထည့်သွင်းဖို့ တင်ပြခဲ့တယ်ကွ၊ ဒါပေမဲ့ အဲဒီတုန်းက တရားရေးဘက်က
ညွှန်မှူးတစ်ယောက်က 'စီရင်ပိုင်ခွင့် ပေးပြီးပြီပဲ၊ အမှုစစ်ဆေးနည်းလည်း ပါပြီးသားပဲပေါ့' လို့
ပြောတော့၊ ငါကလည်း 'စီရင်ပိုင်ခွင့်ကိစ္စနဲ့ လုပ်ထုံးလုပ်နည်းကိစ္စက တခြားစီပဲ၊ စီရင်ပိုင်ခွင့်
ရှိပေမယ့် လုပ်ထုံးလုပ်နည်း မမှန်ရင် ပြန်စစ်ဆေးရတဲ့ စီရင်ထုံးတွေရှိတာပဲ' လို့
ပြန်ပြောတာပေါ့ကွာ"
"အဲဒီတော့ အဖွဲ့က ဘယ်လိုဆုံးဖြတ်ခဲ့လဲ ဆရာ"
"တခြားဘယ်သူမှလည်း ၀င်ရောက် ဆွေးနွေးခဲ့တာ မရှိဘူးကွ၊ ဆုံးဖြတ်ချက်ချတယ်ဆိုတာ
မျိုးလည်း မရှိဘူး၊ နောင်ထွက်လာတဲ့ ၁၉၈၈ ခုနှစ် တရားစီရင်ရေးဥပဒေမှာ အဲဒီကိစ္စမပါတာကိုဘဲ
သိခဲ့ရတယ်။ နောက်ဆက်လက် ပြဋ္ဌာန်းတဲ့ ဥပဒေတွေမှာလည်း ဒီကိစ္စ မပါတော့ပါဘူး"
"ဆရာကတော့ ဒုတိယကမ္ဘာစစ်အတွင်းက ကျန်ခဲ့တဲ့ ဗုံးတစ်လုံးကို တူးဖော်လိုက်ပြန်ပါပြီ"
"အဲဒီဗုံးက မပေါက်ကွဲနိုင်တော့ပါဘူးကွာ"
"ဟုတ်တော့ ဟုတ်တာပေါ့ဆရာ၊ မှားတော့ မှားနေတာပေါ့၊ မှားမှန်းမသိတော့လည်း
အမှန်ဖြစ်နေတာပေါ့၊ ဒါပေမဲ့ ရှေးကလူကြီးတွေ တွေးခေါ်ပုံ၊ စေ့စပ်ပုံမျိုး နောက်ပိုင်း လူတွေမှာ
မတွေ့ရတော့တဲ့ သဘောကိုတော့ သိရတာပေါ့ဆရာ"
"အေး မင်းသိသလို ဒို့ဥပဒေသမားအားလုံး သိဖို့အရေးကြီးတယ်ကွ၊ တော်ကြစို့"
















