အပိုင်း(၁) အမှန်တွင် National Income ကို တိုင်းပြည် ၀င်ငွေဟု ဘာသာပြန်ပါက National Accounts ကို တိုင်းပြည်စာရင်းများဟု ဘာသာပြန်သင့်သည်ဟု ယူဆမိသည်။
အပိုင်း(၁) အမှန်တွင် National Income ကို တိုင်းပြည် ၀င်ငွေဟု ဘာသာပြန်ပါက National
Accounts ကို တိုင်းပြည်စာရင်းများဟု ဘာသာပြန်သင့်သည်ဟု ယူဆမိသည်။
သို့သော် သတင်းစာများတွင် System of National Accounts ကို အမျိုးသားစာရင်းစနစ်ဟု
တွေ့မိထားသဖြင့် နှစ်မျိုးစလုံးကို ထည့်ပေးထားလိုက်ပါသည်။
Accounts ဟူသော ဝေါဟာရကို အဓိပ္ပာယ်ဖွင့်ဆိုပါက စာရင်းကိုင်သင်တန်းများတွင် မြီစား (Debit) နှင့် မြီရှင် (Credit) ပါ၀င်သော တီပုံသဏ္ဌာန်စာရင်းရေးဆွဲခြင်းကို လူအများ သိရှိပြီး ဖြစ်ပါမည်။
ယင်းအဓိပ္ပာယ် ဖွင့်ဆိုချက်မှာ သီးသီးသန့်သန့် ဘာသာရပ်တစ်ခုအတွက် ဖွင့်ဆိုခြင်းဖြစ်သော်
လည်း ပိုမိုကျယ်ပြန့်စွာဖွင့်ဆိုပါက Accounts မှာ ကိန်းဂဏန်းများကို စုစည်းစီစဉ်မှု (Organized
Arrangement of Figures) ဟု ၁၉၄၅ ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့သော Harold C. Edey နှင့်
Alan T. Peacock တို့၏ "National Income and Social Accounting" စာအုပ်၏
စာမျက်နှာ ၁၈ တွင် တွေ့ရပါသည်။
ကျွနု်ပ် ကမူ စာရင်းမှတ်တမ်းများဟု အဓိပ္ပာယ်ဖွင့်ဆို လိုပါသည်။
ဆောင်းပါးခေါင်းစဉ်ပါ အကြောင်းအရာကို ရှေ့ဆက်မရေးမီ ဤဆောင်းပါးရေးရခြင်း၏
အကြောင်းရင်းကို ဦးစွာဖော်ပြလိုပါသည်။
ကျွန်ုပ်သည် အငြိမ်းစားပညာရေးဝန်ထမ်း တစ်ဦးဖြစ်ပြီး မြန်မာ့အလင်းသတင်းစာကို
လပေးဖတ်ရှုပါသည်။
မြန်မာ့အလင်းသတင်းစာမှာ အစိုးရအာဘော်များကို ဖော်ပြပြီး သာရေး၊ နာရေးကြော်ငြာစုံသည့်
အပြင် ဈေးချိုပါသည်။
သို့သော် သတင်းတင်ပြပုံ အရည်အသွေးအလွန် ကောင်းပါသည်။
တစ်ရက်တွင် သတင်းစာပို့သူက ကြော်ငြာနှစ်ရွက်ကိုသာပေးပြီး ကျန်စာရွက်များ ပါမလာသဖြင့်
နောက်နေ့မှ ပို့ပေးမည်ဟု ပြောပါသည်။
ကျွန်ုပ်လည်း အပြင်ထွက်ရင်း The Daily Eleven သတင်းစာကို ၀ယ်လိုက်ပါသည်။
ထိုသတင်းစာ၏ စာမျက်နှာ ၁၆ - ၁၇ ပါ သတင်းဆောင်းပါးကြောင့် ဤဆောင်းပါးကို ရေးလိုစိတ်
ပေါ်လာရပါသည်။
သတင်းဆောင်းပါးပါ စာပိုဒ်တစ်ပိုဒ်ကို ထောက်ပြရမည်ဆိုပါက "အများပြည်သူပေးဆောင်ထားတဲ့
ကားက ရတဲ့ ဘဏ္ဍာငွေကို အများပြည်သူအကျိုးရှိမယ့် လမ်းဘက်မှာ အကျိုးရှိစွာ မသုံးသေးဘဲ
ထားတာ ဘာကြောင့်လဲ၊ ဘယ်မှာ သုံးနေသလဲလို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို
မေးနေကြပါတယ်" ဤသို့သော သံသယမျိုး မဖြစ်ပေါ်စေနိုင်သည့် စာရင်းထားသိုသောစနစ်မှာ
ယနေ့ နိုင်ငံအားလုံးနီးပါးထားရှိသည့် SNA - System of National Accounts ပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ထိုစနစ်ကို ၁၉၆၂ ခုနှစ် မတိုင်မီ မြေစမ်းခရမ်းပျိုး အသုံးပြုနေသော်လည်း
၁၉၆၂ ခုနှစ်၊ မတ်လ တော်လှန်ရေး ကောင်စီက အာဏာသိမ်းပြီးနောက် ဆိုဗီယက် ရုရှားပုံစံ
ရုပ်ဝတ္ထုကိုသာ ဦးစားပေးသည့် ထုတ်လုပ်မှုတွက်ချက်စနစ်ဖြင့် တောက်လျှောက်တွက်ချက်ခဲ့
သည်မှာ ယနေ့တိုင်အောင် ဖြစ်သည်။
SNA ပုံစံတွက်ချက်မှုသို့ ပြောင်းလဲရန် ကြိုးစားနေသော်လည်း မည်မျှအထိ ပီပြင်အောင်
လုပ်နိုင်မည်ဆိုသောအချက်မှာ လုပ်ဆောင်နေသူတို့၏ ရိုးသားစေတနာထားမှု အပေါ်မူတည်
နေသည်။
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ လွှတ်တော်ဆွေးနွေးပွဲ
သတင်းတွင် "ဓာတ်သတ္တုသယံဇာတ ကဏ္ဍမှ GDP တိုးတက်လျှင် နိုင်ငံတော်အနေဖြင့် LDC
နိုင်ငံစာရင်းမှ လျင်လျင်မြန်မြန် လွတ်မြောက်မည် ဖြစ်ပါကြောင်း" ဟု ရှမ်းပြည်နယ်မဲဆန္ဒနယ်
အမှတ် ၉ မှ ဦးနေဝင်းထွန်း၏ ဆွေးနွေးချက်ကို ကိုးကားပါမည်။
GDP စာရင်းများ မှန်ကန်ပါမှ တိုင်းပြည်၏ အခြေအနေမှန်ကို သိပြီး ပြည်သူလူထုဗဟိုပြုစနစ်ကို
ဖော်ဆောင်နိုင်ပါမည်။
LDC နိုင်ငံစာရင်းမှ လွတ်မြောက်အောင် GDP စာရင်းများကို မမှန်မကန်ဖော်ပြပါက
နစ်နာသူများမှာ ပြည်သူများပင် ဖြစ်ပါသည်။
ယခုဆိုလျှင် ၂၀၀၉ - ၁၀ ပြည့်နှစ် မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုနှုန်းမှာ ၂၆ ရာခိုင်နှုန်းဟု
ဖော်ပြခဲ့သည်မှာ စဉ်းစားစရာဖြစ်နေပါသည်။
ပါရဂူဘွဲ့ရရှိပြီးသူ စီးပွားရေးပညာရှင်ကြီးတစ်ဦးက မှတ်ချက်ပြုသည်မှာ မြန်မာနိုင်ငံ၏
ဆင်းရဲနွမ်းပါးမှုနှုန်းမှာ ပြောင်းပြန်ဖြစ်နေပုံရှိသည်ဟု ဆိုပါသည်။
ဆင်းရဲသူ ရ၄ ရာခိုင်နှုန်းနှင့် ချမ်းသာသူ ၂၆ ရာခိုင်နှုန်းဟု ဆရာကြီးက ဆိုလိုပါသည်။
တိုင်းပြည်လူဦးရေ၏ ရ၀ ရာခိုင်နှုန်းမှာ ကျေးလက်ပြည်သူများဖြစ်နေသဖြင့် ဆင်းရဲမွဲတေမှုနှုန်းမှာ
၂၆ ရာခိုင်နှုန်းထက် ပိုမည်ဖြစ်ပါသည်။
၂၆ ရာခိုင်နှုန်းကို အခြေခံထားခဲ့လျှင် အမှန်တကယ် ဆင်းရဲနေသူများကို ဆင်းရဲတွင်းမှ
လွတ်ကင်းအောင် မလုပ်ပေးနိုင်ဘဲ ဆင်းရဲငတ်ပြတ်ခြင်းမှသည် နိုင်ငံရေးပြဿနာများ
ပိုမိုဆိုးရွားလာနိုင်သဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေကြသော အာဏာပိုင်များအထိ ရိုက်ခတ်
လာနိုင်ပါသည်။
ထို့ကြောင့် GDP စာရင်းများကို တွက်ချက် တင်ပြကြသူတို့၏ ရိုးသား စေတနာထားမှုမှာ
လွန်စွာအရေးကြီးပါသည်။
တိုင်းပြည်စာရင်းစနစ်တွင် စာရင်းအင်း အချက်အလက်များကို တရားဝင်စုဆောင်း ကောက်ယူ
စုစည်းတင်ပြရန် တာဝန်ယူသော အဖွဲ့အစည်း သတ်သတ်မှတ်မှတ် ရှိရပါမည်။
ထိုအဖွဲ့အစည်းကိုလည်း တရားဝင်တာဝန် ပေးပြီး တရားဝင်ကြေညာပေးရပါမည်။
ဥပမာ - မြန်မာနိုင်ငံတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနရှိ
စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ဗဟိုဘဏ် စသည်တို့ ရှိပါသည်။
မည်သည့် အဖွဲ့အစည်းက တာဝန်ယူပြီး တာဝန်ခံမည်နည်း။ အကယ်၍ အဖွဲ့အစည်းအမျိုးမျိုးက
သက်ဆိုင်ရာ အပိုင်းအလိုက်ခွဲဝေ တာဝန်ယူရမည်ဆိုပါက တာဝန်ယူသည့်အပိုင်းနှင့်
အဖွဲ့အစည်းကို သတ်သတ်မှတ်မှတ် တာဝန်ပေးပြီး တရားဝင်ကြေညာပေးရမည်။ သို့မှသာ
မည်သည့်အစိတ်အပိုင်း၌ အားနည်းမှု ရှိသည်၊ သို့မဟုတ် အားသာမှု ရှိသည်တို့ကို သိရှိနိုင်ပါမည်။
တိုင်းပြည်စာရင်းစနစ် (SNA) တွင် သော့ချက်ပေါင်းမြောက်မြားစွာ ရှိပါသည်။ သော့ချက်တစ်ခုမှာ
ဈေးနှုန်းဖြစ်ပါသည်။ ယင်းဈေးနှုန်းကြောင့် ကျွန်ုပ်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားများ
ဒုက္ခရောက်နေကြသည်။ ဈေးနှုန်း အဆင့်ဆင့်ဖြစ်ပေါ်လာမှုကို SNA တွင် စနစ်တကျ
ဖော်ညွှန်းထားသည်။ SNA တွင် အဓိကအားဖြင့် အခြေခံဈေးနှုန်း (Basic Price)၊ ထုတ်လုပ်သူ
ဈေးနှုန်း (Producers Price) နှင့် ၀ယ်ယူသူဈေးနှုန်း (Purchasers Price) ဟူ၍ သုံးမျိုးရှိသည်။
တိုင်းပြည်စာရင်းစနစ်တွင် အရေးပါသော အခြေခံဈေးနှုန်းထုတ်လုပ်သူဈေးနှင့် ၀ယ်ယူသူဈေးနှုန်း
တို့နှင့် စပ်လျဉ်း၍ ကျွန်ုပ်သည် နေပြည်တော် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု
၀န်ကြီးဌာန၊ စီမံကိန်း ရေးဆွဲရေးဦးစီးဌာနတွင် သင်တန်းပို့ချခဲ့ဖူးပါသည်။
သင်တန်းသားတစ်ဦးက မေးခွန်းမေးပါသည်။
"အခြေခံဈေးနှုန်းတွင် အမြတ်ပါပြီးပြီလား" ဟု မေးပါသည်။ ပထမတွင် ကျွန်ုပ်ကိုယ်တိုင် 'ကြောင်'
သွားပါသည်။
ကျွန်ုပ်မှာ ၁၉၅၁ ခုနှစ်ဖွားဖြစ်ပါသည်။ ၁၉၅၁ ခုနှစ်မှ ၁၉၆၂ ခုနှစ်၊ မတ်လအထိ
ပါလီမန်ဒီမိုကရေစီခေတ် ၀န်ထမ်းတစ်ဦး၏ လစာသည် မိသားစုတစ်ခုလုံး မကြောင့်မကြ
နေနိုင်သော ခေတ်ဖြစ်ခဲ့ပါသည်။
၁၉၆၂ ခုနှစ်၊ မတ်လ နောက်ပိုင်းမှစပြီး တဖြည်းဖြည်း ယိုယွင်းလာသော ကျွန်ုပ်တို့နိုင်ငံ၏
အခြေအနေကိုလည်း အများသိဖြစ်ပါသည်။
သို့သော် ကျွန်ုပ်တို့၏ ဆရာ၊ ဆရာမ များမှာ အတတ်နိုင်ဆုံး အငတ်ခံ၍ ကိုယ်ကျင့်တရား
စောင့်ထိန်းခဲ့၍လား မသိပါ။ ကျွန်ုပ် မဟာစီးပွားရေးဘွဲ့ရရှိ ပြီးသည်အထိ ကျူရှင် မရှိဘဲ ကိုယ်ပိုင်
လုံ့လဝီရိယဖြင့် အောင်မြင်ခဲ့ရပါသည်။
သင်တန်းအကြောင်းကို ဆက်ရပါမည်။ အခြေခံဈေးနှုန်းတွင် အမြတ်ပါပြီး မပါပြီး မေးခွန်းကို
'ကြောင်'သွားသည့် ကိစ္စဖြစ်ပါသည်။
၁၉၆၂ ခုနှစ်၊ မတ်လမှ စတင်ခဲ့သော တော်လှန်ရေးအစိုးရလက်ထက်၌ ဈေးနှုန်းတွင် အမြတ်ပါ မပါ
မသိသော ခေတ်ဆိုရလောက်အောင် မျက်စိပိတ် နားပိတ်ခေတ်တွင် ကြီးပြင်းခဲ့ကြရသော
သင်တန်းသူ သင်တန်းသားများ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။
အမှန်စင် စစ် 'ဈေးနှုန်း' ဟုဆိုကတည်းက အမြတ်/ အရှုံး ပါ၀င်ပြီး ဖြစ်ပါသည်။
ဈေးနှုန်းနှင့် စရိတ် ကွာခြားချက်မှာ အမြတ်/ အရှုံးပင်ဖြစ်ပါသည်။
ဆက်လက်ဖော်ပြပါမည်
စာရေးသူ ကီနိုစံသည် ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခ တစ်ဦးဖြစ်ပါသည်။
















