ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူး အစည်းအဝေးမှာ တိုင်းဒေသကြီးအမတ် ဦးသောင်းကျော် တင်သွင်းခဲ့တဲ့ "ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဥပဒေ စည်းမျဉ်း စည်းကမ်းတွေ ပြဋ္ဌာန်းပြီး အနှိပ်ခန်းတွေကို တရားဝင် ခွင့်ပြုပေးဖို့"ဆိုတဲ့ အဆိုဟာ ရှုံးနိမ့်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူး အစည်းအဝေးမှာ
တိုင်းဒေသကြီးအမတ် ဦးသောင်းကျော် တင်သွင်းခဲ့တဲ့ "ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဥပဒေ
စည်းမျဉ်း စည်းကမ်းတွေ ပြဋ္ဌာန်းပြီး အနှိပ်ခန်းတွေကို တရားဝင် ခွင့်ပြုပေးဖို့"ဆိုတဲ့ အဆိုဟာ
ရှုံးနိမ့်ခဲ့ပါတယ်။
အဆိုတင်သူ၊ ထောက်ခံသူတွေက ဘယ်အချက်ကို ထောက်ပြခဲ့ကြသလဲ၊ အဆိုကို
ကန့်ကွက်သူတွေဘက်က ဘယ်လို အကြောင်းပြခဲ့ကြသလဲ၊ အကြောင်းပြချက်တွေ မှန်ကန်မှု
ရှိရဲ့ လား၊ ဒီကိစ္စ နောက်ပိုင်း ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
အဆိုတင်သူ တိုင်းဒေသကြီးအမတ် ဦးသောင်းကျော်က "အနှိပ်ခန်းတွေဟာ တရားမဝင်
လုပ်ကိုင်ဆောင်ရွက်နေတဲ့အတွက်ကြောင့်မို့ ဥပဒေကို ချိုးဖောက်တဲ့ အလေ့အကျင့်ဟာ
အနှိပ်ခန်းတွေကို သွားရောက်တဲ့ သူတွေမှာရော၊ ဖွင့်ထားတဲ့ သူတွေရော ဥပဒေ ကို
ချိုးဖောက်ပါတယ်။ နောက်တစ်ချက်က ခွင့်ပြုချက် မရှိဘူး၊ ဒါပေမဲ့ လုပ်ကိုင်ဖွင့်လှစ်နေတဲ့
အနှိပ်ခန်းတွေကို တာဝန်ရှိသူတွေက လျစ်လျူရှုတဲ့အခါမှာကြာတော့ သူတို့တွေလည်း
ဥပဒေ ချိုးဖောက်တာကို အလေ့အကျင့်အဖြစ် မှတ်ယူပြီး လူတွေရဲ့ အမြင်မှာ မကျေမနပ်
ဖြစ်ပေါ်စေတဲ့ အချက်တွေ ဖြစ်ပါတယ်" လို့ ပြောပါတယ်။
အဓိက သူထောက်ပြတဲ့ အချက်ကတော့ အနှိပ်ခန်းမှာ အလုပ်လုပ်ရတဲ့ အမျိုးသမီးငယ်တွေကို
ဥပဒေအရ အကာအကွယ် မပေးနိုင်တာ၊ သောက်စား မူးယစ်တဲ့ အမျိုးသားတွေရဲ့ ထိကပါး
ရိကပါး ပြုမူခြင်း ခံရတာ၊ တချို့ အနှိပ်ခန်းတွေမှာ ဆိုရင် အမျိုးသမီးတွေ ဘဝ နစ်မွန်းရတာတောင်
ရှိတယ်လို့ဆိုပြီး တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဒီအဆိုနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ အမတ်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာညိုညိုသင်းနဲ့
အတိုက်အခံ အမတ်တချို့က ထောက်ခံခဲ့ပါတယ်။
အဆိုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူတွေကိုယ်စား နယ်စပ််ရေးရာနဲ့
လုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း က လာရောက် ရှင်းလင်း ပြောဆိုပါတယ်။
သူက "ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့အတွက် တရားဝင် ခွင့်ပြုလို့ မရပါဘူး။ အနှိပ်ခန်းများကို
တရားဝင် ခွင့်ပြုမယ်ဆိုရင် ရန်ကုန်တိုင်း ဒေသကြီး တစ်ခုတည်းနဲ့ ဆောင်ရွက်လို့ မရပါဘူး၊
တစ်နိုင်ငံလုံး ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ပြည်ထောင်စု အစိုးရက ပြဋ္ဌာန်းသင့်တဲ့ ဥပဒေ
ဖြစ်ပါတယ်" ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဒီနောက် အဆို ရှုံးနိမ့်ပြီး မှတ်တမ်းတင်ရုံ အဆင့်ပဲ
ရောက်သွားပါတယ်။
ဗိုလ်မှူးကြီးတင်ဝင်း ပြောတာကို ဝေဖန်ကြည့်ရအောင်။ သူက အနှိပ်ခန်းတွေဟာ ယဉ်ကျေးမှုနဲ့
မကိုက်ညီဘူးလို့ ပြောပါတယ်။ လက်ရှိ ရန်ကုန်မှာ ရှိနေတဲ့ အနှိပ်ခန်းတွေကို အမျိုးအစား
ခွဲကြည့်ရင် ဟိုတယ်ကြီးတွေမှာ ရှိနေတဲ့ အနှိပ်ခန်းတွေ၊ မျက်မမြင်တွေနဲ့ ကျွမ်းကျင်သူတွေ နှိပ်တဲ့
အနှိပ်ခန်းတွေ၊ နေရာအနှံ့ ပျံ့နှံ့နေတဲ့ တရားမဝင် အနှိပ်ခန်းတွေ ဆိုပြီး ရှိပါတယ်။
နောက် မြန်မာနိုင်ငံအနှံ့ ကျေးရွာ ရပ်ကွက်တွေမှာလည်း အနှိပ်သည်တွေ ရှိကြပါတယ်။
လူတစ်ယောက်ကနေ အခြားတစ်ယောက်ကို နှိပ်နယ်ပေးခြင်း၊ နှိပ်နယ်ပြီး ၀န်ဆောင်မှုပေးခြင်းဟာ
မြန်မာ့ ယဉ်ကျေးမှုမှာ ရှိနေပြီးသားပါ။ အဲဒါကို အခြေပြုပြီးတော့မှ လက်ရှိ တရားမဝင်
အနှိပ်ခန်းတွေ ပေါ်လာတာပါ။ ပြောရရင် နှိပ်နင်းတယ်ဆိုတာ မြန်မာ့ယဉ်ကျေးမှုနဲ့
မကိုက်ညီဘူးလို့ ပြောဆိုတာ မမှန်ပါဘူး။
နောက်တစ်ချက် ဗိုလ်မှူးကြီးတင်ဝင်းပြောတာက ဒါမျိုး လုပ်ချင်ရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့
ဆောင်ရွက်မှရမယ်ဆိုပြီး ခေါင်းရှောင်သွားတာပါ။ တကယ်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ
တိုင်းဒေသကြီးနဲ့ ပြည်နယ်က ဆောင်ရွက်နိုင်တဲ့၊ ပြဋ္ဌာန်းနိုင်တဲ့ ဥပဒေ စာရင်းထဲမှာ
ဒီလောက်တော့ ခွင့်ပြုထားပါတယ်။ အဓိပ္ပာယ်ကတော့ မလုပ်ချင်လို့၊ တာဝန် မယူချင်လို့
ရှောင်လွှဲလိုက်တဲ့ သဘောပါ။
တကယ်တော့ လက်ရှိ တိုင်းဒေသကြီး အမတ်တချို့ တင်ပြတဲ့ အနှိပ်ခန်းဆိုတာ ရန်ကုန်မှာ
အနှံ့အပြားရှိနေပါတယ်။ အနှိပ်ခန်းလို့ နာမည်တပ်ထားပေမယ့် နှိပ်နင်းတာကို အဓိက ၀န်ဆောင်မှု
ပေးတာမျိုးတော့ မဟုတ်ပါဘူး။ အားလုံး နားလည်ထားကြတာက ငွေပေးပြီး အနှိပ်ခန်းမှာ
သွား အနှိပ်ခံတယ် ဆိုတာက အနှိပ်ခံတာအပြင် နှိပ်နယ်တဲ့ မိန်းကလေး ငယ်တွေကို
ဣန္ဒြေပျက်အောင် လုပ်ခွင့် ရှိတယ်ဆိုတာပါပဲ။ သားပြော မယားပြော ပြောနိုင်တယ်၊
သားကိုင်မယားကိုင် ကိုင်နိုင်တယ်၊ သမီးရည်းစားလိုလဲ ပြုမူနိုင်တယ် ဆိုတာမျိုးပါ။
လုပ်နိုင်ကိုင်နိုင်တဲ့ ဒီဂရီ အမျိုးအစား ကွာပေမယ့် အနှိပ်ခန်း အားလုံးကိုတော့ လူတိုင်း
အဲဒီလိုနားလည်ထားကြပါတယ်။
အဲဒီ အနှိပ်ခန်းအားလုံးနီးပါးဟာ တရားမဝင်ဖြစ်တာကြောင့် အာဏာပိုင်တွေကို လာဘ်ငွေပေးပြီး
ဖွင့်ကြရပါတယ်။ ခြံုပြီး ပြောရရင် တာဝန်ရှိ အာဏာပိုင်နဲ့ သူတို့နဲ့ နီးစပ်တဲ့ အနှိပ်ခန်းထောင်စား
သူတွေ ပူးပေါင်းပြီး မိန်းကလေးငယ်ပေါင်း မြောက်မြားစွာကို ခေါင်းပုံဖြတ် အမြတ်ထုတ်နေတဲ့
တရားမဝင် စီးပွားရေးလုပ်ငန်းကြီးပါ။
တရားမဝင် ဖြစ်တဲ့အတွက် အဲဒီ လုပ်ငန်းထဲ လုပ်ကိုင်နေတဲ့ မိန်းကလေးငယ်တွေလည်း
ဘာအာမခံချက်မှ မရှိသလို၊ ဘာအကာအကွယ်မှလည်း မရနိုင်ပါဘူး။ ဒီအတွက် တာဝန်ရှိ အစိုးရ
အဖွဲ့အနေနဲ့ စဉ်းစားဖို့ လိုတာက ဒါတွေကို မရှိသလောက်ဖြစ်အောင် ဖမ်းဆီးအရေးယူမလား၊
ဒါမှမဟုတ် စည်းကမ်းနဲ့ အညီ၊ ယဉ်ကျေးမှုနဲ့အညီ၊ နိုင်ငံတကာပုံစံ တရားဝင်ဖြစ်အောင်
လုပ်ပေးမလား ဆိုတာပါ။
တစ်ခုခု ရွေးကိုရွေးရပါမယ်။ သေချာတာက ရဲနဲ့ အာဏာပိုင်အဖွဲ့ အစည်း အဆင့်ဆင့်ဟာ
ပထမလမ်းကို ဘယ်တုန်းကမှ မရွေးချယ်ခဲ့ပါဘူး။ စီမံချက်ဆိုပြီး အဖမ်းပြမယ်၊ နောက်တော့
လိုင်းကြေးယူ ပြန်ဖွင့်ခွင့်ပေးဆိုတဲ့ သံသရာလည်နေအောင် လုပ်ထားတာ နှစ်ပေါင်းများစွာ
ကြာပါပြီ။
အာဏာပိုင် အသိုင်းအဝိုင်းအနေနဲ့ ဒီအနှိပ်ခန်းပေါင်း မြောက်မြားစွာကနေ တရားမဝင် ငွေတွေ
ဘယ်လောက်ရနေကြသလဲ မခန့်မှန်းနိုင်ပေမယ့် အဲဒီကနေ ၀င်ငွေရနေတာကို လက်မလွှတ်ချင်
ကြတာကတော့ သေချာပါတယ်။
ဖမ်းမယ်ဆီးမယ်ဆိုရင် လိုင်းကြေး ပိုကြီးမယ်၊ မိန်းကလေးငယ်တွေ ၀င်ငွေရတာ ပိုနည်းသွားမယ်၊
အကာအကွယ်လည်း ပိုမဲ့သွားမှာပဲ ဖြစ်ပါတယ်။
ဒီအတွက် အကောင်းဆုံးနည်းလမ်းဟာ အမတ်တချို့ တင်ပြသလို ဥပဒေ ဘောင်ထဲ
ရောက်လာအောင် လုပ်ယူတဲ့ နည်းပါပဲ။
အိမ်နီးချင်း ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံအားလုံး ဒီ အနှိပ်လုပ်ငန်းကို ဥပဒေဘောင်ထဲကနေ
ပွင့်ပွင့်လင်းလင်း ကောင်းကောင်းမွန်မွန် လုပ်ကိုင်နိုင်ဖို့ ဖန်တီးပေးထားပါတယ်။
မိန်းကလေးငယ်တွေ အလုပ်အကိုင် ကောင်းကောင်းရပါတယ်။ စော်ကား အမြတ်ထုတ်တာ
မခံရပါဘူး၊ နိုင်ငံခြားသားတွေပါ လာကြလို့ တိုင်းပြည်အတွက် နိုင်ငံခြား ၀င်ငွေလည်း ရပါတယ်။
ဒီပြဿနာကနေ အဂတိလိုက်စားမှု မဖြစ်ပေါ်လို့ အစိုးရ အဖွဲ့ အကျင့်ပျက်တာ လျော့နည်းစေပါ
တယ်။
အခုလက်ရှိ အနှိပ်ခန်း ပြဿနာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ တိုင်းဒေသကြီး
လွှတ်တော်က ဆုံးဖြတ်လိုက်ပုံဟာ အဂတိလိုက်စားမှု ဆက်လက်ကြီးထွားနေတာကို လိုလားတဲ့
သဘောဖြစ်နေသလို၊ မြန်မာ မိန်းကလေးငယ်တွေ အဘက်ဘက်က အမြတ်ထုတ် သွေးစုတ်
ခေါင်းပုံဖြတ်ခံနေရတာကို ဥပက္ခာပြု လျစ်လျူရှုသလိုလည်း ဖြစ်သွားပါကြောင်း
သုံးသပ်တင်ပြလိုက်ရပါတယ်။
















