ယခင်တစ်ပတ်မှ အဆက် - ထို့ကြောင့် ကျွန်ုပ်က ဈေးနှုန်းဟုဆိုလျှင် အမြတ်ပါပြီးသား ဖြစ်ပါသည်ဟု ဖြေလိုက်ရပါသည်။
ယခင်တစ်ပတ်မှ အဆက် - ထို့ကြောင့် ကျွန်ုပ်က ဈေးနှုန်းဟုဆိုလျှင် အမြတ်ပါပြီးသား
ဖြစ်ပါသည်ဟု ဖြေလိုက်ရပါသည်။ 'ကြောင်'ပြီး တုံ့ဆိုင်းကာ ဖြေခဲ့ရသဖြင့် မိမိဘာသာမိမိ
အမှတ်လျှော့လိုက်ပါသည်။
အခြေခံဈေးနှုန်းကို တိုင်းပြည်စာရင်းစနစ်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားချက်မှာ "ထုတ်လုပ်သူက
ကုန်ထွက်အဖြစ် ထုတ်လုပ်သည့် ကုန်စည်၊ သို့မဟုတ် ဆောင်ရွက်မှု တစ်ယူနစ်အတွက်
၀ယ်ယူသူထံမှ ရရှိသော ငွေပမာဏမှထဲမှ ထုတ်လုပ်မှု၊ သို့မဟုတ် ရောင်းချမှု၏
အကျိုးဆက်အဖြစ် ပေးရန်ရှိသော အခွန်ငွေကို နှုတ်ပြီးရရှိသော ထောက်ပံ့ကြေးပေါင်းခြင်းဖြင့်
ရရှိသော ငွေကြေးပမာဏ" ဟုပင် ဖြစ်ပါသည်။
ယင်းအဓိပ္ပာယ်ဖွင့်ဆိုချက်တွင် 'အခွန်ငွေ'၊ 'ထောက်ပံ့ကြေး' ဟူသော စကားရပ်များ ပါ၀င်နေသည်
ကိုတွေ့ရပါမည်။ အလွန်ပြည့်စုံ ပါသည်။ 'အခွန်ငွေ' နှင့်ပတ်သက်၍ ရက်စွဲ မမှတ်မိတော့သည့်
မြန်မာ့အလင်းသတင်းစာပါ သတင်းကို ပြောရပါဦးမည်။
လိုရင်းမှာ မြန်မာနိုင်ငံတွင် အခွန်ရှောင်လွန်းသဖြင့် မူလတန်းအဆင့်တွင် အခွန်ငွေနှင့်
ပတ်သက်သော သင်ခန်းစာများကို ထည့်သွင်းဦးမည်ဟု ဖြစ်ပါသည်။
မူလတန်း ကျောင်းသား ကျောင်းသူများမှာ သနားစရာပင်၊ စင်စစ် မူလတန်း ကျောင်းသား
ကျောင်းသူများကို ပေးရမည့် ပညာမှာ လူ့ကျင့်ဝတ်ဟု ခေါ်ဆိုရမည့် လူလူချင်း ကိုယ်ချင်း
စာနာစိတ်၊ နိုင်ငံကြီးသား ပီသအောင် ပြောဆိုနေထိုင်ပုံစနစ်၊ ယဉ်ကျေး လိမ္မာပြီး၊ ဗုဒ္ဓဘာသာကို
အခြေခံသော ဆင်ခြင် တုံတရားများသာ ဖြစ်သင့်ပါသည်။
သို့ဆိုလျှင် အရှုံးပေါ်သဖြင့် ပိတ်သိမ်းသွားရသော လုပ်ငန်းများကို ထောက်ပံ့ကြေးမပေးသော
အစိုးရအတွက် သင်ခန်းစာများကိုလည်း အစိုးရကို သင်ကြားဦးမည်လား။
အခွန်ထမ်းဆောင်စေခြင်း၏ အခြေခံမှာ တစ်ဦးနှင့်တစ်ဦး ချမ်းသာဆင်းရဲ၊ ဆူကြံုနိမ့်မြင့်
ကွာဟချက်ကို ကျဉ်းမြောင်းစေရန်နှင့် အခွန်မှ ရရှိငွေများကို အများပြည်သူအတွက်
အခြေခံအဆောက်အအုံများ (ဥပမာ - လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ) များ တည်ဆောက်
ပြုပြင်ရေး၊ လူမှုအသုံးစရိတ်များတွင် ဝေမျှ ကျခံရေးအတွက်ဟု ကျွန်ုပ် နားလည်ထားပါသည်။
တစ်နည်းအားဖြင့် အစိုးရဘတ်ဂျက် နှင့် သက်ဆိုင်ပါသည်။
ထိုအခွန်ငွေနှင့် ပတ်သက်သော သင်ခန်းစာများကို အထက်တန်း အဆင့်ပညာရေးတွင်မှသာ
ထည့်သွင်းရန် လိုအပ်ပါလိမ့်မည်။
ဦးနှောက်နုနယ် ကလေးငယ်များကို 'အခွန်' ဟူသော သင်ခန်းစာဖြင့် မပင်ပန်းစေသင့်ပါဟု
ကျွန်ုပ်ထင်မြင်ပါသည်။
၁၉၆၂ ခုနှစ်မတိုင်မီ ပညာရေးတွင် အထက်တန်းအဆင့် ပြည်သူ့နီတိဖတ်စာအုပ်တွင်
ပြည်သူ့ရေးရာစီမံခန့်ခွဲမှု (Public Administration) ဆိုင်ရာ သင်ခန်းစာများပါ၀င်ခဲ့သည်ဟု
ပြည်သူ့ခေတ်စာစောင်တွင် ကျွန်ုပ်ဖတ်ဖူးပါသည်။
ကျွန်ုပ်တို့ မူလတန်းကလေးဘဝတွင် ဆရာ၊ ဆရာမများက လေ့ကျင့်ပျိုးထောင်ပေးခဲ့သည်မှာ
နေ့စဉ်မှတ်တမ်းရေးသားသည့် အလေ့အကျင့်ပင် ဖြစ်ပါသည်။
နေ့စဉ်မှတ်တမ်းနှင့်အတူ တွဲလျက်ပါလာသည်မှာ နေ့စဉ် အသုံးစရိတ်စာရင်းဖြစ်ပါသည်။
နေ့စဉ်မှတ်တမ်းနှင့် နေ့စဉ်ဝင်ငွေ ထွက်ငွေစာရင်းတို့သည် တိုင်းပြည်စာရင်းနှင့် ဆက်စပ်လျက်မည်
မျှအရေးပါသည်ကို ဤဆောင်းပါး၏ နောက်ပိုင်းကဏ္ဍများတွင် ပါ၀င်လာပါမည်။
အခြေခံဈေးနှုန်းကို အဓိပ္ပာယ်ဖွင့်ဆိုပြီး နောက် ထုတ်လုပ်သူဈေးနှုန်းကို အဓိပ္ပာယ် ဖွင့်ဆိုပါမည်။
ထုတ်လုပ်သူက ကုန်ထွက်အဖြစ် ထုတ်လုပ်သည့် ကုန်စည်၊ သို့မဟုတ် ၀န်ဆောင်မှုတစ်ယူနစ်
အတွက် ၀ယ်ယူသူထံမှ ရရှိသော ငွေပမာဏမှ ၀ယ်ယူသူက ကျခံရသည့် တန်ဖိုးမြှင့်ခွန် (VAT -
Value added Tax) သို့မဟုတ် အလားတူအခွန်ကို နှုတ်ပြီး တန်ဖိုးဖြစ်သည်။
ထုတ်လုပ်သူက ကျခံရသည့် သယ်ယူပို့ဆောင်စရိတ်သည် ထုတ်လုပ်သူ ဈေးနှုန်းတွင် ပါ၀င်ခြင်း
မရှိပါ။
VAT သည် စားသုံးသူက ကျခံရသည့် အခွန်တစ်မျိုးဖြစ်ပါသည်။ ကျွန်ုပ်တို့ဈေးဝယ်သောအခါ၌
လည်းကောင်း၊ စားသောက်ဆိုင်များ၌ စားသုံးသောအခါ၌ လည်းကောင်း ကွန်ပျူတာဖြင့်
ရိုက်ထုတ်ပေးသော ပြေစာကလေးများတွင် ၀ယ်ယူသည့် တန်ဖိုး၌ အခွန် ၅ ရာခိုင်နှုန်း
ထည့်ပေါင်းထားသည်ကို ယင်းအခွန်စည်းကြပ်သော အချိန်မှစ၍ တွေ့ရပါသည်။
ထိုသို့ ကွန်ပျူတာဖြင့် ပြေစာရိုက်ထုတ်ပေးသော ဆိုင်များမှာ မြန်မာနိုင်ငံ၌ တစ်ပြည်လုံး
အတိုင်းအတာအရဆိုလျှင် အနည်းငယ်သာ ရှိပါသည်။
ထိုအခွန်ငွေများကို မည်သို့စာရင်း ထိန်းသိမ်းထားပြီး မည်သို့ ပေးသွင်းသည်ကို
ကျွန်ုပ်မသိသော်လည်း သက်ဆိုင်ရာဌာနများက သိမည်ထင်ပါသည်။
မြန်မာနိုင်ငံတွင် ကွန်ပျူတာဖြင့် ပြေစာရိုက် မထုတ်သော လုပ်ငန်းအမြောက်အမြားအပြင်
ခေါင်းရွက် ဗျပ်ထိုးဈေးရောင်းသူများက ယင်းအခွန်ငွေကို မည်သို့ တွက်ချက်ပါသနည်း။
စနစ်တစ်ခုဆီသို့ တရွေ့ရွေ့သွားရဦးမည် ထင်ပါသည်။ အချိန်တိုကာလအတွင်း မလုပ်ဆောင်နိုင်
သည်ကို နားလည်ပေးရပါမည်။
ရန်ကုန်မြို့ တွင် လျှပ်စစ်မီးများ ယခင်ကထက်များစွာ မှန်မှန်ရရှိနိုင်သည့် အစိုးရ၏ စွမ်းဆောင်ချက်
ကိုမူ ကျွန်ုပ်တို့ အသိအမှတ်ပြုရပါမည်။
သို့သော် အိမ်ခြံမြေဈေးနှုန်းများ၊ ဟိုတယ်အခန်းခများ၊ အိမ်ငှားခများတစ်ဟုန်ထိုး တက်နေသည်ကို
အခွန်နှင့် ထိန်းချုပ်ပေးရပါမည်။
တစ်ဖန် ၀ယ်ယူသူဈေးနှုန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဆက်ပါမည်။
၀ယ်ယူသူဈေး နှုန်းဆိုသည်မှာ ၀ယ်ယူသူက လိုအပ်သော အချိန်နှင့် နေရာအရောက်ပို့ဆောင်
ပေးသော ငွေကြေးပမာဏကို ဆိုလိုပါသည်။
ယင်းငွေ ကြေးပမာဏတွင် VAT သို့မဟုတ် VAT နှင့် အလားတူသော အခွန်မပါ၀င်ပါ။
သို့သော် ၀ယ်ယူသူ၏ လိုအပ်သော အချိန်နှင့် နေရာအရောက် ၀ယ်ယူသူက သီးခြားကျခံရမည့်
သယ်ယူပို့ဆောင်မှု စရိတ်ပါ၀င်ပါသည်။
ဤဆောင်းပါးတွင် ဖော်ပြခဲ့သော အခြေခံ ဈေးနှုန်း၊ ထုတ်လုပ်သူ ဈေးနှုန်းနှင့် ၀ယ်ယူသူဈေးနှုန်း
တို့သည် ကမ္ဘာကုလသမဂ္ဂက ထုတ်ပြန်ထားသည့် တိုင်းပြည်စာရင်းစနစ်တွင် ကုန်စည်နှင့်
၀န်ဆောင်မှုတို့ကို တန်ဖိုးဖြတ်ရာတွင် အဆင့်အလိုက် အသုံးပြုထားသဖြင့် တိုင်းပြည်စာရင်းစနစ်၊
သို့မဟုတ် အမျိုးသား စာရင်းစနစ်၏ အရေးပါသော သော့ချက် တစ်ခုအဖြစ် ဤဆောင်းပါးတွင်
ဆွေးနွေးတင်ပြရပါသည်။
အခြားအရေးပါသော သော့ချက်များစွာနှင့် တိုင်းပြည်စာရင်းစနစ် ဖွဲ့စည်းတည်ဆောက်ပုံတို့ကို
ဆက်လက်ရေးသား တင်ပြရန် အခွင့်အရေးများ ရရှိဦးမည်ဟု မျှော်လင့်လျက်
တိုင်းပြည်စာရင်းစနစ်၊ သို့မဟုတ် အမျိုးသားစာရင်းစနစ် အပိုင်း(၁) ကို နိဂုံးချုပ်ပါသည်။
















