သိပ်မကြာခင် ၂၀၁၄ ခုနှစ်ကုန်ပါတော့မယ်။ စိန်ခေါ်မှုပေါင်းများစွာ၊ ပြဿနာပေါင်း များစွာရှိမယ့် ၂၀၁၅ ခုနှစ်ကို ရောက်ရှိပါတော့မယ်။
သိပ်မကြာခင် ၂၀၁၄ ခုနှစ်ကုန်ပါတော့မယ်။ စိန်ခေါ်မှုပေါင်းများစွာ၊ ပြဿနာပေါင်း များစွာရှိမယ့်
၂၀၁၅ ခုနှစ်ကို ရောက်ရှိပါတော့မယ်။
မြန်မာနိုင်ငံအနေနဲ့ ၂၀၁၅ မှာ ဘယ်လို စိန်ခေါ်မှု ဘယ်လို ပြဿနာတွေ ရင်ဆိုင်ရမလဲ၊ အဲဒီ
ပြဿနာတွေကို ဘယ်နည်း ဘယ်ပုံ ကျော်လွှားနိုင်မှာလဲ ဆိုတာ ဆွေးနွေးပါ့မယ်။
၂၀၁၅ နဲ့ ပတ်သက်ရင် ပြည်တွင်းကရော နိုင်ငံတကာကပါ နားလည်ထားကြတာဟာ
ရွေးကောက်ပွဲ လုပ်မယ့် နှစ်ပါ။
ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်မရောက်
အဖြေပေးမယ့် ရွေးကောက်ပွဲဖြစ်တာမို့ ပြည်သူတွေ အားလုံးအတွက်ရော မြန်မာနိုင်ငံနဲ့
ထိတွေ့ ဆက်ဆံနေတဲ့ နိုင်ငံတွေအတွက်ပါ အလွန်အရေးကြီးပါတယ်။
ဒါကြောင့်လည်း အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒဲရစ်မစ်ချယ်၊ အမေရိကန်နဲ့
အနောက်နိုင်ငံ သံတမန် ကိုယ်စားလှယ်တွေဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်
ဥက္ကဋ္ဌ ဦးတင်အေး ကို ပုံမှန်သွားရောက် တွေ့ဆုံလေ့ရှိနေတာကိုလည်း တွေ့ကြရပါတယ်။
ဒါပေမဲ့ ခက်နေတာက ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှု ရှိရှိ ဒိုင်လူကြီးသဖွယ်
ကျင်းပပေးရမယ့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက သမိုင်းကြောင်းတွေ ပြန်လှန် လှောပြီး
အရင် စစ်အာဏာရှင်တွေ လုပ်ကိုင် ဆောင်ရွက်ခဲ့သမျှ မှန်တယ်လို့ ကာကွယ်ပြောဆိုတာ၊
စစ်တပ်က အာဏာပြန်သိမ်းဖို့ မလိုအောင် လွှတ်တော်ထဲမှာ တပ်မတော်သား အမတ်
၂၅ ရာခိုင်နှုန်း ထည့်ထားရတာလို့ ဆိုတာ၊ ဒါပေမဲ့ တိုင်းပြည် မတည်ငြိမ် မအေးချမ်းဘူး
ဆိုရင်တော့ စစ်တပ်က အာဏာပြန်သိမ်းရမှာပဲဆိုပြီး ပြောဆိုလိုက်တဲ့ စကားတွေကတော့
အတော်လေး စိုးရိမ်စရာ ကောင်းပါတယ်။
အကြောင်းကတော့ လာမယ့် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် အဓိက ပြိုင်ဘက်
တွေဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်နဲ့
စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ခိုင်ဖြိုးပါတီတို့ ဖြစ်နေလို့ပါပဲ။
အလားတူ ရွေးကောက်ပွဲ နီးလာတဲ့ အချိန်ထိ မြန်မာနိုင်ငံမှာ တိကျတဲ့ မဲပေးပိုင်ခွင့် ရှိသူ
စာရင်းလည်း မရှိသေးပါဘူး။
မဲဆန္ဒရှင် တိုင်းရင်းသား ပြည်သူအများအပြားဟာ မဲပေးရာမှာ သက်သေအထောက်အထားအဖြစ်
အသုံးပြုရမယ့် နိုင်ငံသားစိစစ်ရေးကတ်လို အထောက်အထားမျိုး မရှိကြသေးပါဘူး။
နိုင်ငံရေးကို ဦးဆောင်မယ်လို့ ဆိုတဲ့ နိုင်ငံရေး တည်ထောင်မယ့် ပုဂ္ဂိုလ်တွေတောင် မှတ်ပုံတင်
မရှိတဲ့ကိစ္စ ဖြေရှင်းပေးပါဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ လဝကဝန်ကြီးဌာနဆီ
အကြောင်းကြားပေးရသည်အထိ အခြေအနေ ဆိုးရွားနေတာကို ကြည့်ရင် မှတ်ပုံတင် မရှိလို့
သာမန် မဲဆန္ဒရှင် ပြည်သူလူထုကြီးအနေနဲ့ မဲပေးပိုင်ခွင့် ဆုံးရှုံးနိုင်တာကလည်း ရွေးကောက်ပွဲ
အတွက် စိုးရိမ်စရာပါ။
၂၀၁၅ အတွက် အရေးကြီးတဲ့ နောက် ပြဿနာ တစ်ခုက စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး
ဖြစ်မြောက်ရေးပါ။
လွှတ်တော်ဘက်က ခြောက်ပွင့်ဆိုင် တွေ့ဆုံလိုတယ်လို့ တောင်းဆိုထားပေမယ့် သမ္မတနဲ့
တပ်ချုပ်ဘက်ကတော့ ဒါဟာ ကျဉ်းမြောင်းတယ်ဆိုပြီး အဖြေတစ်စုံတစ်ရာ မပေးသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဘက်က ပုဒ်မ ၄၃၆ ပြင်ရေး၊ တပ်မတော်ကို
ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျား ပြန်ပို့ရေး ဦးတည် လှုပ်ရှားနေသလို၊ သမ္မတနဲ့ တပ်ချုပ်
ဘက်တော်သား ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က တိုင်းပြည်မတည်ငြိမ်၊
မအေးချမ်းရင် စစ်တပ်က အာဏာပြန်သိမ်းမှာပဲဆိုပြီး ရှေ့ထွက် ပြောဆိုလာတာဟာလည်း
တကယ် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာရေး မျှော်လင့်ချက် ဝေးကွာသွားစေပါတယ်။
၂၀၁၅ မှာ ကြံုရမယ့် နောက်ထပ် အရေးကြီး ပြဿနာတစ်ခုက ဖွဲ့စည်းပုံ ပြင်ဆင်ရေးပါ။
လက်ရှိ လွှတ်တော်ထဲ ဆွေးနွေးမှုတွေကို ကြည့်ရင် ဖွဲ့စည်းပုံ ပြင်ရေး အဆင်ပြေ ချောမွေ့မယ့်ပုံ
မတွေ့ရပါဘူး။
လွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထု ဆန္ဒခံယူပွဲဆိုင်ရာ
ဥပဒေကြမ်းတစ်ခု အတည်ပြုလိုက်နိုင်ပေမယ့် အဲဒီမှာပါတဲ့ အချက်အတော်များများ သမ္မတ
ဦးသိန်းစိန် ဘက်က ထောက်ပြကန့်ကွက်ထားတာ တွေ့မြင်ကြရပါတယ်။
ဒါ့ပြင် ဒီထက် ပိုအရေးကြီးတာက ဖွဲ့စည်းပုံပြင်ရေး ဥပဒေကြမ်း ဘယ်သူ့ကိုမှ
မရေးဆွဲခိုင်းရသေးဘူး ဆိုတာပါ။
ဖွဲ့စည်းပုံထဲက ဘာကိုပြင်မယ်ဆိုတာ ဥပဒေကြမ်း မရေးဆွဲရသေးခင်၊ အဲဒီ ဥပဒေကြမ်းကို
လွှတ်တော်က ဘယ်လောက် သဘောတူနိုင် မတူနိုင် မသိရသေးခင် လူထုဆန္ဒခံယူပွဲ ဥပဒေကြမ်း
ရေးဆွဲအတည်ပြုဖို့ အဆင့်ကျော် လုပ်နေတယ်လို့ လည်းမှတ်ယူနိုင်ပါတယ်။
ပြောရရင် တကယ် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ မဖြစ်မြောက် ဘဲနဲ့တော့ ဖွဲ့စည်းပုံ
ပြင်ဆင်ရေးကိစ္စ အဆင်ပြေချောမွေ့ဖို့ မလွယ်ကူပါဘူး။
၂၀၁၅ အတွက် ကြီးမားတဲ့ နောက်ထပ် စိန်ခေါ်မှု တစ်ခုက တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်အခတ်
ရပ်စဲနိုင်ရေး ဖြစ်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ NCCT အဖွဲ့ တစ်နိုင်ငံလုံး
ဆိုင်ရာ အပစ်ရပ်စာချုပ် တစ်ခုရဖို့ ပြုလုပ်နေတဲ့ ဆွေးနွေးပွဲတွေ ရှေ့မတိုးနောက်မဆုတ်နိုင်
ဖြစ်နေပါတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေပြီး တချို့ တိုက်ပွဲ
တွေက ပြင်းထန်ပါတယ်။
အဓိက အရင်းခံ ပြဿနာကတော့ လက်နက်ကိုင် တိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ UNFC ခေါ်
ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီကို ဦးဆောင်နေတဲ့ ကေအိုင်အို အဖွဲ့ကြီး
ကိုယ်တိုင် အစိုးရနဲ့ အပစ်ရပ် လက်မှတ်ရေးထိုးထားခြင်း မရှိတာ၊ လက်မှတ်ရေးထိုးဖို့ ဆန္ဒမရှိတာ၊
အဲဒီ အယူအဆ တပ်ပေါင်းစုမှာ လွှမ်းမိုးလာတာကြောင့်နဲ့ အစိုးရ တပ်ဘက်က သည်းခံစိတ်
နည်းပါးတဲ့ စစ်ရေး လှုပ်ရှားမှုတွေကြောင့်လို့ ဆိုနိုင်ပါတယ်။
လက်ရှိ ရန်ကုန်မှာ အစိုးရ ကိုယ်စားလှယ်တွေနဲ့ NCCT ခေါင်းဆောင် တချို့ အလုပ်သဘော
တွေ့ဆုံဆွေးမှု လုပ်နေကြပါတယ်။
လက်နက်ကိုင် တိုင်းရင်းသားတွေဘက်က တကယ့် အရေးပါတဲ့ ကေအိုင်အို ကိုယ်စားပြု
ဗိုလ်ချုပ်ဂွမ်မော်၊ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ တို့ မတက်သလို၊ အစိုးရဖက်က တပ်မတော်
ကိုယ်စားပြု စစ်ဗိုလ်ချုပ်တွေ မတက်ကြပါဘူး။
ဒါဟာ ဆွေးနွေးပွဲအတွက် ကောင်းတဲ့ လက္ခဏာ တွေတော့ မဟုတ်ပါဘူး။
အခြားတစ်ဘက်မှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စတွေ၊ ပြည်သူလူထု
စီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စတွေကလည်း အဲဒီ ရွေးကောက်ပွဲ တရားမျှတရေး ကိစ္စ၊
ပြည်သူတွေ ရွေးကောက်တင်မြှောက်လိုက်သူတွေ တိုင်းပြည်ကို စီမံခန့်ခွဲ အုပ်ချုပ်ခွင့်ရရေး ကိစ္စ၊
တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကိစ္စ၊ ဖွဲ့စည်းပုံ ပြင်နိုင်ရေး ကိစ္စနဲ့ လက်နက်ကိုင် ပဋိပက္ခ
ဆုံးခန်းတိုင်ရေးကိစ္စတွေအပေါ်မှာ မှီတည်နေပြန်ပါတယ်။
အခုဆိုရင်ပဲ ဒေသခံတောင်သူတွေနဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီက ခြံစည်းရိုးကာတဲ့ လုပ်ငန်းကို
အကာအကွယ်ပေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခ ဖြစ်ပြီး ဒေသခံ အမျိုးသမီးကြီးတစ်ဦး
သေနတ် ထိမှန် သေဆုံးသွားခဲ့ပါပြီ။
အတော်လေးကို စိတ်မကောင်းစရာ ကိစ္စပါ။
ဒီလို ပြဿနာတွေအပြင် အနိမ့်ဆုံး လုပ်ခလစာ မသတ်မှတ်နိုင်သေးတဲ့ ကိစ္စ၊ ရက်ပေါင်းများစွာ
ကြာမြင့်တဲ့တိုင် မိကျောင်းကန် သပိတ်မှောက်မှုပြဿနာ မပြေလည်နိုင်သေးတဲ့ ကိစ္စ၊
ရွေးကောက်ပွဲကို ဗဟိုပြုပြီး လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာနိုင်တဲ့ ကိစ္စ၊
သုံးနှစ်ကျော် ကြာလာတဲ့တိုင် ကိုယ့်နေရပ် မပြန်နိုင်ကြသေးတဲ့ စစ်ဘေးရှောင် စခန်းတွေက
သိန်းနဲ့ ချီတဲ့ ဒုက္ခသည်တွေရဲ့ ကိစ္စ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာဘင်္ဂလီတွေရဲ့ ကိစ္စ စသဖြင့်
၂၀၁၅ ကို စိန်ခေါ်မှုပေါင်း၊ ပြဿနာပေါင်းများစွာက စောင့်ကြိုလို့နေပါတယ်။
















