အပိုင်း(၂) အမျိုးသား စာရင်းစနစ်အပိုင်း(၁)တွင် အခြေခံ ဈေးနှုန်း၊ ထုတ်လုပ်သူဈေးနှုန်းနှင့် ၀ယ်ယူသူ ဈေးနှုန်းတို့ကို ဆွေးနွေးခဲ့ပါသည်။
အပိုင်း(၂) အမျိုးသား စာရင်းစနစ်အပိုင်း(၁)တွင် အခြေခံ ဈေးနှုန်း၊ ထုတ်လုပ်သူဈေးနှုန်းနှင့်
၀ယ်ယူသူ ဈေးနှုန်းတို့ကို ဆွေးနွေးခဲ့ပါသည်။
ဈေးနှုန်းတွင် အမြတ်/အရှုံးပါ၀င်ပြီး ဖြစ်ပါသည်။ ဤကိစ္စနှင့် စပ်လျဉ်း၍ ကျွန်ုပ်၏ ကိုယ်တွေ့ကို
တင်ပြလိုပါသေးသည်။
ကျွန်ုပ်သည် သက်ပြည့်ပင်စင် ယူပြီးနောက် အစိုးရနေအိမ်မှ ဖယ်ခွာရပါသည်။ ပြင်ပရောက်သော်
ဈေးနှုန်း၏ဒဏ်ကို အလူးအလဲ ခံရပါသည်။
ထို့ကြောင့် အစိုးရဝန်ထမ်းများအနေဖြင့် မိမိတို့ရရှိထားသော ခံစားခွင့်များကို လစာ/လုပ်ခတွင်
ထည့်ပေါင်း၍ စဉ်းစားရပါမည်။
တိုင်းပြည်စာရင်းစနစ် သို့မဟုတ် အမျိုးသားစာရင်းစနစ် (SNA) တွင် လုပ်ခလစာတွင်
ခံစားခွင့်များကို တန်ဖိုးသင့်ပြီး ပေါင်းထည့်ရပါသည်။
ပင်စင်ယူပြီး တစ်နှစ်အကြာ တပည့်များရှာပေးသော မိတ်ဆွေတစ်ဦး၏ ကူညီမှုဖြင့် သုံးထပ်တိုက်
တစ်လုံးတွင် ငှားနေခွင့် ရပါသည်။
ထိုအိမ်ရှိ အခန်းအချို့မှာ ပိုင်ရှင်၏ ပစ္စည်းများထားပါသည်။ အကြောင်းမှာ ထိုအိမ်ကို အိမ်ရှင်က
ကျွန်ုပ်အားပထမဦးဆုံး ငှားသောကြောင့် ဖြစ်ပါသည်။
တပည့်က ကျွန်ုပ်တစ်ဦးတည်းနှင့် အစိုးရအိမ်၌ နေထိုင်စဉ် ကယ်လာသော ခွေးတစ်ကောင်နှင့်
ကြောင်ကလေးများကို ပစ်မထားရက်သောကြောင့် ပါလာသည့် တိရစ္ဆာန်လေးများနှင့်
နေထိုင်သည်ကို စိတ်မချ။
ထို့ကြောင့် သူ့မိဘများ နေထိုင်သော အဆင့်မြင့်အိမ်ရာရှိ အခန်းတစ်ခန်းကို တစ်နှစ်အကြာတွင်
ငှားပေးပါသည်။
အမှန်စင်စစ် ကျွန်ုပ်သည် ကံမကောင်းလွန်းသဖြင့် အိမ်ပိုင် မရှိခဲ့ပါ။
ဂျပန်တွင် ခြောက်နှစ်ကြာ ပါရဂူဘွဲ့ယူခဲ့သူ တစ်ဦးပီပီ စာအုပ်ပေါင်းမြောက်မြားစွာ ၀ယ်ယူကာ
ပြန်လာခဲ့ပါသည်။
ငွေပိုငွေလျှံများမှာ တိုက်ခန်းတစ်ခန်း ၀ယ်နိုင်လျက်ပါနှင့် အပ်နှံထားသူထံမှ ကျွန်ုပ်ငွေများ
ပြန်မရလိုက်ပါ။
ထို အိမ်ရာတွင် နေပြီး နှစ်နှစ်အကြာ ကံဆိုးလာပါသည်။
ထိုအဆင့်မြင့် အိမ်ရာ၏ တိုက်ခန်းဌားခမှာ တစ်လလျှင် နှစ်သိန်းပေးရပါသည်။
ကျွန်ုပ်မှာ ပင်စင်ယူပြီး နိုင်ငံတကာအဖွဲ့အစည်း တစ်ခုတွင် အလုပ်လုပ်နေသော ဆရာက
ကျွန်ုပ်ဆိုသူ တပည့်ကို ခေါ်ယူကာ အလုပ်ပေးထားသဖြင့် ထိုသို့နေ နိုင်ခြင်း ဖြစ်ပါသည်။
၂၀၁၄ ခုနှစ်၊ နှစ်စမှစ၍ UNDP က SNA ပရောဂျက်ကို ရပ်ဆိုင်းထားသဖြင့် ယခုထိုအလုပ်
မရှိတော့ပါ။
တိုင်းပြည်စာရင်းစနစ်ကြောင့်လား၊ ကိုယ်တိုင်က ကံမကောင်းခြင်းကြောင့်လားကို မဝေခွဲ
တတ်သေးပါ။
ထိုတိုက်ခန်းတွင် တစ်နှစ်ကျော်အကြာ ငါးထပ်သို့ နိုင်ငံခြားမိသားစုက တစ်လ ငါးသိန်းဖြင့်
လာရောက် ငှားရမ်းနေထိုင်ပါတော့သည်။
ကျွန်ုပ်သိသော ဈေးနှုန်းစနစ်နှင့် မည်သို့ တွက်ချက်ရမည်ကို အဖြေရှာရပါဦးမည်။
ထို့ကြောင့် အိမ်ရာရှိ တိုက်ခန်းငှား ရမ်းခဈေးနှုန်းများ တက်သွားပါသည်။ ကျွန်ုပ်လည်း
လိုက်မမီတော့ပါ။
ကျွန်ုပ်နေသော တိုက်ခန်းမှာလည်း နံရံတွင်းရှိ မြှုပ်ထားသော ပိုက်လိုင်းများ ပေါက်နေကာ
မှိုတွေ တက်နေသဖြင့် ပြောင်းဖို့ ကောင်းတာကတော့ အမှန် ဖြစ်ပါသည်။
အိမ်ရှင်ကို နောက်တစ်နှစ်ဆက် ငှားရန်ပြောသောအခါ တိုက်ခန်းကို ပြင်ဆင်ပြီး ရောင်းချမှာ
ဖြစ်သောကြောင့် ဆက်လက် မငှားတော့ပါဟု ဆိုလာပါသည်။
ကျွန်ုပ်နှစ်ပေးဖတ်ရှုသော မြန်မာတိုင်း(မ်)၏ အခမဲ့ကြော်ငြာကဏ္ဍ၏ ကျေးဇူးဖြင့် ယခု
လက်ရှိနေသော အိမ်ကို ရရှိခဲ့ပါသည်။
အိမ်ရှင်က ဆက်မငှားတော့ဟုဆိုသဖြင့် အိမ်ပွဲစားများနှင့် ဆက်သွယ်ပြီး အိမ်ရှာရပါသည်။
ကျွန်ုပ် ကယ်တင်လာသော တိရစ္ဆာန်ကလေးများအတွက်ပါ စဉ်းစားပြီး ခြံဝင်းပါသော
အိမ်နှစ်လုံးကို တွေ့ပါသည်။
တစ်လုံးမှာ တစ်လ တစ်သိန်းရှစ်သောင်း၊ ထိုအိမ်မှာ တိရစ္ဆာန် ကလေးများအတွက်
အဆင်ပြေသော်လည်း ကျွန်ုပ် အနှစ်နှစ်အလလ စုဆောင်းဝယ်ယူထားသော စာအုပ်များထားရန်
နေရာမလုံလောက်ပါ။
နောက်တစ်အိမ်မှာ နှစ်မျိုးစလုံးအတွက် အဆင်ပြေသော်လည်း တစ်လ ခုနစ်သိန်းဟူသော
ငွေကြေးကို ကျွန်ုပ်မတတ်နိုင်ပါ။
ထို့ကြောင့် အိမ်ပွဲစားများနှင့် မဆက်သွယ်သေးဘဲ မြန်မာတိုင်း(မ်) အခမဲ့ကြော်ငြာကဏ္ဍကို
ပိုက်စိပ်တိုက်ဖတ်ပါသည်။
စိတ်ဝင်စားစရာ ကြော်ငြာလေးတစ်ခုကို ဤသို့ တွေ့ပါသည်။
"နေရာကောင်း၊ အေးချမ်းဆိတ်ငြိမ်သော နေရာတွင်... ရေမီးအစုံနေထိုင်ရန် အသင့်ပြင်ပြီး
ချိုသာသော နှုန်းထားဖြင့် ငှားမည်" အေးချမ်းဆိတ်ငြိမ်မှု၊ ရေမီးအစုံဖြင့် အသင့်ပြင်ပြီး
ချိုသာမှုတို့က ကျွန်ုပ်ကို ဆွဲဆောင်လိုက်သဖြင့် မဝံ့မရဲဆက်သွယ်လိုက်ပါသည်။
မဝံ့မရဲဖြစ်ရခြင်းမှာ ဤကြော်ငြာကဏ္ဍရှိ တခြားနေရာများအတွက် ငှားရမ်းခများမှာ ၁၀ သိန်း၊
၂၈ သိန်း၊ ဒေါ်လာ ၃,၀၀၀၊ ဒေါ် လာ ၅,၀၀၀ စသဖြင့် ကျွန်ုပ်ကဲ့သို့ အငြိမ်းစားဝန်ထမ်း
ပညာတတ်အတွက် ကြောက်ခမန်းလိလိ။
အိမ်ပိုင် ဇနီးမောင်နှံမှာ လူငယ်များဖြစ်ကြပါသည်။ ဘွဲ့ရများဖြစ်ကြပါသည်။ အိမ်ရှင် အမျိုးသမီးမှာ
သူ၏ ကြော်ငြာဖြင့် မေးသူရှိ လာသောကြောင့် ၀မ်းသာအားရ ဈေးညှိကြရာ နောက်ဆုံး
ကျွန်ုပ်တတ်နိုင်သော ငွေဖြင့် အလုပ်ဖြစ်သွားပါသည်။
သို့သော် ထိုအိမ်ရှင်ကို သူ၏ အသိအကျွမ်းများက ထိုဈေးနှုန်း မှာနည်းသည်ဟုု ဆိုလေသလား
မသိပါ။
တစ်နှစ်ပြီးလျှင် ဆက်မငှားတော့ပါဟု ဆိုလာပါသည်။
ကျွန်ုပ်မှာ အနှစ်နှစ်အလလ စုဆောင်းထားသော စာအုပ်စာတမ်းများကို ထမ်း၍
မည်သည့်နေရာသို့ ရွှေ့ပြောင်းရဦးမည် မသိ။ ဈေးနှုန်း၏ နှိပ်စက်ပုံကား '၀န်' ကြီးလှ၏။
အခွန်ကလည်း ဆက်လက်မည်သို့ နှိပ်စက်လေဦးမည် မသိ။
သတင်းစကားအရ ငှားရမ်းခများကို ပိုင်ရှင်ရော ငှားရမ်းသူကိုပါ အခွန်ကောက်မည်ဟု
ကြားနေရပြန်သည်။
ထိုနည်း စနစ်သည် အခွန်သီအိုရီအရ သော်လည်းကောင်း၊ နိုင်ငံတကာ နည်းစနစ်များအရသော်
လည်းကောင်း မှန်ကန်မှု ရှိ၊ မရှိ ပြန်စစ်ဆေးရန် လိုအပ်ပါသည်။
လောလောဆယ်၌ မြန်မာနိုင်ငံတွင် အခွန်ရှောင်ရန် မည်သည့် နည်းလမ်းများကို
သုံးကြလေဦးမည် မသိပါ။
အမှန်စစ်စစ် အခွန်မရှောင်စေလိုလျှင် အခွန်ကောက်ခံပုံ နည်းစနစ်နှင့် တန်ဖိုးဖြတ်ပုံ နည်းစနစ်
မှန်ကန်ရပါမည်။
အခွန်က ရရှိငွေများ မည်သို့သုံးစွဲသည်ကို လူထုနားလည်အောင် အသေးစိတ် တင်ပြနိုင်မှသာလျှင်
'ရိုးသားမှု' ကို ရရှိလာမည်ဟု ကျွန်ုပ်ထင်ပါသည်။
စာရေးသူ ကီနိုစံ သည် ရန်ကုန် စီးပွားရေးတက္ကသိုလ်က အငြိမ်းစား ပါမောက္ခတစ်ဦး ဖြစ်ပါသည်။
















