အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ၂၀၁၄ ခုနှစ် မကုန်ခင်မှာပဲ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ ကျင်းပ ပြီးသွားခဲ့ပါပြီ။
အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ၂၀၁၄ ခုနှစ် မကုန်ခင်မှာပဲ ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီ ရွေးကောက်ပွဲ ကျင်းပ ပြီးသွားခဲ့ပါပြီ။
ဒီရွေးကောက်ပွဲကို ဘယ်အတွက်၊ ဘယ်သူတွေက ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ကျင်းပခဲ့သလဲ
ဆိုတာကတော့ မေးခွန်းထုတ်စရာပါ။
ပုံမှန်အားဖြင့်တော့ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပတယ်ဆိုတာ ဒီမိုကရေစီ ကျင့်စဉ်ရဲ့
အစိတ်အပိုင်း တစ်ရပ် ဖြစ်ရမှာပါ။
ဒါပေမဲ့လည်း အခု ကျင်းပခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲဟာ ဒီမိုကရေစီ ကျင့်စဉ်ရဲ့ အစိတ်အပိုင်း
တစ်ရပ် ဖြစ်ခဲ့ရဲ့လား၊ ဒီမိုကရေစီ ခေါင်းစဉ်တပ်ပြီး လုပ်ချင်တာ လုပ်သွားတဲ့ လုပ်ရပ်မျိုးလား၊
ဒီမိုကရေစီကို ပုံဖျက်တဲ့ လုပ်ရပ်လားဆိုတာ လေ့လာဆန်းစစ်ကြည့်ရအောင်ပါ။
ရွေးကောက်ပွဲ တစ်ရပ် ကျင်းပတယ် ဆိုရင် ဘာအတွက် ကျင်းပတာလဲ၊ ဘယ်လို ဥပဒေ
နည်းဥပဒေတွေနဲ့ ကျင်းပတာလဲ၊ ဘယ်သူတွေက ရွေးကောက်ပွဲကော်မရှင်အဖြစ်
ဆောင်ရွက်တာလဲ၊ မဲပေးမယ့် မဲဆန္ဒရှင်တွေက ဘယ်သူတွေလဲ၊ ဘယ်လို မဲဆွယ်
စည်းရုံးကြသလဲ၊ ပြည်သူတွေက ဘယ်လိုမဲပေးပြီး မဲတွေကို ဘယ်လိုရေတွက်
စာရင်းထုတ်ပြန်သလဲ၊ စလယ်ဆုံး လေ့လာကြည့်ကြရမှာ ဖြစ်ပါတယ်။
လက်ရှိ ရွေးကောက်ပွဲမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်တွေ၊
ခရိုင် စည်ပင်သာယာရေးကော်မတီ အဖွဲ့ ၀င်တွေနဲ့ မြို့နယ်စည်ပင်သာယာရေး ကော်မတီ
အဖွဲ့ဝင်တွေကို ရွေးကောက် တင်မြှောက်ဖို့ လုပ်တာလို့ ဆိုပါတယ်။
နမူနာပြရရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှာ မြို့တော်ဝန်နဲ့ ကော်မတီဝင် ရှစ်ဦး၊
စုစုပေါင်း ကိုးယောက် ရှိတဲ့အနက် အခု ရွေးကောက်ပွဲမှာ လေးယောက်ကို ရွေးကောက်
တင်မြှောက်ပေးရမယ်လို့ ဆိုပါတယ်။
မြို့တော်ဝန်ကို သမ္မတက တိုက်ရိုက် ခန့်ပြီး ကျန်ကော်မတီဝင် လေးယောက်ကို အစိုးရက
တိုက်ရိုက်ခန့်ထားတာကြောင့် တကယ့်တကယ် ပြောရရင် ပြည်သူတွေက ရွေးပေးလိုက်တဲ့
ကော်မတီဝင် လေးယောက်ဆိုတာ ဘာမှဆုံးဖြတ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့် ရကြမယ့် အနေအထား
မရှိပါဘူး။
နိုင်ငံတကာမှာတော့ မြို့တော်ဝန် ဆိုတာကို ပြည်သူတွေက ရွေးကောက်တင်မြှောက်ပြီး
အဲဒီမြို့တော်ဝန်က မြို့ကို စီမံခန့်ခွဲ အုပ်ချုပ်ပါတယ်။
အခု ရန်ကုန်စည်ပင် ရွေးကောက်ပွဲဆိုတာကတော့ နိုင်ငံတကာမှာ လုပ်နေတဲ့ မြို့တော်ဝန်
ရွေးကောက်ပွဲတွေနဲ့ အနှစ်သာရခြင်း အလွန်ခြားနားပြီး ဒီမိုကရေစီလည်း လုံးဝ မကျပါဘူး။
ဘာမှ လုပ်ကိုင်ခွင့် မရှိသူတွေ၊ ဘာမှ အရေးမပါသူတွေကို ပြည်သူတွေက မဲပေးရွေးချယ်ရတဲ့
သဘောဖြစ်နေတဲ့အတွက် ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီ ရွေးကောက်ပွဲလို့ မပြောနိုင်ပါဘူး။
ဒီလို ပုံစံမျိုးဖြစ်လာအောင် ဖန်တီးပေးခဲ့တာက ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲဆိုင်ရာ
ဥပဒေနဲ့ နည်းဥပဒေတွေပါ။
ဒီ ဥပဒေ နည်းဥပဒေတွေကို ပြည်ခိုင်ဖြိုး အမတ်တွေ လွှမ်းမိုးထားတဲ့ ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးထားတာ ဖြစ်ပါတယ်။
အဲဒီ ဥပဒေဟာ ဒီမိုကရေစီ နည်းမကျတဲ့ ဥပဒေ၊ နည်းဥပဒေတွေလို့ သတ်မှတ် နိုင်ပါတယ်။
လွှတ်တော်တွင်း ဆွေးနွေးစဉ်တုန်းက ဒေါက်တာညိုညိုသင်း လို ဒီမိုကရေစီ လိုလားတဲ့
အမတ်တချို့ ကန့်ကွက်ခဲ့ပေမယ့် အများစု ပြည်ခိုင်ဖြိုးအမတ်တွေက အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့
ဥပဒေလည်း ဖြစ်ပါတယ်။
အဲဒီ ဥပဒေ ဘယ်လောက် ဒီမိုကရေစီ မကျသလဲဆိုရင် မဲပေးပိုင်ခွင့် ရှိသူအဖြစ် သတ်မှတ်တာကို
ကြည့်ရင်ပဲ သိနိုင်ပါတယ်။
လက်ရှိ ကျင်းပပြီးသွားတဲ့ စည်ပင်ရွေးကောက်ပွဲအတွက် ရန်ကုန် လူဦးရေ ခုနစ်သန်း
၀န်းကျင်ထဲကမှ လဝက မှာ စာရင်းပေါက်တဲ့ အိမ်ထောင်စု လေးသိန်းကျော်ရဲ့ အိမ်ထောင်ဦးစီး
တွေကိုပဲ မဲပေးခွင့်ပေးထားတာ တွေ့နိုင်ပါတယ်။
ဒီအတွက် ယာယီအိမ်ထောင်စုစာရင်းနဲ့ နေသူတွေ၊ အိမ်ငှားရမ်း နေထိုင်သူတွေ အများအပြား
မဲပေးခွင့် ဆုံးရှုံးခဲ့ပါတယ်။
အဲဒီ အိမ်ထောင်စု လေးသိန်းကျော်ထဲမှာလည်း ရွေးကောက်ပွဲ မတိုင်ခင် စာရင်းကောက်ရာမှာ
ပါ၀င်ခြင်း မရှိသူတွေလည်း မဲပေးခွင့် ဆုံးရှုံး ပြန်ပါတယ်။
ဒါတင်မက မဲပေးခွင့်ရတဲ့ အိမ်ထောင်စုက သတ်မှတ်ထားတဲ့ အိမ်ထောင် ဦးစီး တစ်ယောက်တည်း
ကိုသာ မဲပေးခွင့်ပြုထားတော့ မဲပေးနိုင်သူ ပိုလို့ ပိုလို့ နည်းသွား စေခဲ့ပါတယ်။
ဒီလိုနည်းနဲ့ တကယ်မဲပေးတဲ့ နေ့မှာတော့ လူတစ်သိန်းကျော်ပဲ မဲလာပေးတယ်လို့ ကော်မရှင်က
သတင်းထုတ်ပြန်ပါတယ်။
တကယ့် တကယ် မဲပေးသူ အရည်အတွက် အဲဒီထက် နည်းနိုင်ပါတယ်။ အကြောင်းကတော့
အနိုင်ရသူ အားလုံးရရှိတဲ့ ခိုင်လုံမဲ အရည်အတွက်ကလည်း အလွန်နည်းနေလို့ပါပဲ။
ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီဝင် လေးဦး ရတဲ့ စုစုပေါင်း ခိုင်လုံမဲ
အရည်အတွက်ဟာ သုံးသောင်းခွဲကျော်ရုံလောက်ပဲ ရှိပါတယ်။
ပြောရရင် လူဦးရေ ခုနစ်သန်းလောက် နေထိုင်တယ်လို့ ခန့်မှန်းထားတဲ့ ရန်ကုန်မှာ မြို့တော်
စည်ပင်ကော်မတီဝင် လေးယောက် ကို အဲဒီ မဲ သုံးသောင်းခွဲလောက်နဲ့ ရွေးချယ်လိုက်တဲ့
သဘောဖြစ်ပါတယ်။
ရာခိုင်နှုန်းနဲ့ တွက်ရင် လူဦးရေရဲ့ သုည ဒသမ ၅ ရာခိုင်နှုန်း၊ တစ်နည်း ပြောရရင် တစ်ရာခိုင်နှုန်းရဲ့
တစ်ဝက်လောက် လူတွေရဲ့ ဆန္ဒနဲ့ ရွေးချယ်လိုက်တာလို့ ပြောရင် မမှားပါဘူး။
အတော်ကို အရုပ်ဆိုးပါတယ်။
မဲပေးခွင့်နဲ့ ပတ်သက်ပြီး မဲရုံ တစ်ရုံချင်းစီကိုတော့ လွတ်လွတ်လပ်လပ် စောင့်ကြည့်ခွင့်ပေးတာ
တွေ့ရပါတယ်။
ဒါပေမဲ့ အရေးအကြီးဆုံးဖြစ်တဲ့ မြို့နယ်အလိုက် မဲတွေ စုပေါင်းတာ၊ ခရိုင်အလိုက် မဲတွေ
စုပေါင်းတာကိုတော့ ပွင့်လင်းမြင်သာမှုရှိရှိ ပေါင်းတာမျိုး မလုပ်သလို၊ အဖြေကို နောက်ရက်မှ
ထုတ်ပြန်တာ တွေ့ နိုင်ပါတယ်။
နောက်ရက်မှ ထုတ်ပြန်တာတောင် အနိုင်ရသူရဲ့ မဲရရှိမှုစာရင်းကိုပဲ ထုတ်ပြန်ပြီး အခြား ပြိုင်ဆိုင်သူ
အားလုံးရဲ့ စာရင်းတွေကိုတော့ ထုတ်ပြန်တာ မတွေ့ရပါဘူး။
ပြောရရင် ဒီလုပ်နည်းလုပ်ဟန်ဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး လုပ်ကိုင်ခဲ့တဲ့ မသမာတဲ့ နည်းမျိုးပါပဲ။
တကယ်ဆို ရန်ကုန်လို မြို့ကျဉ်းကျဉ်းလေးထဲမှာ မဲရုံတစ်ခုချင်းစီက မဲစာရင်းတွေ မြို့နယ်ကို ပို့တာ
ညအိပ် စောင့်စရာ မလိုပါဘူး။
မဲလာပေးသူ အလွန်နည်းတာ၊ မဲရုံ စုစုပေါင်း ၁,၀၀၀ ကျော်ရုံလောက်ပဲ ရှိပြီး တစ်ရုံမှာ
မဲလာပေးသူ ပျမ်းမျှအယောက် ၁၀၀ အောက်ပဲ ရှိတာမို့ မဲရည်တွက်ရတာ အလွန်လွယ်ကူ
ရိုးရှင်းနေမယ်၊ အချိန်လည်း ဒီလောက်ယူစရာ မလိုဘူးလို့ ခန့်မှန်းနိုင်ပါတယ်။
အဲဒီလို အခြေအနေကို မဲစာရင်း ပေါင်းတာကို အများပြည်သူရှေ့ ပွင့်လင်းမြင်သာမှုရှိရှိ မလုပ်တာ၊
မဲစာရင်း အဖြေကို နောက်တစ်နေ့ကူးမှ ကြေညာတာ၊ ကြေညာတဲ့ ဆီမှာလည်း ရှင်းလင်းတဲ့၊
တိုက်ဆိုင်စစ်ဆေးလို့ရတဲ့ စာရင်းအားလုံး ထုတ်ပြန်ကြေညာတာမျိုး မလုပ်ဘဲ အနိုင်ရသူနဲ့
သူရတဲ့ မဲစာရင်း လောက်ပဲ ထုတ်ပြန်ပေးတာဟာ လုံးဝ ဒီမိုကရေစီ နည်းမကျပါဘူး။
ဒါကြောင့် ကျင်းပပြီးခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲတွေဟာ ဥပဒေ၊
နည်းဥပဒေကအစ၊ ကော်မရှင် အလယ်၊ ကျင်းပပုံ အဆုံး ဒီမိုကရေစီ နည်းမကျဘူးလို့
သုံးသပ် နိုင်ပါတယ်။
ဒီအတွက် အဲဒီ ရွေးကောက်ပွဲ ကျင်းပရေးမှာ ပါ၀င်ပတ်သက်မှုရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော် အမတ်တွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ စည်ပင် ရွေးကောက်ပွဲ ကော်မရှင်
အဖွဲ့ဝင် အားလုံးဟာ ဒီမိုကရေစီကို ပုံဖျက်နေကြသူတွေသာ ဖြစ်ပါကြောင်း
သုံးသပ်လိုက်ရပါတယ်။

















