အမျိုးသားပညာရေးဥပဒေကို ချဉ်းကပ်ကြည့်ခြင်း (၁)

အမျိုးသားပညာရေးဥပဒေကို ချဉ်းကပ်ကြည့်ခြင်း (၁)

စာရေးသူရဲ့ ဥပဒေဆောင်းပါးတွေထဲမှာ ဥပဒေကြမ်းနဲ့ ဥပဒေတချို့ကို ဝေဖန်သုံးသပ်တဲ့ ဆောင်းပါးတွေလည်း ပါ၀င်ပါတယ်။

စာရေးသူရဲ့ ဥပဒေဆောင်းပါးတွေထဲမှာ ဥပဒေကြမ်းနဲ့ ဥပဒေတချို့ကို ဝေဖန်သုံးသပ်တဲ့
ဆောင်းပါးတွေလည်း ပါ၀င်ပါတယ်။

လက်ရှိ ဥပဒေပြုလွှတ်တော်က ဥပဒေအဖြစ် ပြဋ္ဌာန်းဖို့ ထုတ်ပြန်ကြေညာထားတဲ့ ဥပဒေကြမ်းတွေ
ကလည်း အတော်များတာကြောင့် ဥပဒေကြမ်းတိုင်းကို ဝေဖန်အကြံပြုနိုင်ခြင်း မရှိပါဘူး။

တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်း တချို့ကိုပဲ ဝေဖန်သုံးသပ်တော့မယ်လို့ ဆုံးဖြတ်ထား
ပေမယ့် ဥပဒေပြဿနာတွေကို ဆွေးနွေးဘက်ဖြစ်တဲ့ တပည့်ရှေ့နေက ဒီတစ်ပတ်တော့
'အမျိုးသားပညာရေးဥပဒေ' နဲ့ ပတ်သက်လို့ ဆရာနဲ့ ဆွေးနွေးချင်တယ်လို့ ပြောလာပါတယ်။

"လက်ရှိပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ ရည်ရွယ်တဲ့ ဥပဒေဖြစ်တာကြောင့် ဥပဒေသမားများ
လည်းဖြစ်၊ တက္ကသိုလ်ကျောင်းသားဟောင်းများလည်းဖြစ်ကြတဲ့ ဆရာတို့၊ ကျွန်တော်တို့
အနေနဲ့လည်း ပြောသင့်တာကို ပြောဖို့ တာဝန်ရှိတယ်"ဆိုပြီးတော့လည်း ကြီးကြီး ကျယ်ကျယ်၊
လူအမြင်ကပ်အောင် ပြောပါသေးတယ်။

သူကိုယ်တိုင်လည်း ၁၉၆၄ ခုနှစ်မှာ စတင်ခဲ့တဲ့ ပညာရေးစနစ်ရဲ့ သားကောင် ဖြစ်ခဲ့ရတာကြောင့်
လို့လည်း ဆိုပါတယ်။ (ပိုက်ဆံ မပေးရဘဲ တက္ကသိုလ်ပညာကို သင်ကြားခဲ့ရတာကိုတော့
မေ့နေပုံရပါတယ်။)

နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးကိစ္စဆိုတာက အလွန်ကျယ်ပြန့်ပါတယ်။ ရှုထောင့်အမျိုးမျိုးက
အမြင်အမျိုးမျိုးနဲ့ ပြောနိုင်ပါတယ်။ မိမိတို့အနေနဲ့ ဥပဒေရေးဆွဲရေး ရှုထောင့်က ပြောဆိုကြမှာ
ဖြစ်ပေမယ့် အမျိုးသားပညာရေးစနစ်ရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်လို့ဆိုတဲ့ ကာလ သုံးပါးစလုံးကို
ရှုမြော်သုံးသပ်ရမှာ ဖြစ်တဲ့အတွက် အခြေခံအချက်အလက်တွေကို လေ့လာဖို့ အချိန်လိုပါတယ်။

ဒါ့ပြင် စာရေးသူအနေနဲ့ ဒီလအတွင်းမှာ မြန်မာဗုဒ္ဓဘာသာဝင်တို့ရဲ့ ဓလေ့ထုံးစံနဲ့အညီ မြေးလေးဦး
ကို ရှင် သာမဏေပြု၊ သီလရှင်ဝတ်ပေးဖို့ အလှူတစ်ခု ပြုလုပ်ရမှာဖြစ်တဲ့အတွက် တပည့်ရှေ့နေကို
'မလာနဲ့ဦး'လို့ ပြောထားရပါတယ်။

အခုအလှူ ကိစ္စပြီးတာနဲ့ သူရောက်လာပြီး အမျိုးသား ပညာရေးဥပဒေအကြောင်း ဆွေးနွေးကြခြင်း
ဖြစ်ပါတယ်။

"ကွန်ဂရက်ကျူလေးရှင်းပါ ဆရာ"

"ဘာအတွက်လဲ"

"ဆရာ့ အလှူကြီးအောင်မြင်စွာ ပြီးဆုံးသွားလို့ပါ ဆရာ"

"အလှူကလေးပါကွာ"

"ဒါပေမဲ့ ဆရာလုပ်တဲ့ အလှူက ပဏ္ဍိတာရာမရွှေတောင်ကုန်းက သာသနာ့ရိပ်သာ ဆရာတော်ကြီး
ဟောကြားတဲ့ အလှူဒါမျိုးနဲ့ ကိုက်ညီနေလို့့ပါ ဆရာ"

"ထားပါတော့ကွာ။ မင်းက အမျိုးသား ပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တယ်ပြောလို့
ဒီဥပဒေကို ဖတ်ဖြစ်သွားတယ်ကွ။ နောက်ပြီး ဆက်စပ်တဲ့ ဥပဒေနဲ့ စာရွက်စာတမ်းတချို့ကိုလည်း
လက်လှမ်းမီသလောက် ဖတ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ငါတစ်ခု စဉ်းစားမိတာ ရှိတယ်ကွ"

"ဘာပါလိမ့် ဆရာ"

"ဒို့က ဥပဒေကြမ်းနဲ့ ဥပဒေတချို့ကို ဝေဖန်ဆွေးနွေးတာတွေ လုပ်ခဲ့တယ်မဟုတ်လား။ အဲဒီလို
လုပ်ရာမှာ ဒို့ရုံးမှာလုပ်ခဲ့ကြတုန်းက ဥပဒေကြမ်းစိစစ်တဲ့ အစည်းအဝေးတွေမှာ ပြောကြဆိုကြသလို
ဥပဒေကြမ်းတစ်ခုရဲ့ အားနည်းချက်တွေ၊ ချွတ်ယွင်းချက်တွေကို ရှာဖွေဖော်ထုတ်ပြီး အစည်းအဝေး
အဆင့်ဆင့်မှာ အကြိမ်ကြိမ် စိစစ်ပြင်ဆင်ကြပြီးတော့မှ ဥပဒေကြမ်းအချော တစ်ခုကို ရခဲ့တယ်
မဟုတ်လား၊ ဆိုလိုတာက အဲဒီအစည်းအဝေးတွေမှာ ဥပဒေကြမ်းတစ်ခုနဲ့ ပတ်သက်ပြီး
မကောင်းတာတွေကိုပဲ ရှာဖွေဖော်ထုတ်ပြီး ပြောခဲ့ကြတာပဲ။ ကောင်းတာတွေကတော့ ပြောစရာ
မလိုတဲ့အတွက် မပြောကြတော့ဘူးလေ"

"မှန်ပါတယ် ဆရာ"

"အဲဒီတော့ ဒို့ လုပ်ငန်းရဲ့ သဘော သဘာဝကို မသိတဲ့ လူတွေအနေနဲ့ဆိုရင် ဒို့ကို 'အဆိုးမြင်ဝါဒီ
(Pessimist)'တွေလို့ ပြောကြမယ် ထင်တယ်ကွ။

"အဲဒီလိုပြောတဲ့ လူလည်းရှိနိုင်ပါတယ် ဆရာ။ ဒါပေမဲ့ ကျွန်တော်တို့ရုံးမှာ လုပ်ကြတုန်းက
ဆရာပြောဖူးတာကို မှတ်မိနေတယ် ဆရာ"

"ဘာများလဲ"

"ကျွန်တော့်ကို အဆိုးမြင်သမား၊ ပြဿနာကောင်လို့ လုပ်ဖော်ကိုင်ဖက်တွေက ပြောကြတော့
ဆရာက ပြောတယ်လေ။ 'ဥပဒေကြမ်း တွေကို စိစစ်ရာမှာ အဆိုးမြင်တတ်တဲ့သူတွေက
အသုံးဝင်တယ်'လို့။ ဒါက ကျွန်တော်တို့ အတွေ့အကြံုအရ လုပ်ငန်းသဘောအရ မှန်တာပဲ
မဟုတ်လား ဆရာ"

"အဆိုးမြင်တတ်သူလို့ ငါပြောခဲ့တာက စကားပြောလောကြီးသွားလို့ပါကွာ၊ အမှန်ကတော့
၀န်ထမ်းအရည်အချင်းစစ် မှတ်တမ်းမှာ ပါတဲ့အတိုင်း 'ပြဿနာ၏ အရင်းအမြစ်ကို လျင်မြန်စွာ
သိရှိသူ'ကို ဆိုလိုတာပါ"

"နောက်ပြီး ကျွန်တော်တို့က ဗုဒ္ဓဘာသာဝင်တွေဆိုတော့ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်း
လိုက်နာသင့်တယ် မဟုတ်လား ဆရာ"

"ဆိုစမ်းပါဦး"

"အကျဉ်းချုပ်ပြီး ပြောရရင်တော့ 'စကားကြီးခြောက်ခွန်းရှိရာမှာ လေးခွန်းကို ပယ်၊ နှစ် ခွန်းတည်'
ဆိုတဲ့အတိုင်း 'သူတစ်ပါး မနာလို (မကြားလို) ပေမယ့်လည်း မှန်တယ်၊ အကျိုးရှိတယ်'၊
ဆိုရင်ပြောရမှာပေါ့ ဆရာ"

"ကောင်းပါပြီ မောင်ရာ၊ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး မင်းပြောချင်တာတွေက
ဘာတွေတုံး"

"ကျွန်တော် နားမလည်တာလေးတွေကို မေးချင်တဲ့ သဘောလောက်ပါ ဆရာ"

"တချို့အချက်တွေနဲ့ ပတ်သက်ပြီး ငါလည်း နားမလည်တာတွေ ရှိတယ်ကွ၊ အမြင်ချင်း
ဖလှယ်ကြတာပေါ့"

' "ကျွန်တော့်အနေနဲ့ နားမလည်တဲ့၊ မရှင်းတဲ့ အချက်တချို့ကို နောက်မှပြောပါမယ် ဆရာ။
ဒီဥပဒေနဲ့ ပတ်သက်ပြီး ပထမဆုံး ကျွန်တော် သတိပြုလိုက်မိတာက အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ
သိပ်များတယ်ဆရာ၊ ဥပဒေတွေထဲမှာ အဓိပ္ပာယ်ဖွင့်ဆိုချက် အများဆုံး ပါရှိတဲ့ ဥပဒေလို့
ပြောရမလားဘဲ၊ အမှတ်စဉ် (က) ကနေ (ဠ) အထိဆိုတော့ အဓိပ္ပာယ်ဖွင့် ဆိုချက် (၃၂) ခုတောင်
ရှိတယ်ဆရာ"

"ဒါကတော့ လိုအပ်ချက်အရလို့ ဆိုရမှာပေါ့ကွာ၊ ဒီဥပဒေက ပင်မဥပဒေဖြစ်ပြီး နောင်မှာ ပညာရေး
ကဏ္ဍအလိုက် သီးခြား ဥပဒေတွေကိုလည်း ဒီဥပဒေနဲ့ ဆက်စပ်ပြီး ပြဋ္ဌာန်းဖို့ ရှိတယ်လို့ ဆိုတယ်
မဟုတ်လား၊ တချို့ဥပဒေကြမ်းတွေကို ရေးဆွဲနေပြီဆိုတဲ့ သတင်းတွေကိုလည်း ကြားသိနေရ
တယ်လေ။ ဒီတော့ အဲဒီဆက်စပ်ဥပဒေတွေမှာ ပညာရေးနဲ့ ပတ်သက်လို့ ရေးသားပြောဆိုကြရာ
မှာရော တညီတညွတ်တည်းဖြစ်အောင် အဓိပ္ပာယ် သတ်မှတ်ပေးတာ ဖြစ်တယ်လို့ ယူဆရမှာ
ပေါ့ကွာ၊ အဓိပ္ပာယ်သတ်မှတ်ချက် နည်းတယ်၊ များတယ်ဆိုတာက ဥပဒေရေးဆွဲရာမှာ တရားသေ
လိုက်နာရမယ့် စည်းကမ်းချက် မဟုတ်ပါဘူး။ "ဆရာက 'ပင်မ ဥပဒေ' လို့ ပြောတယ်၊
ပညာရေးဆိုင်ရာ ပညာရှင်ကြီးတစ်ဦးကတော့ 'mother law (မိခင်ဥပဒေ)' လို့ သုံးသွားတာကို
သတင်းထဲမှာ ဖတ်ရပါတယ် ဆရာ၊ ခြားနားမှု ရှိပါသလား"

"အဓိပ္ပာယ်တူ စကားလုံး (synonyms) တွေပါပဲကွာ၊ 'main, principal, major, primary' ဆိုတဲ့
နာမဝိသေသနပုဒ်တွေနဲ့လည်း တွဲပြီးသုံးနိုင်သေးတယ်၊ 'framework, umbrella' ဆိုတဲ့
နာမ်ပုဒ်တွေနဲ့လည်း တွဲပြီး သုံးနိုင်သေးတယ်။ ဒီအဓိပ္ပာယ်တူ စကားတွေရဲ့ အဓိပ္ပာယ်လည်း
ပါအောင် မြန်မာ့နားနဲ့လည်း ကြားလို့ကောင်းအောင် 'ပင်မဥပဒေ' လို့ ငါပြောလိုက်တာပါ၊
'ပင်ရင်းဥပဒေ' ဆိုရင်လည်း ရတာပဲ၊ ဒီအချက်နဲ့ ပတ်သက်လို့ နောက်ပိုင်းမှာ ပြောဖို့ရှိသေးတယ်၊
မင်း မရှင်းလင်းတဲ့ အချက်တွေကို ပြောပါဦး"

"အမျိုးသားပညာရေးဥပဒေမှာ 'အမျိုးသား ပညာရေး'ဆိုတဲ့ စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုထားတာ
တွေ့ရပါတယ်ဆရာ၊ အဲဒီမှာ 'အမျိုးသား' ဆိုတဲ့ ဝေါဟာရကို ဆရာ့အနေနဲ့ ဘယ်လို အဓိပ္ပာယ်နဲ့
နားလည်ထားပါသလဲ ဆရာ"

" 'အမျိုးသား' ဆိုတဲ့ ဝေါဟာရက အင်္ဂလိပ် ၀င်လာပြီးနောက်မှ အင်္ဂလိပ်ဝေါဟာရ 'national' ကို
မြန်မာဘာသာပြန်ထားတာလို့ ထင်တယ်ကွ၊ အင်္ဂလိပ်မဝင်ခင်တုန်းက ဒီဝေါဟာရကို
အခုဒီနေရာမှာ သုံးစွဲထားတဲ့ အဓိပ္ပာယ်နဲ့ သုံးစွဲမယ်လို့ မထင်ဘူး၊ ဒီနေရာမှာ အမျိုးသားဆိုတာက
ကျားနဲ့ မ ဆိုတဲ့ လိင်အင်္ဂါ ခွဲခြားမှုကို မဆိုလိုဘူး။ လူမျိုး တစ်မျိုးလုံး၊ သို့မဟုတ် နိုင်ငံတစ်နိုင်ငံလုံး
ကို ရည်ညွှန်းတာ ဖြစ်တယ်၊ 'national' ဆိုတဲ့ အင်္ဂလိပ် ဝေါဟာရကို နေရာတိုင်းမှာ 'အမျိုးသား'
ဆိုပြီး ဘာသာပြန်လို့ မသင့်တာတွေ ရှိတယ်၊ ဥပမာ - 'national level' ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရ
ကို 'အမျိုးသားအဆင့်'လို့ ဘာသာပြန်ဆို သုံးစွဲတာထက် မြန်မာနိုင်ငံလုံးဆိုင်ရာ၊
နိုင်ငံတော်အဆင့်' ဆိုပြီး သုံးစွဲရင် ပိုပြီး အဓိပ္ပာယ် ပြည့်စုံမယ်လို့ ထင်တယ်။ ဥပဒေမှာ
'အမျိုးသားပညာရေး'ဆိုတဲ့ ဝေါဟာရကို အဓိပ္ပာယ် ဖွင့်ဆိုထားတာကတော့ ပညာရေး
ရည်မှန်းချက်တွေကိုထည့်သွင်း အဓိပ္ပာယ် ဖွင့်ဆိုထားတဲ့ သဘောပဲ၊ ဒီတော့ 'အမျိုးသားပညာရေး'
ဆိုတာ 'မြန်မာတစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ပညာရေး မြန်မာနိုင်ငံအတွင်းမှာ မှီတင်း နေထိုင်ကြတဲ့
တိုင်းရင်းသားအားလုံး အပါအဝင် လူမျိုးအားလုံးနဲ့ဆိုင်တဲ့ ပညာရေး'လို့ ဆိုရမှာ ပေါ့ကွာ။ ဒီတော့
'အမျိုးသားပညာရေး ဥပဒေ' ဆိုတာ 'ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပညာရေးဆိုင်ရာ
ဥပဒေ' ပေါ့ကွာ"

"အမျိုးသားပညာရေးဥပဒေမှာ ပညာရေး အမျိုးအစား ၁၅ မျိုးလောက် ခွဲခြားထားတာ
တွေ့ရပါတယ်၊ တစ်နည်းအားဖြင့် ပြောရမယ် ဆိုရင်တော့ လက်ရှိတည်ရှိနေတဲ့ ကျောင်းအမျိုးမျိုးနဲ့
လုပ်ဆောင်နေတဲ့ ပညာရေးလုပ်ငန်း အားလုံး ပါ၀င်တယ်လို့ နားလည်ရပါတယ်။ အဲဒီအထဲမှာ
'ကိုယ်တိုင် သင်ယူ ပညာရေး' ဆိုတာ 'မိမိလိုအပ်ချက်နှင့် စိတ်ဝင်စားမှုအရ၊ မိမိကိုယ်တိုင်
သတ်မှတ်သင်ယူသော ပညာရေး' ဖြစ်တယ်လို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်၊ အဲဒါ ဘယ်လို
ပညာရေးမျိုးကို ပြောတာပါလဲဆရာ"

"အဲဒါကိုတော့ ငါလည်းစဉ်းစားလို့ မရသေးဘူး၊ ဇာတ်သဘင်နဲ့ ဆိုင်းအဖွဲ့တွေထဲ လိုက်ပြီး
လုပ်အားပေးရင်း ပညာသင်ယူတာမျိုး၊ မော်တော်ကား ၀ပ်ရှော့မှာ လုပ်အားပေးပြီး ပညာသင်ယူ
တာမျိုး၊ ဆံသပညာနဲ့ အလှပြင်ပညာ သင်ယူတာမျိုးတွေတော့ ရှိတယ်ကွ၊ အဲဒါတွေကလည်း
ပညာသင်ယူတာတွေ ဆိုတော့ ပညာရေးထဲမှာ အကျံုးဝင်မယ် ထင်တယ်"

"နောက်ပြီး 'ရှေးဦးအရွယ် ကလေးသူငယ် ပညာရေး' ဆိုတာကို နားမလည်ဘူးဆရာ၊ မွေးစမှ
အသက်ရှစ်နှစ်အထိ အကျံုးဝင်တယ်လို့ ဆိုပါတယ်၊ အဲဒီပညာရေးကို ဘယ်သူတွေက ဘယ်လို
အကောင်အထည်ဖော်မလဲ မသိဘူးနော် ဆရာ"

"ဟုတ်တယ်၊ ငါလည်း စဉ်းစားလို့မရဘူး။ အဲဒီလိုဟာမျိုးလည်း ရှိလို့ ထည့်ထားတာနေမှာပေါ့၊
နောက်ပြီး 'မူကြိုပညာရေး' ကို သုံးနှစ်မှ ငါးနှစ်အထိ သတ်မှတ်ထားတာ ဆိုတော့ 'ရှေးဦးအရွယ်
ကလေးသူငယ် ပညာရေး' က 'မူကြိုပညာရေး' ထဲမှာ ပါသလို 'မူလတန်းအဆင့် ပညာရေး'
ထဲမှာလည်း ပါနေတာကို တွေ့ရတယ်။ နောက်ပြီး ဒို့မြန်မာ လူမျိုးတွေမှာ 'ပုဗ္ဗာစရိယ၊ မိ နဲ့ ဖ ဆိုတဲ့
ဆိုရိုးစကားအတိုင်း မွေးစကနေ အိမ်ထောင် မခွဲမီအထိ သွန်သင်ဆုံးမနေတာတွေလည်း
ရှိတယ်လေ၊ အဲဒါတွေလည်း ပညာရေးထဲမှာ ပါမလား မသိဘူးကွ"

"နောက်ပြီး 'အမျိုးသားပညာရေးကော်မရှင်' ရဲ့ ဥက္ကဋ္ဌအဖြစ် 'ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦးဦး'
က ဆောင်ရွက်ရမယ်လို့ ဆိုတယ် ဆရာ၊ အဲဒီ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်ဆိုတာ ဘယ်ပုဂ္ဂိုလ်
ဖြစ်မလဲ ဆရာ၊ ဥပဒေမှာ အဓိပ္ပာယ်ဖွင့်ဆိုချက်လည်း မပါ၊ တစ်ခါကလည်း အဲဒီ
'ပြည်ထောင်စုအဆင့်' ဆိုတာနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အရှုပ်တော်ပုံ
(constitutional crisis) ဆိုတာမျိုးလည်း ဖြစ်ခဲ့ဖူးတော့"

"ငါလည်း အဲဒီဟာကို ဥပဒေမှာ ရှာကြည့်တော့ လွှတ်တော်ဆိုင်ရာ ဥပဒေတွေထဲမှာ
'ပြည်ထောင်စုအဆင့် အဖွဲ့အစည်း' ဆိုတာကိုပဲ တွေ့ရတယ်။ 'ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်'
ဆိုတာကိုတော့ မတွေ့မိဘူး၊ ငါမျက်စိ လျှမ်းတာလည်း ဖြစ်နိုင်တာပေါ့၊ 'ပြည်ထောင်စုအဆင့်
ပုဂ္ဂိုလ်' ဆိုတာ 'ပြည်ထောင်စုအဆင့် အဖွဲ့အစည်း' က ပုဂ္ဂိုလ်ဖြစ်မှာပေါ့ကွာ၊ ကဲ ဒီမှာ နားကြဦးစို့"



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021