အခုရက်ပိုင်းအတွင်း နိုင်ငံရေးလောကနဲ့ ပြည်သူတွေအကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေတဲ့ သတင်းတစ်ပုဒ်ကတော့ ၂၀၀၉ ခုနှစ်အတွင်း အစိုးရတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်လို့ နယ်မြေဆုံးရှုံးပြီး ထွက်ပြေးသွားခဲ့ရတဲ့ ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင်ရဲ့ အင်တာဗျူး တစ်ခုကို တရုတ်ကွန်မြူနစ်ပါတီ အာဘော် The Global Times သတင်းဌာနက ဖော်ပြလာခြင်းပါ။
အခုရက်ပိုင်းအတွင်း နိုင်ငံရေးလောကနဲ့ ပြည်သူတွေအကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေတဲ့
သတင်းတစ်ပုဒ်ကတော့ ၂၀၀၉ ခုနှစ်အတွင်း အစိုးရတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်လို့
နယ်မြေဆုံးရှုံးပြီး ထွက်ပြေးသွားခဲ့ရတဲ့ ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင်ရဲ့ အင်တာဗျူး တစ်ခုကို
တရုတ်ကွန်မြူနစ်ပါတီ အာဘော် The Global Times သတင်းဌာနက ဖော်ပြလာခြင်းပါ။
ဖော်ပြပြီး သိပ်မကြာခင် အင်တာဗျူးကို အွန်လိုင်းကနေ ပြန်ဖြုတ်ချလိုက်ပေမယ့် အဲဒီအကြောင်း
ဝေဖန်ချက်တွေ၊ ဆောင်းပါးတွေ ရေးကြ၊ ဝေဖန်ဆွေးနွေးကြတဲ့ ဂယက်တွေကတော့ ဒီကနေ့
အချိန်ထိ ရပ်မသွားသေးပါဘူး။
အင်တာဗျူးမှာ ဖုန်ကြားရှင်က ဘာပြောထားသလဲ၊ တရုတ်ကွန်မြုနစ်အာဘော် သတင်းဌာနက
ဒီအင်တာဗျူးကို ဘာရည်ရွယ်ချက်နဲ့ ဖော်ပြသလဲ၊ အဲဒီလို ဖော်ပြလိုက်တဲ့အတွက်
တရုတ် - မြန်မာ ဆက်ဆံရေးမှာ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ ဆိုတာ ဒီတစ်ပတ်
ဆွေးနွေးတင်ပြသွားပါ့မယ်။
အင်တာဗျူးမှာ ဖုန်ကြားရှင်က သူ့အနေနဲ့ တိုင်းရင်းသား အခွင့်အရေးအတွက် အစိုးရကို
တော်လှန်တိုက်ခိုက်နေတယ်ဆိုတဲ့အကြောင်း၊ ၂၀၀၉ ခုနှစ် ကိုးကန့်ဒေသကနေ ထွက်ခွာလာပြီး
ကတည်းက တပ်သားပေါင်း ၁,၀၀၀ လောက် စုဆောင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ အဲဒီ တပ်ဖွဲ့တွေဟာ
ကေအိုင်အေ၊ ပလောင်တပ်ဖွဲ့ တွေနဲ့ ပူးပေါင်းတိုက်ခိုက်နေပြီး အစိုးရတပ်သား ၁၀၀ ကျော်
သုတ်သင်နိုင်ခဲ့တဲ့အကြောင်း၊ သူ့အနေနဲ့ ကေအိုင်အေနဲ့ ပူးပေါင်းပြီး သူ့ရဲ့ ကိုးကန့်နယ်မြေကို
ပြန်လည်တိုက်ယူမယ် ဖြစ်တဲ့အကြောင်း ပြောဆိုထားပါတယ်။
တကယ်တော့ ဒီလို အင်တာဗျူးမျိုးကို နိုင်ငံတကာက လွတ်လပ်တဲ့ သတင်းဌာနတွေက
ဖော်ပြမယ်ဆိုရင်တော့ အထူးအဆန်း မဟုတ်ပါဘူး။
အများပြည်သူသိချင်တာကို ဖော်ပြတဲ့ သတင်းအဖြစ်ပဲ မှတ်ယူရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုသတင်းကို ဖော်ပြလိုက်တာက တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဘော်သတင်းဌာန
ဖြစ်နေတာပါ။
ဒါကြောင့်လည်း တရုတ် ကွန်မြူနစ်ပါတီနဲ့ တရုတ်အစိုးရဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး
ရည်ရွယ်ချက် တစ်စုံတစ်ရာရှိလို့ ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင် ရဲ့ အင်တာဗျူးကို
ဖော်ပြပေးတာလားဆိုပြီး သံသယပွားကြတာပါ။
အထူးသဖြင့် မြန်မာအစိုးရဘက်က တစ်တိုင်းပြည်လုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့
အသည်းအသန် ကြိုးစားနေချိန် တရုတ်အစိုးရဘက်က မင်းတို့ ငြိမ်းချမ်းရေး ငါတို့လက်ထဲမှာ
ရှိနေတယ်ဆိုပြီး ပြသလိုပုံ ရတယ်ဆိုပြီးတော့လည်း သုံးသပ်ကြပါတယ်။
ဒီအတွက် တရုတ် - မြန်မာ ဆက်ဆံရေးကို ပြန်ကြည့်ရအောင်ပါ။
၁၉၄၉ ခုနှစ် တရုတ််ပြည်ကွန်မြူနစ်ပါတီ ဦးဆောင်တဲ့ တော်လှန်ရေး အောင်ပွဲခံပြီး
လွတ်မြောက်ရေးရ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသစ် စတည်ထောင်ချိန် အစောဆုံး
အသိအမှတ်ပြုတဲ့အထဲမှာ မြန်မာအစိုးရ ပါ၀င်ပါတယ်။
နောက်ပိုင်း တရုတ်ပြည်တွင်းစစ်ကြောင့် မြန်မာ့နယ်စပ်ထဲ ကျွံဝင်လာတဲ့ ကူမင်တန်
တရုတ်ဖြူတွေကို မြန်မာစစ်တပ်က တိုက်ထုတ်ရပါတယ်။
ပြောရရင် တရုတ််ပြည်မှာ ကွန်မြူနစ်ပါတီ ဦးဆောင်တဲ့ သမ္မတနိုင်ငံ တည်ထောင်ပြီးချိန်ကစ
တရုတ် - မြန်မာ ဆက်ဆံရေး ကောင်းခဲ့ပါတယ်။
တရုတ် - မြန်မာ နယ်နိမိတ် သတ်မှတ်တဲ့ ကိစ္စတွေကိုလည်း အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။
၁၉၆၀ ကျော် တရုတ်ပြည်မှာ ယဉ်ကျေးမှု တော်လှန်ရေးဖြစ်ပွားလာချိန် ပြည်ပနိုင်ငံတွေဆီ
ကူးစက်မှု ရှိခဲ့ပါတယ်။
၁၉၆၂ နောက်ပိုင်း မြန်မာနိုင်ငံမှာ စစ်အာဏာရှင် ဦးနေဝင်း တက်လာချိန် ဆက်ဆံရေး ယိုယွင်းစ
ပြုလာပါတယ်။
၁၉၆၇ ဇွန်လ မြန်မာနိုင်ငံမှာ တရုတ် - မြန်မာ အရေးအခင်းဖြစ်ပြီး တရုတ်လူမျိုးတွေ အသတ်ခံရ၊
အကြမ်းဖက်ခံရ၊ တရုတ်သံရုံး တိုက်ခိုက်ခံရမှုတွေ ရှိလာပါတယ်။
ဒီလိုနဲ့ ၁၉၆၈ နှစ်ဆန်းရောက်တာနဲ့ ဗမာပြည် ကွန်မြူ နစ်ပါတီ (ဗကပ) အလံထောင်ပြီး
တရုတ်ဗော်လံတီယာ တပ်ဖွဲ့တွေ ရှမ်းပြည်နယ် နယ်စပ်တွေကို အလုံးအရင်းနဲ့ ၀င်ရောက်
တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီအချိန်ကစ တရုတ် - မြန်မာ ဆက်ဆံရေး ယိုယွင်းပါတယ်။
တရုတ်တွေရဲ့ အဲဒီလို ကျူးကျော်ဝင်ရောက် တိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ်
အရှေ့မြောက်ဒေသမှာ ဗမာပြည် ကွန်မြူနစ်ပါတီ ဦးဆောင်တဲ့ လွတ်မြောက်တဲ့ ဒေသတွေဆိုပြီး
ပေါ်လာပါတယ်။
အခု ပြဿနာတက်နေတဲ့ '၀' နယ်၊ ၂၀၀၉ ခုနှစ်ကမှ အစိုးရက ပြန်တိုက်သိမ်းလိုက်တဲ့
ကိုးကန့်နယ်၊ ၈၁၅ စစ်ဒေသလို့ခေါ်တဲ့ အခါဒေသ မိုင်းလားနယ်နဲ့ ကချင်ပြည်နယ်
အရှေ့မြောက်ပိုင်းက ၁၀၁ စစ်ဒေသလို့ခေါ်တဲ့ နယ်မြေတွေပဲ ဖြစ်ပါတယ်။
အားလုံးသိပြီးဖြစ်တဲ့အတိုင်း ၁၉၈၉ ခုနှစ် အရောက်မှာ တိုင်းရင်းသားတွေက ဗကပ ခေါင်းဆောင်မှု
ကို ဖယ်ရှားပြီး တိုင်းရင်းသား တပ်ဖွဲ့တွေအဖြစ် ရပ်တည်ပါတယ်။
အဲဒီ လှုပ်ရှားမှုကို အစပြုဦးဆောင်ခဲ့သူဟာ ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင်ပါ။
တစ်ပြိုင်နက်တည်း ဗကပက ခွဲထွက်လာတဲ့ '၀' တပ်ဖွဲ့၊ ကိုးကန့်၊ မိုင်းလားနဲ့ ကချင်အရှေ့မြောက်
၁၀၁ စစ်ဒေသဟာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။
ပြည်သူတွေ သိပ်မသိသေးတဲ့ အချက်တစ်ခုက အဲဒီလိုအာဏာအသိမ်းခံလိုက်ရတဲ့ ဗကပ
ခေါင်းဆောင်ပိုင်းနဲ့ တပ်ဖွဲ့ဝင်တချို့ ဟာ ကိုးကန့်တစ်ဖက်ကမ်း တရုတ်နယ်မြေထဲမှာ ကျန်နေရစ်တဲ့
လက်နက်ဂိုဒေါင်တွေက လက်နက်တွေကို အသုံးပြုပြီး မြန်မာပြည်ထဲ ထိုးဖောက်ဖို့ ကြံစည်ခဲ့ကြ
သေးတယ် ဆိုတာပါ။
အဲဒီလှုပ်ရှားမှုကို အဲဒီအချိန် တရုတ် ကွန်မြူနစ်ပါတီက အပြည့်အဝ အကူအညီ ပေးခဲ့ပါတယ်။
နောက်ဆုံးလက်ကျန် ဗမာပြည်ကွန်မြူနစ်ပါတီက ခေါင်းဆောင်တွေ၊ တပ်ဖွဲ့ဝင်တွေနဲ့
မိသားစုဝင်တွေ လက်နက်ခဲယမ်းမီးကျောက်တွေနဲ့တကွ မြန်မာပြည်ထဲ ပြန်ဝင်နိုင်ဖို့
တရုတ် ကွန်မြူနစ်ပါတီက သူ့နယ်မြေထဲကနေ သယ်ယူ ပို့ဆောင်ပေးတာ အပါအဝင်
အကူအညီ အများကြီးပေးခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်း ဗကပ လက်ကျန်တပ်ဖွဲ့ မြန်မာပြည်ထဲဝင်ရေး အစီအစဉ် ပျက်သွားပြီး
ပါတီလည်း မြေအောက်ပါတီ ဖြစ်သွားခဲ့ပါတယ်။
တရုတ် - မြန်မာ ဆက်ဆံရေးကို ပြန်ကြည့်ရင် တရုတ်ပြည်ရဲ့ ဒေါသကို ကောင်းကောင်း
သိသွားတဲ့ အာဏာရှင်ဦးနေဝင်းဟာ နောက်ပိုင်းကာလတွေမှာ တရုတ်နဲ့ ဆက်ဆံရေး
ကောင်းအောင် ကြိုးစားပါတယ်။
ဒါ့ပြင် တရုတ် ပြည်မှာ မော်စီတုန်းအလွန် တိန့်ရှောင်ဖိန် အာဏာရလာတော့ ဗမာပြည်
ကွန်မြူနစ်ပါတီကို အဘက်ဘက်က ထောက်ပံ့တာတွေ ရပ်ဆိုင်းပစ်ပါတယ်။
ဒီလိုနည်းနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲသွားရတာပါ။
နောက်ပိုင်း ၁၉၈၈ ဒီမိုကရေစီအရေး တောင်းဆိုတဲ့ လူထုအရေးအခင်းကို အကြမ်းဖက်နှိမ်နင်း
အာဏာသိမ်းပြီး တက်လာတဲ့ စစ်အာဏာရှင်တွေကိုတော့ တရုတ်အစိုးရက ကောင်းကောင်း
ဆက်ဆံပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးစုံကြောင့် အနောက်နိုင်ငံနဲ့ ယဉ်ကျေးတဲ့ ကမ္ဘာရဲ့
စီးပွားရေး ပိတ်ဆို့မှုခံရတဲ့ အာဏာရှင်တွေကို တရုတ်အစိုးရက အပြည့်အဝ အကာအကွယ်
ပေးပါတယ်။
အပြန်အလှန်အားဖြင့် မြန်မာနိုင်ငံထဲက သစ်၊ ကျောက်စိမ်းနဲ့ ကျောက်မျက်၊ သဘာဝဓာတ်ငွေ့နဲ့
တွင်းထွက်သဘာဝ သယံဇာတတွေကို စိတ်ကြိုက် ထုတ်ယူနိုင်ခဲ့ပါတယ်။
ကုန်သွယ်ရေးကနေလည်း အကျိုးအမြတ် အများကြီးရပါတယ်။
ပြောရရင် အဲဒီကာလတစ် လျှောက်လုံး တရုတ်အစိုးရဟာ စစ်အာဏာရှင်တွေနဲ့ ဆက်ဆံရေး
အလွန်ကောင်းခဲ့ပြီး မြန်မာပြည်သူတွေရဲ့ အလွန်မုန်းတီးတာကိုတော့ ခံခဲ့ရပါတယ်။
အခုခေတ်သစ်ကို အစပြုတော့မယ့် အချိန်မှာ အရင်က စစ်အာဏာရှင်တွေနဲ့ သဘောတူခဲ့တဲ့
ဧရာဝတီ မြစ်ဆုံစီမံကိန်းကြီး ယာယီ ရပ်ဆိုင်းထားတာ ခံရပါတယ်။
ဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းသွယ်တန်းမှု ပြီးသွားပေမယ့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
ကတော့ ပြည်သူတွေ အသည်းအသန် ဆန့်ကျင်တာကို ခံနေရပါတယ်။
နောက် တရုတ်နိုင်ငံ ရဲ့ သမုဒ္ဒရာနှစ်စင်း ပေါ်လစီကို အကောင်အထည်ဖော်မယ့်၊ တရုတ်တွေက
လုပ်ချင်နေတဲ့ မူဆယ် - ကျောက်ဖြူ ရထားလမ်း၊ ကားလမ်း စီမံကိန်း၊ ကျောက်ဖြူ
အထူးစီးပွားရေးဇုန် စီမံကိန်းစတာတွေကိုတော့ မလုပ်နိုင်သေးပါဘူး။
တခြားတစ်ဖက်မှာတော့ လက်ရှိ ဦးသိန်းစိန် အစိုးရဟာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်
တစ်ခု လက်မှတ်ရေးထိုးချင်နေပါတယ်။
ဒါပေမဲ့ ကေအိုင်အိုနဲ့ လက်နက်ကိုင် တပ်ဖွဲ့တချို့ကတော့ အပစ်ရပ် မလုပ်ချင်ကြပါဘူး။ ခက်တာက
တိုင်းရင်းသား လက်နက်ကိုင်တွေ စုပေါင်းထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားများ
ဖက်ဒရယ်ကောင်စီလို အဖွဲ့ကြီးမှာလည်း ကေအိုင်အိုက ခေါင်းဆောင် ဖြစ်နေတာပါ။
ဒီလိုနည်းနဲ့ အပစ်ရပ် စာချုပ်ချုပ်နိုင်ရေး မြန်မာအစိုးရ အကျပ်အတည်း တွေ့နေချိန်လည်း
ဖြစ်ပါတယ်။
ဒီနေရာမှာ တရုတ််အစိုးရရဲ့ အခန်းကဏ္ဍ အလွန်အရေးပါပါတယ်။
ကေအိုင်အို တပ်ဖွဲ့ စစ်တိုက်နိုင်တာဟာ လက်နက်ခဲယမ်း စားနပ်ရိက္ခာဖြည့်တင်းဖို့ ဘဏ္ဍာဝင်ငွေ
ရလမ်းရှိလို့ပါ။
အဲဒီဝင်ငွေတွေ အားလုံးနီးပါးဟာ တရုတ်ပြည်ဘက်က လာတာဖြစ်ပါတယ်။
တရားမဝင် ကျောက်မျက် တူးဖော်ကုန်သွယ်ရေး၊ သစ်ထုတ်ရေး အားလုံး တရုတ်ဘက်နဲ့
လုပ်ကြတာဖြစ်သလို၊ လက်နက်ခဲယမ်း အားလုံးလိုလို တရုတ်ဘက်က ၀ယ်ရတာ ဖြစ်ပါတယ်။
တရုတ်အစိုးရ ဘက်ကသာ မြန်မာ့ငြိမ်းချမ်းရေးကို တကယ်လိုလားရင် သူ့အပေါ်
အရာရာမီခိုနေရတဲ့ ကေအိုင်အိုလိုတပ်ဖွဲ့မျိုးကို ဖျောင်းဖျလို့ ရနိုင်ပါတယ်။
ခက်တာက အဲလို မလုပ်တဲ့အပြင် ဖုန်ကြားရှင်လို အရာကျသွားပြီးဖြစ်တဲ့ စစ်ဘုရင်ဟောင်း
တစ်ယောက်ကို အားပေးအားမြှောက်လုပ်တာ တွေ့မြင်ကြရပါတယ်။
ဒါဟာ အရင် ဗကပ ပြိုကွဲကခါစက ဗကပ ဗဟိုကို တရုတ် ကွန်မြူနစ်ပါတီက ကူညီခဲ့တဲ့
အခြေအနေမျိုးနဲ့ ဆင်တူကောင်း ဆင်တူနိုင်ပါတယ်။
အားလုံးကို ခြံုငုံသုံးသပ်ရရင် အရင် စစ်အာဏာရှင် ခေတ်ကရော လက်ရှိအချိန်ထိ တရုတ်အစိုးရရဲ့
မြန်မာနိုင်ငံအပေါ် သဘောထားဟာ သူတို့ တိုင်းပြည်၊ သူတို့ ကုန်သည်တွေ အကျိုးရှိရင် ပြီးရော
မြန်မာပြည် မီးပဲလောင်လောင်၊ ဘာပဲဖြစ်ဖြစ်ဆိုတဲ့ သဘောထားမျိုးလို့တောင် စွပ်စွဲနိုင်ပါတယ်။
အခုဆိုရင် ကချင်ပြည်နယ်ထဲမှာ အစိုးရ တပ်ဖွဲ့က တရုတ်သစ်မှောင်ခိုတွေကို အကြီးအကျယ်
ဖမ်းဆီးမှု လုပ်နေပါပြီ။
တစ်ရက်တည်း တရုတ်အယောက် ၁၂၀ ကျော်၊ နောက်တစ်ရက်မှာ နောက်ထပ် ၁၇ ယောက်၊
စုစုပေါင်း အယောက် ၁၄၀ လောက် ဖမ်းမိပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ လေးနှစ်အတွင်း သစ်ခိုးထုတ်မှုနဲ့ ဖမ်းမိတဲ့ နိုင်ငံခြားသား အယောက် ၁၃၀ နဲ့
နှိုင်းယှဉ်ရင်တောင် များနေပါသေးတယ်။
အခု တပ်မတော်ရဲ့ တရုတ်သစ်မှောင်ခိုသမားတွေကို ဖမ်းဆီးမှုဟာ ဖုန်ကြားရှင် အင်တာဗျူး
ပြဿနာနဲ့ ဆက်စပ်၊ မဆက်စပ် မပြောနိုင်သေးပါဘူး။
ဒီလိုဆက်စပ်တယ် ဆိုရင်တော့ တရုတ် - မြန်မာ ဆက်ဆံရေး အကျပ်အတည်း တစ်ခုထဲ
ရောက်လာပြီလို့ ပြောနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နိုင်ငံရဲ့ သမုဒ္ဒရာ နှစ်စင်း ပေါ်လစီ အကောင်အထည်ဖော်ဖို့၊ နှစ်နိုင်ငံ
အကျိုးဖြစ်ထွန်းစေဖို့၊ နှစ်နိုင်ငံ ပြည်သူတွေ ချစ်ကြည်ရင်းနှီးစေဖို့ဆိုရင် တရုတ် အစိုးရဟာ
မြန်မာ့ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေးမှာ ကူညီပံ့ပိုးဖို့ လိုပါတယ်။
မီးစတစ်ဖက် ရေမုတ်တစ်ဖက် မလုပ်သင့်ပါဘူး။
နောက် မြန်မာ့သယံဇာတတွေကို တရားဝင်နည်းနဲ့ရော တရားမဝင်နည်းတွေနဲ့ပါ
သိမ်းကျုံးရယူနေတဲ့ ပေါ်လစီကိုလည်း ပြန်လည် သုံးသပ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
















