"အေး လာထိုင်ကွာ၊ အရင်တစ်ပတ်က မပြတ်သေးတဲ့ အမျိုးသားပညာရေး ဥပဒအကြောင်း ဆက်ကြရအောင်၊ မင်းမေးစရာရှိတာ ကုန်ပြီလား"
"အေး လာထိုင်ကွာ၊ အရင်တစ်ပတ်က မပြတ်သေးတဲ့ အမျိုးသားပညာရေး ဥပဒအကြောင်း
ဆက်ကြရအောင်၊ မင်းမေးစရာရှိတာ ကုန်ပြီလား"
"အသေးစိတ်တော့ မသွားတော့ပါဘူးဆရာ။ အရေးကြီးတာလေးတွေလောက်ပဲ ပြောပါတော့မယ်။
ဥပဒေပုဒ်မ ၃၄ မှာ ကျောင်း အမျိုးအစားပေါင်း ကိုးမျိုး သတ်မှတ်ထားတာ တွေ့ရပါတယ်။
ကျောင်းလို့ဆိုရာမှာတော့ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနဲ့ အခြားကျောင်း အမျိုးမျိုးလည်း
ပါတယ်ဆိုတာတော့ 'ကျောင်း'ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ သိရပါတယ် ဆရာ၊ ကျွန်တော်
စဉ်းစားနေတာက ကိုယ်ပိုင်/ပုဂ္ဂလိက ကျောင်းများမှအပ အဲဒီကျောင်း အားလုံးမှာ အစိုးရ
(နိုင်ငံတော်)ရဲ့ တာဝန်ယူမှု၊ ပါ၀င်ပတ်သက်မှု ဘယ်လိုရှိမလဲဆိုတဲ့ ကိစ္စပါ"
"ဒီကိစ္စက အတော်ကျယ်ပြန့်တယ်ကွ၊ အခု ဥပဒေက နိုင်ငံတော်ရဲ့ ပညာရေးစနစ် တစ်ခုလုံး
အကျုံးဝင်အောင် လွှမ်းခြံုပြဋ္ဌာန်းထားတဲ့ ဥပဒေဆိုတော့ တချို့အကြောင်းအရာတွေက
ရုပ်လုံးမပေါ်သေးဘူး။ သူ့ကဏ္ဍအလိုက်ဆိုင်ရာ ဥပဒေတွေကို ဆက်လက်ပြဋ္ဌာန်းတဲ့အခါမှသာ
ရှင်းရှင်းလင်းလင်း သိရလိမ့်မယ်။ အစိုးရ (နိုင်ငံတော်)ရဲ့ တာဝန်ယူမှုဆိုတာက ဘဏ္ဍာရေးကို
အခြေခံပြီးပြောရမှာဖြစ်တော့ လုံးဝ တာဝန်ယူမှု၊ တစ်စိတ်တစ်ပိုင်း တာဝန်ယူမှု၊ အကန့်အသတ်နဲ့
ထောက်ပံ့မှုတွေ ရှိလာလိမ့်မယ်။ အစိုးရကျောင်းတွေမှာတောင် လုံးဝ တာဝန်ယူမှု ဆိုတာကတော့
နိုင်ငံတော်ရဲ့ လက်ရှိ စီးပွားရေး အခြေအနေအရ မဖြစ်သင့်တော့ဘူးလို့ ထင်တယ်၊ ပြည်သူူတွေရဲ့
ပူးပေါင်း ဆောင်ရွက်မှု ပါသင့်တယ်။ ဒီနေရာမှာ စကားစပ်ပြီး ပြောချင်တာက ဒို့နိုင်ငံ အဆင်းရဲဆုံး
နိုင်ငံဖြစ်ရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ပြည်တွင်းစစ်နဲ့ လက်နက်ကိုင်ပုန်ကန်မှုအပြင်
အခမဲ့ပညာရေးစနစ်နဲ့ အခမဲ့ဆေးဝါး ကုသမှုစနစ်တွေပါတယ်။ ဒီကနေ့ထိ ဖြစ်ပေါ်နေတဲ့
ပညာရေးဆိုင်ရာ ပြဿနာတွေထဲမှာ အခမဲ့ပညာရေးစနစ်ကြောင့် ပေါ်ပေါက်ရတဲ့
ပြဿနာတွေလည်း ပါတယ်"။
"စကားစပ်မိတုန်း အစိုးရတာဝန်ယူမှုနဲ့ ပတ်သက်လို့ ပြောရရင် ကျေးရွာတွေမှာ 'တွဲဖက်ကျောင်း'
တွေ ဖွင့်ကြရတဲ့ ကိစ္စက သိပ်မျှတမှု မရှိဘူးလို့ ထင်တယ် ဆရာ၊ ဆင်းရဲတဲ့ ကျေးရွာတွေမှာ
ကျတော့ စာသင်ကျောင်းတွေကို ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ကြရပြီး ကျေးရွာတွေထက်
စီးပွားရေးကောင်းတဲ့ မြို့ကြီး၊ မြို့ ငယ်တွေမှာတော့ ကျောင်းတွေအတွက် အစိုးရက
လုံးဝတာဝန်ယူတယ်ဆိုတာ မျှတမှုမရှိဘူးလို့ ထင်တယ် ဆရာ"
"ဟုတ်တယ်၊ အခြေခံပညာရေးဆိုင်ရာ ဥပဒေရေးဆွဲရာမှာ ထည့်သွင်းစဉ်းစားဖို့ ကောင်းတဲ့
အချက်ပဲကွ၊ အလားတူပဲ ဘုန်းတော်ကြီးသင်ကျောင်းတွေ ကိစ္စကိုလည်း လျစ်လျူရှု
မထားသင့်ဘူးပေါ့။ ဆက်စပ်တဲ့ ပညာရေးဥပဒေတွေအတွက် ပြဿနာတွေကတော့
အများကြီးပါပဲကွာ"
"နောက်တစ်ခုကတော့ အရေးကြီးတဲ့ အချက်မဟုတ်ပေမယ့် 'ကိုယ်ပိုင်၊ သို့မဟုတ်
ပုဂ္ဂလိကကျောင်း' ဆိုရာမှာ 'ကိုယ်ပိုင်ကျောင်း နဲ့ ပုဂ္ဂလိကကျောင်း' က ဘယ်လိုခြားနားပါသလဲ
ဆရာ"
"ဒီဝေါဟာရ နှစ်ခုက အဓိပ္ပာယ်တူ ဝေါဟာရတွေ မဟုတ်လား၊ အင်္ဂလိပ်လိုဆိုရင်တော့
'Private' ပေါ့၊ ဒို့ငယ်ငယ်တုန်းကတော့ 'Private School' ကို 'အလွတ်ပညာသင်ကျောင်း' လို့
ခေါ်ခဲ့ကြတာပဲ၊ အင်္ဂလိပ်ခေတ်တုန်းကလည်း 'အလွတ်ပညာသင်ကျောင်း' တွေရှိခဲ့တာပဲ။
အဓိပ္ပာယ်တူ စကားလုံးနှစ်ခုကို 'ကိုယ်ပိုင်၊ သို့မဟုတ် ပုဂ္ဂလိက' ဆိုပြီး သုံးလိုက်တော့
'ကိုယ်ပိုင်ကျောင်း'က တစ်မျိုး၊ 'ပုဂ္ဂလိကကျောင်း'က တစ်မျိုးဆိုသလိုဖြစ် သွားပုံရတယ်။
ငါ့အမြင်အရဆိုရင်တော့ ဒဏမငလအေန ှခ့သသူဒ ဆိုတာကို 'ကိုယ်ပိုင်ကျောင်း' လို့ သုံးချင်ရင်
လည်း သုံး၊ ဒါမှမဟုတ်ရင်လည်း 'ပုဂ္ဂလိက ကျောင်း'ဆိုပြီး သုံးရင်လည်း ပြီးတာပဲ။ ၁၉၅၁ ခုနှစ်နဲ့
၁၉၆၃ ခုနှစ်တွေမှာ 'ကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်ဥပဒေ' ဆိုပြီး ပြဋ္ဌာန်းခဲ့ဘူးတယ်။ ဒီကိစ္စက
သိပ်အရေးမကြီးပါဘူးကွာ။ မင်းတို့ ငါတို့က ဥပဒေရေးဆွဲရေး အမြင်နဲ့ ကြည့်လို့ ဒီလိုဖြစ်နေတာ၊
သာမန် စာဖတ်သူတွေကတော့ သတိထားမိချင်မှ ထားမိမှာပါ။ အဲဒီဝေါဟာရ နှစ်ခုက
အဓိပ္ပာယ်မတူဘူး ဆိုရင်တော့လည်း အဓိပ္ပာယ်ဖွင့်ဆိုချက် (Definition) ထည့်ပေးဖို့ လိုတာပေါ့"
"နောက်တစ်ချက်က ပညာရေးအမျိုးအစား တစ်ဆယ့်ငါးမျိုးလောက် ရှိရာမှာ အုပ်စုအားဖြင့်
'ကျောင်းပညာရေး' နှင့် 'ကျောင်းပြင်ပ ပညာရေး' ဆိုပြီး ခွဲခြားလို့ ရပါတယ်။ ဥပဒေ ပုဒ်မ ၁၄ အရ
ကျောင်းပညာရေးကိုလည်း အခြေခံပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေး၊ အဆင့်မြင့်
ပညာရေးဆိုပြီး ခွဲခြားထားပါတယ်။ တစ်ခါ အခြေခံပညာရေးကိုလည်း မူလတန်းအဆင့် ပညာရေး၊
အလယ်တန်းအဆင့် ပညာရေး၊ အထက်တန်းအဆင့် ပညာရေးဆိုပြီး ပုဒ်မ ၁၆ မှာ ထပ်မံခွဲခြား
ပြထားပါတယ်။ ပုဒ်မ ၁၆(က)နဲ့ ၁၈ တို့အရဆိုရင် သူငယ်တန်းပညာရေးက မူလတန်းအဆင့်
ပညာရေးထဲမှာ မပါတဲ့ သဘောဖြစ်နေတော့ အခြေခံပညာရေးမှာလည်း မပါဘူးလို့ဆို ရမလို
ဖြစ်နေတယ် ဆရာ။ လက်ရှိမှာတော့ သူငယ်တန်းက မူလတန်းကျောင်းနဲ့ မူလတန်းပါတဲ့
အလယ်တန်း/အထက်တန်းကျောင်းတွေမှာ ရှိနေတာဆိုတော့ ဒီဥပဒေအရ သူငယ်တန်းက
ဘယ်ကျောင်းမှာပါမလဲ ဆရာ"
"ဥပဒေပုဒ်မ ၁၆ နဲ့ ၁၈ တို့မှာ ရေးသားထားပုံအရဆိုရင်တော့ ပညာရေးအဆင့်ခွဲခြားရာမှာ
သူငယ်တန်းက လွတ်နေတဲ့ သဘောမျိုးတော့ ဖြစ်နေမှာပေါ့။ တစ်ခါ ပုဒ်မ ၁၆(ခ)မှာ 'သူငယ်တန်း
ပညာရေးကို မူလတန်းအဆင့် ပညာရေး(၏) အခြေခံအတန်းအဖြစ် သတ်မှတ်သည်' လို့
ရေးထားတာကလည်း သူငယ်တန်းက မူလတန်းအဆင့်မှာပါတယ် လို့ အဓိပ္ပာယ် ထွက်နိုင်သလို၊
မပါဘူးလို့လည်း အဓိပ္ပာယ် ရနိုင်တယ်လို့ ထင်တယ်။ အဲဒီမှာ (၏) အစား 'တွင်' လို့ ရေးရင်တော့
သူငယ်တန်းက မူလတန်းမှာပါတယ်လို့ အဓိပ္ပာယ် ထွက်မယ်လို့ ထင်တယ်။ ဒါပေမဲ့ ပညာရေး
အဆင့်အတန်းခွဲခြားတာနဲ့ ကျောင်းအမျိုးအစား၊ ကျောင်းအဆင့်အတန်း ခွဲခြားတာက သီးခြား
ကိစ္စတွေပဲကွ။ သူငယ်တန်းကတော့ လက်ရှိအတိုင်းပဲ မူလတန်းကျောင်းနဲ့ မူလတန်းပါတဲ့
အလယ်တန်း/အထက်တန်းကျောင်းတွေမှာ ပဲ ပါနေရမှာပေါ့။ သူငယ်တန်းကျောင်းဆိုပြီး
သီးခြားဖွင့်လို့တော့ ဘယ်ဖြစ်မှာလည်းကွာ။ သူငယ်တန်းကို မူလတန်းအဆင့်မှာ ထည့်ရမှာပေါ့"
"ကျွန်တော်ကလည်း ဒီအချက်နဲ့ ပတ်သက်ပြီး ဥပဒေရေးသားပုံ မရှင်းဘူးထင်လို့ ပြောတာပါ
ဆရာ။ နောက်ပြီး ဥပဒေပုဒ်မ ၁၃ မှာ အသက်သုံးနှစ်မှ ငါးနှစ်အထိ မူကြိုပညာရေးကို
အကောင်အထည်ဖော်ရမယ်လို့ ပြဋ္ဌာန်းထားတယ်ဆိုတော့ မူကြိုကျောင်းတွေကို
သီးခြားဖွင့်မယ်ဆိုတဲ့ သဘောပါလား ဆရာ"
"အဲဒီလိုတော့ မဖြစ်နိုင်ဘူး ထင်တယ်ကွ။ ငါ့အမြင်အရဆိုရင် အဲဒီလိုဖြစ်ဖို့လည်း မသင့်ဘူးလို့
ထင်တာပဲ။ ဒီကိစ္စက အောက်ခြေ ကျေးရွာအဆင့်ထိ အကျုံးဝင်နေတဲ့ ကိစ္စဆိုတော့
မူကြိုကျောင်းတွေ သီးခြားဖွင့်လှစ်ဖို့ဆိုတာ နိုင်ငံအတွက် အလွန်ကြီးလေးတဲ့ ၀န်ထုပ်ဝန်ပိုးကြီး
ဖြစ်နေမှာပေါ့။ နောက်ပြီး မူကြိုပညာရေးဆိုတာက တည်ဆဲ '၁၉၇၃ ခုနှစ်၊ ပြည်ထောင်စု
မြန်မာနိုင်ငံ အခြေခံပညာရေး ဥပဒေ'မှာလည်း မပါဘူး။ အဲဒီလို မပါပေမယ့်လည်း မူကြိုပညာရေး
ဆိုတာ အခုမှ ပေါ်ပေါက်လာတာ မဟုတ်ဘူး။ လွတ်လပ်ရေး မရမီကတည်းက မစ်ရှင်ကျောင်းလို့
ခေါ်ခဲ့ကြတဲ့ အင်္ဂလိပ်၊ အမေရိကန်သာသနာပြုကျောင်းတွေမှာ သူငယ်တန်း (Kindergarten)၊
အတိုကောက် (KG) မတိုင်မီ 'Lower Kindergarten (LKG)' နဲ့ 'Middle Kindergarten
(MKG)' ဆိုတာတွေ ရှိခဲ့ပြီး သူငယ်တန်းကိုတော့ 'Higher Kindergarten (HKG)' လို့
ခေါ်ခဲ့တာကို ငါ မှတ်မိတယ်။ အခုနိုင်ငံခြားက လာပြီးဖွင့်ထားတဲ့ ကျောင်းတွေမှာလည်း KG နဲ့
Pre-KG I and II ဆိုပြီးရှိတယ်လို့ သိရတယ်"
"မူကြိုကျောင်းတွေဆိုပြီး သီးခြားဖွင့်လှစ်ထားတာတွေလည်း ရှိတယ် မဟုတ်လား ဆရာ"
"အဲဒါက မြို့ကြီးတွေမှာလောက်ပဲ ရှိတယ် ထင်တယ်၊ နောက်ပြီး အဲဒါတွေက ပုဂ္ဂလိက
ကျောင်းတွေ၊ အစိုးရမူကြိုကျောင်းဆိုတာ ရှိလို့လား၊ လူမှုဝန်ထမ်းဌာနက ဖွင့်ထားတဲ့
'နေ့ကလေးထိန်းကျောင်း' ဆိုတာတော့ ကြားဖူးတယ်။ အဲဒါလည်း မူကြိုသဘောလို့ပဲ ထင်တယ်။
'Kindergarten' ဆိုတဲ့ ဝေါဟာရက ဂျာမန်ဘာသာစကားက ဆင်းသက်လာတာ ဖြစ်ပြီး
အမေရိကန်မှာသုံးတဲ့ ဝေါဟာရ၊ အသက် ၅ နှစ်အရွယ် ကလေးတွေကို ပညာသင်ပေးတာ၊ ဗြိတိန်၊
ဩစတြေးလျနဲ့ နယူးဇီလန်တို့မှာတော့ 'Nursery School' လို့ခေါ်ကြောင်း အဘိဓာန်တွေမှာ
ပြတယ်၊ ပျိုးခင်း သဘောပေါ့ကွာ။ 'နေ့ကလေးထိန်းကျောင်း' ဆိုတာ 'Nursery School' ကို
မြန်မာပြန်ထားတာလား မသိဘူး၊ မူကြိုသဘောမျိုး လို့ပဲ ထင်တယ်"
"နောက်တစ်ခုက ဥပဒေပုဒ်မ ၁၆ (က) မှာ 'အခြေခံပညာရေးကို သူငယ်တန်း ပညာရေး
ပြီးသည့်နောက် ပညာသင်နှစ် စုစုပေါင်း ၁၂ နှစ်ကို ဦးတည်၍ ဆောင်ရွက်ရန်ဖြစ်သည်' လို့
ပြဋ္ဌာန်းထားတယ်ဆရာ၊ ရေးသားထားတဲ့ ၀ါကျက 'ခွန်အား' မရှိတော့ ခပ်မှိန်မှိန်တော့
ဖြစ်နေတာပေါ့၊ နောက်ပြီး အဲဒီပုဒ်မမှာပဲ အခြေခံပညာရေးမှာ 'မူလတန်းအဆင့် ပညာရေး၊
အလယ်တန်းအဆင့် ပညာရေးနဲ့ အထက်တန်းအဆင့် ပညာရေး' ဆိုပြီး အဆင့်သုံးဆင့်
ပါ၀င်တဲ့အကြောင်း ဖော်ပြထားတယ် ဆရာ၊ ဒီတော့ တက္ကသိုလ် မရောက်မီ အခြေခံပညာ
အထက်တန်းကျောင်းမှာ သူငယ်တန်းမပါ ၁၂ နှစ်၊ သူငယ်တန်းပါဆိုရင် ၁၃ နှစ် ကြီးများတောင်
နေရမယ့် သဘောပေါ့ဆရာ"
"မင်းကတော့ မင်းပီသပါပေ့ဆိုတဲ့ အတိုင်းပဲ အဆိုးမြင်တတ်သူ အဲလေ ပြဿနာရဲ့
အရင်းအမြစ်ကို လျင်မြန်စွာ သိတတ်သူလို့ ငါသက်မှတ်ထားတာနဲ့တော့ ကိုက်နေတာပဲကွ၊
ဒို့နိုင်ငံရဲ့ လက်ရှိ စီးပွားရေးစနစ်အရ ဆိုရင်တော့ အခြေခံပညာအဆင့်မှာ အဲဒီလို ၁၂ နှစ်၊
သို့မဟုတ် ၁၃ နှစ် ထားဖို့ဆိုတာ အတော့်ကို ချင့်ချိန်စဉ်းစားရမယ့် ကိစ္စပဲကွ၊ ပညာရေးဆိုင်ရာ
ကျွမ်းကျင်သူတွေအနေနဲ့ နိုင်ငံတကာ ပညာရေးအဆင့်အတန်း သတ်မှတ်ချက်တွေ၊
စံချိန်စံညွှန်းတွေနဲ့ ချိန်ထိုးပြီး ရေးထားတာလားတော့ မသိဘူး၊ မင်းတို့ ငါတို့ အနေနဲ့ကတော့
နိုင်ငံတကာ ပညာရေး အကြောင်းကို သိကြတာမှ မဟုတ်တာ။ ခပ်ဖော့ဖော့ ရေးထားတဲ့
သဘောကတော့ လက်ရှိစီးပွားရေး အခြေအနေအရ လောလောဆယ် မလုပ်နိုင်သေးဘူး
ဆိုရင်လည်း လုပ်နိုင်တဲ့အချိန်မှာတော့ လုပ်ရမယ်ဆိုတဲ့ သဘောနဲ့ '... ဦးတည်ဆောင်ရွက်ရန်
ဖြစ်သည်' လို့ ရေးထားတာ ဖြစ်တယ်လို့ နားလည်ရမှာပေါ့"
"ဆရာ့အမြင်ကိုလည်း ပြောပါဦးဆရာ"
"ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ချဉ်းကပ်ရာမှာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့ ကာလ သုံးပါးကို
ဆက်စပ်ပြီး သုံးသပ်မှသာ အကောင်းဆုံးဖြစ်တဲ့ ဖြေရှင်းနည်းကို ရနိုင်မှာဖြစ်တယ်၊
အခုဒီပြဿနာမှာလည်း အဲဒီလိုပဲ ရှုမြင် သုံးသပ်ကြည့်ရမှာပဲ။ ဒီတော့ အတိတ်အကြောင်းကို
ပြန်ပြောရာမှာ ကိုယ်တိုင် ဖြတ်သန်းခဲ့ရလို့ သိရှိတာကို ပြောရမှာဆိုတော့ ဒို့ငယ်ငယ်တုန်းက
အသက် ၆ နှစ် ရ နှစ်လောက်မှာ ကျောင်းစတက်ကြရတယ်၊ ဒုတိယကမ္ဘာစစ်ဖြစ်နေလို့
အစိုးရကျောင်းတွေ ပိတ်ထားတဲ့အတွက် ဘုန်းကြီးကျောင်းမှာ စပြီးနေရတယ်၊ လွတ်လပ်ရေး
ရတော့မှ အစိုးရကျောင်းကို ပြောင်းတော့ စတုတ္ထတန်းကစပြီး တက်ခွင့်ရတယ်၊ ဒါပေမဲ့
အဲဒီတုန်းက စတုတ္ထတန်းမှာ မူလတန်း မဆုံးဘူး၊ မူလတန်းက သူငယ်တန်းကနေ ပ ဉ္စမတန်းအထိ
ရှိတယ်၊ ပ ဉ္စမတန်းအတန်းတင် စာမေးပွဲကို ပညာအုပ်ကိုယ်တိုင် လာစစ်တယ်၊ အစိုးရစစ်
ဆိုပါတော့၊ အဲဒီတုန်းက အလယ်တန်းဆိုတာ ဆဋ္ဌမတန်းနဲ့ သတ္တမတန်း နှစ်တန်းထဲပဲ ရှိတယ်၊
အထက်တန်းမှာလည်းပဲ အဋ္ဌမတန်းနဲ့ နဝမတန်းဆိုပြီး နှစ်တန်းထဲပဲရှိတယ်၊ နဝမတန်းနောက်ဆုံး
စာမေးပွဲကိုတော့ ကျောင်းထွက်လက်မှတ်ရ စာမေးပွဲ (High School Final Examination -
H.S.F) လို့ခေါ်တယ်၊ အဲဒီစာမေးပွဲအောင်ပြီးရင် အောက်တန်းစာရေးနဲ့ အလယ်တန်းကျောင်းဆရာ
လုပ်ခွင့်ရှိတယ်၊ ဆရာအတတ်သင် သိပ္ပံကျောင်းတွေမှာ အလယ်တန်းပြဆရာ သင်တန်း
တက်ခွင့်လည်း ရှိတယ်"
"တက္ကသိုလ်ကို တက်ခွင့်ရှိပါသလား ဆရာ"
"ကျောင်းထွက်လက်မှတ်ရ စာမေးပွဲ အောင်တဲ့ သူအနေနဲ့တော့ တက္ကသိုလ်တက်ခွင့်ရတာ
မဟုတ်ဘူး၊ ဒါပေမဲ့ အဲဒီ နဝမတန်းနှစ်မှာပဲ ကျောင်းထွက်လက်မှတ်ရ စာမေးပွဲနဲ့ 'Matriculation'
လို့ခေါ်တဲ့ 'တက္ကသိုလ်ဝင် စာမေးပွဲ' ကို တစ်ပြိုင်တည်း (မေးခွန်းတစ်ခုတည်း) ဖြေရတယ်၊
မေးခွန်းရဲ့ ထိပ်စည်းမှာ 'ကျောင်းထွက်လက်မှတ်နှင့် တက္ကသိုလ်ဝင်စာမေးပွဲ'၊ အင်္ဂလိပ်လိုဆိုရင်
'High School Final and Matriculation Examination' လို့ ရေးထားတယ်၊ H.S.F စာမေးပွဲ
အောင်လက်မှတ်ကို ပညာမင်းကြီးရုံးက ထုတ်ပေးပြီး တက္ကသိုလ်ဝင် စာမေးပွဲ အောင်လတ်မှတ်
ကိုတော့ ဒို့ခေတ်တုန်းက တစ်ခုတည်းသာရှိတဲ့ ရန်ကုန်တက္ကသိုလ်က ထုတ်ပေးတယ်၊ အဲဒီမှာ
N.S နဲ့ အစချီတဲ့ တက္ကသိုလ်ကျောင်းဝင်အမှတ်ကိုလည်း ဖော်ပြထားတယ်၊ ငါရဲ့ တက္ကသိုလ်ဝင်
အမှတ်က 'NS. 14382' ကွ၊ အခုထိ အလွတ်ရနေသေးတယ်၊ အလွတ်ရတဲ့ အကြောင်းက
တက္ကသိုလ်နဲ့ ပတ်သက်တဲ့ လျှောက်လွှာပုံစံ၊ ငွေသွင်းပုံစံဟူသမျှမှာ အဲဒီနံပါတ်ကို မပျက်မကွက်
ရေးရလို့ပဲ၊ စစ်တပ်မှာ ကိုယ်ပိုင်အမှတ် ပေးထားသလို့ပေါ့ကွာ"
"ဆရာတို့ခေတ်က အခြေခံပညာမှာ သူငယ်တန်းကနေ ကိုးတန်းအထိ (၁၀) နှစ် နေရတာပေါ့
ဆရာ"
"ဟုတ်တယ်၊ ၁၉၅၀ လောက်ကစပြီး မူလတန်းမှာ သူငယ်တန်းကနေ စတုတ္ထတန်းအထိ (၅) နှစ်
ဖြစ်သွားပြီး စတုတ္ထတန်းကို အစိုးရ သို့မဟုတ် ဘုတ်အဖွဲ့က စစ်တယ်၊ အလယ်တန်းမှာ
ပ ဉ္စမတန်းကနေ သတ္တမတန်း အထိ (၃) တန်းရှိတယ်၊ သတ္တမတန်းကို တစ်နိုင်ငံလုံး
မေးခွန်းတစ်ခုတည်းနဲ့ အစိုးရက စစ်တယ်၊ အထက်တန်းကတော့ အဋ္ဌမတန်းနဲ့ နဝမတန်း/
တက္ကသိုလ်ဝင်တန်းဆိုပြီး (၂) တန်းပဲရှိတယ်။ အခြေခံပညာမှာ စုစုပေါင်းကတော့ (၁၀) နှစ်ပါပဲ။
၁၆ နှစ်ပြည့်မှ တက္ကသိုလ်ကို ၀င်ခွင့်ရှိတယ်။ အခုဥပဒေအရ ဆိုရင်တော့ အသက် ၁၈ နှစ် ပြည့်မှ
တက္ကသိုလ်ကို ၀င်ခွင့်ရှိမယ်။ အဲဒီအချိန်တုန်းကတော့ တစ်ပြည်လုံးမှာ အစိုးရကျောင်းတွေ
အများကြီး တိုးချဲ့ဖွင့်လှစ်ပြီး အစိုးရဌာနတွေ ကိုလည်း တိုးချဲ့ဖွဲ့စည်းတဲ့အတွက် ကျောင်းဆရာတွေ၊
စာရေးဝန်ထမ်းတွေ အများကြီး လိုနေခဲ့တာကြောင့် ဖြစ်မယ်၊ သတ္တမတန်းအောင်ရင်တောင်
မူလတန်းဆရာ ခန့်ထားနိုင်တယ်၊ မြန်မာ့ဆိုရှယ်လစ်ခေတ် ရောက်တော့မှ အလယ်တန်းကို
ပ ဉ္စမတန်းကနေ အဋ္ဌမတန်းအထိ သတ်မှတ်ပြီး အခြေခံပညာအဆင့် အထက်တန်းကို
နဝမတန်းကနေ ဒသမတန်း အထိဆိုပြီး သတ်မှတ်ခဲ့တာ ဖြစ်တယ်"
"တက္ကသိုလ်တွေမှာရော အပြောင်းအလဲ ရှိခဲ့ပါသလား ဆရာ"
"လွတ်လပ်ရေးရပြီးစလောက်မှာ အစိုးရ အထက်တန်းကျောင်းတွေအတွက် ပညာရေးဘွဲ့ရတွေ
အများကြီး လိုအပ်နေတာကြောင့် ဥပစာတန်း (တက္ကသိုလ် ဒုတိယနှစ်) စာမေးပွဲအောင်ပြီးသူ
တွေကို ပညာရေးတက္ကသိုလ်မှာ နှစ်နှစ်ဆက်တက်ပြီးရင် B.A (Ed.) ဆိုပြီး ဘွဲ့ပေးတယ်၊
အရင်ကတော့ B.A သို့မဟုတ် B.Sc. ဘွဲ့ရပြီးမှ ပညာရေးတက္ကသိုလ်မှာ ဆက်တက်ခွင့်ရှိတယ်၊
ပထမနှစ်အောင်ပြီးရင် D.T. (Diploma in Teaching) ဘွဲ့နဲ့ ဒုတိယနှစ် အောင်ပြီးရင်
ပညာရေးဝိဇ္ဇာ (B.Ed.) ဘွဲ့ ပေးတယ်။ B.A (Ed.) ဘွဲ့ရပြီးသူတွေအနေနဲ့ အစိုးရအထက်တန်း
ကျောင်းတွေမှာ သတ်မှတ်တဲ့ လုပ်သက်ရှိပြီးရင် လစာဝက်၊ သို့မဟုတ် လစပြည့်နဲ့လား
သေချာတော့ မမှတ်မိတော့ဘူး။ ပညာရေးတက္ကသိုလ်မှာ တစ်နှစ်ဆက် တက်ပြီးရင် B.Ed ဘွဲ့
ထပ်ပေးတယ်၊ B.A/B.Sc. ဘွဲ့ရပြီး အထက်တန်းကျောင်းအုပ်၊ သို့မဟုတ် အထက်တန်းပြဆရာ
လုပ်နေသူဆိုရင်လည်း လစာဝက်/လစာပြည့်နဲ့ ပညာရေးတက္ကသိုလ်မှာ ဆက်တက်စေပြီး D.T.
သို့မဟုတ် B.Ed. ဘွဲ့ပေးတယ်။ ကျန်တဲ့ တက္ကသိုလ်ဘာသာရပ်တွေမှာတော့ အပြောင်းအလဲ
မရှိခဲ့ဘူး။ ၁၉၆၀ ပြည့်နှစ်လောက်အထိ တက္ကသိုလ်ဘွဲ့ရတွေက ပညာရေးဌာနမှာ
၀င်ရောက်လုပ်တာ နည်းနေပြီး အထက်တန်းပြ ဆရာ မလုံလောက်တဲ့အတွက် ရိုးရိုးဘွဲ့ရဆိုရင်
လစအပြင် အပိုကြေးအဖြစ် ကျပ် ၄၀၊ ပညာရေးဘွဲ့ရဆိုရင် ကျပ် ၅၀ နဲ့ ဂုဏ်ထူးတန်းနဲ့ မဟာဘွဲ့ရ
ဆိုရင် ရ၅ ကျပ်ပေးပြီး ဆွဲဆောင်ခဲ့သေးတယ်။ နယကခေတ်မှာတော့ တက္ကသိုလ် ဘွဲ့သင်တန်း
တွေကို တစ်နှစ်လျှော့ချခဲ့ပြီး အခုတော့ မူလအတိုင်း ပြန်ထားတာလည်း ရှိခဲ့တာပေါ့"
"ဒါတွေက ခေတ်အခြေအနေအရ လုပ်ခဲ့ရတာတွေပေါ့ဆရာ၊ ဒါပေမဲ့ အဲဒီလိုခဏခဏ
ပြောင်းနေတာကတော့ မကောင်းပါဘူး ဆရာ"
"ဟုတ်တယ်၊ အခုအမျိုးသားပညာရေး ဥပဒေအရ အခြေခံပညာမှာ ဘယ်နှစ်တန်းထားမလဲ
ဆိုတာက နိုင်ငံနဲ့ လူမျိုးအတွက် သိပ်အရေးကြီးတဲ့ ကိစ္စဖြစ်တော့ နိုင်ငံတကာ ပညာရေးစံတွေကို
ကြည့်ရမှာဖြစ်ပေမယ့် ကိုယ့်နိုင်ငံရဲ့ ပကတိအခြေအနေနဲ့ လျော်ညီဖို့လည်း လိုအပ်တယ်ကွ၊
ဒီလိုကိစ္စတွေကို နိုင်ငံတော်အဆင့်မှာ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားနိုင်ဖို့အတွက် ဥပဒေမှာပါတဲ့
အတိုင်း 'အမျိုးသားပညာရေးကော်မရှင်' ကို ဖွဲ့စည်းပေးဖို့ လိုနေပြီ၊ ဒါမှသာ ဆက်စပ်ဥပဒေတွေကို
ရေးဆွဲတဲ့အခါ ပညာရှင်တွေ၊ တတ်ကျွမ်းသူတွေ ပါ၀င်ပြီး လမ်းညွှန်ပေးနိုင်မယ် မဟုတ်လား။
ဒီမှာ နားလိုက်ကြဦးစို့"
















