ဇန်နဝါရီလ ၁၂ ရက်နေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်ဟာ လွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားရေးရာ၀န်ကြီးတွေကို တွေ့ဆုံပြီး အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။
ဇန်နဝါရီလ ၁၂ ရက်နေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်ဟာ လွှတ်တော်ဥက္ကဋ္ဌ၊
ကာကွယ်ရေး ဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားရေးရာ
၀န်ကြီးတွေကို တွေ့ဆုံပြီး အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။
အားလုံးသိပြီးဖြစ်တဲ့အတိုင်း ၄၈ ဦး တွေ့ဆုံ ဆွေးနွေးကြတဲ့ အဲဒီပွဲကနေ နောက်တစ်ခါ
ပြန်ဆုံကြသေးတာပေါ့ဆိုတာက လွဲပြီး ဘယ်လိုတိတိကျကျ ရလဒ်မျိုးမှ မရခဲ့ပါဘူး။
ဒါပေမဲ့ အဲဒီဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းအနေနဲ့ သမ္မတ ဦးသိန်းစိန်က စကားပြောခဲ့ရာမှာ
အလွန်အရေးကြီးတဲ့ အချက်တစ်ချက် ပါ၀င်တာ တွေ့ရပါတယ်။
အဲဒါကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ရဲ့
သဘောထားအမှန်ပါ။ သူဘာတွေ ပြောခဲ့သလဲ၊ ဘယ်လို အဓိပ္ပာယ် ဖွင့်နိုင်သလဲ၊ သမ္မတ
ဦးသိန်းစိန်ဟာ တကယ်ပဲ ဖွဲ့စည်းပုံ ပြင်ချင်သူလား၊ တကယ့် ပြုပြင်ပြောင်းလဲရေးသမားလား
ဆိုတာ လေ့လာဆန်းစစ်ကြည့်ရအောင်။
ပထမဦးဆုံးအနေနဲ့ သမ္မတ ဦးသိန်းစိန် ဘာပြောခဲ့သလဲဆိုတာ သူပြောခဲ့တဲ့ စကားလုံးတွေ
အတိုင်း အရင်လေ့လာကြည့်ကြပါစို့။
သူပြောခဲ့တာက "ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်သည် အခြေအနေ အချိန်အခါအလိုက်
ပြင်ဆင်ရေးသားရမည်ဟူသည့် မိမိ၏ ရပ်တည်ချက်ကို အစဉ်အမြဲ ဆုပ်ကိုင်ထားပါကြောင်း၊
တိုင်းရင်းသားများ အစဉ်တစိုက် တောင်းဆိုလာခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စု
တည်ဆောက်ရေးနှင့် အခြားလိုအပ်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိစ္စများကို
ဆောင်ရွက်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လုပ်ကိုင်ရမည် ဖြစ်ပါကြောင်း၊ ထိုသို့
လုပ်ဆောင်သည့်အခါတွင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲများက
တစ်ဆင့် ပေါ်ထွက်လာမည့် ရလဒ်များကို ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး နည်းလမ်းများနှင့်အညီ
ပြင်ဆင် လုပ်ဆောင်သွားရမည် ဖြစ်ပါကြောင်း" လို့ ဆိုပါတယ်။
ဆက်ပြီး "လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်
ဆောင်ရွက်ခြင်းသည် တရားဥပဒေ စိုးမိုးရေးကို ကျော်လွန် လုပ်ဆောင်သကဲ့သို့ ဖြစ်နိုင်ပါကြောင်း၊
ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း ပြင်ဆင်၊ ဖြည့်စွက်၊ ရေးသားကြ
ရမည်ဖြစ်ပါကြောင်း" ဆိုပြီး ပြောခဲ့ပါတယ်။
သမ္မတရဲ့ ပြောကြားချက်ကို အဓိပ္ပာယ်ဖွင့်ရရင် တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး
လက်မှတ်ထိုးပွဲဖြစ်အောင် ၀ိုင်းထောက်ခံကြ၊ အဲဒီလို လက်မှတ်ထိုးပွဲပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကြီး
လုပ်ကြ၊ အဲဒီဆွေးနွေးပွဲကြီးက ရလာမယ့် ရလဒ်တွေနဲ့ အညီ ဖွဲ့စည်းပုံမှာပါတဲ့ ပြင်ဆင်နည်း
အတိုင်း ပြင်ဆင်ကြဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။
တစ်နည်းပြောရရင် အခုအချိန် ဖွဲ့စည်းပုံ ပြင်ရေး မလိုအပ်သေးဘူးဆိုတဲ့ အဓိပ္ပာယ်မျိုး
သက်ရောက်နေသလို ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ နဲ့ ၈၈ ပွင့်လင်းအဖွဲ့က
ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ပြင်ပမှာ လုပ်ကိုင်ဆောင်ရွက်နေတာတွေကိုလည်း တရားဥပဒေ
စိုးမိုးရေးကို ကျော်လွန်လုပ်ဆောင်နေတယ်ဆိုပြီး စွပ်စွဲလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။
တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ဆိုတာဟာ အရင် စစ်အာဏာရှင်တွေ
စိတ်ကြိုက်ရေးဆွဲ ပြဋ္ဌာန်းခဲ့တဲ့ စစ်ဘုရင်စနစ် သက်ဆိုးရှည်အောင် လုပ်ထားတဲ့ ဖွဲ့စည်းပုံပါ။
ဘယ်လို ဒီမိုကရေစီ အငွေ့အသက်၊ ဘယ်လို ပြည်ထောင်စု အနှစ်သာရမှ မပါပါဘူး။
ဒါကြောင့် ဖွဲ့စည်းပုံထဲမှာ ဒီမိုကရေစီ အငွေ့ အသက်တွေ ပါလာအောင်၊ ပြည်ထောင်စု အနှစ်သာရ
နည်းနည်းပါးပါး ရှိလာအောင် ပြဋ္ဌာန်းချက် တချို့ကို အချိန်မဆိုင်းဘဲ ပြုပြင်ဖို့ လိုနေတာ
ဖြစ်ပါတယ်။
အခုတော့ သမ္မတ ဦးသိန်းစိန် ပြောဆိုပုံဟာ ဘယ်အချိန် စနိုင်မယ် မသိနိုင်သေးသလို ဘယ်အချိန်
အဖြေပေါ်မယ် မမျှော်မှန်းနိုင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးပွဲများက
တစ်ဆင့်ပေါ်ထွက်လာမယ့် ရလဒ်များဆိုတာ ရလာမှ ပြင်ရမယ့် သဘောဖြစ်နေပါတယ်။
ဒီထက် ရှင်းအောင်ပြောရရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံကို ပြင်ဖို့ ဆန္ဒ
မရှိသလို ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် ဖော်ရာမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အတိုင်းပဲ
အကောင်အထည် ဖော်စေချင်တဲ့သဘော တွေ့နိုင်ပါတယ်။
အခုဆိုရင် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဖြစ်စဉ်ကြီးတစ်ခု အကောင်အထည်
ဖော်နေကြပါတယ်။
ဒါပေမယ့် လွှတ်တော် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဆီကို တင်ပြထားတဲ့ အချက်အလက်
တွေအရ တပ်မတော်သား အမတ်တွေဘက်က တကယ့် တိုင်းပြည်မှာ ဒီမိုကရေစီထွန်းကားရေး
အတွက် လိုအပ်နေတဲ့၊ ပြည်ထောင်စုလို့ ပြောနိုင်ရေးအတွက် လိုအပ်နေတဲ့ အချက်အလက်
တွေကို ပြင်ဆင်ဖို့ လုံးဝဆန္ဒရှိ မနေတာ တွေ့ရပါတယ်။
အလားတူ လွှတ်တော်ထဲမှာ အမတ်အရေအတွက် အများဆုံးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ ကလည်း
အဲဒီလိုအချက်တွေနဲ့ ပတ်သက်ရင် တိတိကျကျ ဘယ်လိုပြင်ချင်တယ် မပြောဘဲ ၀ါးတားတား
လုပ်ထားတာ တွေ့နိုင်ပါတယ်။
တကယ်စဉ်းစားကြည့်လိုက်ရင် အထွေထွေ ရွေးကောက်ပွဲတစ်ခု လုပ်လိုက်တိုင်း ပြည်ခိုင်ဖြိုး လို
စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီက အမတ်နေရာ ၃၄ ရာခိုင်နှုန်းလောက် ရရုံနဲ့
လွှတ်တော်ထဲ ရောက်နေပြီးသား တပ်မတော်သားအမတ်တွေနဲ့ ပေါင်း၊ သမ္မတ တစ်ယောက်
ရွေးချယ်နိုင်၊ အစိုးရဖွဲ့နိုင်မှာ ဖြစ်ပေမယ့် အင်န်အယ်လ်ဒီလို ပါတီအတွက်ကတော့
၆၇ ရာခိုင်နှုန်းကျော် အနိုင်ရမှ သမ္မတ တင်နိုင်၊ အစိုးရဖွဲ့နိုင်ဆိုတဲ့ အခြေအနေမျိုးဟာ
လုံးဝဒီမိုကရေစီ မကျဘူးဆိုတာ လူတိုင်း နားလည်နိုင်ပါတယ်။
ဘယ်အိမ်နီးချင်းနိုင်ငံတွေမှာမှလည်း ဒီလိုဖွဲ့စည်းပုံမျိုး မရှိပါဘူး။
ဒီအတွက် ပုဒ်မ ၆၀ (င) လိုမျိုးကို ပြင်ဖို့ လိုအပ်နေပါတယ်။ အလားတူ နိုင်ငံရဲ့ လွတ်လပ်ရေး
ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ ရင်သွေးဖြစ်တဲ့
ဒေါ်အောင်ဆန်းစုကြည်လို လူကိုတောင် သမ္မတဖြစ်ခွင့် မပေးတဲ့ ပုဒ်မ ၅၉ (စ) လိုမျိုး၊
တိုင်းရင်းသား ပါတီတွေဟာ ကိုယ့်ပြည်နယ်အတွင်း ကိုယ် အနိုင်ရခဲ့ရင်တောင် ၀န်ကြီးချုပ်ကို
ရွေးချယ်ခွင့် မရှိတဲ့ ပုဒ်မ ၂၆၁ လိုမျိုးကို ပြင်ဆင်ဖို့ လိုနေပါတယ်။
ဒါတွေကို ပြင်နိုင်မှ ၂၀၁၅ ရွေးကောက်ပွဲအပြီး လွှတ်တော်က သမ္မတ တင်မြှောက်တဲ့အခါ၊
ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေ ခန့်အပ်တဲ့အခါ ဒီမိုကရေစီပုံစံ၊ ပြည်ထောင်စုပုံစံ နည်းနည်း
ပီပြင်လာမှာ ဖြစ်ပါတယ်။
အဲဒီလို အခြေအနေမျိုးရောက်အောင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်းသည်သာ
ပြုပြင်ပြောင်းလဲရေးကို ဆက်ပြီးဆောင်ရွက်တာ ဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို
အစပျိုးတာမျိုးလည်း ဖြစ်ပါလိမ့်မယ်။
တစ်ဆက်တည်း နိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုဆီသွားရာ လမ်းကြောင်းမှန်ပေါ်ကို ပို့ဆောင်တာလည်း
ဖြစ်ပါလိမ့်မယ်။
အခု သမ္မတ ဦးသိန်းစိန် ပြောကြားချက်ကို ကြည့်လိုက်ရင် သူဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို
အမှန်တကယ် လိုလားသူလား၊ တတ်နိုင်သမျှ အချိန်ဆွဲထားချင်သူလား၊ ပြုပြင်ပြောင်းလဲရေးကို
လက်ရှိ အခြေအနေထက် ဆက်ပြီး လုပ်ချင်ရဲ့လား၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးကို
အမှန်တကယ် လိုလားသူ ဟုတ်ရဲ့ လား၊ နိုင်ငံကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်
အမှန်ရောက်စေချင်သူ ဟုတ်ရဲ့လား မေးခွန်းထုတ်စရာတွေ ဖြစ်နေပါကြောင်း
သုံးသပ်တင်ပြလိုက်ရပါတယ်။
















