"ကဲ - ဆိုပါဦး၊ ဒီတစ်ပတ်အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့အချက်က...""အရင်တစ်ပတ်က ကျွန်တော်တို့ မရှင်းဘူးဆိုပြီး ပြောခဲ့တဲ့ အခြေခံပညာရေး၊ သို့မဟုတ် မူလတန်းအဆင့် ပညာရေးမှာ သူငယ်တန်း ပါ မပါဆိုတဲ့ ကိစ္စကို ဆက်ပြောပါရစေဦး ဆရာ" ...
"ကဲ - ဆိုပါဦး၊ ဒီတစ်ပတ်အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့အချက်က..."
"အရင်တစ်ပတ်က ကျွန်တော်တို့ မရှင်းဘူးဆိုပြီး ပြောခဲ့တဲ့ အခြေခံပညာရေး၊ သို့မဟုတ်
မူလတန်းအဆင့် ပညာရေးမှာ သူငယ်တန်း ပါ မပါဆိုတဲ့ ကိစ္စကို ဆက်ပြောပါရစေဦး ဆရာ"
"ဆိုပါဦး"
"အမျိုးသားပညာရေးဥပဒေနဲ့ ဆက်စပ်တဲ့ ပညာရေးဥပဒေကြမ်းတချို့ကို မိတ်ဆွေ
တက္ကသိုလ်ဆရာတစ်ယောက်ဆီက ရထားပါတယ် ဆရာ၊ 'အခမဲ့ မသင်မနေရ မူလတန်း
ပညာရေးဥပဒေ(မူကြမ်း)' ပုဒ်မ၂(က)မှာ မူလတန်းပညာရေးဆိုသည်မှာ အခြေခံအတန်းဖြစ်သော
သူငယ်တန်းမှ ပဥ္စမတန်းအထိ ပါ၀င်သည့် ပညာရေးကို ဆိုသည်လို့ ပါပါတယ်။ အဲဒီတော့
ကျွန်တော်တို့ မရှင်းဘူးဆိုတဲ့ ကိစ္စက ရှင်းသွားပြီလို့ မှတ်တာ၊ မရှင်းသေးဘူး ဆရာ"
"ဟာ မင်းပြောပုံကလည်း ရှုပ်လိုက်တာကွာ"
"ဒီလိုပါ ဆရာ၊ အခြေခံပညာရေးဥပဒေ (မူကြမ်း)ရဲ့ ပုဒ်မ ၅ မှာကျတော့ အခြေခံပညာရေး
အဆင့်များနှင့် အတန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်ဆိုပြီးတော့ ပုဒ်မခွဲ(က)မှာ
အသက် ငါးနှစ်ပြည့်ပြီး ကလေးများအတွက် မူလတန်းအဆင့်ပညာရေး၏ အခြေခံအတန်းအဖြစ်
သတ်မှတ်သည့် သူငယ်တန်းပညာရေး၊ ပုဒ်မခွဲ(ခ)မှာတော့ ပထမတန်းမှ ပ ဉ္စမတန်း အထိ
မူလတန်းအဆင့် ပညာရေးဆိုပြီး ပါနေပြန်တယ် ဆရာ။ ဒီရေးသားချက်အရဆိုရင်တော့
သူငယ်တန်းက အခြေခံပညာရေးဖြစ်တဲ့ မူလတန်းအဆင့်မှာ မပါပြန်ဘူး။ ဒီတော့ ဒီဥပဒေ
နှစ်ခုမှာပါတဲ့ ပြဋ္ဌာန်းချက်နှစ်ခုက ဆန့်ကျင်မနေဘူးလား ဆရာ"
"မင်းကတော့ မင်းဆိုတဲ့အတိုင်း ပြဿနာကို မြင်တတ်တဲ့ နေရာမှာတော့ ငါပြောတဲ့အတိုင်း
မှန်နေပြန်ပြီပေါ့ကွာ။ အဲဒီဥပဒေတွေကို ရေးဆွဲကြသူတွေအနေနဲ့ စဉ်းစားဖို့ အချက်တော့
ရသွားတာပေါ့။ ဒါပေမဲ့ တစ်ခုသတိ ပြုရမှာက အဲဒီဥပဒေကြမ်းတွေက သက်ဆိုင်ရာ
အာဏာပိုင်အဖွဲ့က အတည်ပြုပြီးဖြစ်တဲ့ ဥပဒေကြမ်းတွေ မဟုတ်သေးဘူးကွ၊ သတင်းတွေအရ
ဆိုရင် ဒီဥပဒေကြမ်းတွေက အောက်ခြေအဆင့်မှာ ဆွေးနွေးဆဲ အဆင့်မှာပဲ ရှိသေးတယ်လို့
ထင်တယ်။ ပညာရေးဝန်ကြီးဌာနက ကမကထပြုပြီး ရေးဆွဲတဲ့ ဥပဒေကြမ်းဆိုတော့ အစိုးရအဖွဲ့က
အတည်ပြုပြီးလို့ ဥပဒေပြု လွှတ်တော်ကိုပေးပို့တဲ့ အဆင့်ရောက်မှ ဥပဒေကြမ်း တစ်ခုက
အတည်ဖြစ်မှာ။ ဒါပေမဲ့ အခုန ပြောခဲ့သလို အဲဒီဥပဒေကြမ်းတွေကို သက်ဆိုင်ရာအဖွဲ့က
စိစစ်တဲ့နေရာမှာ အခုမင်းထောက် ပြတဲ့ အချက်ကိုတော့ စဉ်းစားသင့်တာပေါ့။ အခုအချိန်
ဆိုရင်တော့ ပြန်ပြင်ပြီးတောင် ဖြစ်ချင်ဖြစ်နေမှာပါ"
"ကျွန်တော်ပြောတာက သူငယ်တန်းကို အခြေခံပညာရေးမှာ ထည့်သင့်တယ်၊ မထည့်သင့်ဘူးလို့
ပြောတာ မဟုတ်ပါဘူးဆရာ၊ အမျိုးသား ပညာရေးဥပဒေက အရေးအသား မရှင်းတဲ့ သဘောကိုပဲ
ပြောလိုတာပါ။ နောက်ပြီး 'အခမဲ့ မသင်မနေရ မူလတန်းပညာရေး ဥပဒေကြမ်း'နဲ့
'အခြေခံပညာရေး ဥပဒေကြမ်း' နှစ်ခုမှာ အကြောင်းအရာ တစ်ခုတည်းအတွက် ပြဋ္ဌာန်းချက်ချင်း
ဆန့်ကျင်နေတာကို ပြောတာပါ"
"ဟုတ်ပါပြီ၊ တာဝန်ရှိသူတွေ စဉ်းစားဖို့ အကြံပေးတဲ့ သဘောပေါ့ကွာ၊ နောက်ဘာရှိသေးတုန်း"
"အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၁၉ မှာ 'အင်္ဂလိပ်စာကို မူလတန်းမှ စ၍သင်ကြားရမည်'လို့
ပြဋ္ဌာန်းထားတယ် ဆရာ၊ ဒီကိစ္စကတော့ ကျွန်တော် ဉာဏ်မမီလို့ ဆရာ့အမြင်ကိုပဲ ပြောပြပေးပါ"
"ဒီကိစ္စမှာတော့ မင်းနဲ့ ငါက ဘာထူးလို့တုန်း၊ ဇာတ်ဆရာကြီးရွှေမန်းတင်မောင်ရဲ့ သီချင်းထဲကလိုပဲ
'ကျွန်တော်လည်း ထိုနည်း လည်းကောင်း'လို့ ပြောရမယ် ထင်တယ်၊ ဒါမှ မဟုတ်လည်း
သွားတိုက်ဆေးကြော်ငြာ တစ်ခုထဲက ရုက္ခစိုးနတ်ကြီးပြောသလို 'ဟ ဒါကတော့ ငါလည်း
မတတ်နိုင်ဘူး' လို့ ပြောရမလားပဲ"
"ကျွန်တော်ဆိုလိုတာက အင်္ဂလိပ်စာသင်ကြားရေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ၊ သို့မဟုတ်
သုတေသီ တစ်ယောက်အနေနဲ့ မဟုတ်ဘဲ ဆရာကိုယ်တိုင် ဖြတ်သန်းလာခဲ့ရတဲ့ ခေတ်အလိုက်
အတွေ့အကြံုနဲ့ ဆရာသိရှိခဲ့ရတာတွေကို ပြောပြဖို့ ပြောတာပါ ဆရာ၊ ဆရာ ပြောခဲ့သလိုပဲ
အင်္ဂလိပ်စာသင်ကြားရေးနဲ့ ပတ်သက်ပြီး ကာလ သုံးပါး စလုံးကို ဆက်စပ် စဉ်းစားနိုင်အောင်လို့ပါ"
"ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြံုလို့ဆိုတော့ ကျောင်းသားအဖြစ်နဲ့ရော၊ ဆရာအဖြစ်နဲ့ပါ
အင်္ဂလိပ်စာသင်ယူ၊ သင်ကြားခဲ့ရတဲ့ အတွေ့အကြံုကို ပြောရမှာပေါ့ကွာ။ ဆရာအဖြစ်နဲ့
ဆိုတာကတော့ ငါက ပထမဘွဲ့မရမီနဲ့ ဘွဲ့ရပြီးစအချိန်မှာ အထက်တန်းပြဆရာအဖြစ်နဲ့
ငါးနှစ်လောက် အင်္ဂလိပ်စာသင်ပြခဲ့ဖူးသေးတယ်၊ အဲဒီတုန်းကတော့ တက္ကသိုလ်မှာ ဥပစာတန်းလို့
ခေါ်တဲ့ ဒုတိယနှစ်အောင် ပြီးရင် အထက်တန်းပြဆရာ လုပ်ခွင့်ရှိတယ်။ အစိုးရ
အထက်တန်းကျောင်းတွေကို တိုးချဲ့ ဖွင့်တော့ ဘွဲ့ရအထက်တန်းပြဆရာတွေ ရှားပါးနေတဲ့
အချိန်ပေါ့။ ဆရာဖြစ်လက်မှတ်၊ အင်္ဂလိပ်စာသင်ပြ နည်းသင်တန်းဆင်း လက်မှတ်ဆိုတာမျိုးတွေ
တော့ မရှိဘူးပေါ့ကွာ။ အဲဒါအပြင် နောင်မှာ သားသမီး လေးဦးကို ဆယ်တန်းအောင်တဲ့အထိ
အင်္ဂလိပ်စာကို သင်ပြပေးခဲ့တာဆိုတော့ ၁၉၈၆ ခုနှစ်လောက်အထိ အင်္ဂလိပ်စာသင်ကြားဖူးတဲ့
အတွေ့ အကြံုတော့ရှိခဲ့တဲ့ သဘောပေါ့။
"ဆရာတို့ ကျောင်းသားဘဝတုန်းက ဘယ်အတန်းကစပြီး အင်္ဂလိပ်စာ သင်ခဲ့ရပါသလဲ ဆရာ"
"ဒို့အရင် တစ်ပတ်တုန်းက ပြောခဲ့သလိုပဲ လွတ်လပ်ရေးရခါစမှာ မူလတန်းက ပဥ္စမတန်းအထိ
ရှိခဲ့တာဆိုတော့ ဆဋ္ဌမတန်းရောက်မှ အင်္ဂလိပ်စာကို စသင်ခဲ့ကြရတယ်။ ငါ့အနေနဲ့ ကတော့
အစိုးရကျောင်းကို မပြောင်းမီ ဘုန်းကြီးကျောင်းမှာ နေခဲ့တုန်းက အင်္ဂလိပ်စာတတ်တဲ့ ကိုရင်ကြီး
တစ်ပါးဆီမှာ စသင်ခဲ့တာ။ အဲဒီတုန်းက လွတ်လပ်ရေး မရမီအထိ အစိုးရ ကျောင်းတွေမှာ
အင်္ဂလိပ်စာအတွက် ပြဋ္ဌာန်းခဲ့တဲ့ 'New Method Reader' ဆိုတဲ့ ဖတ်စာအုပ်တွေကို
အစဉ်အလိုက် သင်ခဲ့ရတာပေါ့။ Reader 1A, 1B, Reader Two, Three စသဖြင့်
အစဉ်အလိုက်ရှိတယ်။ ရုပ်ပုံတွေကို ကြည့်ရတာတော့ အိန္ဒိယကျောင်းတွေမှာ သုံးတဲ့
စာအုပ်ဖြစ်ပုံရတယ်။ အစိုးရကျောင်းကို မပြောမီမှာ 'Reader Three' က တချို့ 'Lesson' တွေကို
သင်ခဲ့ပြီးပြီဖြစ်လို့ အဲဒါက တက္ကသိုလ်ဝင်တန်းအောင်ဖို့အထိ အခြေခံရခဲ့တယ်လို့ အသေအချာ
ပြောနိုင်တာပေါ့"
ဒါပေမဲ့ လွတ်လပ်ရေးပြီးစ အင်္ဂလိပ်စာ စသင်ရတဲ့ ဆဋ္ဌမတန်းမှာတော့ အဲဒီဖတ်စာအုပ်တွေကို
မသင်ရတော့ဘဲ 'Dagon Reader' ဆိုတဲ့ စာအုပ်ကို သင်ရတယ်။ မြန်မာပညာရှင်ကြီးတစ်ဦး
ရေးတဲ့ ဖတ်စာအုပ်ပါ"
"ဒီလိုဆိုတော့ ဆရာတို့ခေတ်မှာ တက္ကသိုလ်မရောက်မီ အင်္ဂလိပ်စာသင်ကြားရတဲ့ နှစ်က လေးနှစ်၊
ကျွန်တော်တို့ ခေတ်ကျတော့ အင်္ဂလိပ်စာကို ပဥ္စမတန်းမှာ စသင်ရတာဆိုတော့ တက္ကသိုလ်
မရောက်မီ အင်္ဂလိပ်စာသင်ကြားရတဲ့ နှစ်က ငါးနှစ်ပေါ့ ဆရာ၊ ကျွန်တော် သိချင်တာက
ဆရာတို့ခေတ်မှာ တက္ကသိုလ် မရောက်မီ အင်္ဂလိပ်စာကို လေးနှစ်သင်ရုံနဲ့ တက္ကသိုလ်အဆင့်
အင်္ဂလိပ်စာကို ဆက်သင်ဖို့၊ တက္ကသိုလ်မှာ အင်္ဂလိပ်ဘာသာနဲ့ ပို့ချသင်ကြားတဲ့ တခြားဘာသာရပ်
တွေကို ဆက်လက် သင်ကြားဖို့ လုံလောက်တဲ့ အင်္ဂလိပ်စာအခြေခံ ရှိပြီလို့ ပြောနိုင်ပါသလား
ဆရာ"
"ဒီမေးခွန်းက အင်္ဂလိပ်စာသင်ကြားရေး နဲ့ ပတ်သက်လို့ ထည့်သွင်းစဉ်းစားရမယ့် အချက်ဖြစ်လို့
အလွန်ကောင်းတဲ့ မေးခွန်းပဲကွ၊ ဒါပေမဲ့ ဒီမေးခွန်းကို 'Yes or No' ဆိုပြီး အပြတ်ဖြေရင်
မမှန်နိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ တက္ကသိုလ်ကို ၀င်ရောက်လာသူတွေရဲ့ အင်္ဂလိပ်အခြေခံ
တွေက မတူကြလို့ပဲ။ မင်းရဲ့ မေးခွန်းမှာ အကျံုးမဝင်တဲ့ မစ်ရှင်ကျောင်းလို့ ခေါ်ခဲ့ကြတဲ့
သာသနာပြုကျောင်းတွေကနေ တက္ကသိုလ်ဝင်တန်းအောင်လာသူတွေလည်း အတော်များများ
ရှိခဲ့တယ်။ သူတို့ကတော့ သူငယ်တန်းမှာ သုံးနှစ်နေခဲ့ပြီး တက္ကသိုလ်ဝင်တန်းအထိ အင်္ဂလိပ်စာကို
၁၂ နှစ် သင်ခဲ့ရတော့ အင်္ဂလိပ်ဘာသာစကားကို နားလည်တာရော၊ ပြောတာရော၊ ရေးတာရော
တက္ကသိုလ်မှာ အင်္ဂလိပ်စာဆက်သင်ဖို့၊ အင်္ဂလိပ်ဘာသာနဲ့ သင်ကြားတဲ့ တခြားဘာသာတွေ
ဆက်သင်ဖို့ အင်္ဂလိပ်စာ အခြေခံလုံလောက်တယ်လို့ ပြောနိုင်တယ်။ အစိုးရအထက်တန်းကျောင်း
တွေကနေ တက္ကသိုလ်ဝင်တန်းအောင် လာသူတွေထဲမှာတော့ အဲဒီလိုအင်္ဂလိပ်စာ
အခြေခံကောင်းတဲ့ လူက အနည်းစုပဲဖြစ်မယ်။ ဒါတောင်မှ သူတို့က သူတို့ကျောင်းတွေမှာ
လက်ရွေးစင်တွေ၊ လူတော်တွေလို့ ပြောရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ အဲဒီခေတ်တုန်းက
တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်းက ၁၀ နဲ့ ၁၆ ကြားလောက်ပဲ ရှိမယ်ထင်တယ်။
ငါတို့အောင်တဲ့ နှစ်က ငါတို့ ကျောင်းက တောရွာကျောင်းလည်းဖြစ်တော့ ရ၆ ယောက် ဖြေခဲ့ရာမှာ
ခြောက်ယောက်ပဲ အောင်တယ်။ အများအားဖြင့်တော့ အင်္ဂလိပ်စာမှာ ကျကြတာပဲ၊ တစ်နိုင်ငံလုံး
အတိုင်းအတာနဲ့ ပြောမယ်ဆိုရင်လည်း အင်္ဂလိပ်စာမှာ အကျများတယ် ဆိုတာကတော့
သေချာတယ်။ ဒီတော့ ပညာရေးလေလွင့်မှုက ဘယ်လောက်များလည်းဆိုတာ အလွယ်လေးနဲ့
သိနိုင်တယ်။ တစ်ဆက်တည်းမှာပဲ တက္ကသိုလ်မှာ ပညာသင်ကြားပုံ အကြောင်းကိုလည်း
ထည့်ပြောမှ ပြည့်စုံမယ် ထင်တယ်"
"ဟုတ်ကဲ့ပါ ဆရာ"
"ငါတို့ ခေတ်တုန်းက မင်းတို့ ခေတ်မှာလို တစ်ဘာသာကို အထူးပြုသင်ယူတဲ့ 'Major' စနစ်
မဟုတ်သေးဘူး၊ သုံးဘာသာစီပါတဲ့ ဘာသာတွဲကို ကိုယ်ကြိုက်တာယူရတဲ့ 'Combination' စနစ်
ဖြစ်ပြီး အဲဒီဘာသာတွဲအပြင် မြန်မာစာကို ပထမနှစ်နှစ်မှာ မယူမနေရ ယူရပြီး အင်္ဂလိပ်စာကိုတော့
စာသင်နှစ်လေး နှစ်စလုံး မယူမနေရ ယူရတယ်။ အဲဒီတုန်းက အင်္ဂလိပ်စာအတွက် ပြဋ္ဌာန်းတဲ့
တချို့ အင်္ဂလိပ်စာအုပ်တွေက 'Classics' (ဂန္ထဝင်စာပေဝင်) စာအုပ်တွေဆိုတော့ ဒို့လိုအစိုးရ
အထက်တန်းကျောင်းက အောင်လာတဲ့ လူအများစုအဖို့ အဆင့်ကွာလွန်းနေတယ်။ ဥပမာအားဖြင့်
ဒို့တက္ကသိုလ်ကိုရောက်တဲ့ ၁၉၅၄ ခုနှစ်မှာ ပထမနှစ် ဥပစာတန်းအတွက် ပြဋ္ဌာန်းတဲ့
အင်္ဂလိပ်စာအုပ် နှစ်အုပ်က "Sherlock Holmes" နဲ့ "Men Who Changed the World" ဆိုတဲ့
စာအုပ်တွေ၊ ပထမစာအုပ်က အများသိကြတဲ့ ကမ္ဘာကျော်ဂန္ထဝင်စုံထောက် ၀တ္ထုပေါင်းချုပ်၊
၀တ္ထုအားလုံးသင်ရတာတော့ မဟုတ်ဘူး။ ရွေးချယ်ပြဋ္ဌာန်းထားတဲ့ ၀တ္ထုတချို့ကိုပဲ သင်ရတာ၊
အဲဒီဝတ္ထုတွေကို ဖတ်လိုက်ရင် အဲဒီတုန်းကတော့ မသိတဲ့ စကားလုံးတွေက အများကြီးပဲ။ ဒါပေမဲ့
နည်းပြဆရာတွေ အလွယ်နည်းနဲ့ ပြန်ရေးထားတဲ့ မှတ်စုကို ဖတ်တာနဲ့ စာမေးပွဲအောင်နိုင်တယ်၊
ဒုတိယစာအုပ်ကတော့ အင်္ဂလိပ်စာသိပ် မခက်လှဘူး။ မသိတဲ့ စကားလုံးတချို့ကို အဘိဓာန်မှာ
ရှာကြည့်ပြီးဖတ်ရင် နားလည်တယ်။ တယ်လီဖုန်း၊ လျှပ်စစ်မီးသီး စတဲ့ ပစ္စည်းတွေကို
တီထွင်သူတွေအကြောင်း ပေါ့ကွာ"
"ဟုတ်ကဲ့ပါ ဆရာ"
"နောက်ပြီး အဲဒီတုန်းက အင်္ဂလိပ်စာသင်တဲ့ ဆရာတွေက ဗြိတိသျှကောင်စီရဲ့ အစီအစဉ်နဲ့
ပို့ပေးတာလို့ သိရတဲ့ အင်္ဂလိပ်လူမျိုးဆရာကြီးတွေကွ၊ အဲဒီတုန်းက မန္တလေးတက္ကသိုလ်မှာ
Mr. Harrison ဆိုတဲ့ ဆရာကြီးနဲ့ နောက်တော့ Mr. Owen ဆိုတဲ့ ဆရာကြီးတွေက သင်ပေးတာ။
'Tutorial Class' ဆိုတဲ့ နည်းပြသင်တန်းမှာလည်း ငါတို့အတန်းခွဲကို တာဝန်ကျတာက
မြန်မာပြည်ပေါက် အင်္ဂလိပ်အမျိုးသမီး Miss Ruston ဆိုတဲ့ ဆရာမ။ ဥပစာတန်းမှာတုန်းက
အဲဒီဆရာတွေ သင်တာကို သိပ်နားမလည်ဘူး။ ၀ိဇ္ဇာတန်းရောက်တော့ အတော်ကလေး
နားလည်လာတာပေါ့။ ကထိက ဖြစ်တဲ့ အိန္ဒိယနွယ်ဖွား မစ္စတာ ဂျွန်မူနီဆိုတဲ့ ဆရာကြီးက
Oxford တက္ကသိုလ်က M.A (Eng) ဘွဲ့ရခဲ့သူဖြစ်ပြီး အင်္ဂလိပ်စကားကို အိန္ဒိယ အသံမဝဲဘဲ
ပြောပြီးသင်တယ်။ အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်မှာတော့ Mr.D.Y.Morgan ဆိုတာရှိတယ်လို့
သိရတယ်။ ဒို့ ရန်ကုန်တက္ကသိုလ်ကို ပြောင်းတဲ့ နှစ်မှာတော့ သူမရှိတော့ဘူး။ သူရေးသား
ထုတ်ဝေခဲ့တဲ့ 'Living English Structure' ဆိုတဲ့ စာအုပ်ကလေးက အင်္ဂလိပ်စာသင်ကြားရေးမှာ
သိပ်ကောင်းတာ၊ နောင်မှာ ဆရာအဖြစ်နဲ့ တပည့်တွေနဲ့ သားသမီးတွေကို အင်္ဂလိပ်စာ
သင်ပေးတော့လည်း အဲဒီစာအုပ်ကလေးက တော်တော်အထောက် အကူပြုတယ်။ အခုထိ
ငါ့ဆီမှာ ရှိသေးတယ်။ လိုရင်းကိုပြောရမယ်ဆိုရင်တော့ ဒို့ခေတ်က တက္ကသိုလ်ဝင်တန်းအထိ
သင်ခဲ့ရတဲ့ အင်္ဂလိပ်စာ အဆင့်အတန်းက အဲဒီခေတ်က တက္ကသိုလ်မှာသင်တဲ့ အင်္ဂလိပ်စာ
အဆင့်အတန်းအတွက် လုံလောက်တဲ့ အခြေခံ မရှိဘူးလို့ဆို ရမှာပေါ့။ အဲဒီလိုဖြစ်ရတဲ့
အကြောင်းရင်းတွေကိုတော့ နောက်ဆုံးမှာ အင်္ဂလိပ်စာသင်ကြားရေးနှင့် ပတ်သက်ပြီး
သုံးသပ်တဲ့အခါမှာ ဆက်ပြောကြတာပေါ့။"
"တက္ကသိုလ်မှာ အင်္ဂလိပ်လိုသင်တဲ့ တခြားဘာသာတွေ အတွက်လည်း ပြောပါဦး ဆရာ"
"သချင်္ာ၊ ဓာတု၊ ရူပဆိုတဲ့ ဘာသာရပ်တွေမှာတော့ ဘာသာရပ်ကို နားလည်ဖို့ကသာ အခက်အခဲ
ရှိနိုင်ပြီး အင်္ဂလိပ်စာက သိပ်အခက်ကြီး မဟုတ်တဲ့အတွက် အစိုးရ အထက်တန်းကျောင်းက
တက္ကသိုလ်ဝင်တန်းအောင်ခဲ့တဲ့ သူတွေလည်း လိုက်နိုင်ပါတယ်။ အင်္ဂလိပ်လိုသင်တဲ့
ကျန်ဘာသာရပ်တွေမှာတော့ အင်္ဂလိပ်ဘာသာနဲ့ ပတ်သက်ပြီး အခုပြောခဲ့သလိုပဲ
အခက်အခဲတော့ ရှိတာပေါ့။ ဒီမှာတင် တစ်ထောက်နားပြီး နောက်တစ်ပတ်ဆက်ကြ
သေးတာပေါ့"။
















