လွန်ခဲ့သော နှစ်ပေါင်း ၁၀၉ နှစ်၊ တိတိကျကျ ဆိုရသော် ၁၉၀၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် ပြည်သူလူထု၏ ထည့်ဝင်ငွေများဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို မွေးဖွားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၀၉ နှစ်၊ တိတိကျကျ ဆိုရသော် ၁၉၀၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင်
ပြည်သူလူထု၏ ထည့်ဝင်ငွေများဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို မွေးဖွားခဲ့သည်။
နှစ်ပေါင်း ၁၀၉ နှစ်တိတိကို အောင်မြင်စွာ ဖြတ်သန်းခဲ့ပြီ။ သို့သော် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်
ဖြတ်သန်းခဲ့ရသော လမ်းကား ဖယောင်းလမ်း မဖြစ်ခဲ့ပါ။ ဆူးခင်းသောလမ်းကို ဇွဲနှင့်မာန်နှင့်
ဖြတ်သန်းခဲ့သည်။
အချိန်ကား ဒုတိယကမ္ဘာစစ်မီးကြီး အရှေ့ အာရှအရပ်သို့ ကူးစက် လောင်ကျွမ်းရန် တစ်ဟုန်ထိုး
ဟန်ရေးပြင်လာနေသည့် ၁၉၄၁ ခုနှစ် ကုန်ဆုံးချိန်ကာလများပါ။
မြို့သူမြို့သား အပေါင်းသည်လည်း ကစဉ့်ကလျားဖြစ်ကာ တောင်ပြေးမြောက်ပြေးဖြင့်
ဦးတည်ရာမဲ့နေကြသည့် အချိန်ကာလလည်း ဖြစ်ပါသည်။
ဒေသဆိုင်ရာ အာဏာပိုင်များ ကိုယ်တိုင်က ရန်ကုန်မြို့မှ စွန့်ခွာရန်အတွက် ကြေညာချက်
ထုတ်ပြန်လုဆဲဆဲ ကာလဖြစ်၍ ရန်ကုန်မြို့ ကား ၀ရုန်းသုန်းကား နိုင်လေပြီ။
ထိုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ မွန်းတည့်ချိန်တွင် ဂျပန်တို့၏ ဗုံးကြဲလေယာဉ်များကို
တိုက်လေယာဉ်များက စောင့်ရှောက်လိုက်ပါလျက် ရန်ကုန်ကို စတင်ဗွေဆော်ဦး
ဗုံးကြဲတိုက်ခိုက်ရာ ရန်ကုန်မြို့ မီးဟုန်းဟုန်းတောက်လောင်၍ မြို့သူ မြို့သား အပေါင်းလည်း
စိုးရိမ်ထိတ်လန့် ချောက်ချားကြလေသည်။
တစ်ဖန် ဒီဇင်ဘာ ၂၅ ရက်နှင့် ၂၉ ရက်နေ့တွင် ထပ်မံ၍ ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ပြန်ရာ
ရန်ကုန်ဘူတာကြီးနှင့် သင်္ဘောကျင်းများ အကြီးအကျယ် မီးဟုန်းဟုန်း တောက်လောင်
ပျက်စီးခဲ့ရပြန်သည်။
ရန်ကုန်မြို့ လူထုလည်း မိမိတို့၏ အိမ်ရာများကို စွန့်ပစ်၍ မိသားစုလိုက် ရန်ကုန်မြို့ပြင် ဆင်ခြေဖုံး
အရပ်များနှင့် အခြားသင့်တော်ရာ အရပ်များဆီသို့ အလျင်အမြန် ထွက်ပြေးကြရလေတော့သည်။
ထိုကဲ့သို့ လူအများအပြားသည် အသက်ဘေးကြောင့် မိသားစုအားလုံး အိမ်ရာများကို
စွန့်ခွာထွက်ပြေးသွားကြသော်လည်း မိမိတို့၏ အသက်နှင့် မိသားစုရေးရာ ကိစ္စများကို စိုးစဉ်းမျှ
ဦးစားပေးခြင်း မရှိကြဘဲ မိမိဌာန မပျက်စီးရေးနှင့် နောင်လာနောက်သားများအတွက်
ရေရှည်တည်တံ့နိုင်ရေးကို ရှေးရှု၍ တာဝန်သိ ၀န်ထမ်းများက စွမ်းစွမ်းတမံ ကာကွယ်ခဲ့ကြသော
နေရာဌာန တစ်ခုကား ရန်ကုန်မြို့ တွင် ရှိခဲ့သည်။
ထိုနေရာဌာနကား ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ပင် ဖြစ်ပေသည်။
ထိုအချိန်အခါကပင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် အော်ရန်အူတန် လူဝံများ၊ ချင်ပန်ဇီမျောက်ဝံများ၊
မျိုးသုဉ်းလုနီးပါးဖြစ်သော အိန္ဒိယကြံ့များ၊ လာရောက် ကြည့်ရှုသူ ပြည်သူများကို အလွန်အမင်း
ဆွဲဆောင်အားကောင်းစေသော ဟိုင်းအီးနားခေါ် အာဖရိက တောခွေးကြီးများ၊ ကျား၊ ကျားသစ်၊
ခြင်္သေ့များ၊ ၀ံပုလွေ အမျိုးမျိုးနှင့် ဆင်များ စသည့် တောရိုင်း တိရစ္ဆာန်ပေါင်း မြောက်မြားစွာကို
ဂုဏ်ယူစဖွယ် ပြသထားနိုင်ခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ရ၀ ကပင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ တိရစ္ဆာန်မျိုးစုံ ခင်းကျင်းပြသနိုင်ခဲ့ခြင်း
ကို ကြားသိမှတ်သားရသည့်အတွက် အထူးပင် ၀မ်းသာ ပီတိဖြစ်ရပါသည်။
ဤကဲ့သို့ ရန်ကုန်မြို့ကို ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက် ဖြစ်လာခြင်း၊ ယိုးဒယားနိုင်ငံ
(ယခု ထိုင်းနိုင်ငံ) ဘက်ဆီမှလည်း မြန်မာနိုင်ငံအတွင်းရှိ ဗြိတိသျှတပ်များကို တိုက်ခိုက်ရန်
ကုန်းကြောင်းချီတပ်များ ရန်ကုန်သို့ စတင်ဦးတည် ၀င်ရောက်လာခဲ့သည့်အတွက် ရန်ကုန်မြို့၏
အခြေအနေမှာ ပြည်သူလူထုများ ကျီးလန့်စာစား အခြေအနေသို့ ဆိုက်ရောက်လာခဲ့သည်။
ထိုသို့သော အခြေအနေတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ တိရစ္ဆာန်များကို အစားအစာ
ကျွေးမွေးရန် ခက်ခဲလာသည့်အပြင် ဗုံးများကျရောက် ပေါက်ကွဲပြီး တိရစ္ဆာန်ခြံဝင်း လှောင်အိမ်များ
ပျက်စီးသွားနိုင်သဖြင့် အန္တရာယ်ရှိသော တိရစ္ဆာန်များကို ဗုံးလွတ်ရာသို့ ရွှေ့ပြောင်းရန်နှင့်
အချို့တိရစ္ဆာန်များကို ဖျက်ဆီးပစ်ရန် လိုအပ်လာခဲ့သည်။
သို့ဖြစ်၍ ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလလယ်တွင် ဟင်္သာတမြို့၌ ၀ါသနာအရ
ကိုယ်ပိုင်တိရစ္ဆာန်ဥယျာဉ်ငယ်တစ်ခု ထူထောင်ထားသော ဦးဘသိန်း ဆိုသူထံသို့ ခြင်္သေ့
သုံးကောင်၊ ကျား ခုနစ်ကောင်၊ ကျားပေါက်စ နှစ်ကောင်၊ ကျားသစ် နှစ်ကောင်၊ ဟိုင်းအီးနား
နှစ်ကောင်၊ တောခွေး သုံးကောင်၊ အိန္ဒိယဝံပုလွေ သုံးကောင်၊ ဥရောပဝံပုလွေ နှစ်ကောင်နှင့်
ဟိမဝန္တာ ၀က်ဝံ လေးကောင် တို့ကို ပေးပို့ခဲ့သည့်အပြင် ဆင် နှစ်ကောင်ကိုလည်း လှိုင်မြစ်၏
အနောက်ဘက်ကမ်းရှိ ကျေးရွာတစ်ရွာသို့ ခေတ္တပို့ဆောင်ထားခဲ့သည်။
ဤနေရာတွင် ကျွန်တော် တင်ပြလိုသည်မှာ တိုင်းပြည် အေးချမ်းသာယာနေသည့် အချိန်၌ပင်
တောရိုင်းတိရစ္ဆာန်များကို အကြောင်းအမျိုးမျိုးဖြင့် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းကြရာ၌
၀န်ချီစက်များ၊ ဘော်ဒီအိမ်နိမ့်ကားများ၊ ၀န်ထမ်းများစွာနှင့် အချိန်ပေး၍ ဂရုတစိုက်
လုပ်ဆောင်ကြရသည်။
ထိုခေတ် ထိုအချိန်က တိရစ္ဆာန်ထိန်းဝန်ထမ်းတို့သည် ထိုကဲ့သို့ အရွှေ့အပြောင်းများ ပြုလုပ်ရာတွင်
ကျည်ဆံ၊ ဗုံးဆံများကြားမှပင် မိမိ အသက်နှင့် မိသားစုရေးရာ ကိစ္စရပ်များကို စိုးစဉ်းမျှ
ထည့်သွင်းစဉ်းစားခြင်း အလျင်းမရှိခဲ့ကြဘဲ တိုင်းပြည်၏ အဖိုးတန်သော တောရိုင်းတိရစ္ဆာန်
သယံဇာတများကို နောင်လာနောက်သားတို့ ဆက်လက်ကြည့်ရှု နိုင်ကြစေရန် ရည်ရွယ်၍
ထိခိုက်ပျက်စီးမှု မရှိစေဘဲ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသဖြင့် ထိုဝန်ထမ်းအပေါင်းတို့ကို
ဤနေရာက လေးစားစွာ ကျွန်တော် ဦးညွှတ်လိုပါသည်။
၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်တွင် ရန်ကုန်မြို့မှ ထွက်ခွာကြရန် ဒေသအာဏာပိုင်များထံက
ကြေညာချက် ထွက်ပေါ်လာသဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ
Mr. Justice Dunkley နှင့် ဒုတိယဥက္ကဋ္ဌ Mr. Christopher တို့သည် ရန်ကုန်မြို့မှ
ထွက်ခွာသွားကြပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ဆက်လက်ထိန်းသိမ်းထားရှိရန်
Mr. G M Christoffelsz ကို တာဝန် ပေးအပ်ခဲ့သည်။
တိရစ္ဆာန်ထိန်း ၀န်ထမ်းတို့မှာ ထိုအချိန်တွင် တောရိုင်းတိရစ္ဆာန်များ ပေးပို့ရန် ဟင်္သာတမြို့သို့
ရောက်ရှိနေကြရာ အခြေအနေများ အလွန်အမင်း ရှုပ်ထွေးနေသော အချိန်အခါ၌ပင် ရန်ကုန်မြို့သို့
ရောက်အောင် ကြိုးစားပြန်လာကြပြီး Mr. G M Christoffelsz နှင့်အတူ ရန်ကုန်တိရစ္ဆာန်ဝင်း
အတွင်း ကျန်ရှိသော တောရိုင်းတိရစ္ဆာန်များနှင့် ဌာနဆိုင်ရာ အဆောက်အအုံများ ပျက်စီးခြင်း
မဖြစ်စေရန် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်လျက် ရှိနေခဲ့ကြသည်။
၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဂျပန်တပ်များ ရန်ကုန်မြို့၏ ဆင်ခြေဖုံးအရပ်များဆီ
စတင်ချဉ်းကပ်လာပြီးနောက် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့တွင်းသို့ ဂျပန်တပ်များ
၀င်ရောက်ခဲ့ကြသည်။
ထိုနောက်ပိုင်း ကာလများတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း တိရစ္ဆာန်ထိန်း ၀န်ထမ်းများ
အခက်အခဲ အမျိုးမျိုးကြားမှ အသက်စွန့်ပြီး ထိန်းသိမ်းလာခဲ့သည့် တောရိုင်းတိရစ္ဆာန်
အများအပြား အသတ်ခံခဲ့ကြရသည်။

ထိုအချိန်က ကျန်ရှိသော တောရိုင်းတိရစ္ဆာန်များကို ကန်တော်ကြီးတွင် လွှတ်ခဲ့သည်ဟူသော
ကောလာဟလ ထွက်ပေါ်ခဲ့ရာ မှန်ကန်မှုမရှိပဲ အမှန်မှာ သမင်အုပ်စုများကို ရန်ကုန်တိရစ္ဆာန်ဝင်း
အတွင်း၌သာ လွှတ်ခဲ့ခြင်းဖြစ်ပြီး ဤသို့ တောရိုင်းတိရစ္ဆာန် အများအပြား အသတ်ခံရသည့်
အထဲတွင် ၀မ်းနည်းဖွယ် အကောင်းဆုံးသော၊ အစားပြန်လည်ရရှိရန် အလွန်တရာမှပင်
ခက်ခဲသော တောရိုင်းတိရစ္ဆာန်မျိုးစိတ်တစ်ခု ဖြစ်သည့် အိန္ဒိယကြံ့ခေါ် သံချပ်ကာဝတ်
ကြံ့ တစ်ကောင်သည် ၁၉၄၂ ခုနှစ်၊ ဧပြီလတွင် အသတ်ခံရခြင်းကို ကြားသိရသည့်အခါ
အထူးပင် ၀မ်းနည်းကြေကွဲ ယူကျုံးမရ ခံစားရမိသည်။
ထိုကြံ့မှာ ရိုစီ အမည်ရှိသော ကြံ့အမ ဖြစ်ပြီး ၁၉၃၈ ခုနှစ် နောက်ပိုင်းကာလများ၌ နီပေါနိုင်ငံက
လက်ဆောင်ပဏ္ဏာအဖြစ် ရရှိခဲ့ခြင်းဖြစ်ကာ ထိုအာရှကြံ့များသည် ဤကမ္ဘာမြေပေါ်တွင်
အရှားပါးဆုံးသော နို့တိုက်သတ္တဝါများ ဖြစ်ကြ၍ ကြံ့၏ ချို၊ သွေးနှင့် အသားတို့မှာ ဈေးကောင်း
ရရှိသဖြင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
စစ်၏ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် အပြစ်မဲ့သော၊ တန်ဖိုးမဖြတ်နိုင်သော မြန်မာ့တောရိုင်း
တိရစ္ဆာန်များ မြေစာပင်ဖြစ်ခဲ့ရသည်ကို များစွာ ကိုယ်ချင်းစာနာ ခံစားရမိသည်။
၁၉၄၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဂျပန်တပ်မတော် အုပ်ချုပ်ရေးအဖွဲ့သည် Mr. Patzert ဆိုသူကို
ဟင်္သာတမြို့သို့ ပေးပို့ထားသော တောရိုင်းတိရစ္ဆာန်များကို ပြန်လည် သယ်ဆောင်ရန်နှင့်
ထို Mr. Patzert ကိုပင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ပြည်သူလူထုသို့ ပြန်လည်ဖွင့်လှစ်ပြသပေးရန်
အာဏာအပ်နှင်းခဲ့ကြောင်း သိရှိရသဖြင့် ထိုအချိန်ကပင် ရန်ကုန်မြို့ကို အုပ်ချုပ်သူတို့မှာ
တောရိုင်းတိရစ္ဆာန်များနှင့် ပတ်သက်၍ ပြည်သူလူထုကို ပညာပေးပြသရန် စိတ်ဝင်တစား
ရှိပုံတို့ကို ခန့်မှန်းသိရှိရသဖြင့် ထို အုပ်ချုပ်ရေးပိုင်း ပုဂ္ဂိုလ်တို့၏ ဉာဏ်ပညာ အမြော်အမြင်ကို
အထူးပင် လေးစားရသည်။
တစ်ဆက်တည်းမှာပင် ထို Mr. Patzert ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ် တာဝန်ခံအရာရှိအဖြစ်
ခန့်ထားပြီ ဦးဘသိန်း ကို ၎င်း၏ လက်ထောက်အဖြစ် ခန့်ထား၍ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကို
၁၉၄၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် ပြည်သူလူထုသို့ ပြန်လည်ဖွင့်လှစ် ပြသပေးနိုင်ခဲ့သည်အထိ
ကြိုးစားရုန်းကန်ခဲ့ကြသည်။
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် အိမ်နီးနားချင်း နိုင်ငံတစ်နိုင်ငံတွင်
လယ်ယာမြေများကို လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများမှတစ်ပါး အခြား မည်သည့် လုပ်ငန်းကိုမျှ
လုပ်ဆောင်ခြင်း ခွင့်မပြုခဲ့သော်လည်း ခြွင်းချက်အနေဖြင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်မည်ဆိုပါက ထိုလယ်ယာမြေများကို အသုံးပြုခွင့်
ပေးခဲ့သည်။
ဤသည်ကို အခွင့်ကောင်းယူ၍ လုပ်ငန်းရှင်တစ်ဦးက လယ်ယာမြေများပေါ်တွင် Safari Park များ
ထူထောင်၍ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်မှုပြုလုပ်ရန်ဟူသော အကြောင်းပြချက်ဖြင့်
လယ်ယာမြေ ဧကပေါင်းများစွာကို ၀ယ်ယူခွင့် ရရှိခဲ့သည်။
ထိုသို့ Safari Park ဖွင့်လှစ်တည်ထောင်ပြီး နောက်ပိုင်းကာလများတွင် တောရိုင်းတိရစ္ဆာန်
အများအပြားမှာ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးသွားခဲ့ကြပြီး ထို Safari Park၏ မြေဧက
အတော်များများမှာလည်း လူနေအိမ်ရာ အဆောက်အအုံများအဖြစ် ပြောင်းလဲသွားခဲ့သည့်
ဖြစ်စဉ်များ ရှိခဲ့ဖူးကြောင်း သိရှိမှတ်သားရသည်။
ဤနေရာတွင်လည်း အထက်ကဆိုခဲ့သည့် Mr. Patzert ၏ ပြုမူဆောင်ရွက် အုပ်ချုပ်လုပ်ကိုင်မှု
များမှာ ထိုစဉ်က မြန်မာအစိုးရ (Burmese Government) က ကျေနပ်ဖွယ်ရာ မရှိသဖြင့်
Mr. Patzert ကို တာဝန်ခံအရာရှိ အဖြစ်မှ ဖယ်ရှား၍ ၁၉၄၃ ခုနှစ်၊ ဧပြီလတွင် ဦးကျော်သိန်း ကို
အုပ်ချုပ်ရေးမှူးအဖြစ် ခန့်ထားခဲ့သည်။
၎င်းမှာ ဂျပန်ခေတ် တစ်လျှောက်လုံး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ကောင်းစွာ တာဝန်ယူ
အုပ်ချုပ်နိုင်ခဲ့ပြီး အသက်ရှင်ကျန်ရှိသော တိရစ္ဆာန်များကို ရန်ကုန်မြို့အတွင်း ပြန်လည်ရှာဖွေခဲ့ရာ
တွေ့ရှိရသဖြင့် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၌ ပြန်လည်ထားရှိပြီး ပြည်သူ လူထုကို ပြသနိုင်ခဲ့သည်။
၀မ်းနည်းဖွယ် ကောင်းသည်မှာ အော်ရန်အူတန်လူဝံနှင့် ချင်ပန်ဇီမျောက်ဝံများ သေဆုံးခဲ့ခြင်း
ဖြစ်သည်။
လှိုင်မြစ်၏ အနောက်ဘက်ကမ်းသို့ ပို့ထားသော ဆင် နှစ်ကောင်ကိုလည်း ပြန်လည်
သယ်ဆောင်ခဲ့သည်မှာ ၀မ်းသာစရာသတင်း ဖြစ်ခဲ့သည်။
ဤကဲ့သို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ပြည်သူလူထုသို့ အကောင်စုံလင်စွာဖြင့် အမြန်ဆုံး
ပြန်လည်ပြသနိုင်ရေးအတွက် ဘက်စုံကြိုးစား ဆောင်ရွက်ဆဲတွင် ရန်ကုန်မြို့ မငြိမ်သက်မှုများ
ထပ်မံဖြစ်ပွားခဲ့ပြန်သည်။
၁၉၄၃ ခုနှစ်၊ မတ်လ၏ လဆန်းပိုင်းရက်များတွင် အိန္ဒိယအခြေစိုက် အမှတ် (၁၀) လေတပ်မှ
မဟာမိတ် ဗုံးကြဲလေယာဉ် ဘီ - ၁၇ အမျိုးအစား ခြောက်စင်းက ရန်ကုန်မြို့ကို စတင်ဗုံးကြဲ
တိုက်ခိုက်လာခဲ့သည်။
ထိုမှတစ်ဖန် ၁၉၄၅ ခုနှစ်၊ မေလ ၅ ရက်တွင် ဗြိတိသျှတပ်များ ပြန်လည် ၀င်ရောက်လာချိန်တွင်
ယာယီအုပ်ချုပ်ရေးမှူး ဦးကျော်သိန်း သည် Civil Affairs Staff (Burma) က အရာရှိများနှင့်
အဆက်အသွယ်ပြု၍ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ဆက်လက် ဖွင့်လှစ်ထားရှိရေးနှင့်
တိရစ္ဆာန်များကို အစားအစာ ကျွေးမွေးနိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ခဲ့သည်။
ထိုမှတစ်ဖန် အချိန်ကာလ တစ်နှစ်ခန့်ကြာသောအခါမှ စတင်၍ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို
စစ်တပ်အာဏာပိုင်းများက ဆက်လက်သုံးစွဲခြင်း မရှိကြတော့သော်လည်း ၎င်းတို့က
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အပေါ် စိတ်ဝင်စားမှုနှင့် ကြီးမားသော ကူညီပံ့ပိုးမှုများသည်
ထိုစဉ်ကတည်းက ရှိခဲ့ကြောင်း မှတ်သားသိရှိခဲ့ရသည်။
၁၉၄၈ ခုနှစ်နောက်ပိုင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ နှေးကွေးခဲ့သော်
လည်း တော်လှန်ရေးကောင်စီ အစိုးရ လက်ထက်နှင့် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရများ
လက်ထက်တွင် ဥယျာဉ်အကျယ်အဝန်းကို မူလ ၄၂ ဒသမ ၀၂ ဧကမှ ၆၉ ဒသမ ၂၉ ဧက ထိ
တိုးချဲ့ခြင်း၊ ပြည်သူလူထု အပန်းဖြေ နားခိုရန်အတွက် အဆောက်အအုံများစွာ ဆောက်လုပ်ခြင်း၊
ရေကန်ကြီးများ တိုးချဲ့တည်ဆောက်ခြင်း၊ တိရစ္ဆာန်ခြံဝင်းအသစ်များ ဆောက်လုပ်ခြင်း၊
တောရိုင်းတိရစ္ဆာန်များကို နိုင်ငံခြား တိုင်းပြည်များက မှာယူခြင်း၊ ပညာတော်သင်များ စေလွှတ်ခြင်း
စသည့် လုပ်ငန်းရပ်များကို အရှိန်အဟုန် ပြင်းပြင်းဖြင့် ဆောင်ရွက်လုပ်ကိုင်လာခဲ့ကြသည်။
၁၉၆၂ ခုနှစ်မှစတင်၍ ၁၆ နှစ်တိုင်တိုင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ်
ဆောင်ရွက်ခဲ့သူ ဦးလှအောင် (အငြိမ်းစား ဗိုလ်မှူးကြီး) တစ်ဦးက ၎င်းရေးသားခဲ့သည့်
ကြောင်မျိုးရင်းဝင် တိရစ္ဆာန်ကြီးများ စာအုပ်တွင် ရေးသားခဲ့သည်မှာ ငှက်များ အပါအဝင်
တောရိုင်းတိရစ္ဆာန်များသည် တိုင်းပြည်၏ အဖိုးတန် အမွေအနှစ်များဖြစ်ကြောင်း၊
ယင်းအမွေအနှစ်များကို နောင်လာနောက်သားများအတွက် ဆက်လက်ထိန်းသိမ်းထားရေးသည်
ကျွနု်ပ်တို့ အရေး၊ ကျွနု်ပ်တို့တာဝန်ဖြစ်ကြောင်းဖြင့် ရေးသားခဲ့သည်။
တစ်ဖန် ၁၉၇၄ ခုနှစ်မှ စတင်၍ ၂၆ နှစ်တိုင်တိုင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ အုပ်ချုပ်ရေး
တာဝန်များကို ဦးစီး ဆောင်ရွက်သွားခဲ့သူ တစ်ဦးဖြစ်သည့် ဦးကျော်ညွန့်လွင် ကလည်း
နောင်လာနောက်သားများ လေ့လာသိရှိနိုင်စေရန် မြန်မာ့ တောရိုင်းတိရစ္ဆာန်များနှင့်
ပတ်သက်သော စာအုပ်စာတမ်းများစွာကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာတို့ဖြင့်
ရေးသားသွားခဲ့ကြသည်။
ထိုသို့ တာဝန်ကျေစွာ ဆောင်ရွက်သွားခဲ့ကြသည့် အဆိုပါပုဂ္ဂိုလ်ကြီးများကဲ့သို့ တာဝန်ကို
ကြိုးစားရုံသာမက တောရိုင်းတိရစ္ဆာန်များကို တန်ဖိုးထားတတ်သူများ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို
ဆက်လက်တာဝန်ယူနိုင်ရန်လည်း အလွန်အရေးကြီးလှသည်။
တစ်ဖန် ထိုခေတ် ထိုအချိန်က ရန်ကုန် တိရစ္ဆာန်ဥယျာဉ်အတွင်း တည်ဆောက်ခဲ့သော
တိရစ္ဆာန်ခြံဝင်း အနေအထားများသည် တောရိုင်းတိရစ္ဆာန်များကို ဓာတ်ပုံရိုက်ကူးသူများအတွက်
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးသော တိရစ္ဆာန် ဥယျာဉ်ဖြစ်သည်ဟု
နိုင်ငံတကာ ခရီးသွားမှတ်တမ်းများတွင် ဖော်ပြထားရှိသည်အထိ အောင်မြင်မှုများ ရရှိခဲ့သည်။
ဤကဲ့သို့ဖြင့် ကမ္ဘာစစ်မီး တောက်လောင်နေသော အချိန်အခါ၌ပင် မိမိတို့ အသက်ကို
ပဓာနမထားသည့်အပြင် မိသားစုရေးရာ ကိစ္စရပ်များကိုပါ ပစ်ပယ်၍ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်
စဉ်ဆက်မပြတ် တည်တံ့နိုင်စေရေး၊ တောရိုင်းတိရစ္ဆာန်များ မပျက်စီး မဆုံးရှုံးစေရေးတို့ကို
တိရစ္ဆာန်ထိန်းများက တာဝန် ကျေပွန်စွာ အားသွန်ခွန်စိုက် ကြိုးစား ဆောင်ရွက်သွားခဲ့ကြပြီး
ဖြစ်သကဲ့သို့ စစ်ပြီးခေတ် နောက်ပိုင်း ကာလများတွင်လည်း ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကို
ပြန်လည် နိုးထလာစေရန် ရုန်းကန်ကြိုးစား ဆောင်ရွက်ခဲ့ကြပြန်သည်။
တောရိုင်းတိရစ္ဆာန်များကို တာဝန်တစ်ရပ် အနေနှင့်သာမက သားသမီး အရင်းအချာကဲ့သို့
သံယောဇဉ်ကြီးစွာဖြင့် မွေးမြူစောင့်ရှောက်ကြသည့် တိရစ္ဆာန်ထိန်းများစွာကို ကျွန်တော့်
လုပ်သက်တစ်လျှောက် ကြံုတွေ့ခဲ့ဖူးသည်ဖြစ်ရာ ထိုပုဂ္ဂိုလ်တို့၏ စေတနာနှင့် သံယောဇဉ်ကို
အသိအမှတ်ပြု တန်ဖိုးထားရှိရမည် ဖြစ်သည်။
လွတ်လပ်ရေးခေတ်နှောင်းပိုင်းတွင် အသိပညာရှင်၊ အတတ်ပညာရှင် များစွာပါ၀င်သော
ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းနှင့် ထိုအချိန်က
တက်ကြွစွာဖြင့် ဦးစီးဦးဆောင်ပြု၍ စွမ်းဆောင်ရည် ပြည့်ဝစွာ ဆောင်ရွက်သွားခဲ့ကြသော
ဌာနဆိုင်ရာ ၀န်ထမ်းအကြီးအကဲများ၏ မှန်ကန်သော စီမံခန့်ခွဲမှုများနှင့် ၀န်ထမ်းအဆင့်ဆင့်တို့၏
ကြိုးစားအားထုတ်မှုများကြောင့် အရှေ့တောင်အာရှတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ ဂုဏ်သိက္ခာ
ကြီးမားခဲ့ရသကဲ့သို့ ယခုသည်လည်း ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် ကျရောက်မည့်
၁၀၉ နှစ် မြောက် သက်တမ်းရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သည် နောင်ရာစုနှစ်များစွာအထိ
ယခင်ကဲ့သို့ အစဉ်အလာ ကြီးမားသော တိရစ္ဆာန်ဥယျာဉ် တစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ရေး
အတွက် အသိပညာရှင် အတတ်ပညာရှင်နှင့် စိတ်ပါ၀င်စားသူများ ပါ၀င်သော အဖွဲ့အစည်းများဖြင့်
ရှေ့ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
(ခေတ်အဆက်ဆက် သံယောဇဉ်ကြီးစွာဖြင့် တာဝန်ထမ်းရွက်ခဲ့ကြသည့် တိရစ္ဆာန်ထိန်းများကို
အစဉ်လေးစားဂုဏ်ပြုလျက်)

















