အခုရက်ပိုင်းအတွင်း နိုင်ငံရေးလောကအတွက် ထူးခြားတဲ့ သတင်းတစ်ပုဒ်ကတော့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၀ါရင့် ခေါင်းဆောင် ရဲဘော်ထွန်း(ခ)ဗိုလ်ကြင်မောင် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းပါ။
အခုရက်ပိုင်းအတွင်း နိုင်ငံရေးလောကအတွက် ထူးခြားတဲ့ သတင်းတစ်ပုဒ်ကတော့ ဗမာပြည်
ကွန်မြူနစ်ပါတီရဲ့ ၀ါရင့် ခေါင်းဆောင် ရဲဘော်ထွန်း(ခ)ဗိုလ်ကြင်မောင် ကွယ်လွန်သွားပြီဆိုတဲ့
သတင်းပါ။
ရဲဘော်ထွန်းခေါ် ဗိုလ်ကြင်မောင်ဟာ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သူ၊ ဖက်ဆစ်ဂျပန်ကို
တွန်းလှန်ခဲ့သူ တစ်ယောက်ဖြစ်ပြီး ၁၉၈၉ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်မှုကို
တိုင်းရင်းသားတပ်ဖွဲ့ တွေက ပုန်ကန် ခွဲထွက်ခဲ့ပြီးချိန်ကစ ပါတီကို ခေါင်းဆောင်လာခဲ့သူ
ဖြစ်ပါတယ်။
ရဲဘော်ထွန်း(ခ)ဗိုလ်ကြင်မောင်ဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးဖြစ်သလဲ၊ သူမရှိတဲ့ နောက်ပိုင်း
ဗမာပြည်ကွန်မြူနစ်ပါတီ အခြေအနေ ဘယ်လိုဖြစ်လာနိုင်သလဲဆိုတာ ဒီတစ်ပတ်ဆွေးနွေး
တင်ပြသွားပါ့မယ်။
ဗိုလ်ကြင်မောင် အကြောင်းပြောမယ်ဆိုရင် ဗမာပြည်ကွန်မြူနစ်ပါတီအကြောင်း အကြမ်းဖျင်း
လောက်တော့ ပြောပြဖို့ လိုပါလိမ့်မယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ ကို မြန်မာနိုင်ငံနယ်ချဲ့ ဗြိတိသျှ လက်အောက် ကျရောက်နေချိန်
၁၉၃၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး၊ တည်ထောင်သူများထဲမှာ အမျိုးသား ခေါင်းဆောင်
ဗိုလ်ချုပ်အောင်ဆန်းလည်း တစ်ယောက် အပါအဝင် ဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံထဲ ဖက်ဆစ် ဂျပန်တပ်တွေ ၀င်ရောက်နေချိန် မြေအောက်ပါတီအဖြစ် ရပ်တည်ခဲ့ပြီး
ဖက်ဆစ်ဂျပန် တော်လှန်ရေးကို ရှေ့တန်းကနေ ဆင်နွှဲခဲ့တဲ့အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီး နောက် ပါတီသက်တန်း ၁၀ နှစ်မပြည့်ခင် ၁၉၄၈ မတ်လ ၂၈ ရက်နေ့မှာ
တောခိုပြီး အာဏာရ ဖဆပလ အစိုးရကို လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲခဲ့ပါတယ်။
ပါတီက ကိုင်စွဲတဲ့ လမ်းစဉ် အမှားတွေကြောင့် ၁၉၇၀ ကျော် ခုနှစ်တွေအရောက် ပဲခူးရိုးမနဲ့
မြန်မာနိုင်ငံအတွင်းပိုင်းက လက်နက်ကိုင်တိုက်ပွဲ ချုပ်ငြိမ်းသွားခဲ့ရပါတယ်။
၁၉၆၇ အာဏာရှင် ဦးနေဝင်းလက်ထက် မြန်မာနိုင်ငံမှာ တရုတ်ဗမာ အဓိကရုဏ်းကြီး ဖြစ်ပြီး
တရုတ်လူမျိုးတွေ အကြမ်းဖက် သတ်ဖြတ်ခံရပါတယ်။
၁၉၆၈ ဇန်နဝါရီ ၁ ရက်နေ့မှာတော့ တရုတ်ပြည်ရောက် ဗမာပြည်ကွန်မြူနစ်ပါတီ ကေဒါတွေနဲ့
တိုင်းရင်းသား သူပုန်တချို့ကို လက်နက်တပ်ဆင်ပေး၊ ဗမာပြည်ကွန်မြူနစ် အလံထောင်ပြီး
တရုတ် ဗော်လံတီယာ တပ်ဖွဲ့တွေက မြန်မာပြည် အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်စပ်ကို
အင်အား အလုံးအရင်းနဲ့ ၀င်ရောက်တိုက်ခိုက်ပါတယ်။
နောက်ပိုင်း ကိုးကန့်ဒေသ၊ '၀' ဒေသ၊ အခါတိုင်းရင်းသားတွေနေတဲ့ မိုင်းလားဒေသ၊ ကချင်
အရှေ့မြောက်ပိုင်း ၁၀၁ စစ်ဒေသ ဆိုပြီး လွတ်မြောက်နယ်မြေတွေ ပေါ်ပေါက်လာပါတယ်။
၁၉၈၉ ခုနှစ်အရောက် တိုင်းရင်းသား တပ်ဖွဲ့တွေက ပုန်ကန်တဲ့အတွက် ဗကပ ခေါင်းဆောင်တွေနဲ့
ကေဒါတွေ တရုတ်ပြည်ဘက်ကို ထွက်ခွာ ခိုလှုံကြရပါတယ်။
ဗကပ လက်ကျန် အင်အားစုတွေဟာ ကချင်ပြည်နယ် အထူးဒေသ(၁)ကို ခြေကုတ်ယူပြီး
မြန်မာပြည်အတွင်းပိုင်းကို ပြန်လည် ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
၁၉၉၀ ဦးဆခုံတိန့်ယိန်း ဦးဆောင်တဲ့ ကချင်အထူးဒေသ (၁) အစိုးရနဲ့ အပစ်အခတ်ရပ်စဲ
ငြိမ်းချမ်းရေး ယူလိုက်တဲ့အခါ ဗကပ ခေါင်းဆောင်တွေ ဒေသတွင်းကနေ တရုတ်ပြည်ဘက်
ထွက်ခွာရပြီး ပါတီကိုလည်း မြေအောက်ပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်တာ ဒီကနေ့
အထိပါပဲ။
ဗိုလ်ကြင်မောင်ဟာ ဗမာပြည်ကွန်မြူနစ် ပါတီရဲ့ လက်နက်ကိုင်တိုက်ပွဲ ကာလတောက်လျောက်
ပါ၀င်ခဲ့ပြီး ၁၉၈၈ ခုနှစ် မတိုင်ခင်ကတော့ ပေါ်လစ်ဗျူရို အဖွဲ့ဝင်နဲ့ ပြည်တွင်း မြေအောက်
ယူဂျီလုပ်ငန်းကို ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။
ဗိုလ်ကြင်မောင်နဲ့ သူ့ရဲ့ ပြည်တွင်း ယူဂျီအဖွဲ့ဟာ ၁၃၀၀ ပြည့် အရေးတော်ပုံရဲ့ နှစ် ၅၀ ပြည့်တဲ့
၁၉၈၈ ခုနှစ်မှာ ၁၃၀၀ ပြည့်တုန်းကလို တစ်တိုင်း ပြည်လုံးပါ၀င်တဲ့ အရေးတော်ပုံကြီး တစ်ခု
ပေါ်ပေါက်အောင် ကြိုးစားခဲ့သူတွေထဲမှာ အဓိက အကျဆုံးသူတွေ ဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၈ ပြည်သူ့အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပေမယ့် ဗမာပြည် ကွန်မြူနစ်ပါတီ
အတွင်းမှာလည်း ပြဿနာပေါင်းများစွာ ကြံုနေရတာမို့ ပြည်သူ့ အရေးတော်ပုံနဲ့ လက်နက်ကိုင်
တိုက်ပွဲကို အောင်အောင်မြင်မြင် မဆက်စပ်နိုင်ခဲ့ပါဘူး။
မဆက်စပ်နိုင်ခဲ့ရုံမက ပါတီတွင်း ပုန်ကန်မှု ကြံုဆုံရပြီး ဗဟိုကော်မတီဝင်တွေဟာ ဌာနချုပ်
တည်ရှိရာ '၀' နယ် ပန်ဆန်းကနေ တရုတ်ပြည်ဘက်ကို ထွက်ခွာ ခိုလှုံခဲ့ရပါတယ်။
အဲဒီအချိန်ကစ ဗိုလ်ကြင်မောင်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အဓိက ခေါင်းဆောင်
ဖြစ်လာပါတယ်။
ပြည်တွင်း ယူဂျီအဖွဲ့တွေကို ဆက်ပြီး ကွပ်ကဲသလို၊ လက်ကျန် ကေဒါတွေကို ဦးဆောင်၊
လက်နက်ကိုင် တပ်ဖွဲ့စည်းပြီး မြန်မာပြည်ထဲ ပြန်ဝင်နိုင်ရေး ကြိုးစားပါတယ်။
ပထမ ဦးဆုံးကြိုးစားတာက ကိုးကန့် တစ်ဘက်ခြမ်း တရုတ်ပိုင်နက် နယ်မြေထဲကနေပါ။
ဒီအခြေအနေကို ရိပ်မိတဲ့ ကိုးကန့်တပ်တွေဟာ သူတို့ဒေသထဲ အစိုးရတပ်တွေကိုပါ ခေါ်သွင်း၊
အဆင်သင့် ကာရံထားခဲ့တော့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ အဲဒီ ဒေသကနေ ပြည်တွင်း ပြန်လည်
ထိုးဖောက် ၀င်ရောက်ရေး အစီအစဉ် ပျက်ပြားသွားပါတယ်။
နောက်ပိုင်း ဗကပ နောက်ဆုံး တပ်ဖွဲ့ဟာ ကချင်ပြည်နယ် ကမ်ပိုင်တီဒေသကို ၀င်ရောက်ပြီး
ပြည်တွင်း ၀င်ရောက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။
ကိုးကန့်ဘက်ကနေ ကမ်ပိုင်တီအရောက် လက်နက်ကြီးတွေနဲ့ ရွှေ့ပြောင်းမှုကို တရုတ်ကွန်မြူနစ်
ပါတီက အပြည့်အဝ အကူအညီပေးခဲ့ပါတယ်။
မြို့တွင်းမှာ ဗကပ ယူဂျီတွေ စည်းရုံးပြီး ကမ်ပိုင်တီ ဒေသကို ရောက်နှင့်နေတဲ့ DPA
ပြည်သူ့ဒီမိုကရေစီ တပ်မတော်အဖွဲ့နဲ့ ပူးပေါင်းပြီး ပြည်တွင်းပြန်ဝင်ဖို့ ကြိုးစားတာပါ။
ဒါပေမဲ့ ပြည်တွင်း ပြန်ဝင်တိုက်ခိုက်မှုတွေ လုပ်ဖို့ အဆင်မပြေသလို ၁၉၈၉ နှစ်ကုန်မှာ
ကချင်အထူးဒေသ(၁) ကိုယ်တိုင် အစိုးရနဲ့ အပစ်ရပ် လက်မှတ်ရေးထိုးလိုက်တဲ့အတွက်
ဒေသတွင်းရှိနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ နောက်ဆုံး တပ်ဖွဲ့ ပြည်သူ့တပ်မတော်နဲ့
DPA တပ်ဖွဲ့ ကို ဖျက်သိမ်းပြီး ပါတီကို မြေအောက်ပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်တာ
ဖြစ်ပါတယ်။
အဲဒီ ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ မြေအောက်ပါတီကိုလည်း ဗိုလ်ကြင်မောင် ကိုယ်တိုင်
ဦးစီးခေါင်းဆောင်တာပါ။
ပါတီဗဟို အာဏာသိမ်းခံရပြီး နောက်ဆုံးလက်ကျန် တပ်ဖွဲ့ ကမ်ပိုင်တီကို ရောက်တဲ့အချိန်
တပ်ဖွဲ့ဝင်တွေကို ဗိုလ်ကြင်မောင်က ကွန်မြူနစ်ပါတီ ကျဆုံးရတာနဲ့ ပတ်သက်ပြီး
သုံးသပ်ပြောဆိုတာတွေ လုပ်ပါတယ်။
အဲဒီမှာ မှတ်သားစရာ စကားတစ်ခွန်း ပါ၀င်ပါတယ်။
သူပြောတာက 'လှေခွက်ချည်းကျန် အလံမလှဲဘူးဆိုတဲ့ စိတ်ဓာတ်ဟာ ချီးကျူးဖို့ ကောင်းတယ်၊
ဒါပေမဲ့ လှေခွက်ချည်းပဲ ကျန်အောင် လုပ်တာကတော့ ရာဇဝတ်မှု မြောက်တယ်' ဆိုတဲ့
စကားဖြစ်ပါတယ်။
ပါတီကို လှေခွက်ချည်းပဲ ကျန်အောင်လုပ်တဲ့ ခေါင်းဆောင်တွေကို တာဝန်ရှိတယ်ဆိုပြီး
ပြောဆိုလိုက်တာပါပဲ။
မှတ်တမ်းတွေအရ ၁၉၈၉ နောက်ပိုင်း ဗိုလ်ကြင်မောင်ဟာ တရုတ်ပြည်တွင်း ၀င်ရောက်နေထိုင်ပြီး
မြေအောက်လုပ်ငန်းကို ဆက်ကြီးကြပ်သလို၊ နိုင်ငံရေးအမြင် အကဲဖြတ်ချက်တွေကိုလည်း
ရေးသားသွားခဲ့ပါတယ်။
သူ့ရဲ့ နောက်ပိုင်း ရေးသားချက်တွေကို စုစည်းပြီး ရဲဘော် ကြင်မောင်ရဲ့ 'ပြည်သူ့အာဏာ'
ဆောင်းပါးများဆိုတဲ့ ခေါင်းစဉ်နဲ့ ၂၀၁၅ ဇန်နဝါရီလအတွင်းမှာပဲ ပြည်တွင်းမှာ
ပုံနှိပ်ထုတ်ဝေနိုင်ခဲ့တာ တွေ့ရပါတယ်။
စာအုပ်ထဲမှာ သူ ဆောင်းပါးတွေ နောက်ဆုံး ရေးသွားတာ ၂၀၁၃ ခုနှစ်ပါ။
ပြောရရင် မြန်မာနိုင်ငံထဲမှာ ဗမာပြည် ကွန်မြူနစ်ပါတီ တရားဝင် ရပ်တည်ခွင့် မရှိသေးတဲ့တိုင်
ကွန်မြူနစ်တွေရဲ့ ရေးသားဖော်ပြချက်တွေကိုတော့ လွတ်လွတ်လပ်လပ် ထုတ်ဝေ နိုင်ပြီ ဆိုတဲ့
အခြေအနေပါ။
ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ မြေအောက် ယူဂျီလုပ်ငန်း လျှို့လျှို့ဝှက်ဝှက် ရှိတာမို့
အင်အားအခြေအနေ၊ ခေါင်းဆောင်မှု အခြေအနေ လှုပ်ရှားမှု အခြေအနေတွေကို အလွယ်တကူ
မသိနိုင်ပါ။
ဗကပ ကေဒါ အများစု တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ရှိနေနိုင်ပြီး တချို့ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ
တွေမှာ ရှိပါတယ်။
၂၀၁၁ က တာဝန်ယူတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရဟာလည်း အစိုးရကို ဆန့်ကျင်နေတဲ့
လက်နက်ကိုင်တွေရော၊ လက်နက်မကိုင်တဲ့ အဖွဲ့တွေကိုပါ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေပေမယ့်
ဗမာပြည် ကွန်မြူနစ်ပါတီကိုတော့ တွေ့ဆုံတာ မရှိသေးပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်မှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို တကယ်လုပ်မယ် ဆိုရင်၊
စစ်မှန်တဲ့ ပါတီစုံ ဒီမိုကရေစီ စနစ် ကျင့်သုံးမယ် ဆိုရင် နယ်ချဲ့ကို ဆန့်ကျင်ခဲ့တဲ့၊ ဖက်ဆစ်ကို
တွန်းလှန်ခဲ့တဲ့ သမိုင်းဝင် ဗမာပြည်ကွန်မြူနစ်ပါတီကို ဥပဒေနဲ့အညီ တရားဝင် ပါတီအဖြစ်
ရပ်တည်ခွင့်ပေးဖို့ စဉ်းစားပေးသင့်ပါတယ်။
ပါတီကို လက်ခံတာ လက်မခံတာ ပြည်သူတွေက အဆုံးအဖြတ် ပေးပါလိမ့်မယ်။
အခုဆိုရင် အစိုးရဘက်မှာရော၊ ကွန်မြူနစ်ပါတီလို ဘက်မှာပါ နယ်ချဲ့ကို ဆန့်ကျင်ခဲ့တဲ့၊
ဖက်ဆစ်ကို တိုက်ခဲ့တဲ့ မျိုးဆက်တွေ မရှိကြပါဘူး။
ဗိုလ်ကြင်မောင် ကွယ်လွန်ပြီးနောက် ဗမာပြည် ကွန်မြူနစ်ပါတီကို လူထုဦးလှ၊ လူထု ဒေါ်အမာရဲ့
သား ရဲဘော်ဖိုးသံချောင်းလို ကိုကိုးကျွန်းပြန် မျိုးဆက်က ဆက်ပြီး ဦးဆောင်ကြမယ်လို့
ခန့်မှန်းရပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
















