"အရင်တစ်ပတ်က ဒို့ဆွေးနွေးကြတုန်းက ဒို့ခေတ်မှာ အင်္ဂလိပ်စာကို လေးနှစ် သင်ပြီးတာနဲ့ တက္ကသိုလ်တက်ခဲ့တော့ တက္ကသိုလ်မှာ သင်တဲ့ အင်္ဂလိပ်စာနဲ့ အင်္ဂလိပ်လို ပို့ချတဲ့ တခြား ဘာသာရပ်တွေကို ဆက်လက်သင်ကြားဖို့အတွက် အဆင့်မီရဲ့လားဆိုပြီး မင်းမေးခဲ့တာနဲ့ ပတ်သက်လို့ ငါ့အတွေ့အကြံုတွေကို ပြောခဲ့ပြီးပြီ။ အခုတော့ မင်းအလှည့်ပေါ့ကွာ၊ မင်းတို့ခေတ်မှာ အင်္ဂလိပ်စာသင်ခဲ့ရတဲ့ အတွေ့ အကြံုတွေကိုလည်း ပြောပြပါဦး"
"အရင်တစ်ပတ်က ဒို့ဆွေးနွေးကြတုန်းက ဒို့ခေတ်မှာ အင်္ဂလိပ်စာကို လေးနှစ် သင်ပြီးတာနဲ့
တက္ကသိုလ်တက်ခဲ့တော့ တက္ကသိုလ်မှာ သင်တဲ့ အင်္ဂလိပ်စာနဲ့ အင်္ဂလိပ်လို ပို့ချတဲ့ တခြား
ဘာသာရပ်တွေကို ဆက်လက်သင်ကြားဖို့အတွက် အဆင့်မီရဲ့လားဆိုပြီး မင်းမေးခဲ့တာနဲ့
ပတ်သက်လို့ ငါ့အတွေ့အကြံုတွေကို ပြောခဲ့ပြီးပြီ။ အခုတော့ မင်းအလှည့်ပေါ့ကွာ၊ မင်းတို့ခေတ်မှာ
အင်္ဂလိပ်စာသင်ခဲ့ရတဲ့ အတွေ့ အကြံုတွေကိုလည်း ပြောပြပါဦး"
"ကျွန်တော်တို့ခေတ်မှာ မူလတန်းက စတုတ္ထတန်းမှာ ပြီးဆုံးတော့ အင်္ဂလိပ်စာကို ပ ဉ္စမတန်းက
စပြီးသင်ခဲ့ရတယ်ဆိုတာ ဆရာလည်း ပြောခဲ့ပြီးပါပြီ။ နဝမတန်း/တက္ကသိုလ်ဝင်တန်းအထိ
အင်္ဂလိပ်စာသင်ကြားတဲ့ စနစ်ကလည်း ဆရာတို့ခေတ်အတိုင်းပါပဲ၊ တက္ကသိုလ်ဝင်တန်းအတွက်
ပြဋ္ဌာန်းတဲ့ အင်္ဂလိပ်စာအုပ်တွေက ဂန္ထဝင်စာပေဝင် အင်္ဂလိပ်ဝတ္ထုကြီးတွေကို အလွယ်နည်းနဲ့
ပြန်ရေးထားတဲ့ စာအုပ်တွေပါပဲဆရာ။ ဒါပေမဲ့ ကျွန်တော် တက္ကသိုလ်ကိုရောက်တဲ့နှစ်မှာတော့
ဆရာတို့ ခေတ်ကနဲ့ စနစ်ချင်းမတူတော့ပါဘူး။ ဆရာ ပြောခဲ့သလိုပဲ 'combination' စနစ်
လာနေပြီး 'major' စနစ်ဖြစ်သွားပါပြီ။
ကျွန်တော်က ဥပဒေအထူးပြုသမားဆိုတော့ အင်္ဂလိပ်ဘာသာကို 'minor subject' အဖြစ်နဲ့
နှစ်နှစ် သင်ခဲ့ရပါတယ်။ တခြား 'minor' ဘာသာတွေလည်း ရှိပါသေးတယ်။ တတိယနှစ်က
စပြီးတော့ အထူးပြုဘာသာဖြစ်တဲ့ ဥပဒေဘာသာရပ်တွေကိုပဲ သင်ရပါတော့တယ်။ ကျွန်တော်တို့
တုန်းကတော့ လေးနှစ်သင်ပြီးရင် B.A (Law) ဘွဲ့ပေးပြီး ငါးနှစ်ပြီးတဲ့အခါမှာတော့ LL.B ဘွဲ့ ဆိုပြီး
ထပ်ပေးပါတယ်။ နောက်ပိုင်း လူတွေကိုကျတော့ B.A (Law) ဘွဲ့မပေးတော့ဘဲ LL.B ဘွဲ့
တစ်ခုတည်းပဲ ပေးပါတယ်။ တခြားဘာသာတွေမှာတော့ B.A/B.Sc ဘွဲ့အတွက် စာသင်နှစ်က
လေးနှစ်ဖြစ်ပါတယ်"
"အင်္ဂလိပ်စာ သင်ကြားပုံကို ပြောပါဦး"
"အင်္ဂလိပ်စာက ပထမနှစ်နှစ်ပဲ သင်ရပြီး ဆရာတို့ခေတ်ကလို့ 'text book' လို့ခေါ်တဲ့ ပြဋ္ဌာန်း
စာအုပ်ဆိုတာမျိုး မရှိတော့ပါဘူး။ ဆရာ၊ ဆရာမက သင်ပုန်းကြီးပေါ်မှာ ရေးပြတဲ့အတိုင်း
လေ့ကျင့်ခန်းတွေ လုပ်ရတဲ့ သဘောပေါ့ဆရာ၊ အသေးစိတ်တော့ မမှတ်မိတော့ဘူး။
အများအားဖြင့်တော့ Grammar နည်းတွေလို့ ပြောလို့ရမယ်ထင်ပါတယ်။ နောက်ပိုင်းမှာတော့
အင်္ဂလိပ်စာကို လေးနှစ်စလုံး သင်တယ်လို့ထင်တယ်ဆရာ။
"အဓိကဘာသာအဖြစ်နဲ့ ဥပဒေဘာသာ ရပ်တွေ သင်တဲ့အခါမှာ အင်္ဂလိပ်ဘာသာနဲ့ ရှိတဲ့
ဥပဒေတွေကိုဘယ်လိုသင်လဲ၊ ဖြေတဲ့ အခါမှာရော"
"အင်္ဂလိပ်ဘာသာနဲ့ ရှိတဲ့ ဥပဒေတွေကို အင်္ဂလိပ်လို ဖတ်ပြပြီး မြန်မာဘာသာစကားနဲ့
ပြန်ရှင်းပြပါတယ်။ ဖြေတော့လည်း မြန်မာဘာသာနဲ့ပဲ ဖြေရပါတယ်။ ဆရာတို့ခေတ်မှာရော
ဘယ်လိုသင်ပါသလဲ"
"ဒို့ခေတ်တုန်းကတော့ ဥပဒေဘာသာရပ်အားလုံးကို အင်္ဂလိပ်လိုပဲ သင်ပြီး ဖြေတော့လည်း
အင်္ဂလိပ်လိုပဲ ဖြေရတယ်။ မြန်မာဘာသာနဲ့ ပြဋ္ဌာန်းတဲ့ ဥပဒေတွေကိုတော့ ကျောင်းမှာ မသင်ရဘူး၊
လိုအပ်ရင် ကိုယ့်ဘာသာ လေ့လာနိုင်တာကိုး"
"ဟုတ်ကဲပါဆရာ"
"ဒီတော့ အင်္ဂလိပ်စာသင်ကြားရေးနဲ့ ပတ်သက်ပြီး အတိတ်ကာလအကြောင်း ဒို့ပြောခဲ့ကြပြီးပြီ၊
အခုလက်ရှိ အခြေအနေကို ပြောပါဦး"
"အခုချိန်မှာတော့ အင်္ဂလိပ်စာကို သူငယ်တန်းကနေ ဒသမတန်းအထိ သင်နေတယ်လို့
သိရပါတယ် ဆရာ၊ ဒီတော့ တက္ကသိုလ် မရောက်မီ အင်္ဂလိပ်စာသင်ကြားတဲ့ ကာလက
တစ်ဆယ့်တစ်နှစ် ရှိတာပေါ့ဆရာ"
"ဒါပေမဲ့၊ အခုခေတ် အတန်းအမည်ခေါ် ဝေါ်နေပုံတွေက သိပ်မရှင်းဘူးကွ၊ ငါ့မှာ အစိုးရကျောင်းကို
တက်နေတဲ့ မြေးနှစ်ယောက် ရှိတယ်ကွ၊ မြေးအကြီးကောင်ကို အခုဘယ်နှတန်းရောက်နေပြီလဲလို့
မေးတော့ 'Grade Eight - သတ္တမတန်းလို့ ဖြေတယ်'။ မြေးအငယ်မကို မေးပြန်တော့လည်း
'Grade Four - သုံးတန်းတဲ့ကွာ'။ 'မင်းတို့ဟာက အင်္ဂလိပ်လို အတန်းနဲ့ မြန်မာလိုအတန်းက
မတူပါလား'ကွ လို့ပြောတော့ စကားသွက်တဲ့ မြေးအငယ်မက၊ 'ဟုတ်ပါတယ် ဘိုးဘိုးရဲ့၊ ဒီမှာ
စာအုပ်တွေကို ကြည့်ပါဦး'ဆိုပြီး သူတို့စာအုပ်တွေကိုပြတယ်ကွ။ မြေးအကြီးရဲ့ အင်္ဂလိပ်ဖတ်
စာအုပ်မှာ 'English Reader Seven - Grade 8' ဆိုပြီး စာသုံးကြောင်းခွဲပြီး ရေးထားတယ်၊
မြန်မာစာအုပ်တွေမှာတော့ 'သတ္တမတန်း'လို့ ရေးထားပြန်တယ်၊ အဲဒီလိုပဲ မြေးအငယ်မရဲ့
အင်္ဂလိပ်စာအုပ်မှာ 'Reader Three - Grade 4' လို့ ရေးထားတယ်။ မြန်မာဖတ်စာမှာတော့
'တတိယတန်း' လို့ရေးထားပြန်တယ်။ သူငယ်တန်းအတွက် သူတို့မမှတ်ကြလို့ စုံစမ်းကြည့်တော့
အင်္ဂလိပ်ဖတ်စာအုပ်မှာ 'Primer - Grade 1' လို့ ရေးထားပြီး မြန်မာဖတ်စာအုပ်မှာတော့
'သူငယ်တန်း'လို့ ရေးထားသတဲ့။
"ကျွန်တော့်မှာတော့ အတူနေတဲ့ မြေးမရှိလို့ အဲဒါကို သတိမပြုမိဘူးဆရာ၊ သူငယ်တန်းမှာ
အင်္ဂလိပ်စာစပြီး သင်တာကတော့ အတော်ကြာပြီလို့ပဲ သိထားပါတယ်ဆရာ"
"အဲဒါက ၁၉၈၀ ၀န်းကျင်လောက်က ဖြစ်မယ်ကွ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ အဆင့်ဆင့်
ပြောကြားကြလို့ တစ်ဆင့်ကြားသိရတာကတော့ အဲဒီအချိန်လောက်က လူကြီးတစ်ဦးရဲ့ သား၊
သို့မဟုတ် သမီးတစ်ဦးက အင်္ဂလန်မှာ ဆက်လက်ပညာသင်ကြားဖို့အတွက် အင်္ဂလိပ်စာ
အရည်အချင်းစစ် စာမေးပွဲ ဖြေရာမှာ ကျတယ်ဆိုပဲ။ အဲဒီအချိန်တုန်းကတော့ မင်းတို့ခေတ်ကလိုပဲ
အင်္ဂလိပ်စာကို ပ ဉ္စမတန်း ရောက်မှ သင်ရတာကိုး၊ အဲဒီမှာ အင်္ဂလိပ်စာကို သူငယ်တန်းက
စသင်ရမယ်ဆိုပြီး ဖြစ်လာတယ်လို့ အဲဒီတုန်းကပြောခဲ့ကြတာပဲကွ၊ မှန် မမှန်တော့ မသိနိုင်ဘူးပေါ့၊
ဗြုန်းစားကြီး လုပ်လိုက်ပုံထောက်တော့ မှန်မယ်လို့ထင်စရာ တော့ဖြစ်နေတာပေါ့"
"အခုခေတ်တက္ကသိုလ်တွေမှာ အင်္ဂလိပ်စာ သင်ကြားမှု အခြေအနေဘယ်လို ရှိမလဲဆိုတာ
သိချင်တယ်လို့ ဆရာပြောတဲ့အတွက် စုံစမ်းကြည့်တော့ ရိုးရိုးဘွဲ့တွေအတွက် စာသင်နှစ်
လေးနှစ်စလုံး အင်္ဂလိပ် စာသင်ရတယ်တဲ့ ဆရာ"
"အထူးပြုဘာသာရပ်တွေမှာရော၊ ဥပမာ - ဥပဒေ၊ နိုင်ငံတကာဆက်ဆံရေး၊ စိတ်ပညာ၊ ဆေးပညာ
စတာတွေမှာ ဘယ်ဘာသာစကားနဲ့ သင်သလဲဆိုတာ သိလား"
"ကျွန်တော် လက်လှမ်းမီသလောက် စုံစမ်းကြည့်လို့ သိရတာကတော့ ပြဋ္ဌာန်းစာအုပ်တွေက
အင်္ဂလိပ်ဘာသာနဲ့ ဖြစ်ပေမယ့် သင်ကြား ပို့ချရာမှာတော့ အင်္ဂလိပ်လို ရေးသားချက်တွေကို
မြန်မာဘာသာစကားနဲ့ ရှင်းပြပြီး သင်တယ်လို့ သိရပါတယ် ဆရာ။ ပို့ချတဲ့ ဆရာတွေကလည်း
အများအားဖြင့် အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောနိုင်တာလည်း ပါမယ်လို့
ထင်ပါတယ်"
"ဖြေတဲ့အခါမှာရော ဘယ်ဘာသာစကားနဲ့ ဖြေရသလဲ"
"အင်္ဂလိပ်လိုပဲ ဖြေရတယ်လို့ သိရပါတယ် ဆရာ၊ ဒါပေမဲ့ အခုနောက်ပိုင်းမှာမှ အဲဒီလို
ဖြစ်လာတာဆရာ၊ ကျွန်တော်တို့ ခေတ်တုန်းကတော့ အင်္ဂလိပ်ဘာသာနဲ့ ပြဋ္ဌာန်းထားတဲ့
ဥပဒေတွေကို မြန်မာလိုရှင်းပြပြီး၊ ဖြေတော့လည်း မြန်မာလိုပဲဖြေခဲ့ရတာပါ။ အခုခေတ်မှာလို
အင်္ဂလိပ်ဖြေရတယ် ဆိုပေမယ့်လည်း အများအားဖြင့်တော့ အင်္ဂလိပ်စာကို မှန်အောင်
မရေးနိုင်ကြတော့ အလွတ်ကျက်ပြီး ဖြေကြတယ်လို့ ပြောကြတာတွေလည်း ရှိပါတယ် ဆရာ"
"ဟုတ်မယ်ထင်တယ်ကွ၊ ၁၉၈၈ ခုနှစ် နောက်ပိုင်း တက္ကသိုလ်တွေ ပိတ်ထားတဲ့အချိန်မှာ
အချိန်ပိုင်းဖွင့်လှစ်တဲ့ ဥပဒေ ဒီပလိုမာ သင်တန်းကို တက်ရောက်ခဲ့တဲ့ ငါ့အသိ ရှေ့နေ
တစ်ယောက်ကို မေးကြည့်တော့ စာမေးပွဲမှာ အင်္ဂလိပ်လိုဖြေရလို့ အလွတ်ကျက်ပြီး ဖြေခဲ့ရသတဲ့။
"နောက်ပြီး မဟာဘွဲ့အတွက် ပြင်ပစစ် အနေနဲ့ တာဝန်ယူခဲ့တဲ့ ပါရဂူဘွဲ့ရ ပါမောက္ခဟောင်း
ဆရာကြီးတစ်ဦးရေးတဲ့ ဆောင်းပါးတစ်စောင်မှာလည်း အင်္ဂလိပ်လိုရေးထားတဲ့ ကျမ်းတွေကို
စိစစ်ရာမှာ full stop, comma အစရှိတဲ့ punctuation mark(ပုဒ်ရပ်၊ ပုဒ်ဖြတ်သင်္ကေတ)တွေကို
နေရာမှန်အောင် မသုံးတတ်ဘဲ ရေးထားတာတွေ တွေ့ရသတဲ့"
"ပညာရှင်ကြီးတွေ ကိုယ်တိုင် တွေ့ကြံုခဲ့ရတဲ့ ဖြစ်ရပ်မှန်တွေပေါ့ဆရာ"
"အင်္ဂလိပ်စာ သင်ကြားရေးနဲ့ ပတ်သက်လို့ အခုထိ ဒို့ပြောခဲ့တာတွေက ဒို့ကိုယ်တိုင် ကြံုတွေ့ခဲ့၊
သိရှိခဲ့ ကြားသိခဲ့ရတဲ့ အချက်အလက်တွေပဲ၊ ဒို့ကိုယ်တိုင်ရဲ့ အတွေ့အကြံုဆိုပေမယ့်လည်း
မင်းတို့ငါ့တို့ခေတ်က လူအားလုံး တွေ့ကြံုခဲ့ရတာတွေဖြစ်တယ်။ ဒါတွေကို အခုလောက်
ရှည်ရှည်ဝေးဝေးပြောခဲ့ရတဲ့ အဓိကအကြောင်းကတော့ ဒီပကတိ ဖြစ်ရပ်မှန် အချက်တွေအပေါ်မှာ
ဒို့ဉာဏ်မီသလောက် ဒို့ အမြင်ကိုသုံးသပ်တင်ပြချင်လို့ပဲ၊ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းကိုမှ
ထိခိုက်စေလိုတဲ့ စိတ်မရှိဘူးဆိုတာကိုလည်း စာဖတ်သူတွေ နားလည်းကြမှာပါ"
"ဟုတ်ပါတယ်ဆရာ၊ အင်္ဂလိပ်စာသင်ကြားရေးနဲ့ ပတ်သက်လို့ အတိတ်နဲ့ ပစ္စုပ္ပန်ကာလ
အတွေ့အကြံုတွေကို ပြည့်ပြည့်စုံစုံ ပြောခဲ့ပြီးပြီဆိုတော့ အဲဒီအချက်တွေအပေါ် အခြေခံပြီး
သုံးသပ်ပေးပါဦးဆရာ"
"ဒီလိုဆိုရင် အင်္ဂလိပ်စာသင်ကြားရေးနဲ့ ပတ်သက်ပြီး ဒို့ခေတ်မှာ သိရှိခဲ့ရတဲ့ သဘောထား
ခံယူချက်ကို အရင်ပြောချင်တယ်ကွာ။ ဒို့ တက္ကသိုလ်စရောက်တဲ့ ၁၉၅၄ ခုနှစ် ၀န်းကျင်လောက်မှာ
တက္ကသိုလ်မှာ သင်ကြားနေတဲ့ ဘာသာရပ်အားလုံးကို အင်္ဂလိပ်စာမှအပ မြန်မာလို
သင်ကြားသင့်တယ်ဆိုတဲ့ အယူအဆ ရှိခဲ့တာကို မှတ်မိနေတယ်။ ဒီကိစ္စကို ဆွေးနွေးပွဲ၊
နှီးနှောဖလှယ်ပွဲလုပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတာမျိုးတော့ မရှိခဲ့ဘူးလို့ ထင်တယ်။
"အထက်အဆင့် တာဝန်ရှိသူ လူကြီးတွေရဲ့ သဘောထားဖြစ်မလား မသိဘူး၊ အဲဒီတုန်းက
ရန်ကုန်တက္ကသိုလ်မှာ ဘာသာပြန်ဌာနဆိုတဲ့ ဌာနအသစ်တစ်ခု ဖွင့်လှစ်ပြီးတော့ တက္ကသိုလ်မှာ
အင်္ဂလိပ်လို သင်နေတဲ့ ဘာသာရပ်တွေကို သက်ဆိုင်ရာဌာနနဲ့ ပူးပေါင်းပြီး မြန်မာဘာသာ
ပြန်ဆိုခဲ့ကြတာကို တွေ့ရတယ်။ "၁၉၆၂ - ၆၃ ခုနှစ်လောက်မှာ အင်္ဂလိပ်လို ပို့ချသင်ကြား
ပေးနေတဲ့ တက္ကသိုလ်ဘာသာရပ်အတော်များများကို မြန်မာဘာသာ ပြန်ဆိုထားပြီးဖြစ်လို့
ရန်ကုန်တက္ကသိုလ် ပုံနှိပ်တိုက်က ရိုက်နှိပ်ထုတ်ဝေတဲ့ စာအုပ်တချို့ကိုလည်း တွေ့ခဲ့ဖူးတယ်"
"ဟုတ်ပါတယ် ဆရာ၊ ကျွန်တော်က ၁၉၆၅ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကို ရောက်တာဆိုတော့
အဲဒီအချိန်မှာ တက္ကသိုလ်ဘာသာရပ်တွေကို မြန်မာလို သင်ကြားနေပါပြီ၊ ဒါပေမဲ့ မြန်မာဘာသာ
ပြန်ထားခြင်း မရှိသေးတဲ့ တချို့ ဘာသာရပ်တွေကိုတော့ ဆရာတွေက အင်္ဂလိပ်လိုရော၊
မြန်မာလိုရော ပူးပေါင်းသင်ကြားပေးနေတာလည်း ရှိခဲ့ပါတယ်၊ ဒီနေ့အထိလည်း ရှိနေတုန်းလို့
ထင်ပါတယ်"
"တက္ကသိုလ်ဘာသာရပ်တွေကို မြန်မာလို သင်ရမယ်ဆိုတဲ့ သဘောထားခံယူချက်ကတော့
သက်ဆိုင်ရာဘာသာရပ်ကို နှိုက်နှိုက်ချွတ်ချွတ် နားလည်တတ်ကျွမ်းရေးဆိုတဲ့ ရည်ရွယ်ချက်
အပေါ်မှာ အခြေခံတယ်လို့ ကောက်ချက်ချနိုင်မယ် ထင်တယ်။ အဲဒါအပြင် လွတ်လပ်ရေးရပြီး
စဆိုတော့ အင်္ဂလိပ်အုပ်စိုးမှုကို တော်လှန်လိုတဲ့ လက်ကျန်မျိုးချစ်စိတ်ကလေးရဲ့ အရှိန်အဝါလည်း
ပါမှာပေါ့ကွာ။ ဒီအကြောင်းတွေကို ပြန်ပြောနေရတာက ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ့အမြင်ကို
ပြောချင်လို့ပဲကွ"
"ဟုတ်ကဲ့၊ ပြောပါဆရာ"
"ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဦးနုတို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် စွမ်းဆောင်နိုင်ခဲ့တာ၊ အာရှရဲ့
ထိပ်တန်းခေါင်းဆောင်တွေထဲမှာ ပါ၀င်ခဲ့တာ၊ တက္ကသိုလ်မှာ ဘွဲ့ရအောင် ကျောင်းမနေခဲ့ရဘဲနဲ့
ဦးသန့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဖြစ်ခဲ့တာတွေဟာ အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင်
တတ်ခဲ့လို့ပဲကွ။ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်လောက်မှာ သူတို့ မျိုးဆက်တွေ တဖြည်းဖြည်း
ကုန်သွားတော့ ငါတို့ရဲ့ ခေါင်းဆောင်ဆိုသူအများစုက အင်္ဂလိပ်စာ မကျွမ်းကျင်ကြတော့လို့
ပြင်ပကမ္ဘာကို မထိုးဖောက်နိုင်တော့ဘူး။ ပြည်တွင်းမှာ အာဏာရှင်စနစ်ကို ကျင့်သုံးပြီး ပြည်ပနဲ့
ဆက်ဆံရေးမှာ ဧကစာရီဝါဒကျင့်သုံးတဲ့အတွက် ၀ိုင်းပယ်ခံရတာလည်း ပါတာပေါ့။ အင်္ဂလိပ်
စာမကျွမ်းကျင်ရတဲ့ တခြားအကြောင်းရင်းတွေ ရှိမှာဖြစ်ပေမယ့် အဓိကအကြောင်းရင်း
တစ်ခုကတော့ တက္ကသိုလ်ဘာသာရပ်တွေကို မြန်မာဘာသာနဲ့ ပို့ချခဲ့တာအပြင် အင်္ဂလိပ်စာကို
အလေးထားပြီး မသင်ပေးခဲ့လို့ ဖြစ်တယ်လို့ ကောက်ချက်ချမယ်ဆိုရင် မမှားနိုင်ဘူးလို့ ထင်တယ်"
"သဘောတူပါတယ် ဆရာ"
"လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ ငါတို့ လူမျိုးအနေနဲ့ အင်္ဂလိပ်စာသင်တာက မျိုးချစ်စိတ်နဲ့
မပတ်သက်ဘူး။ အင်္ဂလိပ်လူမျိုးနဲ့လည်း မဆိုင်ဘူး၊ ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်ဖို့အတွက် ကမ္ဘာသုံး
ဘာသာစကား တစ်ခုအနေနဲ့ သင်တယ်ဆိုတာကို အခုခေတ်မှာ လူတိုင်းနားလည် နေကြပြီ။
နိုင်ငံရေး၊ စီးပွားရေးနဲ့ တခြား ၀ိဇ္ဇာ၊ သိပ္ပံဘာသာရပ်တွေမှာ ဘယ်လောက်ပဲ တော်ပြီး
ဘယ်လောက်ပဲ တတ်နေပါစေ ကိုယ်သိတာ ကိုယ်တတ်တာကို ဒို့အဖို့ ကမ္ဘာသုံးဘာသာစကား
ဖြစ်တဲ့ အင်္ဂလိပ် ဘာသာစကားနဲ့ ပြောပြီး ရေးပြီး မတင်ပြနိုင်ရင် လူရာမဝင်ဘူးဆိုတာကိုလည်း
ဘွဲ့ရသူတိုင်းလည်း သိနေကြပါပြီ"
"မှန်ပါတယ် ဆရာ"
"ဒီတော့ ဒို့နိုင်ငံရဲ့ ဒီနေ့ပြဿနာက ကျောင်းတွေမှာ၊ တက္ကသိုလ်တွေမှာ အင်္ဂလိပ်စာ သင်ကြားရေး၊
မသင်ကြားရေးဆိုတဲ့ ပြဿနာမဟုတ်တော့ဘူး။ အင်္ဂလိပ်စာကို ဘယ်လိုလူတွေက ဘယ်လို
သင်ကြားပေးကြမှာလဲဆိုတဲ့ ပြဿနာပဲလို့ ငါထင်တယ်ကွ"
"ဟုတ်ကဲ့ပါ ဆရာ"
"အခုငါတို့ ပြောခဲ့ပြီးဖြစ်တဲ့ အင်္ဂလိပ် စာသင်ကြားမှုနဲ့ ပတ်သက်ပြီး အတိတ်နဲ့ ပစ္စုပ္ပန်အခြေအနေ
တွေအပေါ်မှာ အခြေခံပြီးပြောရမယ်ဆိုရင် ပထမအချက်က အင်္ဂလပ်စာသင်ကြားပေးဖို့
ကျွမ်းကျင်တဲ့၊ အရည်အချင်းပြည့်တဲ့ ဆရာတွေအလွန်ရှားပါးခဲ့တဲ့ အချက်ပဲ။ အထူးသဖြင့်
မြို့ကြီးတွေကအပ နယ်ကျောင်း တွေမှာပေါ့။ တက္ကသိုလ်မှာလည်း အင်္ဂလိပ်စာ မယူခဲ့တဲ့အပြင်
အင်္ဂလိပ်သင်ကြားနည်းကိုလည်း လေ့လာဖူးခြင်းမရှိဘဲနဲ့ အင်္ဂလိပ်စာ သင်ကြားပေးနေတဲ့
ဆရာတွေကို တွေ့ဖူးကြမှာပါ"
"မှန်ပါတယ် ဆရာ"
"နောက်အရေးကြီးတဲ့ အချက်တစ်ခုကတော့ အင်္ဂလိပ်စာသင်ကြားနည်းပဲ။ ဒီနေရာမှာ ဒီကိစ္စနဲ့
ပတ်သက်ပြီး ကျွမ်းကျင်သူ မဟုတ်ပေမယ့် ကိုယ့်အတွေ့အကြံုပေါ်မှာ အခြေခံပြီး ပြောရမှာပဲ။
ဒို့ခေတ်က တက္ကသိုလ်တွေမှာ အင်္ဂလိပ်စာသင်တဲ့နည်းက အင်္ဂလန်နိုင်ငံက တက္ကသိုလ်တွေမှာ
သင်တဲ့ နည်းလား မသိဘူး။ တက္ကသိုလ်ဝင်တန်းအောင်ပြီးရင် အင်္ဂလိပ်စာ အရေးရော အပြောပါ
ကျွမ်းကျင်နေပြီးဖြစ်လို့ စာကြီးပေကြီးတွေကိုသာ ဆက်သင်ပေးတဲ့ သဘောဖြစ်နေတယ်။
အမှန်က ဒို့နိုင်ငံမှာ တက္ကသိုလ်ဝင်တန်းအောင်ရုံနဲ့ အဲဒီအဆင့် အတန်းမျိုး မရှိဘူးဆိုတော့
ဒို့ခေတ်တက္ကသိုလ်မှာ အင်္ဂလိပ်စာသင်နည်းက သိပ်အကျိုး မရှိဘူးလို့ ပြောရမှာပေါ့"
"ကျွန်တော်တို့ခေတ်မှာ အင်္ဂလိပ်စာကို အလေးထား မသင်ခဲ့တော့ ပိုဆိုးမယ် ထင်တယ် ဆရာ"
"အင်္ဂလိပ်စာသင်ကြားရေးနဲ့ ပတ်သက်ပြီး ၁၉၇၅ ခုနှစ်ဝန်းကျင်လောက်က ဖြစ်မယ်။ အဲဒီတုန်းက
ပညာရေးတက္ကသိုလ်မှာ အင်္ဂလိပ်စာသင်ကြားရေးနဲ့ ပတ်သက်ပြီး နှီးနှောဖလှယ် ပွဲတစ်ခုလုပ်တော့
ဧည့်သည်အဖြစ်တက် ရောက်လာတဲ့ ဗြိတိသျှသံအမတ်ကြီးပြောခဲ့တဲ့ စကားတစ်ခွန်းကို အခုထိ
မှတ်မိနေသေးတယ်။ ပညာရေးအရာရှိ တစ်ဦးဆီကရတဲ့ တိတ်ခွေတစ်ခုကို နားထောင်ရလို့
သိခဲ့ရတာပါ"
"ဟုတ်ကဲ့ ပြောပါဦး ဆရာ"
"သူပြောတာက 'Please teach the language, do not teach the literature' တဲ့ကွာ၊
ဆိုလိုတာက အင်္ဂလိပ်စာသင်ကြားရာမှာ 'ဘာသာစကားကိုပဲ သင်ပါ၊ စာပေကို မသင်ပါနဲ့'တဲ့ကွာ၊
ငါ နားလည်သလို ပြောရရင်တော့ အင်္ဂလိပ်ဘာသာစကားကို အတော်အသင့် တတ်ပြီဆိုရင်
စာပေကို ဆက်လက်လေ့လာလို့ ရနိုင်တာကိုး။ ဒို့ခေတ်က အခြေအနေအရဆိုရင်တော့
အဲဒီသံအမတ်ကြီးပြောတာ မှန်မယ်လို့ ထင်တယ်ကွ"
"ဟုတ်ကဲ့ပါ ဆရာ"
"သင်ကြားရေးနဲ့ ပတ်သက်ပြီး နောက်တစ်ချက် စဉ်းစားဖို့ရှိတာ ဒို့အစိုးရကျောင်းတွေမှာ
အင်္ဂလိပ်စာသင်ကြားတဲ့ စနစ်က ဘာသာပြန်ပြီး သင်ကြားတဲ့ စနစ်ဖြစ်တဲ့အပြင် အရေးနဲ့
အဖတ်ကို လေ့ကျင့်ပေးတာ သိပ်မရှိဘူး။ ပြဋ္ဌာန်းစာအုပ်အပြင် ဖတ်စရာစာအုပ်ကလည်း မရှိဘူး။
"ဒီတော့ အင်္ဂလိပ်စာကို သူငယ်တန်းက စပြီးသင်တယ်ဆိုပေမယ့်လည်း သိပ်ခရီး မရောက်ဘူး။
အရင်ခေတ်က မစ်ရှင် ကျောင်းတွေနဲ့ အခုခေတ် ရန်ကုန်မှာ နိုင်ငံခြားက ဖွင့်ထားတဲ့ ကျောင်းတွေ
မှာတော့ အင်္ဂလိပ်စာကို မိခင်ဘာသာစကားအဖြစ် ပြောသူတွေက မူကြိုကတည်းက
စသင်တာဆိုတော့ ကလေးတစ်ယောက်က သူငယ်တန်းအောင်တာနဲ့ နေ့စဉ်သုံး အင်္ဂလိပ်စကား
ကိုတော့ သွက်သွက်လက်လက်ပြောတတ်တာကို တွေ့ရတယ်။ လေးတန်း၊ ငါးတန်းလောက်
ရောက်ရင် အစိုးရကျောင်းတွေက ဆယ်တန်းကျောင်း သားလောက် အင်္ဂလိပ်စာ ရေးတတ်နေပြီး
အပြောမှာဆိုရင်တော့ သူတို့က အများကြီးသာ သွားတာကို တွေ့ရတယ်"
"အင်္ဂလိပ်စာ သင်ကြားနည်းစနစ်မှာ စဉ်းစားရမယ့် အချက်ပါပဲ ဆရာ"
"ဒို့အစိုးရကျောင်းတွေမှာ အသုံးပြုတဲ့နည်းက ဘာသာပြန်ပြီး သင်နည်းဆိုတော့ ကလေးတွေ
အင်္ဂလိပ်လိုရေးရာမှာဖြစ်ဖြစ်၊ ပြောရာမှာပဲ ဖြစ်ဖြစ် မြန်မာလိုတွေးပြီးမှ အင်္ဂလိပ်လို ဘာသာပြန်ပြီး
ရေးတာ၊ ပြောတာဆိုတော့ တချို့ကိစ္စတွေမှာ ဝေါဟာရအသုံး မမှန်ဘူး ပေါ့ကွာ။ အဲဒီတော့
'English' မဖြစ်ဘဲ မြန်မာ လူမျိုးရေးတဲ့ ပြောတဲ့ 'Myanglish' ဖြစ်နေတော့တာပေါ့"
"မှန်ပါတယ် ဆရာ"
"အေးကွာ အင်္ဂလိပ်စာသင်ကြားရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ပြောစရာတွေက
များသပေါ့။ အခုဒို့ပြောခဲ့တာတွေလည်း အတော်များပြီဆိုတော့ အမျိုးသားပညာရေး ဥပဒေအရ
'အင်္ဂလိပ်စာကို မူလတန်းမှ စ၍ သင်ကြားရမည်' ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့ ပတ်သက်လို့ ချုပ်ပြီး
ပြောရမယ်ဆိုရင်တော့ အဲဒီပြဋ္ဌာန်းချက်နဲ့ ပတ်သက်ပြီး သဘောမတူနိုင်စရာ မရှိပေမယ့်
အခြေအနေအရ ဖြစ်နိုင်မယ်ဆိုရင် မူကြိုပညာရေးကိုလည်း အကောင်အထည် ဖော်မယ်လို့
ဆိုတဲ့အတွက် မူကြိုမှာတောင် အင်္ဂလိပ်စာကို အစပျိုးတဲ့သဘောနဲ့ သင်နိုင်ရင် ပိုကောင်းတာ
ပေါ့ကွာ။ အဲဒါထက် ပိုအရေးကြီးတာကတော့ မူလတန်းမှာ အင်္ဂလိပ်စာကို စသင်ဖို့အတွက်
ကျွမ်းကျင်တဲ့ ဆရာတွေ ဘယ်လို မွေးထုတ်မယ်၊ ဘယ်လို သင်စေမယ်ဆိုတဲ့ အချက်တွေပဲကွ။
အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး ကျန်တဲ့ အချက်တွေကို ဆက်ပြောကြသေးတာပေါ့။
















