အခုဆိုရင် အမျိုးဘာသာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး 'မဘသ' အဖွဲ့ကြီးက ဦးဆောင် တိုက်တွန်းနှိုးဆော်ပြီး အစိုးရဘက်က တင်ပြတဲ့ မျိုးစောင့် ဥပဒေကြမ်းလေးခု လွှတ်တော်ထဲရောက်သွားပါပြီ။
အခုဆိုရင် အမျိုးဘာသာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး 'မဘသ' အဖွဲ့ကြီးက ဦးဆောင်
တိုက်တွန်းနှိုးဆော်ပြီး အစိုးရဘက်က တင်ပြတဲ့ မျိုးစောင့် ဥပဒေကြမ်းလေးခု လွှတ်တော်ထဲ
ရောက်သွားပါပြီ။
ဥပဒေကြမ်းအားလုံးကို လက်ခံဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်ပြီ ဖြစ်သလို တချို့
ဥပဒေတွေကို အမတ်တွေ စပြီး ဆွေးနွေးနေကြပါပြီဖြစ်တဲ့အတွက် ဒီဥပဒေတွေနဲ့ ပတ်သက်ရင်
နောက်ထပ် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးသုံးသပ်သွားပါ့မယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖော်ပြထားချက်တွေအရ နိုင်ငံသားတွေဟာ လွတ်လပ်စွာ
ယူဆနိုင်တယ်၊ လွတ်လပ်စွာ ကိုးကွယ် နိုင်တယ်၊ ဒါပေမဲ့ ဘာသာကြီး လေးခုနဲ့ နတ်ကိုးကွယ်တာ
ကလွဲရင် အခြားဘာသာတွေကိုတော့ အသိအမှတ်ပြုထားခြင်း မရှိဘူးလို့ ဆိုပါတယ်။
အသိအမှတ်ပြုထားတဲ့ ဘာသာ သာသနာတွေကိုတော့ တတ်နိုင်သမျှ ကူညီစောင့်ရှောက်မယ်လို့
ဆိုထားပါတယ်။
အခု တိုင်းပြည်မှာ အငြင်းပွားမှုကိုဖြစ်စေတဲ့၊ နိုင်ငံတကာကလည်း ဝေဖန်နေကြတဲ့
မျိုးစောင့်ဥပဒေလေးခု ပြဋ္ဌာန်းပေးဖို့ တောင်းဆိုတာဟာ ဗုဒ္ဓဘာသာ 'မဘသ' အဖွဲ့ကြီးဖြစ်ပါတယ်။
အဲဒီ အဖွဲ့က သမ္မတဆီ စာပေးပို့ပြီး တောင်းဆိုရာကနေ အစပြုခဲ့တာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါပြီးဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံဆိုတာဟာ တိုင်းရင်းသားပေါင်းစုံ
စုပေါင်းနေထိုင်၊ စုပေါင်းပိုင်ဆိုင်ကြတဲ့ နိုင်ငံဖြစ်ရုံမက ဗုဒ္ဓဘာသာအပြင် အခြားဘာသာကြီး သုံးခုနဲ့
နတ်ကိုးကွယ်မှု တွေရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။
ဒီလို အခြေအနေမျိုးမှာ ဘာသာ သာသနာ အားလုံးနဲ့ သက်ဆိုင်တဲ့ ဒီလို မျိုးစောင့်ဥပဒေတွေ
ပြဋ္ဌာန်းမယ်ဆိုရင် ပထမအဆင့် ဘာသာကြီး လေးခုက ဘာသာရေး ခေါင်းဆောင်တွေနဲ့
အရင်ဦးဆုံး ဆွေးနွေး ညှိနှိုင်းတိုင်ပင်သင့်ပါတယ်။
ဘယ်လို ဥပဒေမျိုး လိုအပ်မလဲ၊ ဘယ်လို ဥပဒေမျိုး ပြဋ္ဌာန်းလိုက်ရင် ဘယ်ဘာသာအတွက်
ထိခိုက်သွားနိုင်မလဲစသဖြင့် အစပြုခဲ့ဖို့ သင့်ပါတယ်။
ဒါပေမဲ့ သမ္မတ ဦးသိန်းစိန် အဲဒါမျိုး မလုပ်ခဲ့ပါဘူး။
မျိုးစောင့် ဥပဒေ လေးခု ပြဋ္ဌာန်းပေးဖို့ကိစ္စ လွှတ်တော်ဘက်ကို ဘောလီဘောပုတ်၊ နာယက
သူရ ဦးရွှေမန်းလက်ထဲ ပေးပို့ခဲ့ပါတယ်။
သမ္မတဆီက အဲဒီအကြောင်းကြားစာရတဲ့အခါ သူရဦးရွှေမန်းအနေနဲ့လည်း ပထမအဆင့်
လွှတ်တော်ထဲက တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ ကိုးကွယ်ရာ ဘာသာမတူတဲ့ အမတ်တွေနဲ့
တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းစေသင့်ပါတယ်။
အဲဒီက ရရှိတာကိုမှ လွှတ်တော်ထဲမှာ ဘယ်ဥပဒေကတော့ ပြဋ္ဌာန်းသင့်တယ်၊
ဘယ်ဥပဒေကတော့ မသင့်သေးဘူး၊ ပြဋ္ဌာန်းမယ့် ဥပဒေတွေကိုလည်း ဘယ်သူ့ကို ရေးဆွဲခိုင်းရင်
ကောင်းမယ် စသဖြင့် လွှတ်တော် လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆွေးနွေး ဆုံးဖြတ်ခဲ့သင့်ပါတယ်။
ဒါပေမဲ့ မလုပ်ခဲ့ပါဘူး။ လွှတ်တော်တွင်း လုံးဝမဆွေးနွေးဘဲ သူ့တစ်ဦးတည်း သဘောနဲ့
ဘယ်ဥပဒေကိုတော့ တရားရေးဌာနကဆွဲ၊ ဘယ်ဥပဒေကို လဝက ကဆွဲ၊ ဘယ်ဥပဒေကိုတော့
သာသနာရေးကဆွဲ စသဖြင့် တိုက်ရိုက် တာဝန်ပေးခဲ့တာဖြစ်ပါတယ်။
ဒါကိုကြည့်ရင် သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ဟာ တိုင်းပြည်မှာ ရှိသင့်ရှိထိုက်တဲ့
ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ ဆိုတာထက် မဘသ အဖွဲ့ရဲ့ ထောက်ခံမှု ရဖို့၊ ဗုဒ္ဓဘာသာလူများစုကြီးရဲ့
ထောက်ခံမှု ကိုရဖို့၊ နိုင်ငံရေး အကျိုးအမြတ် တစ်စုံတစ်ရာအတွက် ဆောက်ရွက်ခဲ့လေသလားလို့
သံသယဖြစ်စရာ အများကြီးရှိပါတယ်။
ကောင်းပါပြီ၊ ဘယ်လိုပဲဖြစ်ဖြစ် ခုတော့ အဲဒီဥပဒေကြမ်းတွေ ရေးဆွဲပြီးလို့ လွှတ်တော်ထဲရောက်၊
တချို့ စဆွေးနွေးနေပါပြီ။
ဇန်နဝါရီလ ၂၆ ရက်နေ့က အမျိုးသားလွှတ်တော်မှာ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ
ဥပဒေကြမ်းဆွေးနွေးစဉ်မှာ ချင်းပြည်နယ်အမတ် ဦးဇုန်လှယ်ထန် က ဒီလိုဥပဒေမျိုး ပြဋ္ဌာန်းတဲ့
နိုင်ငံတွေဟာ တကယ့် ဘာသာရေး အစွန်းရောက်တဲ့ နိုင်ငံတွေဖြစ်တယ်၊ အဲလို ဘာသာရေး
အစွန်းရောက်တဲ့ နိုင်ငံတွေမှာ နေ့စဉ် သွေးထွက်သံယိုမှုတွေ ဖြစ်ပျက်နေတယ်ဆိုတဲ့အထိ
ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။
အလားတူ ကချင်ပြည်နယ်အမတ် ဦးဂျေယောဂူ ကလည်း သာသနာတော်ကို ခြံစည်းရိုးခတ်ချင်ရင်
မိမိရဲ့ ဘာသာ သာသနာထဲမှာပဲ ခတ်သင့်တဲ့အကြောင်း၊ နိုင်ငံတော်က ဘာသာရေးကို ၀င်ရောက်
မစွက်ဖက်သင့်ပါဘူးဆိုပြီး ကန့်ကွက်ဆွေးနွေးပါတယ်။
အင်န်အယ်လ်ဒီ အမတ် ဦးအောင်ကြည်ညွန့်၊ သင်္ကန်းကျွန်း အမတ် ဦးဖုန်းမြင့်အောင် တို့ကတော့
ဥပဒေပါ ပြဋ္ဌာန်းချက်တွေ ရှေ့နောက် မညီတာ၊ မမျှတတာတွေကို အဓိက ထောက်ပြကြပါတယ်။
ပြည်ခိုင်ဖြိုးနဲ့ ဗုဒ္ဓဘာသာဝင် အမတ်တွေ၊ တပ်မတော်သား အမတ်တွေကတော့
ထောက်ခံဆွေးနွေးတာ တွေ့ရပါတယ်။
ဒီကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို လေ့လာကြည့်ရင်လည်း
ဘာသာကူးပြောင်းချင်သူတွေဟာ သက်ဆိုင်ရာ ဘာသာရေးဆရာတွေထံမှာ သွားပြီး
ကူးပြောင်းလို့ မရတော့ပါဘူး။
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ စိစစ်မှတ်ပုံတင်ရေး အဖွဲ့ဆီသွားပြီး
လျှောက်ထားရတော့မှာ ဖြစ်ပါတယ်။
အဲဒီအထဲမှာ ခြောက်ယောက်ဟာ မြို့နယ်သာသနာရေးဆိုင်ရာ၊ အထွေထွေ အုပ်ချုပ်ရေးနဲ့
လဝက က အစိုးရဝန်ထမ်းတွေ ဖြစ်ပါတယ်။
ကျန် လေးယောက်ကသာ ထွေအုပ်က ရွေးချယ်မယ့် ဘာသာကြီးလေးခုက ရပ်မိရပ်ဖတွေ
ဖြစ်ကြပါမယ်။
အဓိပ္ပာယ်က စိစစ်ရေး အဖွဲ့ဝင် အများစုဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေပါလိမ့်မယ်။
နောက်အရေးကြီးတာ တစ်ချက်က အဲဒီ ၁၀ ယောက်ထဲကမှ ငါးယောက်ရှိရုံနဲ့ စိစစ်နိုင်တယ်လို့
ဆိုထားပြန်တဲ့အတွက် အခြားဘာသာဝင် တစ်ယောက်မှ မပါလည်း၊ ဗုဒ္ဓဘာသာဝင်တွေချည်းကပဲ
စိစစ်နိုင်တဲ့ အခွင့်ရရှိစေမှာ ဖြစ်ပါတယ်။
အဲဒီ ဥပဒေကြမ်းထဲမှာ ခုလို ထောက်ပြစရာ၊ ဝေဖန်စရာ အချက်အများကြီး ပါ၀င်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီ ဥပဒေကြမ်း လွှတ်တော်ထဲ ရောက်နေပြီ ဖြစ်တဲ့အတွက် လွှတ်တော်အမတ်
တွေရဲ့ ပြောဆိုချက်တွေကို လေးလေးနက်နက် နားထောင်သင့်ပါတယ်။
အထူးသဖြင့် ဗုဒ္ဓဘာသာ မဟုတ်တဲ့ အခြား ခရစ်ယာန်ဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်၊
ဟိန္ဒူဘာသာဝင် အမတ်တွေရဲ့ သဘောထားကို အလေးထားသင့်ပါတယ်။
လွှတ်တော်ထဲမှာ ဗမာ၊ ဗုဒ္ဓဘာသာဝင်တွေက အများစုဖြစ်ပါတယ်။
အခုလို ဘာသာ သာသနာ အားလုံးနဲ့ ဆိုင်တဲ့ ဥပဒေကြမ်းကို ဥပဒေအဖြစ် ပြုစုတဲ့အခါ
အခြားဘာသာ သာသနာကိုးကွယ်တဲ့ အမတ်တွေက လက်မခံတဲ့ ဥပဒေမျိုးဖြစ်ခဲ့ရင်
မပြဋ္ဌာန်းသင့်ပါဘူး။
ငါတို့က ဗုဒ္ဓဘာသာတွေ၊ ပြည်ခိုင်ဖြိုးတွေ၊ တပ်မတော်သားတွေ၊ ငါတို့ လူများစုပဲ၊
လွှတ်တော်ဆိုတာ အများစု ဆန္ဒနဲ့ ဆုံးဖြတ်လို့ရတာပဲ၊ အဲဒီဆုံးဖြတ်ချက်ကို ကျန်တဲ့ လူတွေကပါ
လိုက်နာရမှာပဲဆိုပြီး အတင်းအကြပ် လုပ်ကိုင် အကောင်အထည် ဖော်ခဲ့ရင်ဖြင့် တိုင်းပြည်အတွက်၊
တိုင်းရင်းသား ပြည်သူတွေအတွက် ကောင်းမွန်တဲ့ ဥပဒေတွေ ဖြစ်လာမှာမဟုတ်ပါကြောင်း
သုံးသပ်လိုက်ရပါတယ်။
















