အမျိုးသားပညာရေးဥပဒေကို ချဉ်းကပ်ကြည့်ခြင်း (၅)

အမျိုးသားပညာရေးဥပဒေကို ချဉ်းကပ်ကြည့်ခြင်း (၅)

"ကျွန်တော် ရောက်ပါပြီ ဆရာ" တီဗီမှာပြနေတဲ့ Australian Open တင်းနှစ်ပြိုင်ပွဲ ကြည့်နေတုန်း တပည့်ရှေ့နေ ရောက်လာလို့ တီဗီကို ပိတ်လိုက်ရပါတယ်။

"ကျွန်တော် ရောက်ပါပြီ ဆရာ" တီဗီမှာပြနေတဲ့ Australian Open တင်းနှစ်ပြိုင်ပွဲ ကြည့်နေတုန်း
တပည့်ရှေ့နေ ရောက်လာလို့ တီဗီကို ပိတ်လိုက်ရပါတယ်။

"ဆက်ကြည့်ပါ ဆရာ၊ ကျွန်တော်လည်း ကြည့်ရတာပေါ့"

"ဒီပွဲက လက်ရည်တူတဲ့ ကစားသမားတွေရဲ့ ပွဲဆိုတော့ အချိန်အတော်ကြာမယ်ကွ၊ နောက်နေ့
မနက်ပြန်ပြတော့မှပဲ ဆက်ကြည့်တော့မယ်။ ဒို့ဆွေးနွေးနေကြတဲ့ အမျိုးသားပညာရေးဥပဒေနဲ့
ပတ်သက်လို့ ဥပဒေရေးထုံးပိုင်းမှာ သိပ်ပြောစရာ မရှိပေမယ်လို့ မူပိုင်းဆိုင်ရာကတော့
ပြောစရာတွေ အတော်များမယ် ထင်တယ်ကွ။ အရင်တစ်ပတ်က အင်္ဂလိပ်စာ သင်ကြားရေးကိစ္စနဲ့
ပတ်သက်ပြီး ဒို့ဆွေးနွေးတဲ့ အချက်တွေ အတော်များပေမယ့် ဆောင်းပါးပြန်ရေးတဲ့ အခါကျတော့
အကုန်မပါနိုင်တော့ဘူး။ ဆောင်းပါးရေးပြီးမှ အတော်ရှည်နေတာကြောင့် ပြန်ပြီးဖြတ်တောက်
တည်းဖြတ်ထားတာကို မင်းလည်း တွေ့မှာပါ။ ဒါတောင် ခါတိုင်းထက် စာမျက်နှာ
ပိုသွားသေးတယ်"

"တွေ့ပါတယ် ဆရာ၊ အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်လို့ ရေးထုံးပိုင်းမှာ သိပ်ပြောစရာ
မရှိဘူးလို့ ဆရာက ပြောပေမယ့် ကျွန်တော့်အနေနဲ့ တစ်ချက်လောက် ထောက်ပြခွင့်ပြုပါ ဆရာ၊
အမျိုးသားပညာရေးဥပဒေနဲ့ ဆက်စပ်တဲ့ တစ်နည်းအားဖြင့် ပြောရရင် အမျိုးသားပညာရေး
ဥပဒေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ပြဋ္ဌာန်းမယ့် ဥပဒေကြမ်းတွေမှာ လက်ရှိ
ကျင့်သုံးနေတဲ့ ဥပဒေရေးထုံးနဲ့ မကိုက်ညီတဲ့ အချက်တစ်ချက်ကို ပြောချင်တာပါ ဆရာ။
ဥပဒေကြမ်းတွေက အတည်မဖြစ်သေးဘူးလို့ ဆရာပြောတာ မှန်ပေမယ့် ဒီကိစ္စက အောက်ခြေ
အဆင့်မှာပဲ ပြင်လိုက်ရင် ပြီးတဲ့ ကိစ္စဖြစ်လို့ပါ"

"ဘာများပါလဲ"

"ဒီလိုပါ ဆရာ၊ အခု ကျွန်တော်ရရှိထားတဲ့ ဥပဒေကြမ်းတွေမှာ အမျိုးသားပညာရေး ဥပဒေမှာ
ပါရှိပြီးဖြစ်တဲ့ ဝေါဟာရအတော်များများကို ထပ်မံပြီး အဓိပ္ပာယ်ဖွင့်ဆိုထားတာကို တွေ့ရပါတယ်။
လက်ရှိကျင့်သုံးနေတဲ့ ဥပဒေရေးထုံးအရဆိုရင် အဲဒီလိုလုပ်ဖို့ မလိုပါဘူး ဆရာ။ 'ဤဥပဒေတွင်
ပါရှိပြီး အမျိုးသား ပညာရေးဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသော စကားရပ်များသည်
ယင်းဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည့်အပြင် အောက်ပါ
စကားရပ်များသည်လည်း ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက် ရောက်စေရမည်' လို့ ရေးမယ်ဆိုရင်
လိုရင်း ရောက်ပါတယ် ဆရာ"

"ဒါတော့ မှန်တယ်ကွ၊ ပင်မဥပဒေမှာ အဓိပ္ပာယ်ဖွင့်ဆိုပြီးဖြစ်တဲ့ စကားရပ်တွေကို နည်းဥပဒေနဲ့
တခြားဆက်စပ်တဲ့ ဥပဒေတွေမှာ ထပ်မံပြီး ဖွင့်ဆိုဖို့ မလိုတော့ဘူး။ အခု မင်းရေးပြတဲ့ ၀ါကျက
နည်းဥပဒေတွေမှာ သုံးစွဲလေ့ရှိတဲ့ ၀ါကျအတိုင်း မဟုတ်ပေမယ့် မင်းဝါကျကတော့ ပိုပြီး
ရှင်းတာပေါ့၊ ကြိုက်တာကို ယူနိုင်ပါတယ်"

"နောက်တစ်ချက်ကတော့ ဥပဒေပုဒ်မ ၂၁ (က)မှာ 'မူလတန်းအဆင့် အောင်မြင်ပြီးမြောက်
သူများအနေနဲ့ အခြေခံအဆင့်နည်းပညာနဲ့ သက်မွေးပညာရေးကို ဆက်လက်သင် ယူနိုင်တယ်'
ဆိုတဲ့ သဘောမျိုးပြဋ္ဌာန်းထားပါတယ်။ အဲဒါက ဘယ်လိုပညာရေးမျိုးဖြစ်မလဲ ဆရာ။ နောက်ပြီး
မူလတန်းအဆင့်အောင်ပြီး ကလေးတွေဟာ အသက်ဆယ်နှစ်သာ ရှိသေးတာကြောင့်
ကလေးသူငယ်ဥပဒေအရ အလုပ်လုပ်ဖို့ မဖြစ်နိုင်တဲ့အတွက် အဲဒီပြဋ္ဌာန်းချက်ကို
ပယ်ဖျက်ရမယ်လို့ ဥပဒေပညာရှင်တစ်ဦးက ဝေဖန်ထားတာကိုလည်း သတင်းတစ်ပုဒ်မှာ
ဖတ်လိုက်ရပါတယ် ဆရာ"

"အဲဒီလို ပညာရေးမျိုးကို သင်ကြားပေးတဲ့ သင်တန်းကျောင်းမျိုး ရှိ မရှိတော့ ငါလည်း
အသေအချာတော့ မသိဘူးကွ။ ငါမှတ်မိတာ မမှားဘူးဆိုရင်တော့ ပန်တျာကျောင်းတွေ
ဖွင့်စဦးတုန်းက စတုတ္ထတန်း အောင်မြင်ပြီးသူတွေ အဲဒီကျောင်းတွေမှာ တက်ခွင့်ရှိတယ်
ထင်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အခြေခံ အလယ်တန်းအဆင့်အောင်ပြီးမှ
တက်ခွင့်ရှိတယ်လို့ သတ်မှတ်ထားတယ်နဲ့ တူတယ်၊ မသေချာဘူး။ တခြားအလားတူ
ပညာရပ်တွေ ရှိသေးလားတော့ မသိဘူး။ အားကစားသင်တန်း ကျောင်းတွေ အကျုံးဝင်
မဝင်လည်း မသိနိုင်ဘူး။ အဲဒီပညာရပ်မျိုးတွေကတော့ ငယ်ငယ်ကတည်းက သင်ပေးတာက
တတ်လွယ်တယ်လို့ ထင်တယ်ကွ။ ဒါပေမယ်လို့ ဒီပညာရပ်တွေကလည်း အလွန်လေးစား
တန်ဖိုးထားရမယ့် ယဉ်ကျေးမှုဆိုင်ရာ ပညာတွေဆိုတော့ နောင် အသက်မွေးဝမ်းကျောင်းအဖြစ်နဲ့
လုပ်ကိုင်တဲ့အခါ စတုတ္ထတန်းအထိ သင်ကြားခဲ့တဲ့ ပညာဗဟုသုတနဲ့တော့
မလုံလောက်တော့ဘူး။ အထူးသဖြင့် သမိုင်း၊ စာပေစတဲ့ ဘာသာရပ်တွေကို အတော်အသင့်
လေ့လာထားဖို့ လိုတယ်။ အဲဒီလိုသင်တန်းကျောင်းတွေမှာ သူ့အသက်အရွယ်အလိုက်
ကျောင်းသင်ဘာသာရပ်တွေကို သင်ပေးဖို့တော့ လိုမှာပေါ့။

"ကလေးသူငယ်ဥပဒေအရ အလုပ်လုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာနဲ့ ပတ်သက်လို့ ငါ့အမြင်ကို
ပြောရရင် ဒါက ပညာသင်ယူတဲ့ ကိစ္စပဲ၊ ကလေးသူငယ်ဥပဒေနဲ့ မဆန့်ကျင်ပါဘူး။ မော်တော်ကား
၀ပ်ရှော့လိုမျိုးမှာ ပညာသင်ပေးတာ မဟုတ်ဘဲနဲ့ အလုပ်လုပ်ခိုင်းရင်တော့ ဥပဒေနဲ့ ငြိစွန်းမှာပေါ့"

"နောက်ပြီး အဲဒီဥပဒေပညာရှင်ကပဲ 'နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့ ကော်မရှင်အဖွဲ့ဝင်တွေနဲ့
ကော်မတီဝင်တွေကို ချီးမြှင့်ငွေနဲ့ စရိတ်ခံစားခွင့်ပြုတဲ့ ပြဋ္ဌာန်းချက်ကို မိခင်ဥပဒေမှာ ထည့်သွင်း
ပြဋ္ဌာန်းဖို့ မလိုဘူး' ဆိုပြီး ဝေဖန်ထားပါတယ်ဆရာ၊ အဲဒါနဲ့ ပတ်သက်လို့..."

"ဒါကတော့ ဒီလိုပြဋ္ဌာန်းချက်မျိုးက ခေတ်အဆက်ဆက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေမှာ ပါတာကို
ဥပဒေသမားတွေ တွေ့နေကြတာပဲ။ နိုင်ငံတော်ဘဏ္ဍာငွေဆိုတာ ဥပဒေတစ်ရပ်ရပ်အရ
သုံးစွဲခွင့်ပြုထားမှ သုံးခွင့်ရှိတာ မဟုတ်လား။ အခွင့်အာဏာမရှိဘဲ သုံးထားရင် စာရင်းစစ်က
ကန့်ကွက်မှာပေါ့"

"ဥပဒေမှာ ထည့်ဖို့ မလိုဘဲ နည်းဥပဒေ၊ သို့မဟုတ် အမိန့်ကြော်ငြာစာနဲ့ သတ်မှတ်ပေးနိုင်တယ်လို့
ပြောချင်တာ ဖြစ်ပါလိမ့်မယ် ဆရာ"

"ဘယ်ရမလဲကွာ၊ နည်းဥပဒေတို့၊ အမိန့်ကြော်ငြာစာတို့ဆိုတာတွေက ပင်ရင်းဥပဒေမှာ
အာဏာအပ်နှင်းထားပြီး ကိစ္စတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာ ညွှန်ပြတဲ့ လုပ်ထုံးလုပ်နည်း
တွေပဲကွ။ ပင်ရင်း ဥပဒေမှာ အခွင့်အာဏာပေးတဲ့ ပြဋ္ဌာန်းချက် (Enabling provision) မပါရင်
နည်းဥပဒေမှာ ထည့်လို့ မရဘူး။ အမိန့်ထုတ်တယ်ဆိုပြီး ငါတကောကောလို့လည်း မရဘူး။
အဲဒါမျိုးကို အာဏာကျော်လွန်လုပ်တယ် (လက်တင်ဘာသာနဲ့ 'Ultra Vires' ဖြစ်တယ်)လို့
ခေါ်တယ်။ တော်တော့ကွာ၊ တခြားသူတွေ ပြောတာဆိုတာတွေကို ဆန့်ကျင်ပြီး မပြောချင်ဘူးကွ၊
အခုပြောရတာက လူငယ်ဥပဒေသမားလေးတွေအနေနဲ့ ဥပဒေကြမ်းရေးဆွဲနည်းနဲ့ ပတ်သက်ပြီး
သိရှိထားစေချင်တဲ့အချက်တွေ ဖြစ်လို့သာ ပြောနေရတာ။ အမျိုးသားပညာရေး ဥပဒေနဲ့
ပတ်သက်ပြီး မင်းအနေနဲ့ ဆွေးနွေးချင်တဲ့ ကိစ္စ ကျန်သေးလား။ မကျန်တော့ဘူးဆိုရင်တော့
ငါ့အနေနဲ့ ဆွေးနွေးစရာကိစ္စတွေကိုပြောမယ်"

"ဟုတ်ကဲ့ ပြောပါ့မယ်ဆရာ၊ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ အင်္ဂလိပ်စာ သင်ကြားရေး ကိစ္စက
အရေးကြီးတဲ့ ကိစ္စတစ်ရပ်ဖြစ်သလိုပဲ လက်ရှိ ကျင့်သုံးနေတဲ့ အဝေးသင်ပညာရေး ကိစ္စကလည်း
အလေးထားပြီး သုံးသပ်ရမယ့် ကိစ္စဖြစ်တယ်လို့ ယူဆပါတယ်ဆရာ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး
အမျိုးသားပညာရေးဥပဒေပုဒ်မ ၂၉ မှာ 'အဆင့်မြင့် ပညာရေးကို အကောင်အထည်ဖော်ရာတွင်
အဝေးသင်ပညာရေး စနစ်ကိုလည်း ကျင့်သုံးမည်' ဆိုပြီး ပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။
ဒီစနစ်ကို ကျင့်သုံးလာခဲ့တာလည်း နှစ်ပေါင်း လေးငါးဆယ်လောက် ရှိနေပြီဖြစ်လို့ ဒီစနစ်နဲ့
ဘွဲ့ရထားတဲ့ သူတွေလည်း သောင်းဂဏန်းလောက်တော့ ရှိနေပါပြီ။ တချို့ဆို အစိုးရဌာနတွေမှာ
အဆင့်မြင့် ရာထူးတွေကိုတောင် ရရှိထားကြပါတယ်။ ဒီတော့ အဝေးသင်ပညာရေးစနစ်ရဲ့
တိုင်းပြည်အတွက် အကျိုးပြုနိုင်မှု၊ ဒီစနစ်နဲ့ ဘွဲ့ရသူတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည် အဆင့်အတန်း
စတာတွေကို ဆန်းစစ်မှု ပြုလုပ်သင့်တယ်လို့ ထင်ပါတယ်ဆရာ၊ အမျိုးသားပညာရေး ဥပဒေမှာ
ပါရှိတဲ့ ဝေါဟာရကို အသုံးပြုပြီး ပြောရမယ်ဆိုရင်တော့ အဝေးသင်ပညာရေးစနစ်က
မွေးထုတ်လိုက်သူတွေအတွက် 'အရည်အသွေး အာမခံမှု' ဘယ်လောက်ရှိသလဲဆိုတာပေါ့
ဆရာ"

"အခု မင်းပြောတာတွေက ပညာရေး သုတေသနပညာရှင်တွေသာ လုပ်နိုင်တဲ့ ကိစ္စတွေကွ၊ ငါတို့
လက်လှမ်းမမီဘူး၊ အရည်အသွေး အာမခံချက်ပေးတယ် ဆိုတာကလည်းပညာရေးဆိုင်ရာ
ကျွမ်းကျင်သူတွေသာ သိနိုင်တဲ့ ကိစ္စပဲ။ နောက်ပြီး ဝေဖန်တယ်ဆိုတာကလည်း ၀ါးလုံးရှည်နဲ့
ရမ်းတာမျိုး မဖြစ်သင့်ဘူး။ ဒါပေမဲ့ ဒို့ထိ တွေ့နေရတဲ့ တရားဥပဒေလောကရဲ့ အတွေ့ အကြံုတွေ
အပေါ်မှာ အခြေပြုပြီး သုံးသပ်ချက် ထင်မြင်ချက်ပေးတာမျိုးကိုတော့ လုပ်နိုင်တာပေါ့"

"ဟုတ်ကဲ့၊ အဲဒီလိုပဲ လုပ်ပါဆရာ"

"အခု အဝေးသင်ပညာရေးလို့ ခေါ်နေကြတဲ့ စနစ်ကို စတင်တဲ့အချိန်တုန်းကတော့
စာပေးစာယူစနစ်လို့ ခေါ်ခဲ့ကြတယ်မဟုတ်လား၊ ဒီစနစ် ပေါ်ပေါက်လာရတဲ့
အဓိကအကြောင်းရင်းက ဘာလဲ"

"နှစ်စဉ် နှစ်တိုင်း တိုးတက်လာတဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်ထားပြီး
ကျောင်းသားဦးရေကို တက္ကသိုလ်၊ ကောလိပ်တွေက လက်မခံနိုင်လို့ ဒီစနစ်ပေါ်ပေါက်ရတာ
မဟုတ်လား ဆရာ"

"မှန်တယ်၊ ဒီပြဿနာက ဒို့ခေတ်လောက် မှာကတည်းက စနေပြီ၊ တချို့မြို့ကြီးတွေမှာ တက္ကသိုလ်
လက်အောက်ခံ ကောလိပ်ကျောင်းတွေကို တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပေမယ့် နှစ်စဉ် တိုးတက်လာနေတဲ့
တက္ကသိုလ် ကျောင်းသားဦးရေနဲ့ မမျှတော့ဘူး။ စစ်မဖြစ်မီနဲ့ လွတ်လပ်ရေး ခေတ်ဦးလောက်အထိ
တက္ကသိုလ် ကျောင်းဆောင်တွေမှာ တစ်ယောက်တစ်ခန်းစီ နေခဲ့ကြရပေမယ့် နောက်ပိုင်းမှာတော့
နှစ်ယောက်တစ်ခန်း နေကြရတယ်၊ နောက်ပိုင်းမှာ မီးရထားနဲ့ သင်္ဘောတွေမှာလို နှစ်ထပ်
အိပ်စင်တွေ လုပ်ဖို့ တက္ကသိုလ်အာဏာပိုင်တွေက စီစဉ်ခဲ့ပေမယ့် ကျောင်းသားသမဂ္ဂတွေက
ကန့်ကွက်ခဲ့ကြလို့ အဲဒီအစီအစဉ် မအောင်မြင်ခဲ့ဘူး၊ ဆိုလိုတာက အဝေးသင်ပညာရေးစနစ်ဆိုတာ
တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိတယ်ဆိုပြီး ရည်ရွယ်ချက်ရှိရှိနဲ့ စတင်ခဲ့တဲ့စနစ် မဟုတ်ဘူး၊
ပြဿနာ တစ်ခုကို ဖြေရှင်းတဲ့ နည်းစနစ်တစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့တာပဲ၊ ရည်ရွယ်ချက်ဆိုတာ
တွေက နောက်မှသတ်မှတ်တဲ့ဟာတွေ"

"မှန်ပါတယ်ဆရာ"

"ဒီတော့ အဝေးသင်ပညာရေးစနစ်ဆိုတာကို 'Existentialism' လို့ခေါ်တဲ့ 'ဖြစ်တည်မှု ပဓာန
သဘောတရား'နဲ့ နှိုင်းယှဉ် ပြီးပြောလို့ ရမယ် ထင်တယ်ကွ"

"ဘယ်လိုပါလဲ ဆရာ"

" 'Existentialism' ၀ါဒရဲ့အဆိုက 'Existence preceeds essence' တဲ့ကွ၊ ဆိုလိုတာက
လူ့ဘဝနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် 'လူက အရင်ဖြစ်ပြီးမှ စည်းကမ်းတွေ၊ ကျင့်ဝတ်တွေ၊
ဓလေ့ထုံးတမ်းစတဲ့ အနှစ်သာရ ဆိုတာတွေက နောက်မှဖြစ်လာတာ'တဲ့ နေဦးကွ၊ အဲဒီလို
ဒဿနသဘောတရားက အခု ပြောနေတုန်း ခေါင်းထဲမှာ ၀င်လာလို့ ပြောဖြစ်သွားတာ၊
ဒီလိုပြောတော့ 'စကားနောက် တရားပါ' ဆိုသလိုဖြစ်ပြီး ရှုပ်ကုန်ဦးမယ်၊ အဲဒီဒဿန
သဘောတရားကလည်း နဂိုကမှ ခပ်ရှုပ်ရှုပ်ဆိုတော့။ ငါပြောလိုရင်းကတော့ စာပေးစာယူနည်းနဲ့
အဝေးသင်ပညာရေး စနစ်ဆိုတာက တက္ကသိုလ်ဝင်ရောက်လိုတဲ့ ကျောင်းသား ဦးရေနဲ့
လက်ခံနိုင်တဲ့ ကျောင်းသားဦးရေ မမျှတတဲ့ ပြဿနာကို ဖြေရှင်းရာကနေ ပေါ်ပေါက်လာတဲ့
စနစ်တစ်ခုဆိုတော့ မူရင်းပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုရင် အဲဒီစနစ်ကို အသုံးပြုဖို့
လိုဦးမလားဆိုပြီး တွေးမိလို့ပါ။ နိုင်ငံခြားတိုင်းပြည်တွေမှာ လည်း ဒီစနစ်မျိုးရှိတယ်လို့ သိရပေမယ့်
သူတို့က အဲဒီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံက ဒီစနစ်ကို ဘာကြောင့်သုံးသလဲ၊ ဘယ်လိုသုံးသလဲ
ဆိုတာကိုတော့ လေ့လာကြည့် သင့်တာပေါ့။ တချို့နိုင်ငံတွေ အနေနဲ့တော့ ပညာရေးကို
နိုင်ငံခြားပို့ကုန်အနေနဲ့ အသုံးပြုဖို့အတွက် အဲဒီစနစ်ကို သုံးနေကြတာလားမသိဘူး"

"ကျွန်တော်တို့ ကျင်လည်နေတဲ့ တရားဥပဒေလောကရဲ့ အတွေ့အကြံုတွေကို အခြေခံပြီး
သုံးသပ်ပေးပါဦးဆရာ"

"အဲဒီကိစ္စက သူတစ်ပါး၊ သို့မဟုတ် အဖွဲ့ အစည်း တစ်ခုခုကို ထိခိုက်နိုင်တာဆိုတော့ သိပ်တော့
မပြောချင်ဘူးပေါ့ကွာ။ ပြောရမယ်ဆိုရင်တော့ စာပေးစာယူနည်းနဲ့ အဝေးသင် ပညာရေးစနစ်က
ထုတ်ပေးလိုက်တဲ့ ထုတ်ကုန်တွေက အရည်အသွေး မမီတာတွေ အတော်များများ ပါလာတာကို
တွေ့ရတယ်၊ ဒါက ယေဘုယျသဘောနဲ့ ပြောတာပါ၊ လုပ်ငန်းခွင်ထဲ ရောက်မှ လက်တွေ့နဲ့
ပေါင်းစပ်လုပ်ကိုင်ရင်း လေ့လာမှု အားကောင်းလို့ အရည်အသွေး စံမီလာသူတွေလည်း ရှိပါတယ်"

"မှန်ပါတယ် ဆရာ"

"အဝေးသင်စနစ်မှာ ပို့ချပေးပို့နေတဲ့ စာစဉ်တွေက အဆင့်အတန်းမီတယ်ဆိုတာကတော့
သံသယဖြစ်စရာ မရှိပါဘူး။ ရုပ်မြင်သံကြားက ပို့ချချက်တွေကို အချိန်မှန်မှန် အချိန်ပြည့်
နားထောင်သူ ဘယ်နှလောက် ရှိမလဲ ဆိုတာကတော့ စဉ်းစားစရာပေါ့၊ ဒီတော့ စီဒီတွေ၊ ဒီဗီဒီတွေ
ဖြန့်ပေးမယ်ဆိုရင်တော့ ပိုကောင်းမှာပေါ့၊ အဲဒီလို လုပ်နေပြီလားတော့လည်းမသိဘူး။ ပို့ချတဲ့
စာစဉ်တွေကို ဖတ်ပြီးပြန်ဖြေတဲ့ သဘောနဲ့ ပြန်ရေးပြီး တင်ပြတဲ့စနစ်ကိုတော့ ပြန်စဉ်းစားဖို့
ကောင်းတယ်။ ငါတွေ့ဖူးတာကို ပြောရရင်တော့ အဝေးသင်စနစ်နဲ့ သင်ယူနေတဲ့ ငါ့ စားရေး
၀န်ထမ်းတစ်ယောက်ရဲ့ အဖြေလွှာကို ရုံးအကူဖြစ်သူက စာစဉ်ကိုဖတ်ပြီး ကူးနေတာမျိုးလည်း
တွေ့ဖူးတယ်၊ နောက်ပြီး စာမေးပွဲ မဖြေမီ အနီးကပ်သင်တန်းဆိုတာ ကလည်း မေးခွန်းတစ်ဆယ့်
ငါးခုလောက်ကို ဖြေပြပြီး ခုနစ်ပုဒ်၊ ရှစ်ပုဒ်လောက် ပြန်မေးသတဲ့၊ အခုထိ အဲဒီလိုလားဆိုတာတော့
မသိဘူးပေါ့၊ အခုပြောခဲ့တဲ့ ချွတ်ယွင်းချက်တွေ ရှိနေသေးရင် ပြန်ပြင်ဖို့လိုမယ်လေ။ ဒီမှာနားပြီး
နောက်အပတ် ဆက်ကြသေးတာပေါ့။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021