၀ိှုက်ကတ်၊ သို့မဟုတ် နိုင်ငံရေး ဖဲချပ်

၀ိှုက်ကတ်၊ သို့မဟုတ် နိုင်ငံရေး ဖဲချပ်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီီးမှာဝှိုက်ကတ် (White Card) ဒါမှမဟုတ် ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်တဲ့သူတွေကို မဲပေးခွင့်ပြုဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဖွဲ့စည်းပုံ
ပြင်ဆင်ရေး၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီီးမှာဝှိုက်ကတ် (White Card) ဒါမှမဟုတ် ယာယီ
သက်သေခံလက်မှတ် ကိုင်ဆောင်တဲ့သူတွေကို မဲပေးခွင့်ပြုဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

လွှတ်တော်နဲ့ သမ္မတ သဘောထား ကွဲလွဲနေခဲ့ရာကနေ သမ္မတက အကြံပြုတဲ့ သဘောထား
မှတ်ချက်အတိုင်း မဲခွဲ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ထုံးစံအတိုင်း ဒါနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားတွေ မခံမရပ်နိုင် ဖြစ်ပြီး လက်မခံနိုင်ကြောင်း
ကြေညာချက်တွေထုတ်၊ ဖွဲ့စည်းပုံ ခုံရုံးကို တင်ဖို့အထိ လုပ်နေကြပြီလည်း ဖြစ်ပါတယ်။

ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် မှားသလား၊ မှန်သလား၊ ရခိုင်အမျိုးသားပါတီရဲ့
ရပ်တည်ချက် မှားသလား၊ မှန်သလား၊ အရင် စစ်အာဏာရှင်တွေနဲ့ သူတို့ကို ဆက်ခံတဲ့
စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ ၀ိှုက်ကတ်ကို နိုင်ငံရေး ဖဲချပ်လို ကိုင်ပြီး
ကစားနေသလားဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

၀ိှုက်ကတ်ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ဟာ ယာယီ သက်သေခံ လက်မှတ်ဆိုတဲ့အတိုင်း ဘာနိုင်ငံသား၊
ဘာအဆင့်အတန်း မစိစစ်ရေးရတဲ့ သူတွေကို ထုတ်ပေးထားတဲ့ကတ်လို့ ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံသားတွေကို ခွဲခြားသတ်မှတ် ထားမှုအရ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊
နိုင်ငံသားပြုခွင့်ရသူ၊ ဒါမှမဟုတ် နိုင်ငံခြားသား တစ်ခုခုဖြစ်တယ်ဆိုပြီး မစိစစ်ရသေးသူတွေလို့
ဆိုပါတယ်။

အဲဒီလူဟာ နိုင်ငံသားဖြစ်ချင်လည်း ဖြစ်မယ်၊ နိုင်ငံခြားသား ဖြစ်ချင်လည်း ဖြစ်နိုင်တယ်ဆိုတဲ့
သဘောပါ။

လက်ရှိ လွှတ်တော်ထဲ ဆွေးနွေးတာဟာ မြန်မာနိုင်ငံအတွက် အလွန့်အလွန် အရေးကြီးတဲ့
ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ကိစ္စ ဖြစ်ပါတယ်။

ဒီလို အရေးကြီးတဲ့ ကိစ္စမျိုးမှာ နိုင်ငံသားမှန်း မသိ၊ နိုင်ငံခြားသားမှန်း မသိသူတွေကို မဲပေးဖို့
ခွင့်မပြုသင့်ဘူးဆိုတာ အလွန်ရိုးရှင်းပါတယ်။

ရခိုင်တိုင်းရင်းသားတွေရဲ့ ရပ်ခံချက် မှန်ကန်ပြီး လွှတ်တော် ဆုံးဖြတ်ချက် အလွန်မှားပါတယ်။

ဒီကိစ္စ မဲပေးဆုံးဖြတ်ခဲ့ကြတဲ့ ပြည်ခိုင်ဖြိုး အမတ်တွေနဲ့ တပ်မတော်သား အမတ်တွေ
မှားယွင်းတယ်လို့ ပြောနိုင်ပါတယ်။

ဒါပေမဲ့ ပြဿနာက အဲဒီလောက် မရိုးရှင်းပါဘူး။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ဖွဲ့စည်းပုံ
၂၀၀၈ အတည်ပြုခဲ့တဲ့အချိန်၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အားလုံးမှာ
ဥပဒေအရ အဲဒီ ၀ှုိက်ကတ် ကိုင်ဆောင်သူတွေ မဲပေးခွင့် ရခဲ့ကြပါတယ်။

ပြောချင်တာ အရင် စစ်အာဏာရှင်ခေတ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေနည်းဥပဒေ
တွေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ အားလုံးမှာဝှိုက်ကတ်
ကိုင်ဆောင်သူတွေကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ပါတီဝင် ဖြစ်ခွင့်နဲ့ မဲပေးခွင့် ခွင့်ပြုထားခဲ့တာ
ဖြစ်ပါတယ်။

အဲဒီအထဲကမှ လွှတ်တော်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေကို
ပြင်ဆင်လိုက်ပြီး ၀ိှုက်ကတ် ကိုင်ဆောင်သူတွေကို ပါတီထောင်ခွင့်နဲ့ ပါတီအဖွဲ့ဝင်အဖြစ် ပါ၀င်ခွင့်
မပေးတော့ပါဘူး။

ဒါပေမဲ့ မဲပေးခွင့်နဲ့ ဆိုင်တဲ့ ဥပဒေတွေကိုတော့ မပြင်ဆင်ရသေးပါဘူး။ အဲဒီ ဥပဒေတွေ
မပြင်ဘူးဆိုရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ၂၀၁၀၊ ၂၀၁၂ နည်းတူ ၀ှုိက်ကတ်
ကိုင်ထားသူတွေ မဲပေးခွင့် ရကြပါလိမ့်ဦးမယ်။

တကယ့်တကယ် ပြဿနာ အရင်းခံဟာ ၀ှုိက်ကတ်ကိုင်သူတွေကို မဲပေးခွင့်ပြုသင့် မသင့်
ဆိုတာထက် တိုင်းပြည်မှာ ၀ှုိက်ကတ် ကိုင်ထားတဲ့ သူတွေ ဘာလို့ ဒီလောက်များပြီး ဘာလို့
နှစ်ပေါင်းများစွာတိုင်အောင် နိုင်ငံသား အဆင့်အတန်း မစိစစ်ခဲ့တာလည်းဆိုတဲ့ ပြဿနာပါ။

တရားဝင်အားဖြင့် ၀ှုိက်ကတ်တွေကို အရင် စစ်အာဏာရှင်ခေတ် ၁၉၉၀ ၀န်းကျင်ကစ
ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်က သုံးခေါက်ချိုးလို့ခေါ်တဲ့ ပြည်ထာင်စု မြန်မာနိုင်ငံတော် သက်သေခံ ကတ်ပြား
ကိုင်ဆောင်ထားသူတွေထဲက တိုင်းရင်းသားတွေကို နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြန်ထုတ်ပေးပြီး
တိုင်းရင်းသား မဟုတ်သူ၊ တချို့နိုင်ငံသားတွေကိုတော့ ၀ှုိက်ကတ်ပဲ ထုတ်ပေးထားခဲ့တာ
ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီရိုဟင်ဂျာ တွေကိုတော့ သက်သေခံကတ်ပြား ရှိသူတွေကိုရော၊
မရှိသူတွေကိုပါ ၀ှုိက်ကတ် ထုတ်ပေးခဲ့ပါတယ်။

အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲကာလမှာ မဲပေးနိုင်တယ်ဆိုပြီး အများအပြား ထုတ်ပေးခဲ့တာပါ။

အခုဆို အဲဒီ ၀ှုိက်ကတ် ကိုင်ထားသူ ရခိုင်ပြည်နယ်မှာ ခုနစ်သိန်းကျော်၊ ရခိုင်ပြည်နယ် ပြင်ပမှာ
တစ်သိန်းဝန်းကျင် စုစုပေါင်း ရှစ်သိန်း ကျော်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီထဲကမှ ၁၈ နှစ်ပြည့်ပြီး မဲပေးနိုင်သူ ခြောက်သိန်းလောက် ရှိတယ်လို့ လဝက က ထုတ်ပြန်
ထားပါတယ်။

အဲဒီ ၀ှုိက်ကတ်တွေ စပြီးထုတ်ပေးခဲ့တဲ့ အချိန်ကနေ စရေတွက်ရင် ခုဆို နှစ်ပေါင်း ၂၀ ကျော်
သွားပါပြီ။

အရင် စစ်အာဏာရှင်တွေဟာ ယာယီလို့ ဆိုတဲ့ အဲဒီ ၀ှုိက်ကတ် ကိုင်ထားသူတွေကို နိုင်ငံသား
အဆင့်အတန်း တစ်ခုခု ဒါမှမဟုတ် နိုင်ငံခြားသား ဖြစ်တယ်ဆိုတာ တိတိကျကျ စိစစ်တာ
မလုပ်ဘဲ အချိန်ဆွဲထားခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့် ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီ ရိုဟင်ဂျာတွေကို ဘာနိုင်ငံသားတွေလို့ မစိစစ်ရသေးဘူး၊
၀ှုိက်ကတ် ကိုင်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခရီးသွားလာခွင့် တားမြစ်ပြီး ဒေသ တစ်ခုထဲ
ပိတ်လှောင်ထားတာ၊ ခွင့်ပြုချက်ရမှ အိမ်ထောင်ပြုရမယ်၊ အိမ်ထောင် ပြုရင်လည်း ကလေး
ဘယ်နှစ်ယောက်ပဲ ယူရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်တာမျိုးတွေ လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ စွပ်စွဲမှု
ခံနေရတာလည်း ဖြစ်ပါတယ်။

အခုနောက်ပိုင်း သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်လာတော့လည်း လေးနှစ်တာ
ကြာလာတဲ့တိုင် အဲဒီ ၀ှုိက်ကတ် ကိုင်ဆောင်တဲ့သူတွေကို ကောင်းကောင်း စိစစ်တာမျိုး
မလုပ်ခဲ့ပါဘူး။

စိစစ်ပေးခဲ့တယ်ဆိုတဲ့ အရည်အတွက်ဟာလည်း ရာဂဏန်းလောက် ရှိတာမို့ ဘာမှ
မပြောပလောက်ပါဘူး။

ပြဿနာကို ခြံုငုံသုံးသပ်ကြည့်လိုက်ရင် အရင် စစ်အာဏာရှင်တွေနဲ့ လက်ရှိ အစိုးရဟာ
၀ှုိက်ကတ် ပြဿနာကို မွေးမြူထားတဲ့ ပုံပေါ်ပါတယ်။

ရွေးကောက်ပွဲလို ကိစ္စတွေ ပေါ်လာရင် လိုသလို အသုံးချဖို့ ရည်ရွယ်ထားပုံ ရပါတယ်။

နောက်တစ်ချက်ကတော့ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာတွေကို မဲပေးခွင့်သာ မပြုခဲ့ရင်
လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဒီထက် ပြင်းထန်တဲ့
ဖိအားပေးမှု ခံရနိုင်တာကို နည်းနည်းလောက်ဖြစ်စေ ရှောင်လွှဲနိုင်ဖို့ မဲပေးခွင့်ပြုထားတာလည်း
ဖြစ်နိုင်ပါတယ်။

အဲလို မဲပေးခွင့်ပြုလိုက်ရင် ရခိုင်တိုင်းရင်းသားတွေရဲ့ မကျေနပ်မှု ဒေါသကိုလည်း ဆွပေးသလို
ဖြစ်စေပြီး တကယ့်ပြဿနာတွေကို အဲဒီ ဘင်္ဂါလီ ရိုဟင်ဂျာတွေဘက်ပဲ အာရုံစိုက်အောင်
လုပ်ထားနိုင်လို့လည်း ဖြစ်နိုင်ပါတယ်။

တကယ်ဖြစ်သင့်တာကတော့ အစိုးရဟာ ယာယီလို့ သတ်မှတ်ထားတဲ့ ၀ှုိက်ကတ် ပြဿနာကို
အမြန်ဆုံး အဆုံးသတ်သင့်ပါပြီ။

၀ှုိက်ကတ် ကိုင်ထားသူတွေကို ဘယ်နိုင်ငံသား ဘာအဆင့်အတန်း ရှိတယ်ဆိုတာ မြန်မြန်
သတ်မှတ်၊ သတ်မှတ်တဲ့ အဆင့်အတန်းနဲ့ လျော်ညီတဲ့ အခွင့်အရေးတွေပေး၊ ခိုးဝင်သူတွေလို့
သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ တွေ့ခဲ့ရင် မူရင်းနိုင်ငံ ပြန်ပို့ဖို့ စီစဉ်တာ၊ သံရေးတမန်ရေး
စကားပြောတာ လုပ်ကို လုပ်ရပါမယ်။

သမ္မတ၊ အစိုးရအဖွဲ့၊ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သား အမတ်တွေ လုပ်နေကိုင်နေပုံဟာ ၀ှုိက်ကတ်
ပြဿနာကို မဖြေရှင်းဘဲ နိုင်ငံရေး ဖဲချပ်တွေလို လိုသလို အသုံးပြုနေကြတာသာ
ဖြစ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021