"ရောက်လာပြီလားကွ။ လာထိုင်ကွာ၊ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်လို့ ငါတို့ရဲ့ မာရသွန်ဆွေးနွေးပွဲကြီးကို ဆက်လိုက်ကြရအောင်"
"ရောက်လာပြီလားကွ။ လာထိုင်ကွာ၊ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်လို့ ငါတို့ရဲ့ မာရသွန်
ဆွေးနွေးပွဲကြီးကို ဆက်လိုက်ကြရအောင်"
"ဒါကတော့ ဆရာ၊ ဒီဥပဒေနဲ့ ပတ်သက်လို့ ဆွေးနွေးရာမှာ ခိုင်လုံတဲ့ အကြောင်းအချက်တွေ၊
အကြောင်းပြချက်တွေမပါဘဲ ကိုယ်ထင်ရာကိုယ် စွတ်ပြောနေမယ်ဆိုရင်တော့ လမ်းပေါ်က လူတွေ၊
ဈေးထဲက လူတွေကြံုကြိုက်သလို ပြောကြတာမျိုးပဲ ဖြစ်မှာပေါ့ ဆရာ။ ဆရာ့ကတော့ ဒီဥပဒေနဲ့
ပတ်သက်ပြီး အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်လို့ဆိုတဲ့ ကာလ သုံးပါးစလုံးကို ဆက်စပ်ပြီး ဝေဖန်
သုံးသပ်မယ်လို့ ဆိုထားတော့ အတိတ်နဲ့ ပစ္စုပ္ပန်မှာ ဖြစ်ခဲ့၊ ဖြစ်ဆဲ ပကတိအခြေအနေတွေကို
ခင်းကျင်း ပြပြီးတော့မှ သုံးသပ်ကြရတဲ့အတွက် မာရသွန် ဆောင်းပါးမျိုးတော့ ဖြစ်ချင်လည်း
ဖြစ်မှာပေါ့ ဆရာ။ ကျွန်တော့်အမြင်ကို ပြောရရင်တော့ စာတစ်ပုဒ်ဟာ၊ တိုတာရှည်တာက အဓိက
မကျပါဘူး။ ဒီစာကို ဖတ်တဲ့ လူတွေအနေနဲ့ အချက်အလက်အမှန်တွေကို သိရှိပြီး ပြဿနာ
တစ်ရပ်ကို မှန်မှန်ကန်ကန် သုံးသပ်ဆုံးဖြတ်နိုင်ဖို့က အဓိကကျပါတယ် ဆရာ"
"ဒီလိုဆိုတော့လည်း မင်းက တော်သွားပြန်ပြီပေါ့ကွာ။ ဒါဆို အမျိုးသားပညာရေးဥပဒေနဲ့
ပတ်သက်လို့ ဆက်ပြီး ဆွေးနွေးကြတာပေါ့။ မင်းဆွေးနွေးချင်တဲ့ အချက်တွေ ကျန်သေးလား"
"တစ်ချက်တည်းပါ ဆရာ၊ ဆွေးနွေးချင်တယ်ဆိုတာထက် သိချင်တာပါ ဆရာ"
"ဆိုပါဦး"
"အမျိုးသားပညာရေး ဥပဒေပုဒ်မ ၂၈(ခ) မှာ 'အဆင့်မြင့်ပညာသင်ကြားရေးကို အကောင်အထည်
ဖော်သည့် ကျောင်းများသည် သင်ယူ သူများအား ယင်းတို့၏ ဆန္ဒကို အခြေခံပြီး သက်ဆိုင်ရာ
ကျောင်းက သတ်မှတ်ထားသော အရည်အချင်းပြည့်မီမှုအရ သင်ယူလိုသော ပညာရပ်နှင့်
ကျောင်းတို့ကို လွတ်လပ်စွာရွေး ချယ်ခွင့်ရှိစေရန် စီစဉ်ဆောင်ရွက်ရမည်'လို့ ပြဋ္ဌာန်းထားတာကို
တွေ့ရပါတယ် ဆရာ။ အဲဒါက ဥပဒေအခန်း (၃)၊ ပုဒ်မ ၄(ဇ) မှာပါတဲ့ 'သင်ယူလိုသူ၏ ဆန္ဒကို
အခြေခံပြီး သက်ဆိုင်ရာ တက္ကသိုလ်ကောလိပ်များ၏ သတ်မှတ်ထားသော အရည်အချင်း
ပြည့်မီမှုအရ ရွေးချယ်နိုင်ခွင့်ရှိသော တက္ကသိုလ်ဝင်ခွင့်စနစ်ကို ကျင့်သုံးစေရေး' ဆိုတဲ့ အခြေခံမူကို
အကောင်အထည်ဖော်မယ့် ပြဋ္ဌာန်းချက်လို့ ဆိုနိုင်ပါတယ်။ လက်ရှိစနစ်ကတော့ စစ်တက္ကသိုလ်မှ
အပ တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်တွေကို ၀င်ခွင့်ရဖို့အတွက် ပညာရေးဌာနက တစ်နိုင်ငံလုံး
အတွက် စစ်ဆေးတဲ့ ဒသမတန်းစာမေး ပွဲရမှတ်အပေါ် အခြေပြုပြီး တက္ကသိုလ်တစ်ခုခုကို
၀င်ခွင့်ရတာဆိုတော့ ရမှတ်များတဲ့ သူတချို့ အနေနဲ့သာ မိမိစိတ်ကြိုက်(မိမိဆန္ဒအရ)
တက္ကသိုလ်ကို ရွေးချယ်ခွင့်ရှိတဲ့ သဘောဖြစ်ပါတယ်။ ဒီတော့ ဥပဒေပုဒ်မ ၄(ဇ)နဲ့ ပုဒ်မ ၂၈ (ခ)
တို့မှာ ပြဋ္ဌာန်းထားချက်က လက်ရှိ တက္ကသိုလ်ဝင်ခွင့်စနစ်ကိုပဲ ရည်ညွှန်းတာလား၊
တက္ကသိုလ်ဝင်ခွင့်စနစ်သစ် တစ်ခုကို ဖော်ထုတ်ဖို့ ရည်ရွယ်တာလားဆိုတာကို ကွဲကွဲပြားပြား
မသိရလို့ပါ။ ဥပမာ - တက္ကသိုလ် တစ်ခုစီအနေနဲ့ (စစ်တက္ကသိုလ်လိုပဲ) မိမိ တက္ကသိုလ်ကို
၀င်ခွင့်ပြုဖို့အတွက် လက်ရှိစနစ်အရ ဆယ်တန်းအောင် ထားသူတွေကို သီးခြား စာမေးပွဲတစ်ခု
ထပ်မံပြုလုပ် စစ်ဆေးဦးမှာလားဆိုတာ သိချင်တဲ့ သဘောပါ ဆရာ၊ ပုဒ်မ ၁၆(က) မှာ
'အခြေခံပညာရေးကို သူငယ်တန်း အောင်ပြီးနောက် ပညာသင်နှစ် စုစုပေါင်း ၁၂ နှစ်ကို ဦးတည်
ဆောင်ရွက်ရမယ်'လို့ ဆိုထားတော့ လက်ရှိ ဆယ်တန်းအောင်ပြီးနောက် တက္ကသိုလ်အသီးသီး
အတွက် တက္ကသိုလ်ဝင် စာမေးပွဲကို သီးခြားစစ်ဆေးမယ့် သဘောလားလို့ပါ"
"မင်းရထားတဲ့ အဆင့်မြင့် ပညာရေး ဥပဒေ (မူကြမ်း)မှာ အခုပြောတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး
ဘယ်လို ရေးထားလဲ"
"ကျွန်တော် ရထားတဲ့ ဥပဒေမူကြမ်းမှာ ကျွန်တော် သိလိုတဲ့ အချက်ကို ရှာကြည့်ပြီးပါပြီ၊
ကျွန်တော်သိချင်တဲ့အချက်ကို ရှင်းလင်းအောင် ဖော်ပြထားတာမျိုးတော့ မတွေ့ရပါဘူး ဆရာ၊
အခန်း(၄) 'ပညာရေးဆိုင်ရာ လွတ်လပ်ခွင့်'ဆိုတဲ့ ခေါင်းစဉ်အောက်က ပုဒ်မ ၈(င) မှာ
'သင်ယူလိုသူ၏ ဆန္ဒကို အခြေခံပြီး ကျောင်းဝင်ခွင့်နှင့် လေ့လာသင်ကြားမည့် အထူးပြု
ဘာသာရပ်များ ရွေးချယ်ခွင့်နှင့် ပတ်သက်၍ လွတ်လပ်စွာ သတ်မှတ်စီမံခန့်ခွဲနိုင်ခွင့်' လို့
ဖော်ပြထားပြီး အခန်း(၉)၊ 'ပညာရေးဆိုင်ရာ တာဝန်နှင့် အခွင့်အရေးများ'ဆိုတဲ့ ခေါင်းစဉ်
အောက်က ပုဒ်မ ၃၃ (ဃ)မှာလည်း 'မိမိ စိတ်ပါ၀င်စားသော ဘာသာရပ်ကို ရွေးချယ်ခွင့် ရှိပြီး
အရည်အချင်းနှင့် ကိုက်ညီပါက တက်ရောက်ခွင့် ရှိစေရမည်' လို့ ဖော်ပြထားပါတယ်ဆရာ။
ဒါတွေကလည်း အခုနပြောခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေ၊ ပုဒ်မ ၄(ဇ)နဲ့ ပုဒ်မ ၂၈(ခ) တို့မှာပါတဲ့
ပြဋ္ဌာန်းချက်တွေနဲ့ ရေးသားပုံကွဲပေမယ့် အဓိပ္ပာယ်ကတော့ အတူတူပါပဲ ဆရာ။ ဒါကြောင့်
ကျွန်တော် သိချင်တဲ့ အချက်ကို ဥပဒေမူကြမ်းမှာ ရှာကြည့်တော့လည်း မတွေ့ရဘူးလို့
ပြောချင်တာပါ"
"ဒီကိစ္စကတော့ ငါ့အထင် ၁၉၆၀ ပြည့်နှစ် နောက်ပိုင်းလောက်ကစပြီး မြန်မာနိုင်ငံရဲ့ ပညာရေး
သမိုင်းတစ်လျှောက်မှာ အာဏာပိုင်တွေ ခေါင်းခဲခဲ့ရတဲ့ ပြဿနာပဲကွ။ ဒို့ခေတ်တုန်းကတော့
တက္ကသိုလ်ဆိုတာလည်း ရန်ကုန်တက္ကသိုလ် တစ်ခုတည်းသာရှိခဲ့ပြီး မဟာဌာန (Faculty)
ဆိုတာတွေ၊ ပေါင်းစည်းထားတဲ့ ကောလိပ် (Affiliated College) ဆိုတာတွေနဲ့ တက္ကသိုလ်ကို
ဖွဲ့စည်းထားတာကိုး၊ တက္ကသိုလ်ဝင် အောင်စာရင်း ကြေညာရာမှာ အမှတ် အနည်းအများအပေါ်
အခြေခံပြီး 1st Division, 2nd Division, 3rd Divisionဆိုပြီး အဆင့် ခွဲခြားကြေညာပေမယ့်
တက္ကသိုလ်ဝင်တန်း အောင်ပြီးသူအားလုံး ပထမနှစ်နှစ်မှာ ကိုယ်ကြိုက်တဲ့ ဘာသာတွဲကိုယူပြီး
ပင်မတက္ကသိုလ်နဲ့ လက်အောက်ခံကောလိပ်တွေမှာ ဆက်လက် တက်ရောက်ကြရတာပဲ။
ပထမနှစ်နှစ်အောင် ပြီးတော့မှ မူလက ကိုယ့်ရည်မှန်းချက်အရ ယူထားခဲ့တဲ့ ဘာသာတွဲ
အလျောက် ဆေးပညာ၊ အင်ဂျင်နီယာပညာ၊ သစ်တောပညာ၊ စိုက်ပျိုးရေးပညာအစရှိတဲ့
အထူးပြုဘာသာရပ် သင်တန်းတွေကို တက်ရောက်ကြရတယ်၊ အမှတ်နဲ့ ၀င်ခွင့်သတ်မှတ်တဲ့
စနစ်မျိုး မပေါ်သေးဘူး။ ဒါပေမဲ့ အထူးပြုဘာသာရပ်အတွက် အနည်းဆုံး အမှတ်သတ်မှတ်ချက်
တော့ ရှိတာပေါ့။ အဲဒီ အနိမ့်ဆုံးအမှတ်အောက် မလျော့တဲ့လူ ကိုသာ အရည်အချင်းမီတယ်
(Eligible ဖြစ်တယ်)လို့ သတ်မှတ်ထားတာပဲ ရှိတယ်။ ဒီတော့ တက္ကသိုလ်ဝင်တန်းမှာဆိုရင်
အောင်ဖို့က အဓိကပဲ၊ အမှတ်နဲ့ အဆင့်သတ်မှတ်ချက်က အရေးမပါဘူး။ ဒါကြောင့်
တက္ကသိုလ်ဝင်တန်းတုန်းက 3rd Division နဲ့ အောင်ခဲ့ပေမယ့် တက္ကသိုလ်မှာ မိမိကြိုးစားမှု
အလျောက်နောင်မှာ ထိပ်တန်းပါရဂူဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေ၊
သစ်တောအရာရှိကြီးတွေ ဖြစ်သွားကြတာလည်း ရှိပါတယ်"
"ကျွန်တော်တို့ခေတ်ရောက်တော့ စစ်တက္ကသိုလ်မှအပ ကျန်တက္ကသိုလ်အားလုံးကို ၀င်ခွင့်အတွက်
တက္ကသိုလ်ဝင် စာမေးပွဲတစ်ခုတည်းကို ပြုလုပ်ပြီး ရမှတ်အလိုက် တက္ကသိုလ် တစ်ခုခုကို
၀င်ခွင့်ပြုတဲ့ လက်ရှိစနစ်ကို ကျင့်သုံးနေပါပြီဆရာ၊ တက္ကသိုလ်တွေကလည်း အရင်ကလို တစ်ခု၊
နှစ်ခုတည်း မဟုတ်တော့ဘဲ ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ တက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊
စိုက်ပျိုးရေး တက္ကသိုလ်၊ သစ်တောတက္ကသိုလ် အစရှိတဲ့ သီးခြားတက္ကသိုလ်တွေ ပေါ်ပေါက်ခဲ့ပါပြီ။
အခုအချိန်ထိတော့ ဆရာတို့ ခေတ်ကလို ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ကို တက်ခွင့်
မရှိသေးပါဘူး။ ဒီတော့ ၀ါသနာမပါဘဲ ဂုဏ်ရှိတယ်ဆိုပြီး ဆေးတက္ကသိုလ် တက်တာတို့၊
၀ါသနာပါပေမယ့် ကိုယ်ယူချင်တဲ့ အထူးပြုဘာသာကို ယူခွင့်မရတာတို့ ဖြစ်နေတာပေါ့ ဆရာ။
ဆိုလိုတာကတော့ အသက် ၁၆ နှစ်အရွယ်၊ အလွန်နုနယ်ပြီး ခွန်အားတက်စ ပြုတဲ့အချိန်မှာပဲ
'မင်းဘဝလမ်းကြောင်းက ဒါပဲ၊ မင်းက ဒီလောက်နဲ့ပဲ တန်တယ်၊ မင်းရဲ့ ကံဇာတာက ဒီလောက်ပဲ
ရှိတယ်' ဆိုပြီး စီရင်ချက် ချလိုက်သလိုမျိုးဖြစ်နေတော့ လူ့ဘဝဆိုတာ မျှော်လင့်ချက်နဲ့
အသက်ရှင်ရတာ ဆိုတာမျိုးလည်း ဘယ်ရှိနိုင်တော့မှာလဲ ဆရာ"
"အေးကွာ၊ မင်းပြောမှပဲ ငါလည်း တော်တော် စိတ်ဓာတ်ကျသွားပြီ၊ ငါ့သားနဲ့ သမီးတွေလည်း
ဒီလမ်းကိုပဲ လျှောက်ခဲ့ရတာဆိုတော့ မင်းပြောသလို ခံစားချက်ရှိတာကို နားလည်နိုင်ပါတယ်"
"ဒီတော့ ဒီပြဿနာကို ဘယ်လိုရှင်းမလဲ ဆရာ"
"ဟာ... ငါနဲ့ ဘာဆိုင်လို့တုန်း၊ ဒါကနိုင်ငံတော် ပြဿနာကြီး၊ ငါတို့ ဉာဏ်မမီနိုင်ဘူး၊ နောက်ပြီး
ငါ့အမြင်ပြောရရင် ဒါက ပညာရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ချည်းဆိုင်တဲ့ ပြဿနာ
မဟုတ်ဘူးကွ၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး ကိစ္စတွေနဲ့လည်း ပတ်သက်နေတယ်...
အထူးသဖြင့် နိုင်ငံရေးသမားတွေပေါ့၊ သူတို့ အဆုံးအဖြတ်က ပဓာနကျတယ် မဟုတ်လား"
"ဆရာ့ အနေနဲ့လည်း မြို့နယ်တစ်ခုလုံး အုပ်ချုပ်ရတဲ့ မြို့ပိုင်ဘဝ၊ တိုင်းကောင်စီ တရားသူကြီး၊
စစ်အစိုးရ လက်ထက်မှာ ညွှန်ချုပ်၊ နောက်ပြီး အခုပြည်သူတွေကို ဥပဒေ သုတ ပေးနေတဲ့
ဆောင်းပါးရှင်ဆိုတဲ့ ဘဝအသီးသီးကို ဖြတ်သန်းခဲ့တဲ့ အတွေ့အကြံုတွေ အရပေါ့ ဆရာ၊
ဟဲ... ဟဲ"
"ဟာ... ဟေ့ကောင်၊ မင်းက 'ဆွဲချ' ဉာဉ် မကုန်သေးဘူးပဲ၊ မင်းလုပ်ခါမှ ငါလည်း ခုံရုံး ရောက်ပြီး
နှစ်ကြီးသမား ဖြစ်ရတော့မှာပဲ"
"တောင်းပန်ပါတယ် ဆရာ၊ ဒီပြဿနာနဲ့ ပတ်သက်ပြီး စာရေးသူတစ်ယောက်အနေနဲ့ ဆရာလည်း
စဉ်းစားမိတာ ရှိမှာပါ"
"စဉ်းစားတော့ စဉ်းစားတာပေါ့ကွာ၊ ခက်ခဲတဲ့ သချင်္ာတစ်ပုဒ်ကို တွက်ရသလို ပဲကွ၊ အဖြေမှန်ရဖို့က
မလွယ်ဘူး။ ဒီတော့ ဒို့ယုံကြည်ထားတဲ့ ဘာသာရေးရဲ့ အဆုံးအမအတိုင်း စဉ်းစားပြီး ဖြေရှင်းကြည့်
ရအောင်"
"ပြောပါဦးဆရာ"
"ဘယ်ကိစ္စမှာမဆို အကြောင်းရှိလို့ အကျိုး ဖြစ်ပေါ်ရတာ မဟုတ်လား၊ ဒီတော့ ပြဿနာ တစ်ခု
ဖြစ်လာရင် အဲဒီပြဿနာရဲ့ အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ပြီး အဲဒီအကြောင်းကို သတ်ရမယ်၊
ဖယ်ရှားပစ် ရမယ်ကွ၊ အဲဒီအကြောင်းကြောင့် ဖြစ်လာတဲ့ အကျိုးကို လိုက်သတ်နေလို့ကတော့
'ဂျာအေး သူ့အမေရိုက်' သီချင်းလိုပဲ လုံးလည်လိုက်နေမှာပေါ့။ ဒီတော့ အခု ပြဿနာရဲ့
အကြောင်းရင်းကို ရှာဖွေကြည့် မယ်ဆိုရင် ငါ့အနေနဲ့ (ငါ့အနေနဲ့) အကြောင်းသုံးရပ်ကို
တွေ့ရတယ်"
"ပြောပါဦး ဆရာ"
"ပထမအကြောင်းက လွတ်လပ်ရေး ရလိုစိတ်နဲ့ အတူပါလာပြီး လူအများစုမှာ အခုထိ အမြစ်တွယ်
နေသေးတဲ့ ဆိုရှယ်လစ် စိတ်၊ ဘာမဆို သာတူညီမျှ၊ တန်းတူရည်တူဆိုတဲ့ စိတ်နေစိတ်ထား
ပေါ့ကွာ"
"ဒါဆို ဆရာက ဆိုရှယ်လစ်ဝါဒကို မယုံတော့တဲ့ သဘောလား ဆရာ"
"ဟေ့ကောင် ဪ ငါ့ကို အဲဒီမေးခွန်းမေးရင် 'ဆိုရှယ်လစ်ဝါဒဆိုတာ ဘာလဲ' လို့ မင်းကို
ပြန်မေးရဦးမှာ၊ အဲဒီအခါကျရင် မင်းက အအအိပ်မက်မက်တာကို ပြန် ပြောသလိုမျိုး
'အူး... အဲ...' ဆို လုပ်နေမှာ၊ ဒီတော့ ဒီကိစ္စက ငါနဲ့သာဆိုင်တဲ့ ပုဂ္ဂလိကကိစ္စဆိုတော့
ခဏ ဘေးဖယ်ထားလိုက်ဦး၊ နောင်ကြံုကြိုက်တဲ့အခါ မင်းကို ငါဖြေမယ်၊ မဟုတ်ရင် အခု
ဒို့ဆွေးနွေးနေတဲ့ကိစ္စ ဘေးကို ချော်ထွက်သွားလိမ့်မယ်"
"ဒါဆို ဒုတိယအကြောင်းကို ဆက်ပါဦး ဆရာ"
"ဒုတိယ အကြောင်းကလည်း ပထမအကြောင်းနဲ့ ဆက်စပ်နေတယ်၊ တက္ကသိုလ် အားလုံးကို
နိုင်ငံတော်က ဖွင့်လှစ်ပေးထားတာဆိုတော့ ပြည်သူတစ်ဦးချင်းနဲ့ပါ ဆိုင်တဲ့ သဘော၊ အားလုံးမှာ
အခွင့်အရေး ရှိတဲ့ သဘောမျိုး ဖြစ်နေတာ၊ ဒီတော့ တစ်ယောက်တစ်ပေါက် ပြောချင်ရာ
ပြောခွင့်ရှိတာပေါ့"
"တတိယအချက်ကရော ဆရာ"
"တက္ကသိုလ်ပညာကို အလကား မတ်တင်း သင်ယူခွင့်ပေးခဲ့တာ၊ အခု အခကြေးငွေယူတယ်
ဆိုပေမယ့်လည်း ဆီချက် တစ်ခွက်၊ နန်းကြီးမုန့်တီ တစ်ပွဲစာပဲ ရှိမယ်။ ဟိုတုန်းက အခမဲ့
သင်ခွင့်ပေးခဲ့တာက လူဦးရေလည်း နည်းသေးပြီး တက္ကသိုလ်ပညာတတ်တွေ အများကြီးလိုနေလို့
လုပ်ခဲ့တာ မှန်ပေမယ့် နောက်ပိုင်း ပြင်သင့်ပါရက်နဲ့ မပြင်နိုင်ခဲ့ကြဘူး"
"ဟုတ်ကဲ့၊ စဉ်းစားသင့်တဲ့ အချက်တွေပါ ဆရာ"
"ကဲ ဒီမှာတစ်ထောက်နားကြဦးစို့"
















