အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ခုဆိုရင် ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာ ၂၀၀၉ ခုနှစ်က ထွက်ပြေးတိမ်းရှောင်သွားခဲ့ရတဲ့ ဦးဖုန်ကြားရှင်ရဲ့ တပ်နဲ့ အစိုးရတပ် တိုက်ပွဲတွေ ဖြစ်နေပါပြီ။
အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ခုဆိုရင် ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာ ၂၀၀၉ ခုနှစ်က
ထွက်ပြေးတိမ်းရှောင်သွားခဲ့ရတဲ့ ဦးဖုန်ကြားရှင်ရဲ့ တပ်နဲ့ အစိုးရတပ် တိုက်ပွဲတွေ ဖြစ်နေပါပြီ။
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အစိုးရဘက်က ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေ
သုံးပြီး တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီသတင်း မှန်မယ်ဆိုရင် ငါးနှစ်အတွင်း ကိုးကန့်နယ်မြေမှာ တိုက်ပွဲကြီးတွေ ပြန်ဖြစ်လာတဲ့
သဘောပါ။
ဒီနေ့အချိန်အထိလည်း တိုက်ပွဲက မပြီးဆုံးသေးပါဘူး။ ကိုးကန့်လို့ခေါ်တဲ့ ရှမ်းအထူး ဒေသ(၁)
ဘယ်လို ပေါ်ပေါက်လာခဲ့တာပါလဲ၊ ၂၀၀၉ မှာ ဘာ ပဋိပက္ခတွေဖြစ်ခဲ့ပြီး အခု ဘယ်အခြေအနေ
ပြန်ရောက်နေပြီလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
ကိုးကန့်နယ်မြေ အကြောင်းပြောရင် ၁၉၆၇ ခုနှစ် မြန်မာနိုင်ငံကို စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း
အုပ်ချုပ်ခဲ့စဉ် ဖြစ်ပွားခဲ့တဲ့ တရုတ်ဗမာ အရေးအခင်းအကြောင်းက စပြောရပါလိမ့်မယ်။
၁၉၆၇ ဇွန်လမှာ တရုတ် - ဗမာ အရေးအခင်းဖြစ်ပြီး ရန်ကုန်နဲ့ နယ်မြို့ အတော်များများမှာ
တရုတ်လူမျိုးတွေ အသတ်ခံရ၊ အကြမ်းဖက်ခံရ၊ တရုတ်သံရုံး တိုက်ခိုက်ခံရမှုတွေ ဖြစ်ပေါ်ခဲ့ပါ
တယ်။
ဒီပဋိပက္ခကြီး ဖြစ်ပွားပြီးနောက် မြန်မာပြည်ပေါက် တရုတ်လူမျိုး အတော်များများ မြန်မာပြည်
ကနေ စွန့်ခွာ ထွက်ပြေးကြပါတယ်။
မြန်မာနိုင်ငံအတွင်း ခုလို ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်အစိုးရ
ခေါင်းဆောင်တွေ အလွန် စိတ်ဆိုးပါတယ်။
ဒီလိုနဲ့ တရုတ်နိုင်ငံထဲ ၀င်ရောက်ခိုလှုံနေတဲ့ ကချင်စစ်ဗိုလ် နော်ဆိုင်း၊ ကိုးကန့် ခေါင်းဆောင်
ဖုန်ကြားရှင် အပါအဝင် အင်အားစု တချို့ကို ဗမာပြည် ကွန်မြူနစ်ပါတီ(ဗကပ) အလံအောက်မှာ
စုစည်းပြီး ၁၉၆၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ ရှမ်းပြည်နယ်ကို လက်နက်လူသူအင်အား
အလုံးအရင်းနဲ့ ၀င်ရောက်တိုက် ခိုက်ပါတော့တယ်။
မြန်မာနိုင်ငံထဲက သူပုန်တွေကို ဗကပ အလံအောက်မှာစုစည်း တိုက်ခိုက်စေတယ်ဆိုပေမယ့်
တကယ် တိုက်ခိုက်တဲ့ဆီမှာ တရုတ်နိုင်ငံသား ဗော်လံတီယာ တပ်ဖွဲ့တွေလည်း အများအပြား
ပါ၀င်ခဲ့ပါတယ်။
နောက်ပိုင်း အဲဒီ တရုတ်နိုင်ငံသားတွေဟာ ဗကပ တပ်ဖွဲ့ထဲမှာ ရာထူးကြီးတဲ့ တပ်မဟာ
နိုင်ငံရေးမှူး၊ တပ်မဟာမှူး တာဝန်တွေအထိ ထမ်းဆောင်ကြပါတယ်။
အဲဒီအချိန် မြန်မာနိုင်ငံထဲ ၀င်ရောက် တိုက်ခိုက်ဖို့ တရုတ်အကြံပေးတွေနဲ့ ဗကပတွေ ရွေးချယ်ခဲ့တဲ့
နေရာကတော့ လက်ရှိ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ ကိုးကန့်ဒေသပါ။
ဇန်နဝါရီ ၁ ရက်နေ့မှာ တရုတ်တပ်ဖွဲ့၊ နော်ဆိုင်း တပ်ဖွဲ့နဲ့ ဗကပ ကိုယ်စားလှယ်တွေ ပါ၀င်တဲ့
ပူးပေါင်းတပ်ဖွဲ့ဟာ ကိုးကန့်ဒေသ မုန်းကိုး က အစိုးရတပ် ခလရ ၄၅ စခန်းကို ၀င်ရောက်တိုက်ခိုက်
သိမ်းပိုက်ခဲ့ပါတယ်။
ဇန်နဝါရီလ ၃ ရက် နေ့မှာတော့ တရုတ်တပ်ဖွဲ့၊ ဖုန်ကြားရှင်တပ်ဖွဲ့နဲ့ ဗကပ ကိုယ်စားလှယ် ပူးပေါင်း
တပ်ဖွဲ့ဟာ ကိုးကန့်ဒေသက လုံထန် အစိုးရစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြန်ပါတယ်။
ပြောရရင် ကိုးကန့်နယ်မြေ ဆိုတာဟာ တရုတ်တပ်တွေ ဗကပအလံ ထောင်ပြီး ၀င်တိုက်ခဲ့တဲ့
ပထမဦးဆုံး မြန်မာ့ပိုင်နက် နယ်မြေပါ။
အားလုံးသိကြတဲ့အတိုင်း နောက်ပိုင်း အဲဒီ အရှေ့မြောက်ဒေသမှာ ဗကပရဲ့ အင်အားသောင်းချီ
တပ်မတော်နဲ့ လွတ်မြောက်နယ်မြေကြီး ပေါ်ပေါက်လာပါတယ်။
အဲဒီ နယ်မြေတွေထဲမှာ ကိုးကန့်၊ '၀'၊ မိုင်းလားနဲ့ ကချင်ပြည်နယ်က ၁၀၁ စစ်ဒေသတွေ
ပါ၀င်ပါတယ်။
မြန်မာနိုင်ငံ အရှေ့ မြောက်ပိုင်းမှာ ခုလို တရုတ်ကျူးကျော်မှု ပေါ်ပေါက်ပြီးနောက် ကြောက်လန့်
နောင်တရသွားတဲ့ စစ်အာဏာရှင် ဦးနေဝင်းဟာ တရုတ်နိုင်ငံကို ကောင်းကောင်းမွန်မွန်
ပြန်ဆက်ဆံပါတယ်။
ဆက်ဆံရေးကောင်းအောင် ပြန်တည်ဆောက်ပါတယ်။
ဒီလိုနဲ့ ၁၉၈၀ မှာ တရုတ်ကွန်မြူနစ်ပါတီဟာ ဗကပကို ကူညီထောက်ပံ့မှုတွေ တဖြည်းဖြည်း
ရပ်ဆိုင်းလိုက်တဲ့အတွက် အခြေအနေ ယိုယွင်းလာပြီး ဘိန်းစိုက်၊ ဘိန်းကုန်ကူးရတဲ့
အခြေအနေအထိ ရောက်သွားခဲ့ပါတယ်။
ဗကပ ခေါင်းဆောင်တွေဟာ အဲလို ယိုယွင်းသွားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား
ခေါင်းဆောင်တွေအပေါ် အပြစ်ပုံချဖို့ ကြိုးစားခဲ့ပါတယ်။
တိုင်းရင်းသားခေါင်းဆောင် ဒါမှမဟုတ် စစ်ဘုရင်တွေ ဖြစ်ကြတဲ့ ဖုန်ကြားရှင်၊ ကျောက်ညီလိုင်၊
ပေါက်ယူချန်း တို့လို ခေါင်းဆောင်တွေ အပေါ်ကိုပါ။
ဒါကို ကြိုတင်သိမြင်တဲ့ နိုင်ငံရေးပါးနပ်တဲ့ ဖုန်ကြားရှင်ဟာ ၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ
ဗကပ ဗဟိုကို ပုန်ကန်တဲ့ ပထမဦးဆုံးသူဖြစ်လာပြီး ကိုးကန့်ဟာ ဗကပခေါင်းဆောင်မှုကို
တော်လှန်တဲ့ ပထမဦးဆုံးနယ်မြေ ဖြစ်လာပါတယ်။
ဖုန်ကြားရှင်ရဲ့ တော်လှန်ပုန်ကန်မှုကို ဗကပ ခေါင်းဆောင်တွေ အလွန်စိတ်ဆိုးကြပါတယ်။
ဖုန်ကြားရှင်နဲ့ ကိုးကန့်တပ်ဖွဲ့ကို ဖေါက်ပြန်တဲ့ ရန်သူတွေအဖြစ် သတ်မှတ်ပြီး ချေမှုန်းဖို့
ကြိုးစားပါတယ်။
ပေါ်လစ်ဗျူရို အဖွဲ့ဝင်လည်းဖြစ်၊ အရှေ့ မြောက် စစ်ဒေသမှူးလည်း ဖြစ်တဲ့ ရဲဘော်စိုးသိမ်းကို
ခေါင်းဆောင်စေပြီး ကိုးကန့်ကို တိုက်ဖို့ စေလွှတ်ပါတယ်။
ဒါပေမဲ့ '၀'တပ်ဖွဲ့ခေါင်းဆောင်တွေဟာ ကိုယ့်တိုင်းရင်းသားအချင်းချင်း ကိုးကန့်ကို
မတိုက်ချင်ပါဘူး။
ဒီလိုနဲ့ပဲ ပေါ်လစ်ဗျူရို ရဲဘော်စိုးသိမ်း၊ '၀'မြောက်ခရိုင်မှူး ရဲဘော်မြသန်းတို့ကို အကျယ်ချုပ်နဲ့
ဖမ်းဆီးပြီး တပ်တွေ ပန်ဆန်းဘက် ပြန်လှည့်၊ ဗကပ ဗဟိုဌာနချုပ်ကို အာဏာသိမ်းဖို့
လုပ်ခဲ့ကြတာဖြစ်ပါတယ်။
'၀' တပ်ဖွဲ့တွေဟာ ၁၉၈၉ ဧပြီ ၁၇ ပန်ဆန်းဗဟိုဌာန ချုပ်ကို အာဏာသိမ်း၊ သခင်ဗသိန်းတင်
အပါအဝင် ဗကပ ခေါင်းဆောင်တွေကို တရုတ်နိုင်ငံဘက်အခြမ်း မောင်းထုတ်လိုက်ကြပါတယ်။
တရုတ်နယ်မြေထဲ ရောက်သွားတဲ့ ဗကပ ခေါင်းဆောင်တွေဟာ လက်ကျန်ကေဒါတွေကို
စုစည်းပြီး တပ်ဖွဲ့ပြန်ဖွဲ့၊ မြန်မာနိုင်ငံထဲ ပြန်ဝင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။
အဲဒီအချိန် တရုတ်ကွန်မြူနစ်ပါတီကလည်း အကူအညီပေးနေပြီး နောက်ဆုံး ရွေးချယ်ခဲ့တဲ့
နေရာကတော့ ကိုးကန့်ဒေသပဲ ဖြစ်နေပြန်တာပါ။
ဗကပ လက်ကျန်တပ်ဖွဲ့ဟာ လက်နက်ဂိုဒေါင်တွေရှိတဲ့ ကိုးကန့်ဒေသ မုန်းကိုး တစ်ဖက်ကမ်းမှာ
စုစည်းပြီး မြန်မာနိုင်ငံထဲ ၀င်ရောက်ဖို့ ကြံစည်ပါတယ်။
ဒါကို သတင်းအစအန ရသွားတဲ့ ဖုန်ကြားရှင် ဟာ အာဏာသိမ်း ဗမာအစိုးရတပ်နဲ့
မြန်မြန်အပစ်ရပ်ပြီး အစိုးရတပ်ကိုပါ သူ့နယ်မြေထဲ ခေါ်သွင်းခဲ့ပါတယ်။
တကယ်လို့ ဗကပ လက်ကျန်တပ်တွေ တရုတ်ပြည်ဘက်ကနေ ၀င်တိုက်လာရင် ခုခံနိုင်အောင်
လို့ပါ။
ဖုန်ကြားရှင်ရဲ့ အဲလို လက်ဦးမှုရယူ ပြင်ဆင်နိုင်ခဲ့လို့ ဗကပ လက်ကျန်တပ်ဖွဲ့ဟာ
ကိုးကန့်ဒေသကနေ မြန်မာပြည်ထဲဝင်ဖို့ အခွင့်မသာတော့ပဲ တရုတ်ကွန်မြူနစ်ပါတီ အကူအညီနဲ့
တရုတ်နယ်မြေထဲကနေ အမြောက်လက်နက်တွေ သယ်ယူပြီး ကချင်ပြည်နယ် ကမ်ပိုင်တီဘက်
ရွှေ့ပြောင်းသွားခဲ့ရပါတယ်။
၁၉၈၉ ခုနှစ်ကတည်းက အစိုးရနဲ့ အပစ်ရပ်ထားတဲ့ ကိုးကန့်ဒေသဟာ နိုင်ငံရေးအရ ဖြေရှင်းမှု
တစ်စုံတစ်ရာမှ မရခဲ့ပါဘူး။
ဦးဖုန်ကြားရှင်ရဲ့ ဦးဆောင် အပစ်အခတ်ရပ်စဲမှု လုပ်ခဲ့လို့သာ အဲဒီအချိန်က ပြည်သူကို အကြမ်းဖက်
အာဏာသိမ်းခဲ့တဲ့ နဝတ စစ်အစိုးရ စစ်ရေး၊ နိုင်ငံရေးအရ အသက်ရှူချောင်သွားခဲ့တာ ဖြစ်ပါတယ်။
ဗကပ တပ်တွေ ပြိုကွဲ၊ အပစ်ရပ်လိုက်နိုင်ပြီမို့ တောင်ပိုင်းက ကေအင်န်ယူနဲ့ မဟာမိတ်တပ်တွေကို
ဖိတိုက်နိုင်သလို မြို့ပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီနဲ့ အတိုက်အခံတွေကို
အပြင်းအထန်နှိပ်ကွပ်နိုင်ခဲ့ပါတယ်။
ပြောရရင် ဗမာ စစ်အစိုးရ သက်တမ်းကြာရှည်အောင် ဦးဖုန်ကြားရှင်က ကောင်းကောင်း
အလုပ်အကျွေးပြုခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဗမာစစ်အာဏာရှင်တွေဟာ တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေး မပေးခဲ့ပါဘူး။
နိုင်ငံရေးပြဿနာ ဖြေရှင်းမပေးပါဘူး။
၂၀၀၈ မှာ သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို အတင်းအကျပ် အတည်ပြုပြီးတဲ့နောက်
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နယ်ခြားစောင့် တပ်ဖွဲ့ဖို့ အတင်းအကျပ် ဖိအားပေးပါ
တော့တယ်။
အဲဒီအထဲမှာ '၀'၊ ကချင်၊ မိုင်းလား တပ်ဖွဲ့တွေနဲ့ အတူ ကိုးကန့်တပ်ဖွဲ့တွေပါ၀င်ပြီး သူတို့ဟာ
နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်မခံပါဘူး။
ဒီအခါ အစိုးရတပ်ဟာ တပ်ဖွဲ့တစ်ခုခုကို အင်အားသုံးဖြေရှင်းဖို့ ကြံစည်ပါတယ်။
ဖြစ်ချင်တော့ ကိုးကန့်နယ်မြေထဲမှာ အစိုးရ စစ်တပ် ရောက်နေနှင့် ပြီးသားပါ။
အခြား တပ်ဖွဲ့နယ်မြေနဲ့ မတူပါဘူး။
အဲဒီမှာတင်ပဲ မူးယစ်ဆေးဝါးနဲ့ အချင်းချင်း ပဋိပက္ခဆိုတာတွေ အကြောင်းပြပြီး ဦးဖုန်ကြာရှင် ရဲ့
တပ်တွေကို တိုက်ထုတ်ပစ်လိုက်ပါတယ်။
ဦးဖုန်ကြားရှင်လည်း လွတ်ရာကျွတ်ရာ ထွက်ပြေးရပါတယ်။
ကိုးကန့် နယ်မြေ ဖြစ်ပေါ်လာပုံကိုကြည့်မယ်ဆိုရင် စစ်ဘုရင်တစ်ယောက်ဖြစ်တဲ့ ဦးဖုန်ကြားရှင်
အနေနဲ့ သူ အလုပ်အကျွေးပြုခဲ့တဲ့ ဗမာစစ်တပ်၊ ဗမာအစိုးရကို ဘယ်လောက် နာကြည်းနေမလဲ
ခန့်မှန်းနိုင်ပါတယ်။
စစ်အာဏာရှင်တွေ အကျိုးကို အများကြီး သယ်ပိုးခဲ့သူတစ်ယောက် အနေနဲ့ သစ္စာဖောက်ခံရလေ
ခြင်းလို့လည်း ခံစားသွား နိုင်ပါတယ်။
ဦးဖုန်ကြားရှင်ဟာ နိုင်ငံရေးပရိယာယ် ကြွယ်ဝပါတယ်။
အခုနောက်ဆုံး တရုတ်ပြည်က သူတို့ ဘဏ်စာရင်းတွေကို ပြန်ဖွင့်ပေးတာ၊ ကေအိုင်အေနဲ့
အစိုးရတပ် ပဋိပက္ခ၊ မြန်မာ့နိုင်ငံရေး စတဲ့ အခြေအနေတွေ အားလုံးကို အသုံးပြုပြီး သူ့တပ်ဖွဲ့ သူ
ပြန်တည်ထောင်နိုင်ခဲ့ပါပြီ။
လက်ရှိ တိုက်ပွဲဝင်နေတဲ့ MNDAA တပ်ဖွဲ့ ပြောခွင့်ရသူ ပြောသလောက်ဆိုရင် သူ့တပ်ဖွဲ့ အင်အား
တစ်ထောင်လောက် ရှိမယ်ဆိုပါတယ်။
ဘယ်က ထုတ်နှုတ် အင်အားတွေနဲ့ ဖွဲ့စည်းထားတယ် မသိနိုင်ပေမယ့် နည်းတဲ့ အင်အားတော့
မဟုတ်ပါဘူး။
အခုနောက်ဆုံး တိုက်ပွဲကတော့ ကိုးကန့်နယ်မြေကို စစ်ဘုရင် ဦးဖုန်ကြားရှင် ပြန်လာပြီဆိုတဲ့
အချက်ပေးမှု တစ်ခုပဲ ဖြစ်ပါတယ်။
ပြဿနာကို နိဂုံးချုပ်လိုက်ရင် လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ပတ်သက်ရင် အင်အားသုံး
ဖြေရှင်းလို့ မရနိုင်ဘူးဆိုတာ သိပ်မကြာသေးခင်က ပြန်ပေါ်လာတဲ့ တအာင်းပလောင်တပ်ဖွဲ့၊ အခု
ကိုးကန့်တပ်ဖွဲ့ ပြဿနာတွေက မီးမောင်း ထိုးပြနေပါတယ်။
လက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံရေး
ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အထူးသဖြင့် ပြည်သူနဲ့ တိုင်းရင်းသားတွေ လက်ခံနိုင်တဲ့
အခြေအနေရောက်အောင် ဖွဲ့စည်းပုံကို မြန်မြန်ဆန်ဆန် ပြင်ဖို့ လိုနေပြီဖြစ်ပါကြောင်း
သုံးသပ်တင်ပြလိုက်ရပါတယ်။
















