အမျိုးသားပညာရေးဥပဒေကို ချဉ်းကပ်ကြည့်ခြင်း (၇)

အမျိုးသားပညာရေးဥပဒေကို ချဉ်းကပ်ကြည့်ခြင်း (၇)

"ကဲ - ဆိုပါဦး၊ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်လို့ ဒီတစ်ပတ်ဆွေးနွေးမယ့် အကြောင်းအရာက..."

"ကဲ - ဆိုပါဦး၊ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်လို့ ဒီတစ်ပတ်ဆွေးနွေးမယ့်
အကြောင်းအရာက..."

"ကျွန်တော် ဆွေးနွေးတယ်ဆိုတာက အဲဒီ ဥပဒေမှာ ရေးသားထားပုံအရ ကျွန်တော် မရှင်းတဲ့
အချက်၊ ကျွန်တော် နားမလည်တဲ့ အချက်တချို့ကို ဆရာ့အနေနဲ့ ဘယ်လိုနားလည်လဲ၊
ဘယ်လိုယူဆလဲဆိုတာကို သိချင်လို့ မေးကြည့်တဲ့ သဘောပါ ဆရာ။ ဆရာအရင်တစ်ပတ်က
ဆွေးနွေးခဲ့တဲ့အထဲမှာ တက္ကသိုလ်ပညာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတချို့က တက္ကသိုလ်တွေကို
နိုင်ငံတော်က ဖွင့်လှစ်ပေးထားတဲ့ အတွက်ဖြစ်ရတဲ့ သဘောပြောခဲ့တော့ ပုဂ္ဂလိက တက္ကသိုလ်
တွေမှာတော့ အဲဒီလိုပြဿနာမျိုးတွေ မရှိနိုင်ဘူးလို့ဆိုလိုရာ ရောက်ပါသလား"

"အဲဒါက တစ်ခါတစ်ခါ ငါစဉ်းစားမိတဲ့ အတိုင်းပြောလိုက်တာပဲကွ။ အခုဒီပညာရေး
ဥပဒေအရဆိုရင် ပုဂ္ဂလိက ကျောင်းတွေ၊ တက္ကသိုလ်တွေကို ဖွင့်လှစ်ခွင့်ပြုမယ်လို့ ဆိုတယ်။
ဒီဥပဒေမပြဋ္ဌာန်းခင်မှာပဲ အခြေခံပညာသင် ကျောင်းတွေကို နိုင်ငံခြားက လာဖွင့်နေကြပြီ။
ဒါမှမဟုတ်လည်း နိုင်ငံသားတွေနဲ့ ပူးပေါင်း ဖွင့်လှစ်နေကြပြီ။ အဲဒီကျောင်းမျိုးတွေမှာ
မြန်မာစာမှအပ တခြားဘာသာတွေကို သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေက
အင်္ဂလိပ်ဘာသာစကားကို မိခင်ဘာသာစကား အဖြစ်ပြောတဲ့ သူတွေပဲ။ တချို့ဆို တက္ကသိုလ်
ဆိုပြီးတောင် ဖွင့်နေကြပြီ ထင်တယ်။ အခုအခါမှာ ပညာရေးဆိုတာ နိုင်ငံခြားပို့ကုန် တစ်ခုအနေနဲ့
ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေက တင်ပို့နေတဲ့ ကုန်ပစ္စည်း တစ်မျိုးဖြစ်နေပြီလို့ ငါထင် တယ်ကွ။
နောင်ပုဂ္ဂလိက တက္ကသိုလ်တွေမှာလည်း မြန်မာ ဘာသာကလွဲပြီး မြန်မာဆရာတောင် ရှိနိုင်မယ်
မထင်ဘူး"

"ဟုတ်ပါတယ် ဆရာ"

"ဒီတော့ အဲဒီလိုကျောင်းတွေ၊ တက္ကသိုလ် တွေမှာ အဆောက်အအုံတွေ၊ ကျောင်းသုံး
ပရိဘောဂတွေကို နိုင်ငံတကာအဆင့်မီအောင် လုပ်ကြရမယ့်အပြင် ဆရာတွေဆိုလည်း
နိုင်ငံတကာအဆင့်မီတဲ့ ဆရာတွေကို ခန့်ထားကြရ မှာဖြစ်တော့ ရင်းနှီးမြှုပ်နှံရမယ့်
ငွေပမာဏ ကလည်း အလွန်များမှာပေါ့။ ဒီငွေတွေနဲ့ ဒီရင်းနှီးမြှုပ်နှံမှုအတွက် အမြတ်ရရှိမှပဲ
လုပ်နိုင်ကြမှာဆိုတော့ အဓိကအားဖြင့်တော့ ကျောင်းသားတွေဆီက ကျောင်းလခအဖြစ်
ကောက်ခံကြမှာပဲ မဟုတ်လား။ ဒီတော့ တက္ကသိုလ်တွေကို မပြောနဲ့ဦး၊ အခုလက်ရှိ ဖွင့်ထားတဲ့
အဲဒီကျောင်းမျိုးတွေက ကောက်ခံနေတဲ့ ကျောင်းလခတွေ ဘယ်လောက်ဖြစ်မလဲ။
ငါသိရသလောက် အတန်းကြီးလာလေ ကျောင်းလခကလည်း များလာလေဆိုတော့
အလယ်အလတ်လောက် အဆင့်ရှိတဲ့ ကျောင်းမျိုးမှာတောင် ကျောင်းလခက အတန်းအလျောက်
တစ်နှစ်ကို အမေရိကန်ဒေါ်လာ ခြောက်ထောင်ကနေ ရှစ်ထောင်လောက် အထိ ရှိတယ်။
ဒီထက်ကျောင်းလခများတဲ့ ကျောင်းတချို့လည်း ရှိသေးတယ်လို့ ဆိုတယ်"

"ဆရာရယ် ကျွန်တော်တို့၊ ဆရာတို့လို ပင်စင်စားတွေကို မဆိုထားနဲ့ အပိုဝင်ငွေ မရှိကြတဲ့၊
မရှာကြတဲ့ အဆင့်မြင့် ၀န်ထမ်းကြီးတွေတောင် အဲဒီလိုကျောင်းတွေ အနားမကပ်နိုင်ပါဘူး"

"၀န်ထမ်းမပြောနဲ့ ကိုယ်ပိုင်အိမ်ရာနဲ့ ဆလွန်းကား တစ်စီးရှိတဲ့အပြင် တစ်လဝင်ငွေ ဆယ်သိန်း
လောက်ရှိတဲ့ အိမ်ထောင်စုအနေနဲ့တောင် သား၊ သမီးတစ်ဦးကို အဲဒီလိုကျောင်းမျိုးမှာ ထားနိုင်မှာ
မဟုတ်ဘူး။ ငါဆိုလိုတာက အဲဒီလို ကျောင်းမျိုးတွေမှာ အဲဒီကျောင်းက တောင်းတဲ့
ကျောင်းလခကို မပေးနိုင်ရင်၊ သတ်မှတ်ထားတဲ့ ကျောင်းစည်းကမ်းကို မလိုက်နာနိုင်ဘူးဆိုရင်
၀င်ခွင့် မရနိုင်ဘူး။ ကျောင်းလခလျှော့ပါဦး၊ ဘယ်စည်းကမ်းချက်ကို ပယ်ဖျက်ပေးပါဦး၊
မြန်မာ့ဓလေ့တွေ၊ ယဉ်ကျေးမှုတွေကို သင်သင့်ပါတယ်ဆိုတာမျိုးတွေ ပြောခွင့် မရှိဘူး။
ပြောရင်လည်း မရဘူး။ ဆက်ပြီး ကျောင်းမထားနိုင်ရင် လစ်ရုံပဲ ရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့
ငါကြားသိရတဲ့ ကိစ္စတစ်ခုကို ပြောပြဦးမယ်"

"ဟုတ်ကဲ့ပါ ဆရာ"

"ကျောင်းဖွင့်သက် လေးငါးခြောက်နှစ် လောက်သာရှိသေးတဲ့ အဲဒီလိုကျောင်းမျိုးပေါ့။
အရှိန်ယူခါစဆိုတော့ ကျောင်းသားကလည်း သိပ်မများသေးဘူး။ ကျောင်းဖွင့်စက တွက်ချက်ပြီး
ယူထားတဲ့ ကျောင်းလခနှုန်းက ငါးနှစ်လောက်ကြာတော့ ကုန်ကျငွေနဲ့ မမျှတော့လို့
ကျောင်းလခကို နှစ်ဆလောက် တိုးတောင်းရတော့ မိဘအများစုက မကျေနပ်ကြလို့ ၀ုိင်းပြီး
အရေးဆိုပေမယ့် ကျောင်းက မလိုက်လျောတဲ့အတွက် တောင်းသမျှကိုပဲ မကျေမနပ်နဲ့
ပေးခဲ့ကြရသတဲ့။ အခုအဲဒီ ကျောင်းက အတော်တောင် အောင်မြင်နေပြီဆိုပဲ။ ဒီတော့ ပုဂ္ဂလိက
တက္ကသိုလ်တွေဆိုရင် ကျောင်းစရိတ်တွေက အခုပြောခဲ့တဲ့ အခြေခံပညာကျောင်းတွေထက်
အများကြီး ပိုလာမှာဆိုတော့ တက္ကသိုလ်ပညာသင်ဖို့ဆိုတာ စဉ်းစားကြည့်ပေါ့ကွာ"

"ဆရာဆိုလိုတာက အခြေခံကျောင်းတွေ၊ တက္ကသိုလ်တွေကို ပုဂ္ဂလိကပိုင်လုပ်လိုက်ရင်
ကန့်ကွက်တာတွေ၊ ဆန္ဒပြတာတွေ မရှိနိုင်တော့ဘူးဆိုတဲ့ သဘောပါလား ဆရာ"

"နိုး ...နိုး... အဲဒီလိုမဆိုလိုပါဘူး။ စဉ်းစားမိတာကို ပြေတာပါကွာ။ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာတော့
ထိပ်တန်းကျောင်းကြီးတွေက ကြေးကြီးပေးရတဲ့ ပုဂ္ဂလိကကျောင်းတွေတဲ့ကွ။ အစိုးရက ဖွင့်တဲ့
ဈေးသိပ်မကြီးတဲ့ "Public School" တွေနဲ့ မြူနီစီပယ်လို ဒေသန္တရအဖွဲ့ပိုင် ကျောင်းတွေလည်း
ရှိတယ်လို့ ကြားဖူးတယ်။ ဒီဥပဒေအရ ငါတို့ဆီမှာလည်း တဖြည်းဖြည်း အဲဒီစနစ်မျိုးဖြစ်လာပြီး
ပညာရေးတည်ငြိမ်မှု ရလာမယ်လို့ ထင်တယ်"

"တစ်ဆက်တည်းပဲဆိုပါတော့ ဆရာ၊ အခုဖြစ်နေတဲ့ အမျိုးသားပညာရေးဥပဒေကို
ကန့်ကွက်မှုတွေနဲ့ အစိုးရနဲ့ ထိပ်တိုက်တွေ့နေတဲ့ ကျောင်းသားသပိတ်တွေအကြောင်း
ဆွေးနွေးပေးပါဦး ဆရာ"

"ဒီပညာရေးဥပဒေနဲ့ ပတ်သက်ပြီး အခုထိ မင်းနဲ့ငါ ဆွေးနွေးခဲ့တဲ့ပုံစံက အတိတ်နဲ့ ပစ္စုပ္ပန်
အခြေအနေတွေကို ခင်းကျင်းပြပြီးတော့မှ ငါတို့ ထင်မြင်ချက်နဲ့ သုံးသပ်ချက်ကို ပြောနိုင်ရင်
ပြောတဲ့ သဘောမဟုတ်လား၊ အခုမင်းပြောတဲ့ ကန့်ကွက်တဲ့ကိစ္စနဲ့ သပိတ်ကိစ္စမှာတော့
ပြောင်းပြန်လုပ်မှ ကောင်းမယ်ထင်တယ်ကွ"

"ဘယ်လိုပါလဲ ဆရာ"

"ဆိုလိုတာက ပထမဦးစွာ ငါ့ထင်မြင်ချက်နဲ့ ငါ့သဘောထားကို ပြောပြပြီးမှ အဲဒီလိုဘာကြောင့်
သဘောထားရတဲ့ အကြောင်း၊ တစ်နည်းအားဖြင့် အတိတ်သမိုင်းကြောင်းနဲ့ ပစ္စုပ္ပန်အခြေအနေ
တွေကို နောက်မှပဲ ပြောချင်တယ်ကွာ"

"ဟုတ်ကဲ့၊ အဲဒီလိုဆိုရင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာ့ထင်မြင်ချက်နဲ့ သဘောထားကို ပြောပါဦး
ဆရာ"

"ငါ့အမြင်အရဆိုရင် အခုအမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဖို့ ဘာအကြောင်းမှ မမြင်ဘူး။
မကောင်းတာဆိုလို့လည်း တစ်ချက်မှ မပါဘူး၊ မပါသေးတာပဲ ရှိချင်ရှိမယ်၊ မပါသေးတဲ့ ကိစ္စကို
ကြိုတင်မှန်းဆပြီး ကိုယ်ဖြစ်ချင်တာတွေကို ရှေ့တန်းတင်ပြီးပြောနေတာတွေက နောင်လုပ်မယ့်
ကိစ္စအတွက် အထောက်အပံ့ ဖြစ်နိုင်တာတွေရှိနိုင်ပေမယ့် ငါပြောတာဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့
စိတ်ထားနဲ့ ငါ့စကားနွားရ ဆိုသလို ပြောနေတာတွေကတော့ နိုင်ငံနဲ့ လူမျိုးအတွက် ဘာအကျိုးမှ
ရှိမှာ မဟုတ်ဘူး။

"ဒီဥပဒေက မိခင်ဥပဒေသဘောမျိုးသာ ဖြစ်ပါတယ်။ နောင်ဆက်လက်ရေးဆွဲမယ့် ဥပဒေတွေမှာ
ပါသင့်တဲ့ အချက်တွေအားလုံးပါအောင် ကြိုးစားပါမယ်၊ ကန့်ကွက်တာ ပါသေးတယ်လို့
တာဝန်ရှိတဲ့ ပညာရှင်ကြီးတွေက ပြောထားပြီးပြီ။ စောင့်ကြည့်ရမှာပေါ့"

"မှန်ပါတယ် ဆရာ"

"အမှန်မှာတော့ ဒီဥပဒေက နိုင်ငံတော်ရဲ့ ပညာရေးဆိုင်ရာ မူဝါဒကြေညာချက် (Declaration of
National Education Policy) သက်သက်မျှပဲ ဖြစ်သေးတယ်။ ဒီထက် မပိုဘူး။ ဒီဥပဒေပါ
မူဝါဒတွေကို အကောင်အထည်ဖော်ပေးဖို့အတွက် နောက်ထပ်လိုက်ရမယ့် ဥပဒေတွေ၊ နည်းဥပဒေ
တွေရှိသေးတယ်။ ဒါတွေကို ကျွမ်းကျင်သူတွေက ရေးဆွဲနေပြီ။ နိုင်ငံခြားက ကျွမ်းကျင်သူ
အဖွဲ့အစည်း တချို့ပါ၀င် အကြံပေးနေတယ်ဆိုတဲ့ သတင်းတွေကိုလည်း ကြားသိနေရတယ်။
ဒီဥပဒေကြမ်းတွေကို တာဝန်ရှိတဲ့ အဖွဲ့အစည်းက ရေးဆွဲပြီးရင် ပညာရေးဝန်ကြီးဌာနက တစ်ဆင့်
အစိုးရအဖွဲ့ကို တင်မယ်။ အစိုးရအဖွဲ့က လိုအပ်သလို ပြင်ဆင်အတည်ပြုပြီးရင် လွှတ်တော်ကို
တင်မယ်။ လွှတ်တော်က မဆွေးနွေးမီ၊ မဆုံးဖြတ်မီမှာ နိုင်ငံပိုင်သတင်းစာတွေမှာ ဥပဒေကြမ်း
အပြည့်အစုံ ထည့်သွင်းဖော်ပြပြီး ပြည်သူတွေဆီက အကြံပေးချက်တွေကို ဖိတ်ခေါ်မယ်။
အဲဒီအခါမှာ စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်/ အဖွဲ့အစည်းတွေက မိမိတို့ထင်မြင်ချက်တွေ၊
အကြံပေးချက်တွေ ပေးပို့နိုင်တယ်။ လိုအပ်ရင် ကြိုတင်ညှိနှိုင်းပြီး တွေ့ဆုံဆွေး နွေးနိုင်တယ်။
ဒါက ဒီကနေ့ ကျင့်သုံးနေတဲ့ ဒီမိုကရေစီကျင့်စဉ်ပဲ၊ မကောင်းလို့လား"

"ကျွန်တော် မှတ်မိသလောက် ဒီဥပဒေကို မပြဋ္ဌာန်းခင် ဥပဒေကြမ်းကို ထုတ်ပြန်ကြေညာတုန်း
ကလည်း အခုကန့်ကွက်နေတဲ့ အုပ်စုက ကန့်ကွက်ခဲ့ကြတယ်လို့ ထင်ပါတယ် အဲဒီလို
ကန့်ကွက်ချက်တွေ၊ တောင်းဆိုချက်တွေ မရလို့ အခုထပ်ပြီး ကန့်ကွက်နေကြတာနဲ့ တူပါတယ်
ဆရာ"

"ဒါကတော့ ဒီမိုကရေစီကျင့်စဉ်အတိုင်းပဲ ဖြစ်ရမှာပေါ့။ လူတစ်ဦး၊ လူတစ်စုက
ကန့်ကွက်တိုင်းလည်း ဖြစ်ချင်မှဖြစ်မှာပေါ့။ ဒီမိုကရေစီ ကျင့်စဉ်အရဆိုရင် ပြည်သူအများစုက
ရွေးကောက်တင် မြှောက်ထားတဲ့ ဥပဒေပြု လွှတ်တော်က ပြဋ္ဌာန်းတဲ့အတိုင်း လက်ခံကြရတာပဲ။
အစိုးရအဖွဲ့က တာဝန်ရှိသူတစ်ဦးရဲ့ ရှင်းလင်းချက်အရဆိုရင် လွှတ်တော်က ဆုံးဖြတ်အတည်ပြုခဲ့တဲ့
ဥပဒေမှာ အချက် ၂၅ ချက်ကို လွှတ်တော်က ပြင်ဆင်ပေးဖို့ အကြောင်းကြားခဲ့ပေမယ့်
အချက် ၁၉ ချက်ကိုသာ လွှတ်တော်က လက်ခံခဲ့ပြီး ခြောက်ချက်ကိုတော့ လွှတ်တော်ရဲ့
မူလဆုံးဖြတ်ချက်အတိုင်း ထားသတဲ့။ အခုပြဋ္ဌာန်းခဲ့တဲ့ ဥပဒေမှာ ပညာရေးဝန်ကြီးဌာနက
မူလတင်ပြခဲ့တဲ့ အချက် ၅၄ ရာခိုင်နှုန်းသာ ပါရှိပြီး ၄၆ ရာခိုင် နှုန်းကတော့ ပြည်သူ့လွှတ်တော်နဲ့
အမျိုးသား လွှတ်တော်တို့က ဖြည့်စွက်တဲ့ အချက်တွေ ဖြစ်သတဲ့။ နောက်ပြီး ပညာရေး
၀န်ကြီးဌာနက တင်သွင်းတဲ့ ဥပဒေကြမ်းမှာက တာဝန်ရှိသူတွေ၊ ကျွမ်းကျင်သူတွေ ညှိနှိုင်း
အတည်ပြုချက် ၉၀ ရာခိုင် နှုန်းပါ၀င်ခဲ့ပေမယ့် အခုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာတော့ ၅၀ ရာခိုင်နှုန်းပဲ
ပါတော့ သတဲ့။ ဒီမိုကရေစီကျင့်စဉ်အရ လွှတ်တော်က ဆုံးဖြတ်တဲ့အတိုင်း ဥပဒေဖြစ်ရတာကိုးကွ"

"ဒီလိုဆိုတော့ လွှတ်တော်က ဆုံးဖြတ်တာပဲ မှန်တယ်ဆိုတဲ့ သဘောပေါ့ဆရာ"

"အဲဒီလိုတော့ မဟုတ်ဘူးကွ။ ဥပဒေအဖြစ် လက်ခံကြရတာကိုပြောတာ။ လွှတ်တော်က
ဆုံးဖြတ်တယ်ဆိုတိုင်းလည်း အမှန်မဖြစ်နိုင်ဘူး၊ မှားတာတွေလည်း ရှိနိုင်တာပေါ့။ လွှတ်တော်က
ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာ မြန်မာစာရေးထုံး မှားနေပါတယ်တို့၊ အင်္ဂလိပ်စာ အရေးအသား
မှားနေပါတယ်တို့ဆိုပြီး မင်းတို့ ငါတို့ ဆောင်းပါးတွေ ရေးပြီး ပြောခဲ့ကြတာပဲကွ။

"ဒီလိုဆိုတော့ အခုကျောင်းသားတွေ ကန့်ကွက်တာလည်း မှန်တယ်လို့တော့ ပြောရမှာပေါ့ ဆရာ"

"ဒီနေရာမှာတော့ မင်းက 'တုံး' သွားပြန်ပြီ။ ဒီမိုကရေစီစနစ်အရ သူတို့ ကန့်ကွက်ခွင့် ရှိတယ်။
မိမိယူဆချက်ကို ထုတ်ဖော်ခွင့် ရှိတယ်။ ဒါပေမဲ့ ကန့်ကွက်တဲ့ အကြောင်းပြချက်တွေက
အခုဥပဒေမှာ မပါသေးဘဲ နောင်ဆက်လက် ပြဋ္ဌာန်းမယ့် ဥပဒေတွေမှာ ထည့်သင့် မသင့်
စဉ်းစားရမယ့် အချက်တွေ။ ဒါကြောင့် ကန့်ကွက်တာ စောနေသေးတယ်။ ဒီဥပဒေအနေနဲ့
ကန့်ကွက်စရာ အကြောင်းမပေါ်သေးလို့ ကန့်ကွက်တာ မှားနေတယ်လို့ ပြောချင်တာ"

"ကျောင်းသားတွေ သပိတ်မှောက် ကန့်ကွက်တယ်ဆိုရာမှာ တောင်းဆိုချက် ၁၁ ချက် ရှိပါတယ်
ဆရာ။ ဂျာနယ်တစ်စောင်ထဲက ကူးယူပြီး ဆရာ့ကိုလည်း ပေးထားပါတယ်။ အဲဒီ အချက်တွေ
အပေါ်မှာ ဆရာ့ အမြင်ကိုလည်း ပြောပါဦး"

"အဲဒီအချက်အားလုံးအပေါ်မှာတော့ သုံးသပ်လို့ မဖြစ်သေးဘူးကွ။ ဘာကြောင့်လဲဆိုတော့
တချို့အချက်တွေ၊ ဥပမာဆိုပါတော့ လက်ရှိကျင့်သုံးနေတဲ့ စာမေးပွဲစနစ်နဲ့ တက္ကသိုလ်စနစ်များကို
ပြင်ဆင်ရန်ကိစ္စ၊ အမျိုးသားပညာရေး ကော်မရှင်နဲ့ တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ
ဖွဲ့စည်းရေးကိစ္စ၊ သင်ကြားနည်းစနစ်ပြောင်းလဲရန် ကိစ္စ စတာတွေက သူတို့ရဲ့သဘောထားကို
ဖော်ပြထားသေးတာ မဟုတ်ဘူး။ အဲဒီ ၁၁ ချက်စလုံးမှာ 'ကိစ္စ၊ ကိစ္စ' ဆိုတဲ့ စကားလုံးနဲ့
အဆုံးသတ်ထားတော့ အစိုးရဘက်က တာဝန်ရှိသူတွေ ဆွေးနွေးရာမှာ ဆွေးနွေးပွဲ အစီအစဉ်
(agenda) သဘောသာဖြစ်နေတော့ အဲဒီအချက် တစ်ချက်ချင်းနဲ့ ပတ်သက်ပြီး သူတို့ရဲ့
သဘောထား ဘာဆိုတာကို မသိရသေးဘူးလေ။ တချို့အချက် ဥပမာ - 'ပညာရေး အသုံးစရိတ်ကို
တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်း သတ်မှတ်နိုင်ရေးကိစ္စ' ဆိုတာမျိုးကတော့ မဖြစ်နိုင်တဲ့
ကိစ္စလို့ အခုပြောလို့ရတာပေါ့။ အဲဒီစနစ်မျိုး ကျင့်သုံးနေတဲ့ နိုင်ငံရှိလို့လား၊ ရှိရင်တောင်
အဲဒီစနစ်မျိုး အတုယူလို့ မဖြစ်နိုင်ပါဘူးကွာ"

"ကျောင်းသားသမဂ္ဂတွေ၊ ကျောင်းဆရာ သမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်း ထူထောင် လှုပ်ရှားခွင့်နဲ့
တရားဝင် အသိအမှတ်ပြုရေး ကိစ္စဆိုတာကိုရော ဆရာ"

"အဲဒါက သမိုင်းကြောင်းနဲ့ချီပြီး ပြောရမှာဆိုတော့ နောက်တစ်ပတ်မှပဲ ပြောကြရအောင်"

"အခု ကျောင်းသားသပိတ်ဆိုတာက ၁၃၀၀ ပြည့် အရေးတော်ပုံကို ပေါ်ပေါက်စေခဲ့တဲ့ ရေနံမြေ
အလုပ်သမားသပိတ်ကို အတုခိုးပြီး လုပ်နေတဲ့ ပုံစံဖြစ်နေတော့ တစ်ပြည်လုံးအတိုင်းအတာနဲ့
ရှစ်လေးလုံး လူထု အုံကြွမှုကြီးမျိုး ပေါ်ပေါက်လာမလားဆိုပြီး စိုးရိမ်ရတဲ့ အခြေအနေရောက်နေပြီ
ဆရာ။ အမျိုးသားပညာရေးဥပဒေကို ပြဋ္ဌာန်းလိုက်တဲ့ လွှတ်တော်ကြီးကလည်း
ထိထိရောက်ရောက် လုပ်တာမရှိသလို နိုင်ငံရေး ပါတီတွေကလည်း ပြတ်ပြတ်သားသား
သဘောထားပေးတာ မတွေ့ရသေးဘူး ဆရာ။ မိဘပြည်သူတွေလို့ဆိုတဲ့ လူမှုရေး အဖွဲ့အစည်းတွေ
ကလည်း လှုပ်သံမကြားရသေးဘူး။ တချို့ဂျာနယ်တွေကလည်း ဂျာနယ်ရောင်းကောင်းအောင်လို့
ကျောင်းသားတွေကို မြှောက်ပေးနေသလားလို့"

"သူတို့လုပ်နေတာတွေကို မင်းတို့ငါတို့ မသိလို့၊ ငါတို့ညံ့လို့လည်းဖြစ်မှာပေါ့ကွာ။ အခုမင်းပြောတာ
တွေကို ငါဆောင်းပါး ရေးရင် ထည့်ပြီး ဆော်ဩလိုက်ပါဦးမယ်။ ၈၈ အရေးအခင်းလိုဖြစ်သွားရင်
၈၈ အရေးအခင်းအတိုင်းပဲ ဖြစ်သွားမှာပေါ့ဆိုတာလည်း သတိရအောင်ပေါ့။ မိုးလေဝသ စကားနဲ့
ပြောရရင် လိမ္မော်ရောင်အဆင့် ရောက်နေပါပြီလို့ ပေါ့ကွာ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021