အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း ခုဆိုရင် ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသမှာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်တဲ့အဆင့် ရောက်သွားပါပြီ။
အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း ခုဆိုရင် ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသမှာ
စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်တဲ့အဆင့် ရောက်သွားပါပြီ။
တကယ်ပဲ ဒီအဆင့်အထိ ရောက်သင့်ပါရဲ့လား၊ စစ်တပ်က မာရှယ်လောနဲ့ ၀င်အုပ်ချုပ်၊ တည်ငြိမ်
အေးချမ်းအောင် လုပ်လိုက်နိုင်မှာလား၊ တည်ငြိမ်အေးချမ်းသွားရင်ရော လက်ရှိ ဖြစ်ပွားနေတဲ့
ပဋိပက္ခတွေ ပြေငြိမ်းသွားမှာလား၊ အခုပြဿနာနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က
ဘယ်လိုလုပ်ရင် အကောင်းဆုံး ဖြစ်နိုင်မလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
ကိုးကန့်ဖြစ်စဉ်ကို သုံးသပ်မယ်ဆိုရင် အရင်ဖြစ်ခဲ့ပျက်ခဲ့တာတွေကို အကျဉ်းလောက် ပြန်ပြောဖို့
လိုပါလိမ့်မယ်။
၂၀၀၉ ခုနှစ်မှာ တပ်မတော်က တိုက်ထုတ်တာ ခံလိုက်ရတဲ့ ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင်ရဲ့
MNDAA တပ်ဖွဲ့ လှုပ်ရှားမှုဟာ ၂၀၁၄ ခုနှစ်မှာ ပီပီပြင်ပြင် ပြန်ပေါ်လာပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအောင်း၊ ပလောင် တပ်ဖွဲ့တွေနဲ့ အတူတူ အစိုးရတပ်ကို
တိုက်ခိုက်တဲ့ တိုက်ပွဲ တွေမှာပါ။
ခေတ်သစ်မှာ လက်နက်ကိုင် တိုက်ပွဲနဲ့အတူ မီဒီယာ တိုက်ပွဲပါ ရှိနေတဲ့အတွက် အဲဒီ
တိုက်ပွဲတွေမှာ ကိုးကန့်တပ်ဖွဲ့တွေ ပါ၀င်ကြောင်း သတင်းထုတ်ပြန်တာလုပ်၊ ကမ္ဘာကို ကြိုတင်
သိစေခဲ့တာ ဖြစ်ပါတယ်။
မြန်မာပြည်တွင်းက ပြည်သူတွေ သိကြသလို၊ တပ်မတော်ဘက်ကလည်း သိကြမှာပါ။
ဒါတင်မက ကိုးကန့်နယ်ထဲမှာ တိုက်ပွဲတွေ မဖြစ်ခင် တရုတ်ကွန်မြူနစ် အာဘော်
ဂလိုဘယ်လ်တိုင်းမ် သတင်းစာက ဖုန်ကြားရှင်ရဲ့ အင်တာဗျူးကို ဖော်ပြပေးခဲ့ပါတယ်။
အဲဒီမှာ သူပြောခဲ့တာက အစိုးရအနေနဲ့ ကိုးကန့်ကိစ္စ သူ့ရဲ့ MNDAA တပ်ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေး
aစချင်တယ်၊ အခု သူတို့ တပ်ဖွဲ့တွေဟာ အခြား မဟာမိတ် တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး
တိုက်ပွဲဝင်နေတယ်၊ သူနဲ့ သူ့တပ်ဖွဲ့ဟာ သူတို့ဇာတိ ကိုးကန့်နယ်မြေ အိမ်ကို ပြန်မယ်ဆိုပြီး
ပြောဆိုခဲ့ပါတယ်။
တစ်နည်းပြောရရင် အစိုးရက သူတို့ကို လက်ခံဆွေးနွေးတာ မလုပ်ရင် သူတို့အိမ်
ကိုးကန့်နယ်မြေကို ပြန်တိုက်ယူမယ်လို့ ပြောလိုက်တာပါပဲ။
ပြောရရင် ကိုးကန့်နယ်မြေထဲ တိုက်ပွဲတွေ ဖြစ်ပွားလာတာဟာ ဘယ်လို အကြောင်းအချက်မှ
မရှိဘဲ ရုတ်တရက် ကောက်ခါငင်ကာ အလစ်အငိုက်တိုက်တဲ့ သဘောမျိုး မဟုတ်ပါဘူး။
ကြိုတင် ကြေညာထားတဲ့ တိုက်ပွဲမျိုးပဲ ဖြစ်ပါတယ်။
ဒါကို တပ်မတော်ဘက်က လုံလောက်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်မထားဘူးဆိုတာ
လောက်ကိုင်တိုက်ပွဲက သက်သေပြသလို ဖြစ်နေပါတယ်။
တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်အရ ကိုးကန့်ဒေသထဲ တိုက်ခိုက်ရေးသမားတွေ စိမ့်ဝင်တယ်၊
အသေအချာ ပြင်ဆင်၊ ယူနီဖေါင်း အသစ်တွေ ၀တ်ပြီးမှ ထတိုက်တယ် ဆိုတာပါ။
ဒါဟာ စစ်ပွဲတွေ၊ တိုက်ပွဲတွေမှာ သိပ်ပြီးဆန်းကြယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။
တိုက်ပွဲအတွင်း အခြားဖြစ်စဉ်နဲ့အတူ တပ်မတော် ယာဉ်တန်းလည်း စောင့်ကြို
တိုက်ခိုက်ခံရပါသေးတယ်။
အဲဒီမှာ အရာရှိ၊ စစ်သည် ကျဆုံးမှု အများဆုံး ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကိုးကန့်တိုက်ပွဲဖြစ်စဉ် ရက်ပိုင်းအတွင်း တပ်မတော်ဘက်က တိုက်လေယာဉ်၊
ရဟတ်ယာဉ်တွေသုံးပြီး လေကြောင်းပစ်ကူတွေ ပေးခဲ့တာတောင် အရာရှိ စစ်သည် အယောက်
၅၀ နီးပါး ကျဆုံးခဲ့တာဟာ အလွန်များပြားပါတယ်။
ဒီလို ကျဆုံးမှုကို ကြည့်ရင် တပ်မတော်ရဲ့ တိုက်ခိုက်ရေး စွမ်းရည် ကျဆင်းနေလို့လားဆိုတာ
မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
တကယ်ဆိုရင် ခုလို အကျအဆုံးများတဲ့ ကိစ္စ၊ တပ်မတော် အမိန့်ပေးစနစ် ဘယ်အဆင့်မှာ
ဘယ်လို ဖြစ်ခဲ့သလဲ၊ အသေအချာ ပြန်ဆန်းစစ်ဖို့ လိုပါတယ်။
နိုင်ငံတကာ တပ်မတော်တွေမှာ ဒီလောက် ထိခိုက်ကျဆုံးမှု များတယ်ဆိုရင် ခုံရုံးဖွဲ့
စစ်ဆေးနေလောက်ပါပြီ။ သင်ခန်းစာ ယူနေပါပြီ။
ဒါပေမဲ့ ထူးခြားချက်ကတော့ တပ်မတော်အနေနဲ့ အခုလောက် အကျအဆုံးများခဲ့တာတောင်
တိုက်ခိုက်ရေး စွမ်းရည်ကျတာ မဟုတ်ဘူး၊ မြေပြင်သတင်း အချက်အလက် မရလို့ ဖြစ်ရတာဆိုပြီး
တပ်မတော်အရာရှိ တချို့က အားနည်းချက်ကို ၀န်မခံချင်ကြပါဘူး။
ဒါက တိုက်ရည်ခိုက်ရည် စွမ်းရည်နဲ့ ပတ်သက်ပြီး ပြန်သုံးသပ်ဖို့ လိုနေတာပါ။
အခုဆိုရင် ကိုးကန့်မှာ တပ်မတော်က ဖွဲ့စည်းပေးထားတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ ၁,၀၀၆ ဟာ
ဖုန်ကြားရှင် တပ်ဖွဲ့နဲ့ ပူးပေါင်း လိုက်ပါပြီ။
ဒါက ဘာကိုပြသလဲဆိုရင် တိုင်းရင်းသား နယ်မြေတွေနဲ့ ပတ်သက်ရင် တပ်မတော်က
ဘယ်တော့မှ မထိမ်းသိမ်းနိုင်ဘူး ဆိုတာပါ။
အကြောင်းကတော့ တပ်မတော် ဖွဲ့စည်းပုံနဲ့ ဆိုင်ပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၄၈ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးရပြီးနောက် အဲဒီနှစ် မတ်လ ၂၈ ရက်နေ့မှာ
ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ ပုန်ကန်ပါတယ်။
၁၉၄၉ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကရင်တိုင်းရင်းသားတွေ လက်နက်ကိုင် တော်လှန်ပါတယ်။
အဲဒီအခါ လွတ်လပ်ရေးရပြီးစ တပ်မတော်ထဲ ရှိနေတဲ့ အစိတ်အပိုင်း အတော်များများ
သူပုန်တပ်ဖွဲ့တွေ ဖြစ်သွားကြပါတယ်။
အဲဒီအချိန်ကစ တပ်မတော် ခေါင်းဆောင်တွေဟာ တပ်ထဲမှာ ပုန်ကန်နိုင်တဲ့သူ၊ ပုန်ကန်နိုင်တဲ့
တိုင်းရင်းသား လူမျိုးစုတွေကို နေရာ သိပ်မပေးတော့ပါဘူး။
တိုင်းရင်းသား သူပုန်တွေကို မနှိမ်နင်းနိုင်တာ၊ တိုင်းရင်းသားနယ်မြေတွေကို မစိုးမိုးနိုင်တာဟာ
ဘာကြောင့်ပါလဲ။
တပ်မတော်ဟာ ဘယ်တိုင်းရင်းသား နယ်မြေရောက်ရောက် နယ်မြေကို သိမ်းလို့ ရချင်ရမယ်၊
တိုင်းရင်းသား ပြည်သူတွေကိုတော့ စိုးမိုးချုပ်ကိုင်လို့ မရပါဘူး။
တိုင်းရင်းသားတွေဘက်ကလည်း တပ်မတော်ကို ဗမာတပ်အဖြစ်ပဲ မြင်ကြပြီး၊ စစ်နိုင်လို့ သူတို့
နယ်မြေမှာ လာနေကြသူတွေလို့သာ မှတ်ယူကြတာ ဖြစ်ပါတယ်။
ဒီလိုနဲ့ တိုင်းရင်းသားနယ်မြေတွေကို စိုးမိုးလို့ မရနိုင်တဲ့ တပ်မတော်ဟာ အဲဒီ တိုင်းရင်းသားတွေ
ထဲက သူတို့ကို ထောက်ခံမယ့် အင်အားစုတွေကို မွေးမြူတာတွေ လုပ်ရပါတော့တယ်။
ဒီလိုနည်းနဲ့ တိုင်းရင်းသား နယ်မြေတွေမှာ လက်နက်ကိုင် အင်အားစုနှစ်စု သုံးစုမက ရှိနေပြီး
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်သူ့စစ်အဖွဲ့ပေါင်း ငါးထောင်ကျော် ရှိနေတာက ဒီပြဿနာကို
မီးမောင်းထိုးပြသလို ရှိနေစေတာ ဖြစ်ပါတယ်။
ပြောရရင် တပ်မတော်ရဲ့ ဖွဲ့စည်းမှု ပုံသဏ္ဌာန်ကို ပြည်ထောင်စု တပ်မတော်၊ ဒါမှမဟုတ် တကယ့်
နိုင်ငံသားတွေ အားလုံးရဲ့ တပ်မတော် ပုံစံ မပြင်နိုင်တာကြောင့် တိုင်းပြည်မှာ လက်နက်ကိုင်
အစုအဖွဲ့ပေါင်း အမြောက်အမြား ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
အရင် ရှိခဲ့ဖူးတဲ့ ပလောင်တပ်ဖွဲ့ လက်နက် အပ်လိုက်ပြီးနောက် လက်ရှိ တအောင်းပလောင် တပ်ဖွဲ့
ပြန်ပေါ်လာတာ၊ ဖုန်ကြားရှင်ကို တိုက်ထုတ်နိုင်ပေမယ့် အခု ကိုးကန့်တပ်ဖွဲ့ ပြန်ပေါ်၊
နယ်ခြားစောင့်တပ်ကလည်း အဲဒီအဖွဲ့နဲ့ ပေါင်း ဆိုတဲ့ အနေအထား ဖြစ်ပေါ်လာတာ သာဓကပါပဲ။
လက်ရှိ ဖြစ်ပွားနေတဲ့ ကိုးကန့် ပြဿနာတွေတင်မက တိုင်းပြည်မှာ ဖြစ်နေတဲ့
ပြည်တွင်းစစ်ပြဿနာ ဖြေရှင်းမယ်ဆိုရင် တပ်မတော်ဟာ ဗမာ့တပ်မတော် အဖြစ်ကနေ
ပြည်ထောင်စု တပ်မတော်အဖြစ် ပြောင်းလဲဖို့ ကြိုးစားရပါမယ်၊ တစ်ပြိုင်နက်တည်း
ပရော်ဖက်ရှင်နယ် တပ်မတော်ဖြစ်အောင်၊ တိုက်ရည်ခိုက်ရည် အရည်အသွေးရှိအောင်လည်း
ကြိုးစားရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
















