"ကျွန်တော်ရောက်ပါပြီ ဆရာ" "အေး လာထိုင်ကွာ၊ အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်လို့ ဒို့ရဲ့မာရသွန် ဆွေးနွေးပွဲကြီး ဆက်ကြသေးတာပေါ့၊ အရင်တစ်ပတ်တုန်းက ဘယ်အကြောင်းအရာထိ ရောက်သွားပြီလဲ"
"ကျွန်တော်ရောက်ပါပြီ ဆရာ"
"အေး လာထိုင်ကွာ၊ အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်လို့ ဒို့ရဲ့မာရသွန် ဆွေးနွေးပွဲကြီး
ဆက်ကြသေးတာပေါ့၊ အရင်တစ်ပတ်တုန်းက ဘယ်အကြောင်းအရာထိ ရောက်သွားပြီလဲ"
"အရင်တစ်ပတ်တုန်းကတော့ အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်တဲ့ကိစ္စက အရေးပေါ်ကိစ္စ
ဖြစ်နေလို့ ကျွန်တော့်ရဲ့ တင်ပြချက်အရ ကြားဖြတ်ကိစ္စအဖြစ် ဆရာ ဆွေးနွေးခဲ့ပါတယ်။ အဲဒီလို
ဆွေးနွေးရာမှာ ကျောင်းသား သမဂ္ဂကိစ္စနဲ့ ပတ်သက်ပြီး သမိုင်းနဲ့ချီပြီး ပြောရမှာဖြစ်လို့
နောက်တစ်ပတ်မှ ဆွေးနွေးကြတာပေါ့လို့ ဆရာပြောခဲ့ပါတယ်။ နောက် ပညာရေး ဥပဒေကို
သပိတ်မှောက်တယ်လို့ဆိုတဲ့ ကျောင်းသားတွေရဲ့ တောင်ဆိုချက် (၁၁) ချက်နဲ့ ပတ်သက်ပြီး
အချက်အများစုက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးရာမှာ ဆွေးနွေးမယ့် အကြောင်းအရာ
ခေါင်းစဉ်သဘော၊ ဆွေးနွေးပွဲ အစီအစဉ် သဘောသာဖြစ်နေလို့ အဲဒီအချက်တွေနဲ့ ပတ်သက်တဲ့
သပိတ်မှောက်သူတွေရဲ့ သဘောထားအမြင်ကို မသိရသေးတဲ့အတွက် ဝေဖန်ဆွေးနွေးဖို့
မဖြစ်သေးဘူးလို့လည်း ဆရာပြောခဲ့ပါတယ်။ နောက်ပြီး ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး
အသုံးစရိတ်ရဲ့ ရာခိုင်နှုန်း ၂၀ သတ်မှတ် ရေးကိစ္စဆိုတာကတော့ သူတို့ သဘောထားဖြစ်ကြောင်း
ပေါ်လွင်နေတဲ့အတွက် ဆရာ့ အမြင်အရ မဖြစ်သင့်ကြောင်း မဖြစ်နိုင်ကြောင်း ဆွေးနွေးခဲ့ပါတယ်
ဆရာ"
"ဟုတ်တယ်လေ အရင်တစ်ပတ်တုန်းကတော့ ဂျာနယ် စာမျက်ကို ငဲ့ရတဲ့အတွက်
အကြောင်းပြချက်တွေ မပြောနိုင်ခဲ့ဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ "Budget" (နှစ်စဉ်ရသုံး
မှန်းခြေငွေစာရင်း) ကို အဲဒီလိုသာ ပုံသေသတ်မှတ်ထားလို့ ရမယ်ဆိုရင် နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ
နှစ်စဉ် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ ဥပဒေတွေကို လွှတ်တော်တွေမှာ အကြိတ်အနယ်
ဝေဖန်ဆွေးနွေးနေဖို့ လိုမှာ မဟုတ်တော့ဘူး။ ပညာရေးက ၂၀ ရာခိုင်နှုန်း၊ ကျန်းမာရေးက
၂၀ ရာခိုင်နှုန်း၊ ဒို့နိုင်ငံရဲ့ အခြေအနေအရ ကာကွယ်ရေးက ၄၀ ရာခိုင်နှုန်း၊ ၀န်ထမ်းတွေရဲ့
လစာငွေများ အပါအဝင် ကျန်အကြောင်းအရာ (ငွေစာရင်းခေါင်းစဉ်) အားလုံးအတွက်
၂၀ ရာခိုင်နှုန်းဆိုပြီး သတ်မှတ်ထားလိုက်ရင် ပြီးပြီပေါ့။ နိုင်ငံတစ်နိုင်ငံရဲ့ နှစ်စဉ် ရသုံးမှန်းခြေ
ငွေစားရင်ဆိုင်ရာ ဥပဒေဆိုတာ အဲဒီနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး အတက်အကျကို ပြသနေတဲ့
ပြဒါးတိုင်လို ကိရိယာတစ်မျိုးပဲကွ။ အင်္ဂလိပ်ပါလီမန်စနစ် အရဆိုရင် "Budget Bill" သို့မဟုတ်
"Money Bill" လို့ခေါ်တဲ့ ဥပဒေကြမ်းကို မဲခွဲရာမှာ အစိုးရဘက်က ရှုံးသွားရင် အဲဒီအစိုးရ
ပြုတ်ကျသွားပြီး ရွေးကောက်ပွဲအသစ် လုပ်ရတာမျိုးကွ။ အခု သပိတ်ကျောင်းသားတွေ
တောင်းဆိုတာမျိုး ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာတော့ မဖြစ်နိုင်ဘူး။ အာဏာရှင်စနစ်
ကျင့်သုံးတဲ့ နိုင်ငံတွေမှာသာ ဖြစ်နိုင်မယ်"
"မှန်ပါတယ်ဆရာ၊ ကျောင်းသားသမဂ္ဂတွေအကြောင်း ပြောပါဦးဆရာ"
"တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအကြောင်းပြောရင် ဗြိတိသျှကိုလိုနီခေတ် မြန်မာနိုင်ငံမှာ
တစ်ခုတည်းသာရှိခဲ့တဲ့ ရန်ကုန်တက္ကသိုလ် စတင်ပေါ်ပေါက်လာတာကို အခြေခံပြီး
ပြောမှရမယ်ကွ။ မြန်မာနိုင်ငံရဲ့ ပညာရေး နဲ့ နိုင်ငံရေးသမိုင်းမှာ ထင်ရှားတဲ့ မှတ်တိုင် တစ်ခုအဖြစ်
ကျန်ရစ်ခဲ့တဲ့ ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်ကို အကြောင်းပြုပြီး "University of Rangoon
Act, 1920(၁၉၂၀ ပြည့်နှစ်၊ ရန်ကုန်တက္ကသိုလ် အက်ဥပဒေ) က ရန်ကုန်တက္ကသိုလ်ကို
မွေးဖွားပေးခဲ့တယ် ဆိုတာကိုတော့ နှောင်းခေတ်လူအတော် များများက သိရှိကြပါတယ်။
အဲဒီဥပဒေကို စတင် ပြဋ္ဌာန်းချိန်တုန်းကတော့ 'ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ'
(The Rangoon University Students' Union) ဆိုတာ မရှိခဲ့သေးဘဲ တက္ကသိုလ်အုပ်ချုပ်ရေး
အဖွဲ့ဖြစ်တဲ့ 'တက္ကသိုလ်ကောင်စီ' (The Council of the University) မှာတော့ တက္ကသိုလ်
ကျောင်းသားများက ရွေးချယ်တင်မြှောက်တဲ့ ဘွဲ့ရပြီးသား ပုဂ္ဂိုလ် နှစ်ဦး ပါ၀င်တာကို တွေ့ရတယ်။
ဒီမှာ သတိပြုရမယ့် အချက်က ကျောင်းသား ကိုယ်စားလှယ်ဆိုတာ ကျောင်းသားတွေက
ရွေးချယ်တဲ့ တက္ကသိုလ်ကျောင်းသား မဟုတ်ဘဲ ရန်ကုန်တက္ကသိုလ်က ဘွဲ့ရပြီးသူဖြစ်တယ်ဆိုတဲ့
အချက်ပဲ။ နောက်ပိုင်းမှာ အဲဒီ ကိုယ်စားလှယ် နှစ်ဦးကို (တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ
ပေါ်ပေါက်ခဲ့ပြီဖြစ်လို့) တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ရွေးချယ်ပေးရမယ်လို့ ဥပဒေကို
ပြင်ဆင်ခဲ့တယ်။ နောက်တစ်ဖန် ကျောင်းသားများ သမဂ္ဂအစား တက္ကသိုလ် ကျောင်းသားများက
ရွေးချယ်ရမယ်ဆိုပြီး ဥပဒေကို ပြင်ပြန်ရော"
"ဟုတ်ကဲ့ပါ ဆရာ"
"ဆိုလိုချင်တာက ရန်ကုန်တက္ကသိုလ်ကို စတင် တည်ထောင်ခါစက 'တက္ကသိုလ် ကျောင်းသား
သမဂ္ဂ' ဆိုတာမျိုး မရှိခဲ့သေးဘူး။ ဥပဒေထဲမှာလည်း တက္ကသိုလ် သမဂ္ဂဆိုတဲ့ အသုံးအနှုန်း
မရှိခဲ့သေးဘူး။ ၁၉၉၅ ခုနှစ်မှာ တက္ကသိုလ်များ သမိုင်းသုတေသနဌာနက ရန်ကုန်တက္ကသိုလ်
စိန်ရတု အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့တဲ့ 'ရန်ကုန်တက္ကသိုလ် သမိုင်း (၁၉၂၀ - ၁၉၉၅)' အရ
ပြောရမယ်ဆိုရင်တော့ အဲဒီတုန်းက တက္ကသိုလ် အာဏာပိုင်များအနေနဲ့ ကျောင်းသားများအတွက်
အဖွဲ့အစည်းတစ်ရပ် ရှိသင့်တယ်လို့ ယူဆခဲ့ကြပေမယ့် အကောင်အထည်မပေါ်ခဲ့ဘူး။ တက္ကသိုလ်
အဓိပတိဖြစ်တဲ့ ဘုရင်ခံဆာဟာကုတ် ဘတ္တလာရဲ့ မေတ္တာရပ်ခံချက်အရ ဒေါက်တာဦးညိုဆိုတဲ့
ပုဂ္ဂိုလ်တစ်ဦးက တက္ကသိုလ်ကျောင်းသားများ အသင်းတိုက် တစ်ခု ဆောက်လုပ်ဖို့ လှူဒါန်းတဲ့ငွေနဲ့
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ကျောင်းသားအရေးအခင်းမှာ စစ်အစိုးရက မိုင်းခွဲဖြိုဖျက်ခဲ့တဲ့ တက္ကသိုလ်
သမဂ္ဂ အဆောက်အအုံကို ဆောက်လုပ်ခဲ့ရာမှာ ၁၉၃၀ ပြည့်နှစ်မှာ ပြီးစီးခဲ့တယ်။ အဲဒီနှစ်မှာပဲ
ကျောင်းသားထု အစည်းအဝေး ဆုံးဖြတ်ချက်အရ သမဂ္ဂစည်းမျဉ်းကို ရေးဆွဲခဲ့ပြီး ၁၉၃၁ ခုနှစ်မှာ
တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) ကို စတင်ဖွဲ့စည်းနိုင်ခဲ့သတဲ့"
"ဟုတ်ကဲ့ပါ ဆရာ"
"အခုပြောခဲ့တဲ့ သမိုင်းစာအုပ်အရဆိုရင်တော့ တက္ကသိုလ်သမဂ္ဂ ဖွဲ့စည်းပုံ စည်းမျဉ်းကို
ကျောင်းသားထု အစည်းအဝေး ကျင်းပပြီး အတည်ပြုတယ်လို့ပဲ ဖော်ပြထားတယ်။ အဲဒီ
စည်းမျဉ်းကို ဘယ်ဥပဒေအရ အတည်ပြုထားတယ်။ ဥပဒေအာနိသင် (force of law) ရှိအောင်
ဘယ်ဥပဒေအရ အသက်သွင်းထားတယ်ဆိုတဲ့ ဥပဒေအခြေခံ (legal basis) ကို မတွေ့ရဘူး။
တက္ကသိုလ်ကောင်စီရဲဲ့ အာဏာတွေထဲမှာ 'ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ
စတက်ကျူဥပဒေများ (statutes) ကို ပြုလုပ်နိုင်သည်။ ယင်းတို့ကို ပြင်ဆင်ပယ်ဖျက်နိုင်သည်'လို့
ပါရှိပေမယ်လို့ ကျောင်းသားထု အစည်းအဝေးက ဆုံးဖြတ်အတည်ပြုထားတဲ့ သမဂ္ဂစည်းမျဉ်း
တွေကို တက္ကသိုလ်ကောင်စီက သူ့ရဲ့ အာဏာအရ အတည်ပြုပြီး ဥပဒေအာနိသင်ရှိအောင်
လုပ်ခဲ့ခြင်း ရှိ မရှိဆိုတာကိုတော့ မသိရဘူး။ အခု ပြောခဲ့တဲ့ သမိုင်းစာအုပ်မှာ ဖော်ပြထား
တာလည်း မတွေ့ရဘူး"
"ဟုတ်ကဲ့ပါ ဆရာ၊ ကျွန်တော်တို့ ဥပဒေ သမားတွေရဲ့ ရှုထောင့်ကနေကြည့်ရင် ဒီအချက်က
အရေးကြီးပါတယ်"
"မန္တလေးတက္ကသိုလ်ကို ရန်ကုန်တက္ကသိုလ် ရဲ့ လက်အောက်က ခွဲထုတ်ပြီး သီးခြား တက္ကသိုလ်
အဖြစ်နဲ့ တည်ထောင်ခဲ့တဲ့ '၁၉၅၇ ခုနှစ်၊ မန္တလေးတက္ကသိုလ်ဥပဒေ' ဆိုတာကလည်း
"University of Rangoon Act, 1920" ကို မြန်မာဘာသာပြန်ဆိုပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေပဲ၊
လိုအပ်ချက်အရ ပြောင်းလဲထားတဲ့ အချက်နည်းနည်းပဲ ရှိပါတယ်။ မန္တလေးတက္ကသိုလ်မှာလည်း
ရန်ကုန်တက္ကသိုလ်လိုပဲ 'မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(မတကသ)'ဆိုပြီး
ရှိခဲ့တယ်ကွ။ ဒီကိစ္စမှာလည်း ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂလိုပဲ "Legal Basic" ကို
ရှာမတွေ့ဘူး"
"ဟုတ်ကဲ့ပါ ဆရာ"
"အမှန်မှာတော့ ဒို့နိုင်ငံမှာ ကျောင်းသားများသမဂ္ဂ (Students' Union) ဆိုတဲ့ အဖွဲ့ အစည်းမျိုး
တွေက အင်္ဂလန်နိုင်ငံတက္ကသိုလ်တွေကနေ ဆင်းသက်လာတာကို တွေ့ရတယ်။ ဘာမင်ဂန်
တက္ကသိုလ် (့University of Birmingham) ကို ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ဗြိတိသျှ ဘုရင်မ
၀ိတိုရိယရဲ့ အမိန့် (Charter) မှာ 'ကျောင်းသားများသမဂ္ဂ (Students' Union) လို့ မသုံးဘူးကွ။
"Guild of Students" လို့ သုံးထားတယ်။ အဲဒီ "Guild" ဆိုတာက အလုပ်တူ သို့မဟုတ်
အကျိုးတူ၊ သို့မဟုတ် ရည်ရွယ်ချက် တူသူများရဲ့ အဖွဲ့အစည်းလို့ အဓိပ္ပာယ်ရတယ်။
ဝေလတက္ကသိုလ် (့University of Wales) ဖွဲ့စည်းပုံစည်းမျဉ်းမှာဆိုရင်တော့ ကျောင်းသားများ
အသင်းအဖွဲ့ (Organization of Students) လို့ သုံးစွဲထားတာကို တွေ့ ရတယ်။"
"ဟုတ်ကဲ့ပါ ဆရာ"
"နောက်ပြီး ဒီကျောင်းသားအသင်းအဖွဲ့ တွေကို ဖွဲ့စည်းတဲ့ အဓိကရည်ရွယ်ချက်က ကျောင်းသား
တွေရဲ့ ပညာသင်ကြားရေး၊ အသိဉာဏ် ဖွံ့ဖြိုးရေးစတာတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့၊
တိုးတက်အောင် လုပ်ဖို့ပဲကွ။ နိုင်ငံရေးရာ ကိစ္စတွေမှာ ပါ၀င်စွက်ဖက်ဖို့ မဟုတ်ဘူး။ အခုနပြောခဲ့တဲ့
'ရန်ကုန်တက္ကသိုလ် သမိုင်း' စာအုပ်အရဆိုရင်လည်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ
ဖွဲ့စည်းခြင်းရဲ့ မူလ ရည်ရွယ်ချက်တွေက 'ကျောင်းသားများ မိမိကိုယ်မိမိ အားကိုး၍ လွတ်လပ်စွာ
ဆောင်ရွက်လိုသော စိတ်ဓာတ်၊ တာဝန်ဝတ္တရားကို သိသော စိတ်ဓာတ်အပါအဝင်
စာပေအသိဉာဏ် ဖွံ့ဖြိုးရေးနှင့် လူမှုဆက်ဆံရေးတို့တွင်လည်း တတ်သိနားလည်ရေးတို့အတွက်
ဖြစ်သည်' လို့ ဖော်ပြထားတယ်။ အဲဒီရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်တဲ့အနေနဲ့
တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဦးစီးပြီး စကားရည် လုပွဲတွေ၊ ဟောပြောပွဲတွေကို
ကျင်းပခဲ့တဲ့အပြင် သမဂ္ဂအဆောက်အအုံမှာ စာကြည့်တိုက်နဲ့ စာဖတ်ခန်းတွေကိုလည်း
ဖွင့်လှစ်ပေးထားတယ်လို့လည်း ဖော်ပြထားတယ်"
"ဟုတ်ကဲ့ပါ ဆရာ"
"နောက်ပြီး ၁၉၃၆ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ ဒုတိယကျောင်းသားသပိတ်ရဲ့ အကျိုးဆက်အနေနဲ့
'ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ'ကို ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ရန်ကုန် တက္ကသိုလ်
သမိုင်းစာအုပ်မှာ တွေ့ရတယ်။ ဘယ်လို စည်းမျဉ်းဥပဒေအရ ဖွဲ့စည်းတယ်ဆိုတာတော့ မသိရဘူး"
"ဟုတ်ကဲ့ပါ ဆရာ"
"အဲဒီလို ကျောင်းသားသမဂ္ဂတွေအပြင် တက္ကသိုလ်တွေမှာ တခြားကျောင်းသား အသင်းအဖွဲ့
တွေလည်း ရှိသေးတယ်။ ကျောင်းအိပ်ကျောင်းသား ကျောင်းသားတွေနေတဲ့
ကျောင်းဆောင်တိုင်းမှာ 'သဟာယနှင့် စာဖတ်အသင်း' (Social and Reading Club)၊
အတိုကောက်အားဖြင့် S&R လို့ ခေါ်တဲ့ အသင်း၊ နေ့ကျောင်းသားများအသင်း (Day Students'
Association)၊ ခရိုင်အလိုက်ဖွဲ့ စည်းထားတဲ့ ခရိုင်ကျောင်းသူ/ ကျောင်းသားများအသင်း၊
ဘာသာရပ်ဆိုင်ရာအသင်း၊ အနုပညာအသင်း၊ ကလောင်ရှင်များအသင်းနဲ့ ဘာသာရေးအရ
ဖွဲ့စည်းတဲ့ အသင်းတွေလည်း ရှိသေးတယ်။ ဒီအသင်းအဖွဲ့တွေကတော့ ကျောင်းသား အချင်းချင်း
ချစ်ကြည်ရင်းနှီးရေးနဲ့ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဖြစ်တယ်"
"ဟုတ်ကဲ့ပါ ဆရာ၊ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝမှာလည်း အဲဒီလို အသင်းတချို့
ရှိတဲ့အတွက် ကျောင်းသား အချင်းချင်းချစ်ကြည်ရင်းနှီးမှုနဲ့ စည်းလုံး ညီညွတ်တဲ့ စိတ်ဓာတ်တွေ
ရရှိခဲ့ပါတယ်။ တက္ကသိုလ်မှာ နေရတာ ပျော်စရာကြီးပေါ့ ဆရာ"
"နောက်ပြီး နိုင်ငံလုံခြံုရေးနဲ့ ကာကွယ်ရေး စိတ်ဓာတ်တွေ ကိန်းအောင်းဖွံ့ဖြိုးစေဖို့ ရည်ရွယ်
ဖွဲ့စည်းပေးတဲ့ တက္ကသိုလ်အရန်တပ်ရင်း ဆိုတာလည်း ရှိသေးတယ်၊ ဒါ့ပြင်စစ်ကြိုခေတ်နဲ့ စစ်ပြီးစ
တိုင်းပြည်မငြိမ်မသက်ဖြစ်နေစဉ် ကာလမှာ သံမဏိတပ်ဆိုတာကို ဖွဲ့စည်းပြီး အခြေခံစစ်ပညာတွေ
သင်ကြားပေးခဲ့တာလည်း ရှိခဲ့တယ်။ အဲဒီတပ်ဖွဲ့တွေက တချို့ ကျောင်းသားတွေ ၁၉၄၉ - ၅၀
လောက်မှာ ရောင်စုံသူပုန်တွေ ပေါ်ပေါက်ခဲ့တုန်းက တပ်မတော်နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြလို့
ကျဆုံးခဲ့တဲ့ သူတွေလည်း ရှိခဲ့တာကို မှတ်တမ်းများအရ သိရှိရတယ်"
"ဟုတ်ကဲ့၊ အဲဒီနောင်တော်ကျောင်းသားကြီးတွေကို လေးစားပါတယ်၊ သူတို့အတွက် ဂုဏ်လည်း
ယူပါတယ် ဆရာ။ ကျောင်းသား သမဂ္ဂတွေအကြောင်း ပြောပါဦးဆရာ"
"ဒီကိစ္စမှာတော့ နှစ်ပိုင်းခွဲပြီး ပြောရမယ်ကွ၊ လွတ်လပ်ရေးမရမီနဲ့ လွတ်လပ်ရေးရပြီး
ဆိုပြီးတော့..."
"ဟုတ်ကဲ့ပါ ဆရာ"
"၁၉၂၀ ပြည့်နှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပထမ ကျောင်းသားသပိတ်တုန်းက တက္ကသိုလ် ကျောင်းသား
သမဂ္ဂဆိုတာ မရှိသေးဘူး။ တက္ကသိုလ်ဥပဒေကို သပိတ်မှောက်တော့မယ်ဆိုမှ ကျောင်းသားထုရဲ့
ဆန္ဒနဲ့ ဦးဆောင် ကော်မတီကို ရွေးခဲ့တာ။ အဲဒီမှာ အတုယူဖို့ အလွန်ကောင်းတဲ့
အချက်တစ်ချက်ကို တွေ့ ရတယ်ကွ"
"ဘယ်လိုပါလဲ ဆရာ"
"တက္ကသိုလ်ကို သပိတ်မှောက်မယ်ဆိုပြီး ကျောင်းသားတွေ စည်းဝေးတိုင်ပင်ကြတော့
သဘောထားနှစ်ရပ် ကွဲလွဲခဲ့ကြတယ်။ ပထမ သဘောထားက ရန်ကုန်တက္ကသိုလ်ဥပဒေကို
ပြင်ဆင်ပေးဖို့ ဘုရင်ခံထံတင်ပြပြီး မလိုက်လျောမှသာ သပိတ်မှောက်ရန်ဆိုတဲ့
သဘောထားဖြစ်ပြီး ဒုတိယ သဘောထားကတော့ ဦးစွာ သပိတ်မှောက်ပြီးမှ လိုလားချက်တွေ
တောင်းဆိုရန်ဆိုတဲ့ သဘောထားဖြစ်တယ်။ အဲဒီလို ကွဲလွဲနေတဲ့အခါကျတော့ အဲဒီကွဲလွဲချက်
နှစ်ချက်အပေါ်မှာ ဆန္ဒမဲပေးပြီး ဆုံးဖြတ်ကြမယ်။ အဲဒီလိုဆန္ဒမဲမယူမီမှာ ရှုံးတဲ့ဘက်က ခွဲထွက်
မသွားဘဲ နိုင်တဲ့ဘက်ကို ပူးပေါင်းထောက်ခံရမယ်ဆိုပြီး ကြိုတင်သဘောတူညီခဲ့ကြတယ်။
အဲဒါအတုယူသင့်တဲ့ အချက်ပေါ့ကွာ။ ဒို့နိုင်ငံရဲ့ သမိုင်းကြောင်းတစ်လျှောက် ဒီနေ့အထိ
ပေါ်ပေါက်ခဲ့တဲ့ အဖွဲ့အစည်းအမျိုးမျိုးကို ကြည့်လိုက်စမ်းပါ။ တောတွင်းအဖွဲ့အစည်းအမျိုးမျိုး
အပါအဝင်ပေါ့။ အကြောင်းကိစ္စတစ်ရပ်ရပ်နဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲကြမယ်ဆိုရင်
ရှုံးတဲ့ဘက်က ခွဲထွက်သွားကြတာချည်းဘဲ မဟုတ်လား"
"မှန်ပါတယ် ဆရာ"
"နောက်ပြီး သပိတ်မှောက်တဲ့ အကြောင်းပြချက်မှန် မမှန်ဆိုတာကို သမိုင်းသင်ခန်းစာ တစ်ခုအဖြစ်
စိစစ်ကြည့်မယ်ဆိုရင်လည်း ရန်ကုန်တက္ကသိုလ်ဥပဒေကို သပိတ်မှောက်တယ်ဆိုပေမယ့်
အမှန်အားဖြင့်တော့ ဒီဥပဒေ အရတက္ကသိုလ်အာဏာပိုင်တွေက ထုတ်ခဲ့တဲ့ စည်းကမ်းချက်တွေက
ကျောင်းသားတွေ အတွက်၊ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အလွန်အကျိုးယုတ်မှာဖြစ်လို့
သပိတ်မှောက်ခဲ့ရတာဆိုတော့ ခိုင်လုံတဲ့ မှန်ကန်တဲ့ အကြောင်းပြချက်ရှိခဲ့တာပေါ့။ ဒီသပိတ်ရဲ့
ရလဒ်ကတော့ အဲဒီအချိန်က မီးခဲပြာဖုံးဖြစ်နေတဲ့ အမျိုးသားစိတ်ဓာတ်ကို ပြန်လည်
တောက်လောင်စေခဲ့ခြင်းပဲပေါ့ကွာ"
"ဟုတ်ပါတယ် ဆရာ၊ ၁၉၃၆ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ ဒုတိယကျောင်းသားပိတ် အကြောင်း
ဆက်ပါဦး ဆရာ"
"ဒုတိယကျောင်းသား သပိတ်ကတော့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုနုနဲ့ ကျောင်းသား
သမဂ္ဂက ထုတ်ဝေတဲ့ အိုးဝေ မဂ္ဂဇင်းပါ "The Hell hound at Large" ဆိုတဲ့ သရော်စာရေးသူကို
ထုတ်ဖော်ပြောဖို့ ငြင်းဆန်တဲ့ မဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်းတို့ကို ကျောင်းက ထုတ်ပယ်တဲ့
အတွက် သပိတ်မှောက်တာလို့ဆိုပေမယ့်လို့ အနှစ်သာရ အားဖြင့်တော့ ဗြိတိသျှကိုလိုနီဘဝက
လွတ်မြောက်လိုတဲ့ အမျိုးသားစိတ်ဓာတ်ကို အခြေခံ ခဲ့တာပါပဲ။ အဲဒီသပိတ်ကြောင့် အမျိုးသား
စိတ်ဓာတ်များ ပိုမိုပြင်းထန်လာခဲ့ပြီး အမျိုးသား ကောလိပ်နဲ့ အမျိုးသားကျောင်းများ ပြန်လည်
ပေါ်ပေါက်လာခဲ့တာကို တွေ့ရတယ်ကွ။ တတိယကျောင်းသားသပိတ်ဆိုတာလည်း ရှိခဲ့သေးတယ်
မဟုတ်လား ဆရာ"
"ဒီသပိတ်ကတော့ ၁၃၀၀ ပြည့်အရေးတော်ပုံကို ပေါ်ပေါက်စေခဲ့တဲ့ ရေနံမြေအလုပ်သမားသမဂ္ဂ
သပိတ်နဲ့အတူတူ ပေါ်ပေါက်လာတဲ့ ကျောင်းသားသပိတ်ပဲကွ၊ တက္ကသိုလ် ကျောင်းသားများ
သာမကတော့ဘဲ တစ်နိုင်ငံလုံးရှိ ကျောင်းသားများပါ၀င်တဲ့ သပိတ်လည်း ဖြစ်တယ်ကွ။
အဲဒီသပိတ်ကာလအတွင်းမှာပဲ ရန်ကုန်တက္ကသိုလ် အပါအဝင် ကျောင်းသားထုကြီးက
ဗြိတိသျှအုပ်ချုပ်ရေးရဲ့ အချက်အချာ ဖြစ်တဲ့ အတွင်းဝန်များရုံးကို ၀ိုင်းပြီး ဆန္ဒပြရာမှာ
ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် ကျဆုံးခဲ့ရတာပေါ့။ ဒီသပိတ်ကတော့ကျောင်းသား
အရေး၊ ပညာရေးကိစ္စသက်သက် မဟုတ်တော့ဘူး၊ လွတ်လပ်ရေးတိုက်ပွဲကို ဦးတည်ခဲ့တဲ့
အထွေထွေသပိတ်ကြီးဖြစ်တယ်ကွ။ လွတ်လပ်ရေးခေတ်ကျောင်းသားသမဂ္ဂတွေ အကြောင်း
ကိုတော့ နောက်တစ်ပတ်မှ ဆက်ပြောကြသေးတာပေါ့"
















