ခုဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး လူမှုရေး အခြေအနေတွေဟာ ဆူပွက်နေတယ်လို့တောင် တင်စားနိုင်ပါတယ်။
ခုဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး လူမှုရေး အခြေအနေတွေဟာ ဆူပွက်နေတယ်လို့တောင်
တင်စားနိုင်ပါတယ်။
ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာ အစိုးရတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ တိုက်ပွဲတွေ အကြီးအကျယ်
ဖြစ်နေသလို အခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တချို့နဲ့လည်း ကြိုးကြား၊ ကြိုးကြား
တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
ကိုးကန့်တိုက်ပွဲဖြစ်စဉ်မှာ ကေအိုင်အေ၊ '၀'၊ မိုင်းလား၊ တအောင်းပလောင်၊ SSA ရှမ်းမြောက်
တပ်ဖွဲ့တွေ ၀င်ကူတိုက်နေတယ်လို့ တပ်မတော်ဘက်က စွပ်စွဲလိုက် ပြီး တာဝန်ယူရမယ်လို့လည်း
ရာဇသံ ပေးထားပါတယ်။
မြို့ပေါ်မှာလည်း အလုပ်သမားတွေရဲ့ ဆန္ဒပြ သပိတ်မှောက်မှုကို ဆူပူအကြမ်းဖက် ဆန္ဒပြမှုအဖြစ်
တံဆိပ်ကပ်ပြီး နှိမ်နင်းဖို့ ပြင်ဆင်နေပါပြီ။
ကျောင်းသားတွေရဲ့ ပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်တိုက်ပွဲ ပြီးဆုံးခြင်း မရှိသေးသလို
ကိုယ့်လယ် ကိုယ့်ယာ ပြန်ရရေး တောင်းဆိုတဲ့ လယ်သမားတွေလည်း တစ်သုတ်ပြီး တစ်သုတ်
တရားရုံးကနေ ပြစ်ဒဏ်ချ ခံရပြီး ထောင်ထဲ ရောက်ကုန်ပါတယ်။
သိပ်မကြာခင် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးလည်း လုပ်ပါတော့မယ်။
ဒီလို အခြေအနေမှာ လွှတ်တော်ကြီး ဘာလုပ်နေပါသလဲ။
ဖြစ်နေတဲ့ ပြဿနာတွေ ပြေငြိမ်းစေဖို့၊ တိုင်းပြည်အတွက် လုပ်သင့်လုပ်ထိုက်တာတွေ
လုပ်နေကြပါရဲ့လား၊ ဒါမှမဟုတ် အခြား ဘာတွေ လုပ်ကိုင်နေကြပါသလဲဆိုတာ ခုတစ်ပတ်
ဆွေးနွေးတင်ပြသွားပါ့မယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ရဲ့
ရပ်တည်ချက်ကတော့ ရှင်းပါတယ်။
တပ်မတော်ရဲ့ လုပ်ရပ်ကို ထောက်ခံ၊ သမ္မတရဲ့ စစ်အုပ်ချုပ်ရေး လွှဲအပ်မှုကို အတည်ပြု
ပေးလိုက်ပါပြီ။
ဒါပေမဲ့ တကယ့်တကယ် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခပြေလည်ရေးမှာ
သော့ချက်ကျတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးလို ကိစ္စမျိုး ဘာမှ ရှေ့တိုးလုပ်ကိုင်တာ မတွေ့ရပါဘူး။
ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲ တစ်ခုလုပ်ဖို့ ဥပဒေ ပြဋ္ဌာန်းပြီးတာကလွဲရင်
တကယ်အရေးကြီးတဲ့ 'ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်း' လွှတ်တော်ကို တင်တာ၊ ဆွေးနွေးတာ၊
မဲခွဲတာလုပ်တဲ့ အဆင့်ရောက် မလာသေးပါဘူး။
ဒီပုံအတိုင်းသာဆို လွှတ်တော် နာယက သူရဦးရွှေမန်း လွှတ်တော်နဲ့ တိုင်းပြည်ကို
ကတိပေးထားတဲ့ ရွေးကောက်ပွဲ မတိုင်ခင် ခြောက်လ အလိုမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေ
အတည်ပြုပြီးသား ဖြစ်စေရမယ် ဆိုတာမျိုး အကောင်အထည်ပေါ်ဖို့ လွယ်ကူမှာတော့
မဟုတ်ပါဘူး။
ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို ဒီမိုကရေစီ အထိုက်အလျောက်ရှိတဲ့၊ တိုင်းရင်းသား တန်းတူရေး
အထိုက်အလျောက် ရှိတဲ့ ဖွဲ့စည်းပုံ အဆင့်လောက် ပြင်မထားနိုင်ရင် လက်နက်ကိုင်
တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ အဆင်ပြေနိုင်မှာ မဟုတ်သလို၊ အစိုးရနဲ့
အတိုက်အခံ၊ ပြည်သူတွေအကြား အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အကောင်အထည်ဖော်ဖို့
လည်း ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။
၂၀၀၈ ခုနှစ်က လက်ရှိ လွှတ်တော်မစခင် အချိန်အထိ လွှတ်တော်ထဲ ရောက်နေတဲ့ ဥပဒေကြမ်း
၄၂ ခုရှိပါတယ်။
အဲဒီအထဲမှာ အရေးကြီးတဲ့ 'ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း' ဘဏ်နှင့်
ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေကြမ်း၊ မတရားအသင်းများ အက်ဥပဒေ (၁၉၀၈ ခုနှစ်၊
အိန္ဒိယ အက်ဥပဒေ ၁၄) ကိုပြင်ဆင်သည့် ဥပဒေကြမ်း စသဖြင့် အရေးကြီးတဲ့ ဥပဒေကြမ်းတွေ
ပါ၀င်ပါတယ်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ကတော့ ဥပဒေကြမ်း အဆင့်တောင် မရောက်သေးပါဘူး။
ဒီအထဲကမှ 'ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း' ဆိုရင်လည်း
အလွန်အရေးကြီးပါတယ်။
သိပ်မကြာခင် တိုင်းပြည်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် ပါတီစုံ အထွေထွေ
ရွေးကောက်ပွဲကြီး လုပ်ပါတော့မယ်။
အဲဒီအချိန်မတိုင်ခင် တိုင်းပြည်ထဲမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် ရှိနေဖို့လည်း လိုအပ်ပါတယ်။
လက်ရှိ အစိုးရဟာ စာနယ်ဇင်း ပုံနှိပ် မီဒီယာကို လွတ်လပ်စွာရေးသား၊ ပုံနှိပ်၊ ထုတ်ဝေခွင့်
ပြုထားပေမယ့် အလွန် စွမ်းအားကြီးတဲ့ ရုပ်သံနဲ့ ရေဒီယိုထုတ်လွှင့် ကိုတော့ လုံးဝထိန်းချုပ်ထားဆဲ
ဖြစ်ပါတယ်။
ပုဂ္ဂလိက ပြည်သူတွေကို လုံးဝလုပ်ကိုင်ခွင့် မပြုသေးဘဲ အစိုးရကို ထောက်ခံတဲ့ လက်တစ်ဆုပ်စာ
ခရိုနီ တစ်စုကိုပဲ လုပ်ကိုင်ခွင့်ပြုထားတာပါ။
ဒီအခြေအနေကို ပြောင်းလဲပစ်ဖို့ ဆိုရင် 'ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ
ဥပဒေကြမ်'ကို အမြန် ဆွေးနွေးအတည်ပြုနိုင်ဖို့ လိုပါတယ်။
ဒါပေမဲ့ အဲဒီ ဥပဒေကြမ်း လွှတ်တော်ထဲ ရောက်တာ တစ်နှစ်ကျော်သွားသည့်တိုင် လွှတ်တော် က
လုံးဝကိုင်တွယ် ဆွေးနွေးခြင်း မလုပ်ပါဘူး။
လွှတ်တော် နာယက သူရဦးရွှေမန်းအနေနဲ့ လာမယ့် ရွေးကောက်ပွဲ အစိုးရနဲ့ သူ့ကို လိုလားသူတွေ
လက်ထဲမှာပဲ ရုပ်သံနဲ့ ရေဒီယို အသံလွှင့် မီဒီယာလုပ်ငန်းတွေ ရှိနေစေဖို့ ရည်ရွယ်ပြီး အချိန်ဆွဲ
ထားတာလို့ စွပ်စွဲမှုတွေ ကြားနေရပါပြီ။
အခုလို အရေးကြီးတဲ့ ဥပဒေကြမ်းတွေကို မဆွေးနွေးသေးဘဲ ချောင်ထိုး၊ အချိန်ဆွဲထားတာ
လုပ်နေပေမယ့် မျိုးစောင့် ဥပဒေလေးခုကိုတော့ လွှတ်တော်ထဲ ရောက်တာ သိပ်မကြာခင်မှာဘဲ
အားလုံး နီးပါးလောက်ကို စဆွေးနွေးပြီး အတော်ခရီးရောက်နေပါပြီ။
ပြစ်ဒဏ်မပါ၊ ကြပ်မတ်မှုမပါ၊ ဥပဒေမှာပါတာကို လိုက်နာရင်လည်းရ၊ မလိုက်နာရင်လည်း
ဖြစ်တယ်ဆိုတဲ့ 'လူဦးရေ ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း' ဆို
အမျိုးသားလွှတ်တော်ဘက်က အတည်တောင် ပြုပြီးသွားပါပြီ။
ခုဆိုရင် တိုင်းပြည်မှာ ဂယက်ထသွားတဲ့၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ရလဒ်ဖြစ်တဲ့ အမျိုးသား
ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်ကို ရောက်ပါပြီ။
ဒီဥပဒေကြမ်းကို လွှတ်တော် က ဘယ်နည်းဘယ်ပုံ ကိုင်တွယ်မလဲ ဆိုတာနဲ့ပတ်သက်ပြီး
သပိတ်မှောက်ကျောင်းသားတွေက စောင့်ကြည့်နေကြပါတယ်။
ဒီအတွက် လွှတ်တော်ဟာ ဥပဒေကြမ်းကို မြန်မြန်ဆွေးနွေး သုံးသပ် အတည်ပြုပေးဖို့ လိုပါတယ်။
ဒါပေမဲ့ လက်ရှိလွှတ်တော် ဘက်ကနေ ဒီဥပဒေကြမ်းကိုသိပ်မလောပါနဲ့၊ ဖြည်းဖြည်းဆွေးနွေး
တာပေါ့ဆိုတာမျိုး ပြောလာပါပြီ။
ဒီအတွက် နောက်ထပ် ကျောင်းသားသပိတ်တွေ၊ ဆန္ဒပြမှုတွေ ဆက်ပြီးပေါ်ပေါက်လာနိုင်ပါသေး
တယ်။
အားလုံးကို ခြံုငုံပြီးပြောရရင် လက်ရှိ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော် အသီးသီးဟာ
တိုင်းပြည်အတွက် တကယ့် အရေးကြီးတဲ့ ဥပဒေကြမ်းတွေ အတည်ပြုနိုင်ရေး အားကြိုးမာန်တက်
လုပ်ကိုင်ဆောင်ရွက်နေခြင်း မရှိတာကြောင့် တိုင်းပြည်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခ
ပြဿနာတွေ မပြေလည်နိုင်သလို လွှတ်တော်ရဲ့ တာဝန် ကျေပွန်ပြီလို့လည်း ယူဆလို့
မရနိုင်ပါဘူး။
















