တိုင်းပြည်စာရင်းစနစ်၊ သို့မဟုတ် အမျိုးသားစာရင်းစနစ် အပိုင်း(၃)

တိုင်းပြည်စာရင်းစနစ်၊ သို့မဟုတ် အမျိုးသားစာရင်းစနစ် အပိုင်း(၃)

တိုင်းပြည်စာရင်းစနစ်၊ သို့မဟုတ် အမျိုးသား စာရင်းစနစ်မျိုးဘဏ်များမှာ SNA 53, SNA 68, SNA 93 နှင့် SNA 2008 ဟူ၍ မျိုးဆက် လေးခုရှိသွားပြီဖြစ်သည်။

တိုင်းပြည်စာရင်းစနစ်၊ သို့မဟုတ် အမျိုးသား စာရင်းစနစ်မျိုးဘဏ်များမှာ SNA 53, SNA 68,
SNA 93 နှင့် SNA 2008 ဟူ၍ မျိုးဆက် လေးခုရှိသွားပြီဖြစ်သည်။

၁၉၅၁ ခုနှစ်မှ ၁၉၅၃ ခုနှစ်အတွင် ပထမမျိုးဆက်ဖြစ်သော SNA 53 တွင် အလွန်ရိုးရှင်းသော
ဇယားများနှင့် စာရင်းများဖြင့် တန်ဖိုးများကိုကာလ ပေါက်ဈေးအတိုင်း ဖွဲ့စည်းတင်ပြထားသည်။

ထိုပထမမျိုးဆက်ကို ဥရောပစီးပွားရေးပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (OEEC - Organization for
European Economic Co-operation) ၏ ၁၉၅၁ ခုနှစ်နှင့် ၁၉၅၂ ခုနှစ်တို့တွင် ထွက်ပေါ်ခဲ့သော
လမ်းညွှန်းချက်များနှင့် ၁၉၅၃ ခုနှစ်တွင် ထွက်ပေါ်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ၏ လမ်းညွှန်းချက်များ
အရ ဖော်ထုတ်ခဲ့သည်။

ထို SNA 53 အရ စံပြုစာရင်း (Standard Account) ငါးခု ရေးဆွဲသည်။

ယင်းတို့မှာ (၁) ပြည်တွင်းထုတ်ကုန် (Domestic Product)၊ (၂) တိုင်းပြည်ဝင်ငွေ (National
Income)၊ (၃) ပြည်တွင်းစာရင်း တည်ဆောက်မှု (Domestic Capital Formation)၊
(၄) အိမ်ထောင်စုများနှင့် အမြတ်ခွန် မကြည့်သော ပုဂ္ဂလိက အဖွဲ့အစည်းများ (Household and
Private Non-profit Institution)၊ (၅) အထွေထွေအစိုးရ (General Government) နှင့်
(၆) ပြင်ပအရောင်းအဝယ် ဆက်ဆံမှုများ (External Transactions or Rest of the World)တို့
ဖြစ်ကြသည်။

အဖွဲ့ အစည်းဆိုင်ရာ ကဏ္ဍအနေဖြင့် SNA 53 တွင် (က) စီးပွားရေးလုပ်ငန်းများ (Enterprises)
(ခ) အိမ်ထောင်စုများနှင့် အမြတ်ခွန်မကြည့်သော ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် (ဂ) အထွေထွေ
အစိုးရဟူ၍ ခွဲခြားထားသည်။

စာရင်းများမှာ တီပုံသဏ္ဌာန်စာရင်းများဖြစ်ပြီး အဝင်၊ အထွက်ညီမျှမှု ရှိကြသည်။

ဥပမာ - SNA 53 အရ ပြည်တွင်းထုတ်ကုန်စာရင်း၏ လက်ဝဲဘက်အခြမ်း (မြီစားဘက်)တွင်
သွင်းအားစု စရိတ်ဖြင့် တန်ဖိုးသင့်သော အသားတင် ပြည်တွင်းထုတ်ကုန်တန်ဖိုး (Net Domestic
Product at Factor Cost)ကို ရေးသွင်းပြီး ယင်းတန်ဖိုးသည်တိုင်းပြည်ဝင်ငွေ စာရင်း၏
လက်ယာဘက်အခြမ်း(မြီရှင်ဘက်) တွင် စာရင်းဝင်ရသည်။

ထုတ်လုပ်သမျှ တန်ဖိုးအားလုံးအတိုင်း တိုင်းပြည်ဝင်ငွေတွင် စာရင်းဝင်ရသည်။

တန်ဖိုးအတိအကျ တူတူညီညီ တိုင်းပြည်ဝင်ငွေစာရင်းသို့ ၀င်သွားသည်။

မြန်မာနိုင်ငံ၏ ၁၉၄၈ - ၄၉ ခုနှစ် စာရင်းများအရ ယင်းစာရင်းသွင်းချက် နှစ်ခု ကို တီပုံသဏ္ဌာန်
ဇယားဖြင့်ပြပါက အောက်ပါအတိုင်း တွေ့ရှိရသည်။

ကျွနု်ပ်တို့ စီးပွားရေးတက္ကသိုလ် ပထမနှစ် စာရင်းကိုင်ပညာဘာသာရပ်တွင် ရပိုင်ခွင့် ဖြစ်လျှင်
မြီစားရေးသွင်းပြီး ပေးရန် တာဝန် ဖြစ်ပါက မြီရှင်ရေးသွင်းကြပါသည်။

ဥပမာ - ပစ္စည်းများကို ၀ယ်ယူပါက ထိုပစ္စည်းများကို ရပိုင်ခွင့်အဖြစ် ရရှိသဖြင့် ပစ္စည်းများ
စာရင်းတွင် မြီစားရေးသွင်းပြီး ပေးချေရသောငွေကို ငွေစာရင်းတွင် မြီရှင်ရေးသွင်းသည်။

ယခု ပြည်တွင်းထုတ်ကုန်စာရင်းတွင် ပြည်တွင်း ထုတ်လုပ်မှုတန်ဖိုးကို ပြည်တွင်းသွင်းကုန်
စာရင်းတွင် မြီစားသွင်းပြီး တိုင်းပြည်ဝင်ငွေ စာရင်းတွင် မြီရှင်ရေးသွင်းပါသည်။

နောက်ပိုင်းတွင် SNA ၌ တီပုံသဏ္ဌာန်စာရင်းများဖြင့် မပြတော့ဘဲ ဇယားများဖြင့် ဖော်ပြသည်။

မြန်မာနိုင်ငံ၏ တိုင်းပြည်ဝင်ငွေ စာရင်းများကို ၁၉၄၆ - ၄၇ ခုနှစ်မှ ၁၉၆၃ - ၆၄ ခုနှစ်အထိ
တိုင်းပြည် စာရင်းစနစ်၏ ပထမမျိုးဆက်ဖြစ်သော SNA 53 ပုံစံဖြင့် အနီးစပ်ဆုံး ရေးဆွဲထားသည်
ကို လေ့လာတွေ့ရှိရသည်။

သို့ရာတွင် အိမ်ထောင်စုများနှင့် အမြတ်အစွန်း မကြည့်သော ပုဂ္ဂလိကအဖွဲ့ အစည်းများစာရင်းကို
ခေါင်းစဉ်သီးခြားဖြင့် မတွေ့ရပေ။

တစ်ဖန် SNA 53 တွင် ပြည်တွင်းထုတ်ကုန်စာရင်းတွင် ပြည်တွင်းထုတ်ကုန်ကို သွင်းအားစုစရိတ်
အရ စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုးဖြင့် မပြဘဲ အသားတင် ပြည်တွင်းထုတ်ကုန်
(Net Domestic Product) ကို သွင်းအားစု စရိတ်ဖြင့် တန်ဖိုးသင့်ပါသည်။

စုစုပေါင်း ပြည်တွင်းထုတ်ကုန် တန်ဖိုးမှ ပုံသေအရင်းအနှီးများ အသုံးပြုမှုအတွက် လျာထားငွေ
တစ်နည်းအားဖြင့် တန်ဖိုးလျှော့ကို နုတ်ခြင်းဖြင့် အသားတင် ပြည်တွင်း ထုတ်ကုန်တန်ဖိုးကို
ရရှိပါသည်။

မြန်မာနိုင်ငံ၏ ၁၉၄၆ - ၄၇ ခုနှစ်မှ ၁၉၆၃ - ၆၄ ခုနှစ်အထိ တိုင်းပြည်ဝင်ငွေစာရင်းများကို
နိုင်ငံတကာအဆင့် တိုင်းပြည်စာရင်းစနစ်နှင့် အနီးစပ်ဆုံး တူညီအောင် ရှိသမျှ စာရင်းအင်းများကို
အသုံးပြုပြီး တွက်ချက်ခဲ့သည်ကို စိတ်ဝင်စားဖွယ်ရာ တွေ့ရှိရပါသည်။

ယင်းတိုင်းပြည် ၀င်ငွေစာရင်းဇယားများကို သိရှိနားလည်းစေရန် စာရင်းကိုင်းပညာ
(Accountancy)၊ စီးပွားရေးသိပ္ပံပညာ (Economic Science) နှင့် စာရင်းအင်းပညာ
(Statistics) ဗဟုသုတ တို့သည် အနိမ့်ဆုံး အခြေခံပညာအထက်တန်းအဆင့် ကျောင်းသူ၊
ကျောင်းသားများ သိရှိ နားလည်နိုင်လျှင် ခေတ်မီနိုင်ငံတော် တည်ဆောက်ရာတွင်
တစ်တပ်တစ်အားဖြစ်မည်ဟု စာရေးသူက ခံယူပါသည်။

ကမ္ဘာကျော် အရည်အသွေးထိန်းချုပ်မှု ကျွမ်းကျင်စာရင်း အင်းပညာရှင် (Statistician and
Quality Control Expert) ဒဗ္ဗလျူ အက်ဒ်ဝပ်စ် ဒီမင်း (W. Edwards Deming) က
'စာရင်းအင်းပညာ သင်ကြားမှုကို အထက်တန်းကျောင်းအဆင့် မတိုင်မီကပင် စသင့်သည်'
(Statistical Education Should begin before high school) ဟု မှတ်ချက်ပြုခဲ့ပါသည်။

ကျွန်ုပ်မှတ်မိသမျှ ပြောရလျှင် ကျွနု်ပ်တို့ မြန်မာနိုင်ငံတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကို
စတင်အုတ်မြစ်ချပေးခဲ့သူ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အေးလှိုင်
လက်ထက်၌ အခြေခံပညာ အထက်တန်းတွင် စာရင်းကိုင်ပညာ (Accountancy) နှင့်
ဘောဂဗေဒ (Economic) ဘာသာရပ်တို့ကို မေးခွန်းလွှာတစ်ခုတွင် ပူးတွဲဘာသာရပ်အဖြစ်
ဖြေဆိုကြရပါသည်။

ဆရာကြီး ဒေါက်တာအေးလှိုင်သည် အင်္ဂလန်မှ စီးပွားရေးပညာပါရဂူဘွဲ့ကို ရရှိခဲ့သူဖြစ်ပြီး
ထက်မြက်ပါသည်။

ကျွန်ုပ်တို့ မဟာတန်း ပထမနှစ်တွင် ဆရာကြီးက စီးပွားရေးစာရင်းအင်း (Economic Statistics)
ဘာသာရပ်ကို သင် ကြားပါသည်။

ဆရာကြီးက ပါမောက္ခချုပ်ဖြစ်သည်နှင့်အညီ ပါမောက္ခချုပ်ရုံးခန်းတွင် အတန်းပြုလုပ်ပါသည်။

အတန်းတွင် ဘဲဥပုံ စားပွဲထိပ်မှထိုင်ကာ ဆရာကြီးက ကျွန်ုပ်တို့ ကိုယ်တိုင် စာကြည့်တိုက်၌
လေ့လာရှာဖွေပြီး တတ်မြောက်စေသောနည်းလမ်းကို သုံးကာ သင်ကြားပါသည်။

အကြောင်းအရာ 'WHAT', 'HOW', 'WHY' မေးခွန်းများဖြင့် ယင်းမေးခွန်းအဖြေများကို
စာကြည့်တိုက်၌ ရှာဖွေဖတ်ရှုရပါသည်။

ဆရာကြီး၏ ဦးဆောင်မှုဖြင့် စာကြည့်တိုက်တွင် စာအုပ်များ ဖြည့်တင်းပေးခဲ့သဖြင့် ထိုစဉ်အခါက
ရန်ကုန်စီးပွားရေးတက္ကသိုလ် စာကြည့်တိုက်သည် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ထက်ပင်
စာအုပ်များ စုံလင်သည်ဟု ထင်ရှားခဲ့ပါသည်။

ဆရာကြီးသည် တိုင်းပြည်စာရင်းစနစ် အခြေခံများကို သင်ကြားပေးခဲ့သကဲ့သို့ ဆိုဗီယက်ရုရှား၏
စာရင်းစနစ်ကိုလည်း သင်ကြားပေးခဲ့ပါသည်။

ဆရာကြီး ဒေါက်တာအေးလှိုင်ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်မှ ဗဟိုဘဏ်ဥက္ကဋ္ဌ
အဖြစ် တာဝန်ယူစေပြီးနောက်ပိုင်း အတော်ကြာခုနှစ်ကို မမှတ်မိပါ။

မည်သည့်အကြောင်းကြောင့်မှန်းမသိ၊ အခြေခံပညာအထက်တန်းတွင် စာရင်းကိုင်ပညာကို
ဖြုတ်ပြီး ဘောဂဗေဒဘာသာရပ်တစ်ခုတည်းသာ သင်ကြားစေခဲ့ပါသည်။

ကျွန်ုပ်၏ အမြင်တွင် ဆရာကြီး ဒေါက်တာအေးလှိုင်က အမြော်အမြင်ကြီးစွာ ထည့်ပေးခဲ့သည့်
စာရင်းကိုင်ပညာကို ဖြုတ်လိုက်ခြင်းသည် ကမ္ဘာ့အဆင့်မီ တိုင်းပြည်စာရင်းစနစ်ကို မြန်မာနိုင်ငံတွင်
အကောင်အထည်ဖော်ရေးအတွက် အနုတ်တန်ဖိုး တစ်ခုဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ နောက်ကျကျန်ရစ်သော ပညာရေးကို မြှင့်တင်လိုလျှင် ၁၂ နှစ်ပညာရေးကိုလည်း
မဖြစ်မနေ အကောင်အထည်ဖော်ပြီး လိုအပ်သော ဘာသာရပ်များကို ဖြည့်စွက်သင်ကြား
ပေးသင့်သည်ဟု ကျွန်ုပ်ယူဆပါသည်။

ထို့ပြင် မူလတန်းမှစ၍ အခြေခံပညာအထက်တန်းအထိ ဘာသာရပ်အသီးသီးတွင် ပြဋ္ဌာန်း
စာအုပ်များသည် မြန်မာဘာသာ၊ မြန်မာ့သမိုင်း၊ မြန်မာ့ပထဝီ၊ ပြည်သူ့နီတိ၊ ပါဠိဘာသာ
ကဲ့သို့သော မြန်မာနိုင်ငံကို အခြေခံသည့် ဘာသာရပ်များမှလွဲ၍ အခြားဘာသာရပ်များ
(ဥပမာ - သချင်္ာပညာ၊ ရူပဗေဒ၊ ဓာတု ဗေဒ၊ ဘောဂဗေဒ၊ စာရင်းကိုင်၊ စာရင်းအင်း ဘာသာရပ်များ
စသည်)တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော ပြဋ္ဌာန်းစာအုပ်များ ဖြစ်သင့်သည်ဟု
အကြံပြုလိုပါသည်။

ကျွန်ုပ်ငယ်စဉ်က တက္ကသိုလ်၌ ပညာသင်ခိုက် အင်္ဂလိပ်စာကို ပြင်ပသင်တန်းတစ်ခု၌ တက်ရောက်
ဆည်းပူးခဲ့ဖူးပါသည်။

ထိုအင်္ဂလိပ်စာ ဆရာကြီးဖြစ်သော ကေတီဦးကျော်တင့် စကားကို အလွန်သဘောကျပါသည်။

"အင်္ဂလိပ်စာတတ်မြောက်လိုလျှင် အင်္ဂလိပ်လူမျိုးရေးသော အင်္ဂလိပ်စာကို များများဖတ်ပါ"ဟူ၍ပင်
ဖြစ်ပါသည်။

တစ်ဖန် သချင်္ာ၊ ရူပ ဗေဒ၊ ဓာတုဗေဒ၊ ဘောဂဗေဒစသော ပညာရပ်များမှာ နိုင်ငံခြားပညာရှင်များက
စတင် တီထွင်ခဲ့သော ပညာရပ်များဖြစ်ပါသည်။

ထို ပညာရှင်ကြီးများ တီထွင်ခဲ့ကြသဖြင့် ကျွန်ုပ်တို့ လေယာဉ်၊ မီးရထား၊ မော်တော်ကား
စသည်တို့ကို အသုံးပြုနိုင်သကဲ့သို့ လျှပ်စစ် ကိုလည်း သုံးစွဲနိုင်ကြသည်။

ထို့ကြောင့် ယင်း ဘာသာရပ်များကို မြန်မာဘာသာပြန်ဆိုပါက ဘာသာပြန်ဆိုသူ ကျွမ်းကျင်မှု
မရှိဘဲ မှားပြန်ဆိုပါက ကျောင်းသားကျောင်းသူကိုလည်း အမှားအတိုင်း တတ်မြောက်သွားလျှင်
ရင်လေးစရာဖြစ်ပါသည်။

ကျွန်ုပ် ဂျပန်နိုင်ငံ၌ ပညာသင်ကြားခဲ့စဉ်က ကျွန်ုပ်တက်ခဲ့သော တက္ကသိုလ်တွင်
ဂျပန်ကျောင်းသား ကျောင်းသူများသည် တက္ကသိုလ်ဝင်ခွင့် ဖြေဆိုကြရာတွင် နိုင်ငံခြားဘာသာ
နှစ်ခုကိုပါ ဖြေဆိုရပါသည်။

အကြောင်းမှာ ဂျာမန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်စသော ပညာရှင်များ ရေးသားသည့် စာများကို
မူရင်းဘာသာအတိုင်း စေ့စပ်စွာ လေ့လာကြသောကြောင့် ဖြစ်ပါသည်။

ရေးလက်စနှင့် ပညာရေးအကြောင်း အနည်းငယ်ဆက်လိုပါသည်။

ကျွန်ုပ်၏ စာအုပ်တစ်ပုံတစ်ပင်အကြားမှ ၆.၅ လက်မ x ၄ လက်မအရွယ် ကျွန်ုပ်၏ အပြာရောင်
မှတ်စု စာအုပ်ကလေး တွေ့ရပါသည်။

ယင်းမှတ်စု စာအုပ်တွင် အောက်ပိုင်း၌ အတန်းဆရာမ လက်မှတ်ရေးထိုးထားသော
စာတစ်မျက်နှာ ကို ယခုရေးပြပါမည်။

ဩဂုတ်လ ၂၂ - ၈ - ၆၀ တနင်္လာနေ့ နံနက် ၆ နာရီတွင် အိပ်ရာထ၍ မျက်နှာသစ်ပြီး ခေါင်းဖြီး၍
လက်ဖက်ရည်သောက်ပါသည်။

ထို့နောက် စာဖတ်ပါသည်။ စာဖတ်ပြီးနောက် ရေချိုးပြီး ထမင်းစားပါသည်။

၁၂ နာရီ ၅ မိနစ်တွင် ကျောင်းသို့ သွားပါသည်။

ကျောင်း တက်သောအခါ နိုင်ငံတော်သီချင်းကို ဆို၍ ဘုရားရှိခိုးရပါသည်။

ထို့နောက် ဗုဒ္ဓဘာသာ သင်ရပါသည်။

ထို့နောက် မြန်မာစာသင်၍ ဂဏန်းသင်ရပါသည်။

ထို့နောက် မုန့်စားကျောင်းလွှတ်သောအခါ မုန့်စားပါသည်။

ပြန်တက်သောအခါ သမိုင်းကို သင်၍ ကမ္ဘာ့ခရီးစဉ် သင်ပါသည်။

ထို့နောက် ကျောင်းလွှတ်ပါသည်။

အိမ်သို့ ရောက်သော် ထမင်းစား၍ ည ရ နာရီမှ ၈ နာရီခွဲအထိ စာဖတ်ပါသည်။

ည ၉ နာရီတွင် အမိအဖ ဘိုးဘွားနှင့် အဒေါ်များကို ကန်တော့၍ အိပ်ပါသည်။

ဆရာမလက်မှတ်
၂၂/၈/

မှတ်စုစာအုပ်မှ စာကြောင်းအတိုအရှည် စာလုံးပေါင်းတို့ကို မပြင်ဘဲ တင်ပြထားပါသည်။

ဤမှတ်စုစာအုပ်တွင် ဆရာမက နေ့တိုင်း မစစ်ပါ။

တစ်ရက်ရက်ကို ရွေးချယ်စစ် ဟန်တူပါသည်။

ရက်စွဲတွင် ၁၉၆၀ ပြည့်နှစ်ဟု ဖော်ပြထားသဖြင့် ကျွန်ုပ်မူလတန်းအရွယ် စာဖြစ်ပါသည်။

ထိုစဉ်က ဆရာဆရာမများသည် ကျောင်းသားကျောင်းသူများအတွက် အာရုံစိုက်မှုကို
မှန်းဆကြည့်နိုင်ပါသည်။

ဤသို့ အာရုံစိုက်နိုင်ခြင်းမှာလည်း ရရှိသော လစာဖြင့် မတောင့်မတ မကြောင့်မကြ
နေနိုင်ကြခြင်းကြောင့်ဖြစ်ပါသည်။

တိုင်းပြည်စာရင်းစနစ် SNA နှင့် ပတ်သက်သည့် သင်တန်းတစ်ခုကို ၂၀၁၁ ခုနှစ်အတွင်းက
ကမ္ဘောဒီးယားနိုင်ငံ Siem Reap ၌ ကျွန်ုပ် တက်ခဲ့ပါသည်။

လာအိုနိုင်ငံမှ သင်တန်း လာတက်သူကိုယ်စားလှယ်နှစ်ဦးကို "လာအိုတွင် SNA ဖြစ်မြောက်ရန်
အချိန်မည်မျှ ယူခဲ့ရပါသနည်း"ဟု ကျွန်ုပ် မေးမြန်းစူးစမ်းခဲ့ပါသည်။

ဆက်လက်ဖော်ပြပါမည်



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021