အမျိုးသားပညာရေးဥပဒေကို ချဉ်းကပ်ကြည့်ခြင်း (၉)

အမျိုးသားပညာရေးဥပဒေကို ချဉ်းကပ်ကြည့်ခြင်း (၉)

"အမျိုးသား ပညာရေးဥပဒေနဲ့ ပတ်သက်လို့ အရင်တစ်ပတ်က ဆွေးနွေးခဲ့ရာမှာ လွတ်လပ်ရေးမရမီက ကျောင်းသားသမဂ္ဂတွေနဲ့ ကျောင်းသားသပိတ်တွေအကြောင်း ဆရာ ပြောခဲ့ပြီးပါပြီ။ လွတ်လပ်ရေးရပြီးခေတ် ကျောင်းသားသမဂ္ဂတွေအကြောင်း ဆက်ပါဦး ဆရာ"

"အမျိုးသား ပညာရေးဥပဒေနဲ့ ပတ်သက်လို့ အရင်တစ်ပတ်က ဆွေးနွေးခဲ့ရာမှာ လွတ်လပ်ရေး
မရမီက ကျောင်းသားသမဂ္ဂတွေနဲ့ ကျောင်းသားသပိတ်တွေအကြောင်း ဆရာ ပြောခဲ့ပြီးပါပြီ။
လွတ်လပ်ရေးရပြီးခေတ် ကျောင်းသားသမဂ္ဂတွေအကြောင်း ဆက်ပါဦး ဆရာ"

"လွတ်လပ်ရေးမရမီက ကျောင်းသား သမဂ္ဂတွေနဲ့ ကျောင်းသားသပိတ်တွေအကြောင်း
ပြောခဲ့တာကတော့ အရင်က ကိုယ်ဖတ်ဖူးခဲ့တဲ့ စာအုပ်စာတမ်းတွေကနေ သိရှိခဲ့ရတဲ့
အချက်အလက်တွေကို အခုရရှိထားတဲ့ ရန်ကုန်တက္ကသိုလ် သမိုင်းစာအုပ်ပါ
အချက်အလက်တွေနဲ့ တိုက်ဆိုင်ပြီး လိုအပ်သလောက်ကိုပဲ ပြောခဲ့တာပေါ့ကွာ။ ၁၉၅၃ ခုနှစ်အထိ
အကြောင်းအရာတွေကလည်း အဲဒီအတိုင်းပါပဲ။ ၁၉၅၄ ခုနှစ်မှာ ဒို့တက္ကသိုလ်ကို စရောက်တာ
ဆိုတော့ အဲဒီကနေ ၁၉၆၀ ပြည့်နှစ်လောက်အထိ တက္ကသိုလ် ကျောင်းသားတစ်ဦးအနေနဲ့
ကိုယ်တိုင်တွေ့မြင် သိရှိခဲ့ရတာတွေကို မှတ်မိသလောက် ပြောရမှာပေါ့"

"ဟုတ်ကဲ့ပါ ဆရာ"

"လွတ်လပ်ရေးရပြီးစမှာ ရောင်စုံသူပုန်တွေ ထကြွပုန်ကန်ကြလို့ နိုင်ငံခြားသတင်း ဌာနတွေက
'ရန်ကုန်အစိုးရ' လို့ ခေါ်ဝေါ် သုံးစွဲနေခဲ့တဲ့အချိန်မှာ ရန်သူ့လက်အတွင်း ရန်ကုန်မြို့တော်
မကျရောက်ရေးအတွက် တပ်မတော်က ခုခံတိုက်ခိုက်ခဲ့တုန်းက တက္ကသိုလ်ကျောင်းသား
တချို့လည်း တပ်မတော်နဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်ခဲ့တာကြောင့် ကျဆုံးခဲ့တဲ့
တက္ကသိုလ်ကျောင်းသား တွေလည်း ရှိခဲ့တဲ့အကြောင်း အရင်အပတ်က ပြောခဲ့ပြီးပြီ"

"ဟုတ်ပါတယ် ဆရာ"

"တိုင်းပြည် အခြေအနေ ပြန်ကောင်းလာလို့ ရန်ကုန်တက္ကသိုလ် ကိုပြန်လည်ဖွင့်လှစ်တဲ့
အခါကျတော့ အဲဒီလို တိုက်ပွဲဝင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားအများစုဟာ ကျောင်းပြန်တက်
ကြပြီး တချို့ကတော့ တပ်ထဲကို ဆက်လက် ၀င်ရောက်သွားခဲ့ကြတယ်။ တက္ကသိုလ်
ကျောင်းသားသမဂ္ဂကို ပြန်လည်ဖွဲ့စည်းရာမှာတော့ စစ်မဖြစ်မီကလို ကျောင်းသားရေးရာ ကိစ္စ၊
အမျိုးသားရေးကိစ္စတွေကို ဆောင်ရွက်ရုံမျှ မဟုတ်တော့ဘဲ ကျောင်းသားသမဂ္ဂအတွင်း
နိုင်ငံရေးပါတီတွေရဲ့ အယူဝါဒ အမျိုးမျိုး ၀င်ရောက်လာပြီး ကျောင်းသားထုအတွင်းမှာလည်း
နိုင်ငံရေး အယူဝါဒကို အခြေခံတဲ့ ကျောင်းသားအုပ်စုတွေ ပေါ်ပေါက်ခဲ့တာကို တွေ့ရတယ်"

"ဟုတ်ကဲ့ပါ ဆရာ"

"စစ်မဖြစ်မီက တကသ ရွေးကောက်ပွဲ ဆိုတာက အဓိကအားဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့
အရည်အချင်းအရ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပေမယ့် ၁၉၅၁ ခုနှစ်လောက်စပြီး လူပုဂ္ဂိုလ်အပေါ်
အဓိကအားဖြင့် အခြေမခံတောဘဲ အဖွဲ့အစည်းချင်း ယှဉ်ပြိုင်တဲ့သဘော ဖြစ်လာခဲ့တယ်။
နိုင်ငံတော် ရွေးကောက်ပွဲတွေမှာ နိုင်ငံရေးပါတီတွေ ယှဉ်ပြိုင်ကြသလိုမျိုးပေါ့။ အဲဒီမှာ နိုင်ငံရေး
လုပ်တာကို ဆန့်ကျင်တယ်လို့ဆိုတဲ့ ကျောင်းသားတွေက သန့်ရှင်းသော ကျောင်းသားအင်အားစု
(သန့်ရှင်း) ဆိုတာကို ဖွဲ့စည်းခဲ့သလို တိုးတက်တဲ့နိုင်ငံရေး သဘောတရားကို လက်ခံတယ်ဆိုတဲ့
ကျောင်းသားတွေ ကလည်း တိုးတက်သော ကျောင်းသား အင်အားစု (တိုးတက်) ဆိုပြီး
ဖွဲ့စည်းခဲ့ကြတယ်။ ကျောင်းသားရဲခေါင်စတဲ့ တခြားအမည်တွေနဲ့ ကျောင်းသားအဖွဲ့အစည်း
တွေလည်း ပေါ်ပေါက်ခဲ့သေးတယ်"

"ဟုတ်ကဲ့ပါ ဆရာ"

"၁၉၅၃ ခုနှစ်မတိုင်မီက တက္ကသိုလ်မှာ အောက်တိုဘာတစ်လလုံး ကျောင်းပိတ်လေ့ ရှိခဲ့တယ်။
၁၉၅၃ ခုနှစ်မှာတော့ အောက်တိုဘာလမှာ ကျောင်းတစ်လပိတ်မယ့်အစား ၁၅ ရက်သာ
ပိတ်မယ်လို့ တက္ကသိုလ်အာဏာပိုင်တွေက ဆုံးဖြတ်ကြေညာခဲ့တယ်၊ အကြောင်းပြချက်ကတော့
စာသင်ချိန်နည်းနေလို့ ကျောင်းပိတ်ရက် လျှော့တယ်လို့ပေါ့၊ ဒါပေမဲ့ ကျောင်းသားတွေက
မကျေနပ်ကြဘူး။ ကျောင်းတစ်လပိတ်ရမယ်ဆိုပြီး တောင်းဆိုတယ်၊ တောင်းဆိုတာ မရတော့
ဆန္ဒပြကြတယ်၊ ဒီတော့ အစိုးရက တက္ကသိုလ်နယ်မြေမှာ ပုဒ်မ ၁၄၄ ထုတ်တယ်၊
ကျောင်းသားတွေက အဲဒီအမိန့်ကို မလိုက်နာဘဲ ဆက်လက် ဆန္ဒပြကြတဲ့အတွက် အစိုးရက
ဆန္ဒပြ ကျောင်းသားတွေကို ပထမ မီးသတ်ကားတွေနဲ့ ရေပက်ပြီး လူစုခွဲတယ်၊ မရတော့
မျက်ရည်ယို ဗုံးသုံးပြီး လူစုခွဲတယ်၊ တက္ကသိုလ်သင်တန်းတွေနဲ့ အဆောင်တွေကိုလည်း
ပိတ်လိုက်တယ် ဆန္ဒပြတာတွေလည်း ပြီးဆုံးသွားတယ်"

"အဲဒီတုန်းက သေနတ်ကို မိုးပေါ်ထောင် ဖောက်တာတွေ လူကိုပစ်ခဲ့တာတွေ မရှိခဲ့ဘူးလား ဆရာ"

"အဲဒါမျိုးဖြစ်ခဲ့တယ်လို့ ငါတော့ မမှတ်မိတော့ဘူး၊ ဒို့လည်း တက္ကသိုလ်ကျောင်းကို
မရောက်သေးဘူး။ သေနတ်ပစ်ဖောက်ခဲ့တာ ရှိချင်လည်း ရှိမယ်၊ ဒါပေမဲ့ လူအသေအပျောက်
မရှိခဲ့တာကတော့ သေချာတယ်။ အဲဒီနှစ်က တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲ
လည်း ပျက်သွားတယ်လို့ ဆိုတယ်။ မလုပ်ဖြစ်တော့တာလားတော့ မသိဘူး။ အဲဒီအရေးအခင်း
ပြီးသွားတဲ့အခါမှာတော့ တချို့ ကျောင်းသားခေါင်းဆောင်တွေကို ရာသက်ပန် ကျောင်းထုတ်
လိုက်တာကို သိရတယ်။ အဲဒီလူတွေက ကွန်မြူနစ်ဝါဒကို လိုလားသူတွေပေါ့။ တချို့ကို သုံးနှစ်၊
တချို့ကို တစ်နှစ် ကျောင်းထုတ်တာတွေလည်း ရှိတယ်၊ ကျောင်းထုတ်တဲ့ နှစ်စေ့လို့
ကျောင်းပြန်တက်တဲ့ တချို့ ကျောင်းသားတွေက ကျောင်းသားနိုင်ငံရေးသမားတွေ ဖြစ်လာပြီး
တချို့က ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ်တွေမှာ ကျောင်းသား သမဂ္ဂခေါင်းဆောင်တွေ
ဖြစ်လာကြတယ်။ သူတို့ကလည်း လက်ဝဲယိမ်းသူတွေ တစ်နည်းအားဖြင့် ကွန်မြူနစ်ဝါဒကို
လိုလားသူတွေပေါ့၊ တချို့က တောတွင်းကွန်မြူနစ်ပါတီ (ဖြူ၊ နီ) တွေနဲ့ အဆက်အသွယ်
ရှိသူတွေလို့ ဆိုတယ်၊ တချို့တရားစွဲခံရသူတွေလည်း ရှိခဲ့တယ်"

"ဆရာတို့ တက္ကသိုလ်ရောက်တဲ့နောက်ပိုင်း အခြေအနေကရော ဆရာ"

"ဒို့က ၁၉၅၄ ခုနှစ်မှာ မန္တလေးတက္ကသိုလ်ကို စရောက်တာ၊ စာသင်နှစ်အရဆိုရင်တော့ ၅၄ - ၅၅
စာသင်နှစ်ပေါ့။ အဲဒီအချိန်မှာ ကျောင်းသားအဖွဲ့အစည်းတွေကတော့ 'သန့်ရှင်း' တို့၊ 'တိုးတက်' တို့
ဆိုတာတွေ မဟုတ်တော့ဘူး။ ကျောင်းသားနိုင်ငံရေးပါတီတွေလို့ ဆိုနိုင်တဲ့ ကျောင်းသား
အဖွဲ့အစည်းနှစ်ခုက အဓိက ပြိုင်ဘက်အဖွဲ့အစည်းတွေ ဖြစ်လာပြီ။ တစ်ဖွဲ့က 'ကျောင်းသား
ညီညွတ်ရေးတပ်ဦး' အတိုကောက် 'ကျောင်းသားတပ်ဦး'၊ သို့မဟုတ် 'တပ်ဦး' အင်္ဂလိပ်ဘာသာနဲ့
"Students' United Front" အတိုကောက် SUF။ ကျန်တစ်ဖွဲ့က 'ဒီမိုကရက်တစ်
ကျောင်သားများဖွဲ့' အင်္ဂလိပ် လို "Democratic Students' Organization" အတိုကောက်
D.S.O လို့ခေါ်တယ်။ ဒီနေရာမှာ ဒို့ခေတ်တုန်းက လူအများ နားလည်ထားကြတာက 'သမဂ္ဂ'
ဆိုရင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ရဲ့ ဦးဆောင်မှုကို ခံယူတဲ့ အဖွဲ့ အစည်းပေါ့၊

ဥပမာ - အလုပ်သမားသမဂ္ဂ တောင်သူလယ်သမား သမဂ္ဂလိုဟာမျိုးတွေပေါ့၊ ဗကသလို့
အတိုကောက်ခေါ်တဲ့ 'ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ' ဆိုတာလည်း
လွတ်လပ်ရေးခေတ်မှာ ဗကပ ရဲ့ ဦးဆောင်မှုကို ခံယူတဲ့၊ သို့မဟုတ် ဗကပကို လိုလားတဲ့
အဖွဲ့အစည်းလို့ပဲ အဲဒီခေတ် လူအများက နားလည်ထားကြတယ်။ တက္ကသိုလ် ကျောင်းသားများ
သမဂ္ဂ (တကသ) ဆိုတာ ကျတော့ အဲဒီလို ပုံသေနားလည်ထားတာမျိုး မဟုတ်ပေမယ့်
၁၉၅၃ ခုနှစ်နောက်ပိုင်းမှာ လက်ဝဲဝါဒီ၊ သို့မဟုတ် ကွန်မြူနစ်ဝါဒကို လိုလားသူတွေ၊ သို့မဟုတ်
အဲဒီတုန်းက ဖဆပလ အစိုးရကို ဆန့်ကျင်သူတွေက အုပ်စီးထားတဲ့ အဖွဲ့အစည်းလို့ နားလည်
ထားခဲ့ကြတာပဲ"

"ဟုတ်ကဲ့ပါ ဆရာ"

"နောက်ပြီး 'တပ်ဦး (Front)' ဆိုတာက လည်း တစ်ကမ္ဘာလုံးမှာသုံးတဲ့ လက်ဝဲဝါဒီ၊ သို့မဟုတ်
ကွန်မြူနစ်ဝါဒီ အဖွဲ့အစည်းတွေရဲ့ အမည်ပဲကွ၊ ဒို့နိုင်ငံမှာလည်း 'တပ်ဦး' အမည်ပါတဲ့
အဖွဲ့အစည်းတွေက ဗကပ လက်အောက်ခံ၊ သို့မဟုတ် ဗကပကို လိုလားသူ အဖွဲ့အစည်းတွေပဲလို့
ဒို့ခေတ်တုန်းကတော့ လူအများစုက နားလည်ထားကြတာပဲ"

"ဟုတ်ကဲ့ပါဆရာ"


"D.S.O လို့ အတိုကောက်ခေါ်တဲ့ ကျောင်းသားတပ်ဦးအဖွဲ့ရဲ့ အဓိက ပြိုင်ဘက်ကျောင်းသား
နိုင်ငံရေးအဖွဲ့ကတော့ အဲဒီတုန်းက ဖဆပလ အစိုးရရဲ့ ဩဇာခံ အဖွဲ့အစည်း ဖြစ်တယ်ဆိုတာကို
လူတိုင်းသိရှိကြပါတယ်။ အဲဒီတုန်းက ဖဆပလမှာ အရေးပါတဲ့ ဆိုရှယ်လစ်ပါတီရဲ့ ခေါင်းဆောင်
တစ်ဦးလည်းဖြစ်၊ ဒုတိယဝန်ကြီးချုပ်နဲ့ စက်မှုလက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ
၀န်ကြီးလည်းဖြစ်တဲ့ ဦးကျော်ငြိမ်းရဲ့ ဇနီး ဒေါ်နွဲ့နွဲ့ရီကို D.S.O ကျောင်းသား နိုင်ငံရေးအဖွဲ့ရဲ့
ကြိုးကိုင်သူအဖြစ် ကျောင်းသားတွေက သတ်မှတ်ထားကြတယ်။ ကျောင်းသားသမဂ္ဂ
ရွေးကောက်ပွဲ မှာ D.S.O က ရှုံးတဲ့အခါ D.S.O တွေ ရှုံးကုန်ပြီ မာမီနွဲ့ရေ ကယ်လှည့်ပါဦး' လို့
သံချပ်ထိုးပြီး အောင်ပွဲခံခဲ့ကြတယ်။ ဒေါ်နွဲ့ နွဲ့ရီ ကိုယ်တိုင်လည်း ဥပဒေဝိဇ္ဇာဘွဲ့ရသူ တစ်ဦးဖြစ်ပြီး
တက္ကသိုလ်ကျောင်းသူ ဘဝက ကျောင်းသားနိုင်ငံရေး လုပ်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။
ဦးကျော်ငြိမ်းကလည်း ၀ိဇ္ဇာ (ဂုဏ်ထူး) ဘွဲ့နဲ့ ဥပဒေဝိဇ္ဇာဘွဲ့ ရရှိသူ ဖြစ်ပြီး ဖဆပလထဲမှာ
ထက်မြက်သူ ခေါင်းဆောင် တစ်ဦးဖြစ်လို့ လက်ဝဲယိမ်း ကျောင်းသားများနဲ့ အတိုက်အခံ
လက်ဝဲပါတီများရဲ့ အများဆုံး တိုက်ခိုက်ခြင်းခံရသူလည်း ဖြစ်တယ်။ ငါ့အမြင်ကို ပြောရရင်
အဲဒီအတွက် ဦးကျော်ငြိမ်းရဲ့ နိုင်ငံရေးဘဝမှာ အတော် အထိနာခဲ့တယ်လို့ ထင်တယ်"

"ဟုတ်ကဲ့ပါဆရာ"

"အဲဒီတုန်းက မန္တလေးတက္ကသိုလ်က ရန်ကုန်တက္ကသိုလ်ရဲ့ လက်အောက်ခံဖြစ်ပေမယ့်
တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေကတော့ သီးခြားစီဖြစ်တယ်၊ ဒါပေမဲ့ သမဂ္ဂ အချင်းချင်းရော၊
အခုပြောခဲ့တဲ့ အဓိက ကျောင်းသား အဖွဲ့အစည်း အချင်းချင်းရော အပြန်အလှန် ဆက်သွယ်မှုတော့
ရှိခဲ့တယ်။ ၁၉၅၉ ခုနှစ်မှာ ငါ ရန်ကုန်တက္ကသိုလ်ကို ပြောင်းလာတော့လည်း ကျောင်းသားနိုင်ငံရေး
အခြေအနေကတော့ မန္တလေးနဲ့ ရန်ကုန်က အတူတူပါပဲ။ ၁၉၅၄ ခုနှစ်ကနေ ၁၉၆၁ ခုနှစ်အထိ
ရန်ကုန်နဲ့ မန္တလေး တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲတွေမှာ ကျောင်းသား
တစ်ဦးကချည်း အနိုင်ရရှိခဲ့တာကို တွေ့ရတယ်။ တပ်ဦးထဲမှာလည်း အုပ်စုသုံးစုကွဲပြီး သမဂ္ဂမှာ
ရာထူးရရေးအတွက် အားပြိုင်မှုတွေ ရှိတာပေါ့။ ဗကပရယ်၊ အလံနီရယ်၊ ဆိုရှယ်နီရယ် ဆိုပြီး
ရှိတယ်။ ဆိုရှယ်နီဆိုတာက လက်ဝဲယိမ်း ဆိုရှယ်လစ်စနစ်ကို လိုလားတဲ့ မြေပေါ်အတိုက်အခံ
ပါတီတွေပေါ့၊ အဲဒီဆိုရှယ်နီတွေက တခြားအတိုက်အခံပါတီတွေနဲ့ ပေါင်းပြီး 'ပမညတ' ဆိုတဲ့
အတိုကောက်အမည်နဲ့ ပါလီမန်ထဲမှာ အမတ်နေရာ ၄၀ ကျော်လောက် ရထားတယ်လို့
မှတ်မိတယ်"

"ဟုတ်ကဲ့ပါ ဆရာ"

"ချုပ်ပြီးပြောရမယ်ဆိုရင်တော့ အဲဒီ အချိန်က မြန်မာ့နိုင်ငံရေးမှာ ဖဆပလနဲ့ ပမညတတို့
ယှဉ်ပြိုင်တိုက်ခိုက်နေကြသလို တက္ကသိုလ်ကျောင်းတွေမှာလည်း ဖဆပလ ဩဇာခံ D.S.O
ကျောင်းသားအုပ်စုနဲ့ တောတွင်း ကွန်မြူနစ်ပါတီတွေကို လိုလားသူတွေ၊ မြေပေါ်အတိုက်အခံပါတီ
တွေကို လိုလားသူတွေနဲ့ ဖဆပလအစိုးရရဲ့ လုပ်ရပ်တွေကို မကြိုက်တဲ့ ကျောင်းသားတွေ ပါ၀င်တဲ့
ကျောင်းသားတပ်ဦးတို့က အင်အားပြိုင်နေကြတာပဲ"

"ဟုတ်ကဲ့ပါဆရာ"

"၁၉၅၃ ခုနှစ်နောက်ပိုင်းမှာ ကျောင်းသား သပိတ်ဆိုတာမျိုး မရှိခဲ့ပေမယ့် ဖဆပလ အစိုးရရဲ့
လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ပညာရေးကိစ္စ၊ ကျောင်းသားရေရာကိစ္စ မဟုတ်ပေမယ့်
ကန့်ကွက်ဆန္ဒပြတာတွေ၊ ရှုတ်ချကြောင်း ကြေညာချက်ထုတ်တာတွေတော့ ရှိခဲ့တယ်၊
ထောက်ခံတယ်ဆိုတာမျိုးတော့ မရှိခဲ့ဘူး။ အဲဒါတွေကလည်း ပြင်ပမှာဖြစ်နေတဲ့ နိုင်ငံရေး
ပြဿနာတွေ တက္ကသိုလ်မှာလာပြီး ထင်ဟပ်တဲ့သဘောပဲ၊ D.S.O တွေ ကျောင်းသားသမဂ္ဂ
ရွေးကောက်ပွဲတွေမှာ ရှုံးရတာကလည်း အမြို့မြို့အနယ်နယ်မှာ ဖဆပလနိုင်ငံရေးသမားတွေရဲ့
ဗိုလ်ကျစိုးမိုးမှုတွေကို မကြိုက်ကြတဲ့ ပြည်သူတွေရဲ့ သဘောထားက တက္ကသိုလ် နိုင်ငံရေး
လောကမှာ လာရောက် ထင်ဟပ်တဲ့ သဘောပေါ့"

"ဟုတ်ကဲ့ပါဆရာ"

"၁၉၅၃ ခုနှစ်နောက်ပိုင်းမှာ အတန်းတင် စာမေးပွဲ သုံးခါကျရင် ကျောင်းထုတ်တဲ့ စနစ်ကို
ကျင့်သုံးခဲ့တယ်။ ဒီလိုကျင့်သုံးရတဲ့ အကြောင်းက တက္ကသိုလ်ဝင်စာမေးပွဲ အောင်လာတဲ့
ကျောင်းသားသစ်တွေကို ပိုမိုလက်ခံ နိုင်ဖို့ ရည်ရွယ်တာဖြစ်သလို ကျောင်းစာမသင်ဘဲ
(အတန်းမတက်ဘဲ) ကျောင်းမှာလာပြီး နိုင်ငံရေး လုပ်နေတဲ့ ကျောင်းသားတွေကို ဖယ်ရှားပစ်ဖို့
ရည်ရွယ်တာလည်း ဖြစ်မှာပေါ့ကွာ။ ဒါပေမဲ့ အဲဒီနိုင်ငံရေးသမား ကျောင်းသားတွေက အဲဒီတုန်းက
ဘာသာတွဲအလိုက် ယူရတဲ့ စနစ်ဖြစ်လို့ တစ်နှစ်တစ်ခါဘာသာတွဲ အသစ်ပြောင်းယူပြီး
စာမသင်ဘဲနဲ့ နိုင်ငံရေး လုပ်နေကြပြန်ရော၊ ဒီတော့ ဘယ်ဘာသာနဲ့ပဲ ကျကျ သုံးခါကျရင်
ကျောင်းထုတ်မယ်ဆိုပြီး ဖြစ်လာပြန်တာပေါ့။ 3F လို့ခေါ်ခဲ့တဲ့ သုံးခါကျရင် ကျောင်းထုတ်တဲ့
အဲဒီစနစ်ကို ကျောင်းသား သမဂ္ဂတွေက ကန့်ကွက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး"

"အဲဒီလို နိုင်ငံရေးလုပ်တဲ့ ကျောင်းသားနဲ့ ဆူပူဆန္ဒပြတဲ့ ကျောင်းသားဦးရေက တစ်ကျောင်းလုံးရဲ့
ကျောင်းသားဦးရေနဲ့စာရင် အနည်းစု မဟုတ်လား ဆရာ"

"မှန်တယ်ကွ၊ ကျောင်းသားတစ်ဦး တစ်ယောက်၊ သို့မဟုတ်တစ်စုတစ်ဖွဲ့က သူတို့နဲ့ ဆန့်ကျင်ပြီး
သဘောထား ဖော်ထုတ်ပြောဆိုမယ်ဆိုရင ်သူတို့က အုပ်စုနဲ့ ၀ိုင်းပြီးဆန့်ကျင်
တိုက်ခိုက်တော့တာပဲ၊ ဒီတော့ ရိုးသားစွာ၊ အေးချမ်းစွာ ပညာသင်လိုတဲ့ ကျောင်းသား
အများစုကတော့ သူတို့အထဲလည်းမပါ၊ သူတို့ကိုလည်း ဆန့်ကျင်တိုက်ခိုက်မနေတော့ဘဲ
အေးအေးဆေးဆေးပဲ နေကြတော့တာပေါ့"

"ကျောင်းသားထု အကျိုးအတွက်၊ ပညာရေး အဆင့်အတန်း မြင့်မားရေးအတွက်
ကျောင်းသားသမဂ္ဂတွေက လုပ်ခဲ့တာမရှိဘူးလား ဆရာ"

"မှတ်တမ်းတင်လောက်တဲ့ ကိစ္စရှိခဲ့တယ်လို့ ငါတော့မမှတ်မိဘူး။ ၁၉၆၀ ပြည့်နှစ်လောက်မှာ
အရင်နှစ်ပေါင်းများစွာက တစ်နှစ် နှစ်ကြိမ် မတ်လနဲ့ ဇွန်လမှာ စာမေးပွဲကျင်းပခဲ့တဲ့စနစ်ကို
ဖျက်သိမ်းပြီး မတ်လမှာပဲ တစ်ကြိမ်တည်း စစ်ဆေးတဲ့စနစ် ချမှတ်ခဲ့တုန်းက
ကျောင်းသားသမဂ္ဂတွေက ယခင်အတိုင်း ပြုလုပ်ဖို့ တောင်းဆိုခဲ့လို့ အဲဒီတုန်းက ပထစအစိုးရက
စက်တင်ဘာလမှာ နောက်ဆက်တွဲ စာမေးပွဲ ပြုလုပ်ပေးခဲ့တာတော့ မှတ်မိတယ်၊ ငါတို့တော့
အလုပ်ထဲ ရောက်နေပြီ။ ၁၉၆၂ ခုနှစ်မှာ စစ်အစိုးရ တက်လာတော့ အဲဒီစနစ်လည်းပျောက်၊
သမဂ္ဂတွေလည်းပျောက်၊ သမဂ္ဂအဆောက်အအုံလည်းပျောက် နိုင်ငံရေးကျောင်းသားတွေလည်း
ပျောက်၊ ဒီမိုကရေစီ အခွင့်အရေးတွေလည်း ပျောက်ခဲ့တဲ့အပြင် ရက်စက်မှုအပေါင်း
သရဖူဆောင်းခဲ့တဲ့ ဖြစ်ရပ်တွေကတော့ အများသိကြပြီးဖြစ်တဲ့အပြင် ဆက်ပြောနေရင် သိပ်ရှည်ပြီး
ပြောလိုတဲ့ လိုရင်းအချက် ရောက်နိုင်မှာ မဟုတ်လို့ ဒီမှာတင်ဖြတ်ပြီး ပြောလိုရင်းအချက်ကိုပဲ
ပြောတော့မယ်ကွာ"

"ဟုတ်ကဲ့ ပြောပါဆရာ"

"ပထမဦးဆုံး ပြောချင်တဲ့အချက်က လွတ်လပ်ရေး မရမီက တက္ကသိုလ်ကျောင်းသား သမဂ္ဂရဲ့
လုပ်ရပ်တွေက ကျောင်းသား ရေးရာကိစ္စတွေကို အခြေခံပြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပေမယ်လို့
အဲဒီအချိန်က လိုအပ်နေတဲ့ အမျိုးသားစိတ်ဓာတ် ပြန်လည် ရှင်သန်နိုးကြား၊ တက်ကြွရေးကို
တိုက်ရိုက် အကျိုးပြုခဲ့တာကွ"

"ဟုတ်ပါတယ် ဆရာ"

"အဲဒီအချိန်တုန်းက မြန်မာလူမျိုးအများစုက ဘာသာရေးကို အဓိကအားဖြင့် အခြေခံတဲ့
ပညာရေးကိုသာ တတ်မြောက်ခဲ့ကြပြီး ခေတ်မီတဲ့ စီးပွားရေး၊ နိုင်ငံရေးသဘောတရားတွေကို
သိရှိခဲ့ကြတာ မဟုတ်ဘူး။ ကျေးလက်နေ အမျိုးသမီးအများစုဆိုရင် စာတောင် မတတ်ကြဘူးကွ၊
အဲဒီတုန်းကတော့ ခေတ်မီနိုင်ငံရေး သဘောတရား၊ စီးပွားရေးပညာ၊ သိပ္ပံပညာ၊ ဆေးပညာ၊
အင်ဂျင်နီယာပညာ စတာတွေကို တတ်သိနားလည်တဲ့လူက သိပ်မရှိသေးတော့ တက္ကသိုလ်
ကျောင်းသားတို့၊ တက္ကသိုလ် ဘွဲ့ရသူတို့ကို အလွန်အထင်ကြီးတဲ့ ခေတ်ပေါ့၊ ဘီအေဘွဲ့ရ
သူဆိုရင်လည်း မြို့နယ်တစ်ခုလုံးမှာ ငါးယောက်တောင် မပြည့်တဲ့ ခေတ်ကိုးကွ၊
'ခေတ်ပညာတတ်' ဆိုတဲ့ ဝေါဟာရက အဲဒီအချိန်လောက်ကစပြီး ပေါ်ခဲ့တာနဲ့ တူတယ်"

"ဟုတ်ကဲ့ပါဆရာ"

"ဒါ့ပြင် အဲဒီအချိန်တုန်းက နိုင်ငံရေး အခြေအနေကို ကြည့်ပြန်ရင်လည်း ပါတီတွေ အမျိုးမျိုးကွဲပြီး
အင်္ဂလိပ်သစ္စာခံတွေ၊ အလို တော်ရိတွေလို့ စွပ်စွဲခံရသူတွေနဲ့ အင်္ဂလိပ် အုပ်ချုပ်ရေးကိုပဲ
အထင်ကြီး လက်ခံထားသူတွေက များနေပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး သူ့ကျွန်ဘဝက
လွတ်မြောက်အောင် ကြိုးပမ်း အားထုတ်လိုတဲ့ မျိုးချစ်စိတ်တွေ မှေးမှိန်နေ ချိန်ဆိုတော့
တက္ကသိုလ်ကျောင်းသားတွေနဲ့ တက္ကသိုလ်ဘွဲ့ရ လူငယ်နိုင်ငံရေး ခေါင်းဆောင်တွေကို
ပြည်သူလူထုက ကြည်ညိုလေးစား၊ အားကိုးထောက်ခံကြတာပေါ့"

"မှန်ပါတယ်ဆရာ"

"ဒါပေမဲ့ အဲဒီခေတ်က ကျောင်းသား ခေါင်းဆောင်တွေက နိုင်ငံနဲ့ လူမျိုး သူ့ကျွန်ဘဝက
လွတ်မြောက်ရေးအတွက် လုပ်ကြတဲ့ အခါမှာတော့ တက္ကသိုလ် ကျောင်းသားသမဂ္ဂ
ခေါင်းဆောင်အဖြစ်က နုတ်ထွက်ကြပြီး ပြည်သူလူထု တစ်ရပ်လုံးကို စည်းရုံးနိုင်ဖို့ အတွက်
အဲဒီတုန်းက အဓိက နိုင်ငံရေး ဦးဆောင်အဖွဲ့ကြီးဖြစ်တဲ့ ဒို့ဗမာအစည်းအရုံးကို ၀င်ရောက်ပြီး
တက္ကသိုလ် ပြင်ပမှာ နိုင်ငံရေး လှုပ်ရှားခဲ့ကြတာ"

"ဟုတ်ပါတယ်ဆရာ"

"လွတ်လပ်ရေးခေတ် ငါတို့ခေတ် ကျောင်းသားသမဂ္ဂတွေကတော့ ကျောင်းသားအကျိုး၊
နိုင်ငံ့အကျိုး ဘာမျှမလုပ်နိုင်ကြတဲ့ အစိုးရ ဆန့်ကျင်ရေး၊ အစိုးရပြုတ်ကျရေးကိုသာ လုပ်ခဲ့ကြတဲ့၊
အဓိကအားဖြင့် လက်ဝဲနိုင်ငံရေး ပါတီများရဲ့ လက်ကိုင်တုတ်တွေလို့ပဲ ပြောရမှာပေါ့ကွာ။

"လွတ်လပ်ရေးခေတ် တက္ကသိုလ် ကျောင်းသားခေါင်းဆောင်တွေထဲက နောက်ပိုင်းမှာ
နိုင်ငံ့ခေါင်းဆောင် ဖြစ်လာတာတော့ မတွေ့ရဘူးကွ။ ၁၉၆၂ ခုနှစ် ကျောင်းသားအရေးအခင်း
အပြီးမှာ ဇာတိပေါ်ပြီး တောခို သွားကြလို့ တောတွင်းမှာ အသတ်ခံရတဲ့သူ တချို့တော့ ရှိတယ်"

"မှန်ပါတယ်ဆရာ၊ ဆရာလည်း ပြောရတာ အတော်မောသွားပြီ၊ အခုခေတ် ကိုယ်တော်လေးတွေ
အကြောင်းကိုတော့ နောက်တစ်ပတ်မှာ ဆက်ပြောပေးပါဆရာ"



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021