အခုဆိုရင် မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် အချိန် နီးသထက် နီးလာနေပါပြီ။
အခုဆိုရင် မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် အချိန် နီးသထက်
နီးလာနေပါပြီ။
ပါတီ တချို့မှာ အမတ်လောင်း ရွေးချယ်တာတွေ လုပ်နေပြီဖြစ်သလို ပါတီတချို့မှာတော့
အောင်နိုင်ရေး ကော်မတီတွေ အဆင့်ဆင့် ဖွဲ့နေကြပါပြီ။
ကျင်းပနေဆဲ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအတွင်းမှာ လာမယ့် ရွေးကောက်ပွဲကာလ
မဲဆွယ်စည်းရုံးတာနဲ့ ပတ်သက်ပြီး လွတ်လပ်ခွင့် မရှိဘဲဖြစ်မယ့် အခြေအနေ မေးမြန်းတာမျိုးလည်း
ရှိခဲ့ပါတယ်။
မဲဆွယ်ကာလ စည်းရုံးရေးမှာ ဘာပြဿနာတွေ ကြံုရနိုင် သလဲ၊ ရွေးကောက်ပွဲ နီးလာတဲ့တိုင်
တကယ့် အရေးကြီးတဲ့ ပြဿနာတွေ ပြေလည်နိုင်ခြင်း မရှိသေးတဲ့ အခြေအနေအောက်မှာ
ဘာတွေ ဆက်ဖြစ်လာနိုင်မလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
မဲဆွယ် စည်းရုံးရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်အတွင်း မေးမြန်းသူကတော့
ရခိုင်ပြည်နယ် မြေပုံအမတ် ဦးဖေသန်းဖြစ်ပြီး ပြန်ဖြေခဲ့သူကတော့ ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကို ဖြစ်ပါတယ်။
ဦးဖေသန်းက "လွှတ်တော် ကိုယ်စားလှယ် လောင်းများသည် လာမည့် ရွေးကောက်ပွဲများအတွက်
မဲဆွယ်စည်းရုံးရာတွင် စာနယ်ဇင်းများတွင် ရေးသားဖော်ပြလျက်ရှိသော အသုံးအနှုန်းများဖြင့်
လွှတ်တော်၊ အစိုးရ၊ ဌာနဆိုင်ရာ တပ်မတော်နှင့် လူပုဂ္ဂိုလ်များကို ဝေဖန်ဟောပြောခွင့် ရှိမရှိ"
ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ဦးဖေသန်းက အကျယ်တဝင့် ရှင်းလင်း မေးမြန်းတာ ဖြစ်ပါတယ်။
သူက "လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးကာလမျိုးမှာ ကျွန်တော်တို့ ရေးသားမှုတွေ၊
ဝေဖန်တာတွေ ဟောပြောမှုတွေဟာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ၁/၂၀၁၄ ပါ
တားမြစ်ချက် ၂၁ ချက်နဲ့ အလွန်ပဲ ထိခိုက်နိုင်ပါတယ်။ အလုပ်သမားတွေရဲ့ ဘဝမညီမျှမှု၊
ဒုက္ခဆင်းရဲ၊ အနာဂတ် မသေချာမှုတွေကို ကျွန်တော်တို့ ထောက်ပြခဲ့ရင် အလုပ်လုပ်နေတဲ့
အလုပ်သမားတွေကို နှောင့်ယှက်တယ်၊ လှုံ့ဆော်တယ်ဆိုပြီး တရားစွဲ ခံရနိုင်ပါတယ်။ ပညာရေး
ဥပဒေကို မကြိုက်ဘူး ဆိုပြန်ရင်လည်း ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်ကို အနှောင့်အယှက်
ပြုတယ်ဆိုပြီး လိုရင် လိုသလို၊ မလိုရင် မလိုသလို အရေးယူနိုင်တဲ့ အတိုင်းအတာမျိုးဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲ နီးနေပြီး အဲဒီမှာ ကော်မရှင်ကို တိုင်တာ၊ တောတာ တရားစွဲတာစသဖြင့်
ပြစ်မှုတွေ အများကြီး ဖြစ်လာနိုင်ပါတယ်"လို့ ထောက်ပြခဲ့ပါတယ်။
ဦးဖေသန်း ပြောတာကတော့ ရှင်းပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကန့်သတ်မှုကြောင့်
မဲဆွယ်ပွဲ ကာလဟာ စာနယ်ဇင်းလွတ်လပ်ခွင့်လောက်တောင်ရှိမှာ မဟုတ်ဘူးဆိုတဲ့ သဘောပါ။
ဒါနဲ့ ပတ်သက်ပြီး ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကို ဖြေတာကတော့ မဲဆွယ် စည်းရုံးခွင့်နဲ့
ပတ်သက်ရင် ကော်မရှင်ရဲ့ စည်းကမ်းသတ်မှတ် ပြဋ္ဌာန်းချက်အတိုင်းပါပဲတဲ့။
အဲဒါကို လိုက်နာဖို့ ပါပဲတဲ့။
အဓိပ္ပါယ်ကတော့ ရွေးကောက်ပွဲ မဲဆွယ်ရာမှာ စာနယ်ဇင်း လွတ်လပ်ခွင့် အတိုင်းအတာ
လွတ်လပ်ခွင့်မျိုး မပေး နိုင်ဘူးဆိုတဲ့ သဘောပါပဲ။
ဒီအတွက် တိုင်တာ၊ တောတာ အများကြီး ရှိလာနိုင်သလို အဲဒီ တိုင်တောမှုတွေကို အဓိက
အဆုံးအဖြတ် ပေးမှာကလည်း တရားရုံးတွေ မဟုတ်ဘဲ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်
ဖြစ်နေတာကြောင့် ဘက်လိုက်မှုတွေ ဖြစ်ပေါ်ပြီး ရွေးကောက်ပွဲ ရလဒ်ကိုပါ ထိခိုက်နိုင်မလား
စိုးရိမ်ရတဲ့ အနေအထားမို့လို့ ဦးဖေသန်းက ခုလို မေးမြန်းလိုက်တာပါ။
အခုရက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေအရ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်
ဒေါက်တာအေးမောင်ဟာ ပြည်နယ်လွှတ်တော်အမတ်အဖြစ် ၀င်ရောက် အရွေးချယ်ခံဖို့
ပါတီတွင်းမှာ နာမည်စာရင်း သွင်းထားတယ်လို့ ဆိုပါတယ်။
ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီ အမတ်နေရာ အများစု အနိုင်ရရင်
ပြည်နယ် ၀န်ကြီးချုပ်တာဝန် ရယူဖို့ ရည်ရွယ်ပုံရပါတယ်။
တကယ့် လက်တွေ့မှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်
တွေကို သမ္မတကပဲ ခန့်ရမယ်ဆိုတဲ့အချက် မပြင်ရသေးပါဘူး။
အဲဒီအချက် ပြင်လိုက်ရုံနဲ့လည်း မပြီးသေးပါဘူး။
ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးကောက်ခံ ပြည်နယ်အမတ်တွေကပဲ ရွေးရမလား၊ ဒါမှမဟုတ်
တပ်မတော်သားအမတ်တွေပါ ၀င်ရွေးမလား ဆိုတာရှိပါသေးတယ်။
ပြောရရင် ပြည်နယ်ဝန်ကြီးချုပ်ကို ဘယ်လို ရွေးကောက် တင်မြှောက်မလဲ မသေချာ
မရေရာသေးတဲ့ အခြေအနေပါ။
အလားတူ လာမယ့်အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွေမှာ လက်ရှိကျင့်သုံးနေဆဲ
စနစ်အစား PR ခေါ် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးမယ်ဆိုပြီး အမျိုးသားလွှတ်တော်က
ဆုံးဖြတ်ထားတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီမကိုက်ညီ အဆုံးအဖြတ် ပေးပါဆိုပြီး
ဖွဲ့စည်းပုံ ခုံရုံးတင်ထားတဲ့ ကိစ္စ မေးခွန်းမေးတာ မှားတယ်၊ ခုံရုံးက ဖြေဆိုနိုင်တဲ့အထဲမပါဘူးဆိုပြီး
ပလပ်လိုက်ပါပြီ။
ဒီအတွက် လာမယ့် ရွေးကောက်ပွဲကို ပုံမှန်စနစ်အတိုင်းပဲ ကျင်းပမလား၊ ပြည်သူ့ လွှတ်တော်က
အရင်စနစ်အတိုင်းပဲ ကျင့်သုံးပြီး အမျိုးသားလွှတ်တော်က PR စနစ်နဲ့ ကျင်းပမှာလား၊ မရေမရာ
ဖြစ်သွားပြန်ပါပြီ။
ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် ဘယ်ဖွဲ့စည်းပုံကို အခြေခံပြီး လုပ်တဲ့ ရွေးကောက်ပွဲလဲဆိုတာ
အလွန်အရေးကြီးပါတယ်။
အခုဆို ရွေးကောက်ပွဲကျင်းပဖို့ ခုနစ်လလောက်ပဲ လိုတော့တဲ့အချိန်အထိ ဖွဲ့စည်းပုံပြင်ဆင်ရေး
အခြေအနေ လုံးဝ မသိကြရသေးပါဘူး။
ဖွဲ့စည်းပုံ ပြင်ရေး ဥပဒေမူကြမ်းဆိုတာလည်း မရှိသေးတဲ့အတွက် ဘာတွေကိုပြင်ဖို့ လွှတ်တော်ကို
တင်ပြမယ်၊ အဲဒီအထဲကမှ ဘယ်အချက်တွေ ပြင်ဖြစ်မယ် မမှန်းဆနိုင်သေးတဲ့ အခြေအနေပါ။
အလားတူ ရွေးကောက်ပွဲ နီးလာချိန်အထိ ခိုင်လုံတဲ့ မဲဆန္ဒရှင်စာရင်း ပြုစုနေတာ
အပြီးမသတ်ရသေးပါဘူး။
ဒါကြောင့် လာမယ့် ရွေးကောက်ပွဲမှှာ မဲပေးပိုင်ခွင့်ရှိသူ ဘယ်လောက်ရှိတယ်၊ ဘယ်သူတွေက
မဲပေးခွင့်ရပြီး ဘယ်သူတွေက မဲပေးခွင့် မရနိုင်ဘူးလဲဆိုတာ ဘာမှ မသိနိုင်သေးတဲ့ အခြေအနေပါ။
ဒီပြဿနာနဲ့ တစ်ဆက်တည်း သိပ်မကြာခင် သက်တမ်းကုန်ဆုံးလို့ ဆိုပြီး ၀ိှုက်ကတ်
ပြန်အပ်ရမယ့် ခြောက်သိန်းလောက်ရှိတဲ့ လူတွေရဲ့ အနေအထားပါ။
သူတို့ကို နိုင်ငံသား စိစစ်တဲ့ကိစ္စ ရှောရှောရှူရှူ ဖြစ်လာမှာလား၊ ဘာအမျိုးအစားကတ်တွေ
ရလာမှာလဲ၊ အဲဒီရလာတဲ့ ကတ်တွေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့် ရကြမလား၊
မရနိုင်ဘူးလား၊ ဒါလည်း မသိနိုင်သေးပါဘူး။
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒီကနေ့ ဖြစ်ပေါ်နေတဲ့ အခင်းအကျင်း အားလုံးကို
ခြံုငုံ သုံးသပ်မယ်ဆိုရင် ဘာမှရေရာသေချာတဲ့ အခြေအနေမျိုး မဟုတ်သေးပါကြောင်း၊ ဒါကြောင့်
လာမယ့် ရွေးကောက်ပွဲ တရားမျှတ၊ လွတ်လပ်မှု ရှိမရှိ စိုးရိမ် နေရသေးပါကြောင်း သုံးသပ်တင်ပြ
လိုက်ရပါတယ်။
















