ယခင်အပတ်မှ အဆက် - အဖြေမှာ "၁၀ နှစ်ခန့် အချိန်ယူခဲ့ရပါသည်"ဟုပင်။ ၂၀၁၀ ပြည့်နှစ်အတွင်းမှာ အမျိုးသားစီမံကိန်းရေးဆွဲရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန စီမံကိန်းရေးဆွဲရေး ဦးစီးဌာနက ကျွန်ုပ်ကို ရက်သတ္တပတ် နှစ်ပတ်အတွင်း SNA ဖြစ်မြောက်အောင် လုပ်ရန်ခေါ်ယူခဲ့ရာ ကျွန်ုပ်က ငြင်းခဲ့ပါသည်။
ယခင်အပတ်မှ အဆက် - အဖြေမှာ "၁၀ နှစ်ခန့် အချိန်ယူခဲ့ရပါသည်"ဟုပင်။ ၂၀၁၀ ပြည့်နှစ်
အတွင်းမှာ အမျိုးသားစီမံကိန်းရေးဆွဲရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန စီမံကိန်း
ရေးဆွဲရေး ဦးစီးဌာနက ကျွန်ုပ်ကို ရက်သတ္တပတ် နှစ်ပတ်အတွင်း SNA ဖြစ်မြောက်အောင်
လုပ်ရန်ခေါ်ယူခဲ့ရာ ကျွန်ုပ်က ငြင်းခဲ့ပါသည်။
ကျွန်ုပ်၏ မိတ်ဆွေပါမောက္ခ တစ်ဦးပြောခဲ့သော စကားမှာ အလွန်မှန်ပါသည်။
အလုပ်တစ်ခုကို ပေးသင့်သော အချိန်မပေးဘဲ ခိုင်းစေပါက တန်သောအလုပ်ကိုသာရမည်ဟု
ပြောခဲ့ပါသည်။
နှစ်ပတ်နှင့် ပြီးအောင်ခိုင်းလျှင် နှစ်ပတ်နှင့်တန်သော ရလဒ်ကိုသာ ရမည်။ တစ်လနှင့် ပြီးအောင်
ခိုင်းလျှင် တစ်လနှင့်တန်သော ရလဒ်ကိုသာ ရမည်ဟု သူက ရှင်းလင်းပါသည်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် ဥပဒေများ လိုအပ်နေသည်မှာ အမှန်ပင်ဖြစ်ပါသည်။
လိုအပ်သကဲ့သို့ နိုင်ငံပိုင်သတင်းစာများတွင် လွှတ်တော်မှ အတည်ပြုပြီး ဥပဒေများ
အမြောက်အမြားကို တွေ့ရပါသည်။
လိုအပ်သည့်အတွက် ထွက်ပေါ်လာသောကြောင့် ၀မ်းမြောက်စွာ ကြိုဆိုရမည်ဖြစ်သော်ငြားလည်း
ဤဥပဒေများတွင် လိုအပ်ချက်များ ရှိနေဦးမည်မှာ အမှန်အကန်ဖြစ်ပါသည်။
ဥပဒေများကို ကျင့်သုံးပြီး လိုအပ်လျှင် ပြင်ဆင်ကြရပါမည်။
စိတ်ဝင်စားစရာ ကောင်းသော အချက်မှာ အမျိုးသားပညာရေး ဥပဒေ ကျမှ အဘယ်ကြောင့်
ဤမျှ ဆူဆူပူပူဖြစ်နေကြသည်ကို ကျွန်ုပ်နားမလည်နိုင်တော့ပါ။
၂၀၁၄ ခုနှစ်အတွင်းက ရန်ကုန်စီးပွားရေး တက္ကသိုလ်သင်တန်း တစ်ခုတွင် ဆွေးနွေးပွဲ
အသေးစားကလေးတစ်ခု ကျွန်ုပ်ပြုလုပ်ခဲ့ပါသည်။
သင်တန်းသားတစ်ဦးက ဆွေးနွေးပွဲတွင် မြေယာများ အဓမ္မသိမ်းပိုက်မှု ပြဿနာနှင့်
ဆင်းရဲမွဲတေမှု ပြဿနာချိတ်ဆက်မှုရှိ မရှိအပေါ် ကျွန်ုပ်၏ ထင်မြင်ချက်ကို မေးမြန်းခဲ့ပါသည်။
"ယင်းမှာ အဓိကအကြောင်းရင်း မဟုတ်ပါ။ ပညာရေး သို့မဟုတ် အသိဉာဏ် ပညာသည်
အရေးကြီးသည်"ဟု ကျွန်ုပ် အဖြေပေးခဲ့ပါသည်။
ထို့အတူ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက်အတွက် ပညာရေး အဆင့်အတန်းကို ထည့်သွင်း
စဉ်းစားသင့်သည်ဟု ကျွန်ုပ် အကြံပြုလိုပါသည်။
ကျွန်ုပ် ဂျပန်တွင် ပညာသင်ကြားနေစဉ် အချိန်ကာလအတွင်းက ကြားမိခဲ့သည်မှာ
လုပ်ခလစာတွင် ပထမဘွဲ့ ရလျှင် အနည်းဆုံး မည်မျှ ရရှိရမည်ဟု သတ်မှတ်ချက်ရှိသည်ဟု
ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် လက်ရှိကြံုတွေ့မှုကို တင်ပြရလျှင် မူလတန်းပြ ဆရာ/ဆရာမများ ခန့်ထားရာတွင်
အခြေခံပညာအထက်တန်းအောင်မှ ပါရဂူဘွဲ့အထိ လျှောက်ထားခွင့်ရှိသည်ကို သတင်းစာ
ကြော်ငြာများမှတစ်ဆင့် သိရပါသည်။
ပညာရေးအတွက် ပညာရေးတွင် စိတ်ဝင်စားသည့် ပါရဂူဘွဲ့ရအထိ ရင်းနှီးမြှုပ်နှံရမှုမှာ ငွေကြေး၊
အချိန်၊ လုံ့လစိုက်ထုတ်ရမှု ထည့်သွင်းစဉ်းစားသည်မှာ ကြိုဆိုရမည် ဖြစ်သော်လည်း
အခြေခံပညာအထက်တန်း အောင်အထိ ရင်းနှီးမြှုပ်နှံရမှုနှင့် ပါရဂူဘွဲ့ ရမှုအတိုင်းအတာမှာ
မတူညီပါ။
ထို့ကြောင့် ဘွဲ့ဒီဂရီကြေး ထပ်ဆောင်းပေးပါက ပိုမိုအဓိပ္ပာယ် ရှိမည်ဟု ယူဆပါသည်။
အခြားအနေအထား တစ်ခုကို ဖော်ပြရလျှင် သန့်ရှင်းရေးဝန်ထမ်း လျှောက်ထားရာတွင်
ဘွဲ့ရများအထိ ပါ၀င်လာသည်ကို ၀မ်းနည်းရမည်လား၊ ၀မ်းသာရမည်လားဟူသော
မေးခွန်းများဖြင့် ခံစားကာ တွေ့ရှိနေရပါသည်။
၀မ်းသာမှု ခံစားချက်မှာ သန့်ရှင်းရေးဝန်ထမ်း၏ ပညာရေး အဆင့်အတန်းမြင့်မှုကြောင့်
လုပ်အားအရည်အသွေး တက်လာသည်။
၀မ်းနည်းမှုခံစားချက်မှာ ဘွဲ့ရများမှာ စာမတတ်သူများနှင့် တန်းတူ သန့်ရှင်းရေးအလုပ်
လုပ်နေရသည်။
ဤတွင် ဘွဲ့ဒီဂရီ ကြေးဆောင်းပေးလိုက်လျှင် ဘွဲ့ရသန့်ရှင်း ရေးဝန်ထမ်း၏ ခံစားချက်မှာ
အနည်းငယ် သက်သာရာ ရပါလိမ့်မည်။
ပညာရေး အရည်အသွေး နိမ့်ခြင်းမြင့်ခြင်းမှာ စနစ်၏ အမွေဖြစ်ခဲ့ပြီး စနစ်ကြောင့် အပြစ်ကင်းသော
ကျောင်းသူကျောင်းသားများကို မကြေကွဲစေသင့်ပါ။
ကျွန်ုပ်ငယ်စဉ်က မှတ်စုတို ကလေးကို ဤဆောင်းပါးတွင် ဖော်ပြရခြင်းမှာ ဆရာ/ ဆရာမများက
တပည့်ကျောင်းသား ကျောင်းသူများ၏ ပညာရေး ကိုယ်ကျင့်တရား ကောင်းမွန်ရေးနှင့်
လူမှုရေးတို့တွင် အစဉ်တစိုက် လေ့ကျင့်ပေးခဲ့ကြသည်ကို ဖော်ထုတ်လိုသော ဆန္ဒကြောင့်
ဖြစ်ပါသည်။
ထိုသို့ အလုပ်တွင် နှစ်မြှုပ်ထားနိုင်ရန်မှာ ဆရာဆရာမများ၏ စားဝတ်နေရေးကို
တာဝန်ရှိသူများက ကြည့်ရှုစောင့်ရှောက်ရန် လိုပါသည်။
ကျွန်ုပ်၏ မှတ်စုပါ ကျောင်းတက်သောအခါ နိုင်ငံတော်သီချင်းကို ဆိုနိုင်ပါသည်။
သို့သော် ဘုရားရှိခိုးခိုင်းခြင်းနှင့် ဗုဒ္ဓဘာသာသင်ကြားခြင်းကို ဘုန်းကြီးကျောင်းပညာရေးတွင်
လုပ် ဆောင်နိုင်သော်လည်း အစိုးရကျောင်းများတွင် မလုပ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ် ၅၀ ကျော်က ၀န်းကျင်နှင့် ယခုဝန်းကျင်မှာ
မတူတော့ပါ။
ကမ္ဘာကြီးတွင် Globalization ဟု ခေါ်တွင်သော ကမ္ဘာ့ရွာကြီးသဖွယ် ပေါင်းစည်းနေကြပြီ
ဖြစ်သည်။
လူမျိုးမရွေး ကိုးကွယ်သည့် ဘာသာမရွေး အမြင်များ၊ စိတ်ကူးများ၊ ထုတ်ကုန်များ၊
ယဉ်ကျေးမှုများ စသည်တို့ကို ဖလှယ်နိုင်ကြပြီ ဖြစ်သည်။
တိုင်းပြည်စာရင်းစနစ်တွင် စီးပွားရေး အပြုအမူ၊ လူမှုရေးအပြုအမူတို့၏ အခြေခံ အယူအဆ
များသည် သွယ်ဝိုက်ပါ၀င်ဆက်စပ် နေပြီး နက်နဲသိမ်မွေ့သော စနစ်တစ်ခုအဖြစ်
ကမ္ဘာ့နိုင်ငံအများစုက ကျင့်သုံးတွက်ချက်နေကြပါသည်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံအနေဖြင့်လည်း အခြားကမ္ဘာ့နိုင်ငံများနှင့် အလှမ်းမကွာစေရန် ထိုစနစ်ကို
ရိုးသားစွာ စေတနာဖြင့် ပြည့်မြောက်အောင် အကောင်အထည် ဖော်ရပါမည်။
SNA ၏ ပထမမျိုးဆက်ဖြစ်သော SNA 53 ၏ အကြမ်းဖျင်း ပုံသဏ္ဌာန် စာရင်းသွင်းချက်
တစ်ခုကို ဥပမာပေး၍ ဖော်ပြခဲ့ပါသည်။
စာရင်းသွင်းချက် မြောက်မြားစွာကို မဖော်ပြရခြင်းမှာ SNA 2008 တွင် စာရင်းသွင်းချက်
တစ်ခုချင်းအလိုက် ရှင်းလင်းရန် ရည်ရွယ်ထားသောကြောင့် ဖြစ်ပါသည်။
ဤဆောင်းပါးတွင် SNA မျိုးဆက်များကို အကြမ်းဖျင်း ပုံဖော်ပါမည်။
SNA 53 ပြီးနောက် ဒုတိယမျိုးဆက်ဖြစ်သော SNA 68 သည် ၁၉၆၈ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်
အတွင်း ပေါ်ထွက်ခဲ့ပြီး ၁၉၆၈ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂလမ်းညွှန်ချက်၊ ၁၉၇၀ ပြည့်နှစ် ဥရောပ
လမ်းညွှန်ချက် (ESA 70) နှင့် အတူ ကွန်မြူနစ်နိုင်ငံများအတွက် ရုပ်ဝတ္ထု ထုတ်ကုန်စနစ်
(Material Product System - MPS) MPS 69 တို့ကို ဖော်ထုတ်ခဲ့ပါသည်။
SNA 68 တွင် SNA 53 က စာရင်းကိုင်စနစ်ကို ချဲ့ထွင်ခဲ့ပြီး အသွင်းအထွက်ဇယားများ
(Input-Output Tables) နှင့် ဈေးနှုန်းများ၊ အရေအတွက်များဆိုင်ရာ စည်းမျဉ်းများ၊
ဘဏ္ဍာရေး စာရင်းများ (Financial Accounts) ဆိုင်ရာ စည်းမျဉ်းများပါ၀င်လာပါသည်။
၁၉၆၆ ခုနှစ်က ကျင်းပခဲ့သော ပထမအကြိမ် "မြန်မာနိုင်ငံ သုတေသန ဆွေးနွေးပွဲတွင်
အသွင်းအထွက် စိစစ်မှုအားဖြင့် မြန်မာ့စီးပွားရေးကို လေ့လာခြင်း ခေါင်းစဉ်ဖြင့်
ဒေါက်တာသန်းညွန့်နှင့် ဦးညွန့်မောင်တို့က စာတမ်းရေးသားခဲ့ကြပါသည်။
၁၉၆၁ - ၆၂ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ အသွင်းအထွက် ဇယားများကို တည်ဆောက်ခဲ့ကြပါ
သည်။
သို့ရာတွင် မြန်မာပြည်အတွက် အသွင်းအထွက်ဇယားများသည် စာရင်းအင်းများ ချို့တဲ့မှု
အကြားမှ ပြုစုထားရသော ဇယားများဖြစ်ပါသဖြင့် စိတ်ချလက်ချ သုံးနိုင်လောက်အောင်
တိကျခြင်း မရှိပါ"ဟု စာတမ်းတွင် ၀န်ခံထားသော်လည်း အသွင်းအထွက် ဇယားကို
မည်သို့တည်ဆောက်နိုင်သည်ကို ဤစာတမ်း၌ တန်ဖိုးရှိစွာ လေ့လာနိုင်ပါသည်။
တစ်ဖန် ဤစာတမ်းတွင် လုပ်အားလိုအပ်မှု တစ်ခုတည်းကိုသာ တွက်ပေးနိုင်ခဲ့ပြီး ရင်းနှီးပစ္စည်း
လိုအပ်မှုကို မတွက်ပေးနိုင်ခဲ့ပါ။
အကြောင်းမှာ "မြန်မာပြည်တွင် ရင်းနှီးပစ္စည်း မည်မျှရှိသည်ကို အမျိုးအစားအလိုက် တိကျစွာ
သိရန်လိုပါသည်။ ယင်းအချက်မှာ မြန်မာပြည်အတွက် စုဆောင်းထားခြင်း မရှိပါသဖြင့်
ရင်းနှီးကုန်လိုအပ်မှုကို မတွက်နိုင်သေးပါ"ဟု ရိုးရှင်းစွာ ဖော်ပြထားပါသည်။
ထို့နောက်ပိုင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် စာရင်းအင်းပညာဌာန မဟာဘွဲ့ကျမ်းစာအချို့ တွင်
မြန်မာနိုင်ငံ၏ အသွင်းအထွက်ဇယားများကို တည်ဆောက်ခဲ့ကြသော်လည်း တိကျသော
စာရင်းအင်း ကိန်းဂဏန်းများ ရရှိရန် ခက်ခဲမှုကို တင်ပြခဲ့ကြပါသည်။
တတိယမျိုးဆက်ဖြစ်သော SNA 93 ကို ၁၉၉၃ မှ ၁၉၉၅ ခုနှစ်အတွင်း UN, IMF, World Bank,
OECD နှင့် EC တို့ ပူးတွဲ လမ်းညွှန်မှုနှင့်အတူ ဖော်ထုတ်ခဲ့ကြပါသည်။
ဥရောပ လမ်းညွှန်ချက်မှာ ESA 95 အဖြစ် ၁၉၉၅ ခုနှစ်တွင် ထွက်ပေါ်ခဲ့ပါသည်။
SNA 93 တွင် လက်ကျန်ရှင်းတမ်းများ (Balance Sheet)၊ အလုပ်ရရှိမှုနှင့်
၀ယ်ယူနိုင်အားနှုန်းများ (Employment and Purchasing Power Parities) ပါ၀င်လာပါသည်။
ထို့ပြင် ပိုမို အသေးစိတ်ကျသော စာရင်းကိုင်ဖွဲ့စည်းပုံ၊ အထွက် - အသုံး ဇယားများ (Supply
and Use Tables)၊ အရန်စာရင်းများ (Satellite Accounts)၊ ဈေးနှုန်းနှင့် အရေအတွက် ဆိုင်ရာ
ယေဘုယျစည်းမျဉ်းတို့ကို အသေးစိတ် ဆွေးနွေးချက်များကိုလည်း ထည့်သွင်းထားပါသည်။
ကဏ္ဍကြီး ငါးခုကိုလည်း ဖော်ထုတ်ခဲ့ပါသည်။
စတုတ္ထမျိုးဆက်ဖြစ်သော SNA 2008 တွင် ထုတ်လုပ်မှုမှ ကုန်ထွက်ကို ဈေးကွက်ဝင် ကုန်ထွက်
(Market Output)၊ ဈေးကွက်မဝင် ကုန်ထွက် (Non-Market Output)၊ ကိုယ်ပိုင် စားသုံးမှုနှင့်
အရင်းအနှီးတည်ဆောက်မှုတို့အတွက် ကုန်ထွက် (Output for own final use)ဟူ၍ သုံးမျိုး
ခွဲခြားပါသည်။
အရင်းအနှီး တည်ဆောက်မှုအတွက် ပိုင်ဆိုင်ပစ္စည်း (Asset) အမျိုးအစားတွင် သုတေသနနှင့်
ဖွံ့ဖြိုးမှု လုပ်ဆောင်ချက်များ၊ တွင်းထွက်ပစ္စည်း ရှာဖွေရေးရလဒ်များ၊ အဆင်သင့် ရေးဆွဲပြီး
ကွန်ပျူတာအစီအစဉ်များနှင့် အချက်အလက်အခြေခံများ (Computer Software and
Databases)၊ ဖျော်ဖြေရေး ကဲ့သို့သော အသိဉာဏ်စွမ်းဆောင်မှုဆိုင်ရာ ထုတ်ကုန်များ၊
စစ်ရေးဆိုင်ရာ လက်နက် စနစ်များ (Military Weapon Systems)၊ ရေအရင်းအမြစ်များ
(Water Resources) တို့ကို ထည့်သွင်းသည်။
ပိုမိုပြည့်စုံလာစေသော ထည့်သွင်းမှုများ တရားမဝင်ကဏ္ဍ (Informal Sector) ၏
ထုတ်လုပ်မှုကို ခန့်မှန်းခြင်းပင် ဖြစ်သည်။
ထို့ကြောင့် စာရင်းအင်းပညာ၏ အရေးပါမှုမှာလည်း ပိုမိုသက်ဝင်လာပေသည်။
ဤအပိုင်း(၃)တွင် တိုင်းပြည်စာရင်းစနစ် မျိုးဆက်လေးခုကို မိတ်ဆက်ခဲ့ပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံသည်လည်း နိုင်ငံတကာ စံနှုန်းများနှင့်အညီ SNA 2008 လမ်းညွှန်မှု
များကို အကောင်အထည်ဖော်ရန် လိုအပ်နေပြီဖြစ်ပါသည်။
တိုင်းပြည်စာရင်း စနစ်၏ ပထမဦးဆုံးမျိုးဆက်ဖြစ်သော SNA 53 ကိုပင် အပြည့်အဝ
အကောင်အထည် မဖော်နိုင်ခဲ့သော ကျွန်ုပ်တို့မြန်မာနိုင်ငံ၏ တိုင်းပြည် စာရင်းစနစ်သည်
SNA 2008 လမ်းညွှန်မှုများကို အကောင်အထည်ဖော်ရန် အခက်အခဲများစွာကို
ကျော်လွှားရဦးမည် ဖြစ်ပါသည်။
ထို့ကြောင့် နောက်လာမည့် အပိုင်း (၄)မှ စ၍ ပြည်ထောင်စုမြန်မာနိုင်ငံ၏ တိုင်းပြည်စာရင်း
စနစ်ကို SNA 2008 လမ်းညွှန်မှုများအတိုင်း အကောင်အထည် ဖော်နိုင်ရန်ရှိပြီး စာရင်းများနှင့်
လိုအပ်ချက်တို့ကို အသေးစိတ်ဆွေးနွေးပါမည်။
















