အမျိုးသားပညာရေးဥပဒေကို ချဉ်းကပ်ကြည့်ခြင်း (၁၀)

အမျိုးသားပညာရေးဥပဒေကို ချဉ်းကပ်ကြည့်ခြင်း (၁၀)

"၁၉၆၂ ခုနှစ် မတိုင်မီအထိ ကျောင်းသားသမဂ္ဂတွေကြောင်း ဆရာ ပြောပြီးပါပြီ။ ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာတော့ ကျောင်းသားသမဂ္ဂတွေကို ဖွဲ့စည်းခွင့်မရှိတော့လို့ ကျောင်းသား သမဂ္ဂတွေ မရှိတော့ပေမယ့် အုပ်ချုပ်သူ အစိုးရနဲ့ လမ်းစဉ်ပါတီအပေါ် မကျေနပ်လို့ ဖြစ်ပေါ်ခဲ့တဲ့ ကျောင်းသား လှုပ်ရှားမှုတွေကိုလည်း အဲဒီတုန်းက အစိုးရက ရက်စက်စွာ ဖိနှိပ်ခဲ့ပုံတွေကိုတော့ အများသိရှိကြပြီး၊ တွေ့ကြံုခဲ့ရပြီးဖြစ်လို့ မပြောတော့ဘူးလို့ ဆရာပြောခဲ့ပါတယ် ဆရာ၊ ...

"၁၉၆၂ ခုနှစ် မတိုင်မီအထိ ကျောင်းသားသမဂ္ဂတွေကြောင်း ဆရာ ပြောပြီးပါပြီ။ ၁၉၆၂ ခုနှစ်
နောက်ပိုင်းမှာတော့ ကျောင်းသားသမဂ္ဂတွေကို ဖွဲ့စည်းခွင့်မရှိတော့လို့ ကျောင်းသား သမဂ္ဂတွေ
မရှိတော့ပေမယ့် အုပ်ချုပ်သူ အစိုးရနဲ့ လမ်းစဉ်ပါတီအပေါ် မကျေနပ်လို့ ဖြစ်ပေါ်ခဲ့တဲ့
ကျောင်းသား လှုပ်ရှားမှုတွေကိုလည်း အဲဒီတုန်းက အစိုးရက ရက်စက်စွာ ဖိနှိပ်ခဲ့ပုံတွေကိုတော့
အများသိရှိကြပြီး၊ တွေ့ကြံုခဲ့ရပြီးဖြစ်လို့ မပြောတော့ဘူးလို့ ဆရာပြောခဲ့ပါတယ် ဆရာ၊
အခုဖြစ်ပေါ်နေတဲ့ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေတဲ့ ကျောင်းသားသမဂ္ဂတွေ
အကြောင်း ပြောပါဦးဆရာ"

"ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းစာနဲ့ ဂျာနယ်တွေကို ဖတ်ရှုရလို့ ငါ သိတာ (ငါ မှတ်မိတာ)ကတော့
ဒီသပိတ်ကို ဦးဆောင်တာက တက္ကသိုလ်ကျောင်းသားများသမဂ္ဂ မဟုတ်လား၊ ဒီမှာ ငါ မရှင်းတဲ့
အချက်ကတော့ ခုခေတ်မှာ တက္ကသိုလ်တွေကလည်း အများကြီးဆိုတော့ အဲဒီတက္ကသိုလ်
ကျောင်းသားများ သမဂ္ဂဆိုတာက အဲဒီတက္ကသိုလ် အားလုံး စုပေါင်းပြီး ဖွဲ့စည်းထားတဲ့
သမဂ္ဂ မျိုးလား၊ ဒါမှမဟုတ် တက္ကသိုလ် တစ်ခုစီမှာ ဖွဲ့စည်းထားတဲ့ သမဂ္ဂလား၊ အဲဒီလိုဆိုရင်
ဘယ်တက္ကသိုလ်တွေက သမဂ္ဂတွေလဲ၊ အဲဒီလို သမဂ္ဂမျိုးတွေကို စုပေါင်းထားတဲ့ သမဂ္ဂပေါင်းစုံ
ပါ၀င်တဲ့ သမဂ္ဂအဖွဲ့ချုပ်မျိုးလား၊ အဲဒီကိစ္စကိုတော့ ငါ့အနေနဲ့ ရှင်းရှင်းလင်းလင်း မသိဘူးပေါ့ကွာ"

"ဟုတ်ပါတယ်ဆရာ၊ ကျွန်တော်တို့လည်း မသိပါဘူး"

"နောက်ပြီး ကျောင်းသားသပိတ်ကို ဦးဆောင်တဲ့ အထဲမှာ ဗကသလို့ အတိုကောက် ခေါ်တဲ့
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂဆိုတာလည်း ပါတယ်လို့ထင်တယ်"

"ကျွန်တော်လည်း အဲဒီလိုပဲ နားလည်ထားပါတယ် ဆရာ"

"ဒီကိစ္စမှာ ငါ မသိလို့ မေးလိုတဲ့ မေးခွန်းက အဲဒီ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဆိုတာကို
ဘယ်ဥပဒေ၊ ဘယ်စည်းမျဉ်းအရ ဖွဲ့စည်းထားတာလဲ၊ အဲဒီလို သမဂ္ဂဖွဲ့စည်းတာကို ကျောင်းသား
ဘယ်နှယောက် သိသလဲ၊ အဲဒီ တက္ကသိုလ်ကျောင်းသားသမဂ္ဂဆိုတာက ကျောင်းသား
ဘယ်လောက်ကို တရားဝင် ကိုယ်စားပြုသလဲ၊ နောက်ပြီး ဗကသ ဆိုတာကရော ဘယ်အချိန်က၊
ဘယ်နေရာက ဘယ်လို ပေါ်လာတာလဲ၊ ဆယ်ဂဏန်းလောက်သာ ရှိတဲ့ ကျောင်းသားဆိုသူ
တစ်စုက ဖွဲ့စည်းပြီး တက္ကသိုလ်ကျောင်းသားအားလုံး၊ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား
အားလုံးကို ကိုယ်စား ပြုပါတယ်လို့ ပြောချင်သလား၊ အဲဒီလို ကိုယ်စားပြုတယ်ဆိုတာကို
ဘယ်လို သက်သေ ပြနိုင်သလဲ"

"ကျွန်တော် လေ့လာမိသလောက်တော့ ဥပဒေတစ်ရပ်ရပ်အရ၊ သို့မဟုတ် အသင်း အဖွဲ့တစ်ခုခုရဲ့
တရားဝင်စည်းမျဉ်းဥပဒေနဲ့အညီ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ မဟုတ်ပါဘူးဆရာ။ တက္ကသိုလ်
တစ်ခုခုရဲ့ ကျောင်းသားထုကို ကိုယ်စားပြုတယ်လို့လည်း ပြောလို့မရပါဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့
ကျောင်းသားထုကို ကိုယ်စားပြုဖို့ ဆိုတာကတော့ ပိုပြီးဝေးသေးတာပေါ့"

"နောက်ပြီး ဥပဒေအရ ပြောရမယ်ဆိုရင်လည်း အသက် ၁၈ နှစ်မပြည့်သေးတဲ့
လူတစ်ယောက်ဟာ ဥပဒေအရ တရားဝင် ရပ်တည်ဆောင်ရွက်ခွင့် မရှိသေးတဲ့ အရွယ်
မရောက်သေးသူ (minor) သာ ဖြစ်တယ်ကွ။ သူ့ရဲ့ဆုံးဖြတ်ဆောင်ရွက်မှုနဲ့ ကတိကဝတ်
ပြုမှုတွေကိုလည်း တရားဥပဒေက အသိအမှတ်မပြုဘူး၊ အတည်ပြုပေးလို့လည်း မရဘူး။
တက္ကသိုလ်ကျောင်းသားတွေထဲမှာ ပထမနှစ်နဲ့ ဒုတိယနှစ်ကျောင်းသားတချို့ဆိုရင်
အသက် ၁၈ နှစ် မပြည့်သေးတဲ့သူတွေ အတော်များများ ပါနိုင်တာပေါ့။ အထက်တန်းကျောင်း
တွေက ကျောင်းသားလေးတွေ ဆိုရင်တော့ အသက် ၁၆ နှစ်မပြည့်သေးလို့ ဥပဒေ အရဆိုရင်
ကလေးသူငယ်တွေသာ ဖြစ်တယ် မဟုတ်လား"

"ဟုတ်ပါတယ် ဆရာ"

"တက္ကသိုလ်အသီးသီးက ကျောင်းသားတွေထဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတွေက အများစု
ဖြစ်မယ်ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို အရွယ်ရောက်ပြီးသူ တွေဖြစ်ပေမယ်လို့
ကျန်တဲ့ ၁၈ နှစ်မပြည့်သေးလို့ အရွယ်မရောက်သေးသူတွေကို ဥပဒေအရ ကိုယ်စားပြုခွင့်
မရှိပါဘူး။ အရွယ်မရောက်သေးသူကို တရားဝင်ကိုယ်စားပြုခွင့်ရှိသူက မိဘတွေနဲ့ ဥပဒေအရ
တရားဝင် ခန့်ထားခြင်းခံရတဲ့ အုပ်ထိန်းသူတွေသာဖြစ်တယ် မဟုတ်လား"

"မှန်ပါတယ် ဆရာ"

"ငါဆိုလိုတဲ့သဘောက ဒီကျောင်းသား သမဂ္ဂဆိုတာတွေဟာ ဥပဒေအရ ဖွဲ့စည်းထားတဲ့
အဖွဲ့အစည်းတွေ မဟုတ်ဘူး။ ဒီအဖွဲ့ တွေမှာ ပါ၀င်သူတွေကလွဲပြီး ဘယ်ကျောင်းသားထု
ကိုမှလည်း ကိုယ်စားမပြုဘူး။ အခု အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တယ်ဆိုတာက
အဲဒီလူတစ်စုရဲ့ သဘောဆန္ဒ မျှသာဖြစ်တယ်ကွ။ သူတို့ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိတာ
မှန်ပေမယ့် အခုဟာကတော့ ပညာရေးဥပဒေကို အကြောင်းပြပြီး အစိုးရပြုတ်ကျအောင်၊
၈၈ အရေးအခင်းမျိုး ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေကြတဲ့ သဘောပဲလို့ ငါထင်တယ်ကွ။
ရိုးရိုးသားသားမှ ဟုတ်ကြရဲ့လား။ ပယောဂတွေများ ၀င်နေပြီလားဆိုတာ စဉ်းစားနေရပြီကွ"

"အခု ကျောင်းသားသပိတ်ဆိုတာကို ခေါင်းဆောင်နေသူတွေထဲက ကျောင်းသားတစ်ယောက်
ပြောတာကို ဂျာနယ်တစ်စောင်မှာ ဖော်ပြထားချက်အရဆိုရင်တော့ ဆရာ ပြောသလိုပဲ
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တာသက်သက် မဟုတ်တော့ဘဲ အစိုးရပြုတ်ကျရေး၊
၈၈ အရေးအခင်းလိုမျိုး ထပ်မံဖြစ်ပေါ်ရေးကို ဦးတည်နေတယ်လို့ ပြောရမလိုတော့ ဖြစ်နေပြီပေါ့
ဆရာ"

"ဘယ်လိုပြောထားလို့လဲ"

"ဂျာနယ်မှာ ရေးထားတဲ့အတိုင်း ကျွန်တော် ဖတ်ပြပါမယ် ဆရာ။ သူ ပြောတာက
'(ကျောင်းသားများ တောင်းဆိုချက် ၁၁ ချက်လုံးကို) အစိုးရက မူအားဖြင့် သဘောတူလိုက်တာ
ကတော့ မှန်ပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ သဘောတူချက်တွေကို ဘယ်အတိုင်းအတာအထိ
ယုံယုံကြည်ကြည်နဲ့ လက်ခံပြီး စိတ်ချလက်ချ အိမ်ပြန်သွားလို့ ရပါ့မလဲ။ ကျွန်တော်တို့
ဘာကြောင့် မယုံသလဲဆိုရင် ၂၀၁၀ ရွေး ကောက်ပွဲမှာ ကြိုတင်မဲနဲ့ ပြောင်ပြောင်တင်းတင်း
လိမ်ညာခဲ့တာရယ်၊ ဒီအစိုးရ ပေးခဲ့(တဲ့)ကတိမှန်သမျှ တစ်ခါမှ မတည်သေးတာရယ်၊ ဥပမာ
မြစ်ဆုံစီမံကိန်းကို ကြည့်ပါ။ သမ္မတက သူ့သက်တမ်းအတွင်း ရပ်ဆိုင်းထား တယ်ဆိုပေမယ့်
မြစ်ဆုံမှာတော့ လုပ်ငန်းအသီးသီး ပြန်စနေတာ တွေ့ရပါတယ်။ လက်ပံတောင်းမှာလည်း
ဒေါ်အောင်ဆန်းစုကြည် ကော်မရှင်ရဲ့ အစီရင်ခံစာကို ဘယ်လောက် အတိုင်း(အတာ)အထိ
လိုက်နာလို့လဲ။ ကျွန်တော်တို့ကိုလည်း ဆွေးနွေးစဉ်တုန်းကတော့ သပိတ်မှောက်ကျောင်းသား
တွေကို မဖမ်းပါဘူးလို့ ပြောခဲ့တယ်။ ဒါပေမဲ့ ရန်ကုန်နဲ့ ပဲခူးနယ်ခြားမှာ ကျွန်တော်တို့ကို ဖမ်းဖို့၊
ရိုက်ဖို့ ပြင်ဆင်ထားတာ ဘာသဘောလဲ၊ မင်းမှာ သစ္စာ၊ လူမှာ ကတိဆိုတဲ့စကားဟာ ဒီအစိုးရနဲ့
လားလားမှ မဆိုင်သလို ဖြစ်ခဲ့တဲ့အတွက် ကျွန်တော်တို့ (သပိတ်) မရပ်သေးတာပါ' တဲ့ ဆရာ"

"အင်း အခုခေတ်သုံးစကားနဲ့ ပြောရမယ် ဆိုရင်တော့ အတော်ကို 'ပွင့်လင်းမြင်သာမှု ရှိတယ်'၊
'ထင်သာမြင်သာ' ရှိတယ်လို့ ပြောရမှာပေါ့ကွာ။ အကောင်းဘက်က ကြည့်ပြီး ပြောရမယ်
ဆိုရင်တော့ အခုလို ပွင့်ပွင့်လင်းလင်း ပြောတာ ကောင်းတယ်ကွ။ ပြည်သူတွေအနေနဲ့
အမှားအမှန်ကို ဆုံးဖြတ်ရာမှာ အခြေခံရမယ့် အချက်အလက်အမှန်တွေကို သိရတာပေါ့"


"နောက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးလည်းဖြစ်၊
ဒီမိုကရေစီပညာရေးဦးဆောင် ကော်မတီဝင်လည်းဖြစ်တဲ့ ကျောင်းသား ခေါင်းဆောင်တစ်ဦး
ပြောတာကိုလည်း နားထောင်ကြည့်ပါဦး ဆရာ၊ သူပြောတာကို ဂျာနယ်မှာ ပါတဲ့အတိုင်း
ကျွန်တော် ဖတ်ပြပါ ဦးမယ်၊ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို အစိုးရက မူအားဖြင့်
သဘောတူတယ် ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဘယ်လောက်ထိ ခိုင်မာတယ်လို့ ထင်လဲဆိုတဲ့
မေးခွန်းကို သူ ပြောတာက 'အမှန်တော့ ဒီအစိုးရက ဘယ်အဆင့်မှာမှ စိတ်ချယုံကြည်စရာ
မကောင်းတဲ့ အစိုးရပါ။ ဒီအတွက်လည်း လမ်းပေါ်ထွက်ပြီး သပိတ်တိုက်ပွဲ ဆင်နွှဲနေရတာ
ဖြစ်တယ်။ နောက်တစ်ခုက သမိုင်းဝင်ချီတက် လမ်းလျှောက်တဲ့ ပုံစုံကို လုပ်နေတာလည်း
ဖြစ်တယ်။ အဲဒီလို ယုံကြည်ရမယ့် အစိုးရဆိုရင် မူကြမ်းအဆင့်ကတည်းက ကျောင်းသား
ပြည်သူရဲ့ သဘောထားကို ရယူပါလို့ ကျွန်တော်တို့ တောင်းဆိုတာကို အစိုးရအနေနဲ့
တကယ်တမ်း စိတ်ရင်းစေတာရှိတဲ့ အစိုးရဆိုရင် အဲ(ဒီ) ကိစ္စကို သူတို့ အဲ(ဒီ)ကတည်းက
လက်ခံပြီးတော့ ပြီးသွားမှာပါ။ ဒီဟာက သူတို့ လက်မခံခဲ့လို့သာ ဒီကိစ္စမပြီးဘဲနဲ့ သမိုင်းဝင်
ချီတက်လမ်းလျှောက်မှုတွေ လုပ်ရတာဖြစ်တယ်။ အဲ (ဒီ)တော့ ဒီဥပဒေချမှတ်
ကျင့်သုံးတာတောင်မှ တချို့နေရာမှာ ဒီဥပဒေရဲ့ သဘောသဘာဝ အကြောင်းအရာကို
နားမလည်တဲ့ လူတွေကို အစိုးရအနေနဲ့ ပုံစံတစ်မျိုးနဲ့ အကြောက်တရားနဲ့ ဆက်ဖိနေဦးမှာပဲ။
အဲ(ဒီ)လိုပုံစံမျိုးထိတောင် ကျွန်တော်တို့က မျှော်လင့်ထားတာ ဖြစ်တဲ့အတွက် ဒီအစိုးရကိုတော့
လက်ရှိမူ အရ သဘောတူထားတဲ့အဆင့်ကို မဟုတ်ဘဲနဲ့ လွှတ်တော်က ဥပဒေမကျမချင်း၊
ဥပဒေမပြ(င်) မချင်း ကျွန်တော်က ယုံမှာမဟုတ်ဘူးပေါ့နော်' တဲ့ ဆရာ"

"သူလည်း အပွင့်လင်းဆုံး ပြောထားတာပဲ"

"ဟုတ်ပါ့ဆရာ၊ ဒီထက်ပိုပြီး ပွင့်လင်းတာကတော့ တန်ပြန်ဆန္ဒပြမှုတွေ၊ တန်ပြန် ထုတ်ပြန်ချက်
တွေနဲ့ ပတ်သက်ပြီး မေးတာမှာ 'အစိုး ရက အောက်တန်းကျတယ်လို့ပဲ မြင်တယ်၊
တွေ့ဆုံဆွေးနွေးမှုတွေကို အရောင်ပြလုပ်တာပဲ၊ မရိုးသားဘူး၊ အစိုးရအနေနဲ့ လူကြီးလူကောင်း
မဆန်ဘူး'ဆိုပြီးလည်း ပြောပါသေးတယ်။"

"လောက်ကိုင်ကိစ္စ ပေါ်ပေါက်လာတော့ ဒီကိစ္စက အမျိုးသားရေးကိစ္စအဖြစ် ရှေ့တန်း
ရောက်လာပြီး ကျောင်းသားကိစ္စက တဖြည်းဖြည်း မှေးမှိန်သွားမလားလို့ တွေးစရာဖြစ်ခဲ့တာ
ပေါ့ကွာ။ ကျောင်းသားတွေရဲ့ တောင်းဆိုချက်အားလုံးကိုလည်း အစိုးရက လိုက်လျောလိုက်ပြီ
ဆိုတော့ ..."

"အဲဒီလိုဖြစ်လာနိုင်မယ် မထင်ဘူး ဆရာ။ အခု ကျွန်တော်တို့ ပြောနေတဲ့ ဗကသ ကျောင်းသား
ခေါင်းဆောင်ဆိုသူက မြင်းခြံတက္ကသိုလ်ကို သပိတ်စစ်ကြောင်း ရောက်တုန်းက တက္ကသိုလ်မှာ
လွှင့်ထူထားတဲ့ နိုင်ငံတော်အလံကို ဖြုတ်ချခဲ့သူ ဖြစ်တယ်လို့လည်း ဂျာနယ်တွေမှာ
ဖော်ပြချက်အရ သိရတယ် ဆရာ။ လောက်ကိုင်ကိစ္စနဲ့ ပတ်သက်ပြီး "လောက်ကိုင်ကိစ္စကို
အမျိုးသားရေးလို့ ခေါင်းစဉ်တပ်ပြီး ကျောင်းသားသပိတ် မရပ်တဲ့အပေါ် ဝေဖန်မှုတွေကိုရော
ဘာများပြောချင်လဲ'ဆိုတဲ့ မေးခွန်းကို သူဖြေတာက 'လောက်ကိုင်ဆိုတာက တစ်နိုင်ငံလုံးကို
ခြိမ်းခြောက်နေတဲ့ စစ်ပွဲ မဟုတ်ဘူးဗျ။ ကျွန်တော်တို့ နိုင်ငံကို တခြားနိုင်ငံက လာပြီးတော့
တစ်နိုင်ငံလုံးကို ကြွေးကြော်သိမ်းပိုက်လို့ တိုက်နေတဲ့ စစ်ပွဲလည်း မဟုတ်ဘူးဗျ။ ဒီအမျိုးသားရေး
ဥပဒေကျတော့ တစ်နိုင်ငံလုံးကို အောက်တန်းစားအဆင့် ရောက်နေတာကနေ ဆွဲတင်ဖို့
အတွက်ကို ပထမဆုံး ခြေလှမ်းဖြစ်တယ်။ အဲ(ဒီ)ခြေလှမ်းကိုမှ ရိုက်ချိုးခံရရင် တစ်နိုင်ငံလုံး
ကံကြမ္မာနဲ့ဆိုင်တယ်။ သေချာစဉ်းစားကြည့်ရင် လောက်ကိုင်ဒေသမှာ ဖြစ်နေတဲ့ စစ်ပွဲတွေဟာ
တစ်နိုင်ငံလုံး ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်လား။ တစ်နိုင်ငံလုံးရဲ့ ပညာရေးအဆင့်အတန်းက
တစ်နိုင်ငံလုံးရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်လားဆိုတာ ကျွန်တော်တို့ ပြန်ပြီးစဉ်းစားရမယ်။
အဲ(ဒီ)တော့ ဒီဟာကို နားလည်တဲ့သူတွေ၊ စိတ်ရင်းစေတနာ အမှန်နဲ့ နားလည်တဲ့ ပြည်သူတွေ
တော်တော်များများ သိပါတယ်။ အမျိုးသားပညာရေး ဥပဒေဆိုတာ နိုင်ငံတစ်နိုင်ငံကို
အကောင်းဆုံး (အဆိုး)ဆုံးဖြတ်နိုင်တဲ့ ဥပဒေဖြစ်နေတယ်။ ဒီလောက်ကိုင်စစ်ပွဲကတော့
အမျိုးသားရေးနဲ့ မဆိုင်တော့တဲ့ ဒေသဆိုင်ရာစစ်ပွဲ ဖြစ်နေတယ်။ တစ်နိုင်ငံလုံးရဲ့
အချုပ်အခြာအာဏာကို ခြိမ်းခြောက်နိုင်တာ မဟုတ်ဘူး။ ဒီတိုင်းရင်းသား သူပုန်စုစုလေး၊
သေးသေးလေးနဲ့ ဒီတစ်နိုင်ငံလုံးက ကြည်း၊ ရေ၊ လေတပ်မတော်ကြီးနဲ့ ဖြစ်နေတဲ့ တိုက်ပွဲကိုမှ
ဒါကို အကြီးကြီး လုပ်ပြီး အမျိုးသားရေးနဲ့ဆိုင်တယ်လို့ ပြောနေတယ်ဆိုရင်တော့ ကျွန်တော်တို့က
လက်ခံမှာ မဟုတ်ဘူး။ အခုတိုက်တဲ့ ဦးဖုန်ကြားရှင် ရဲ့ လောက်ကိုင်(ကိုးကန့်)တပ်ပေါ့လေ၊
အဲ(ဒီ) တပ်ကလည်း ဗိုလ်ချုပ်ခင်ညွန့် လွန်ခဲ့တဲ့ တပ်မတော်အစိုးရ လက်ထက်ကလေ၊
ငြိမ်းချမ်းရေးယူပြီး သူတို့ပဲ အားပေးမြှောက်စားခဲ့တဲ့ လက်နက်ကိုင်တပ် ဖြစ်နေတယ်။
အဲ(ဒီ) အပေါ်မှာ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ လုံးဝ ဝေဖန်ခွင့်မရခဲ့ဘူး။ ဝေဖန်ရမယ့်
အခွင့်အရေးလည်း မရှိခဲ့ဘူး။ အခုမှတော့သာ လက်နက်ကိုင်တိုက်ပွဲ တိုက်နေတဲ့ ဒေသတွင်း
တိုက်ပွဲကို အမျိုးသားရေးနဲ့ ဆိုင်တယ်လို့ပြောရင် ကျွန်တော်တို့က လက်ခံမှာ မဟုတ်ဘူး' တဲ့
ဆရာ"

"ဒါ သူ အပွင့်လင်းဆုံး ပြောထားတာပဲကွ၊ လောက်ကိုင်ကိစ္စနဲ့ ပတ်သက်လို့ သဘောထား
အမြင်အမျိုးမျိုးတော့ ရှိမှာပေါ့။ အခုလို ပွင့်ပွင့်လင်းလင်း ပြောထားတော့ ပြည်သူတွေအနေနဲ့
ဘယ်အမြင်က မှန်တယ်ဆိုတာကို ဆုံးဖြတ်ရာမှာ အထောက်အကူဖြစ်တာပေါ့"

"နောက်ပြီး ဒီကျောင်းသားရဲ့ လောက်ကိုင်ကိစ္စနဲ့ ပတ်သက်တဲ့ သဘောထားက အဲဒီ ဂျာနယ်မှာပဲ
ဖော်ပြထားတဲ့ ဗကပ ပြောရေးဆိုခွင့်ရှိသူရဲ့ လောက်ကိုင်ကိစ္စနဲ့ ပတ်သက်တဲ့ အမြင်နဲ့
သဘောအားဖြင့် တူညီနေတာကို တွေ့ရတယ်ဆရာ"

"ဒါကတော့ ပြဿနာတစ်ရပ်နဲ့ ပတ်သက်လို့ အမြင်အမျိုးမျိုးရှိရာမှာ ကွဲလွဲတာတွေ ရှိသလို
တူတာတွေလည်း ရှိမှာပေါ့ကွာ၊ ဒါက သဘာဝပဲလေ"

"ဆရာက ရိုးရိုးသားသားမှ ဟုတ်ကြရဲ့လား၊ ပယောဂတွေ ၀င်နေပြီလားဆိုတာ စဉ်းစားနေရပြီ
ဆိုလို့ ကျွန်တော် ဖတ်ခဲ့ရတဲ့ သတင်းတွေကို ဖောက်သည်ချတဲ့သဘောပါ ဆရာ"

"ငါ အဲဒီလိုပြောခဲ့တယ် ဆိုတာက တစ်ဖွဲ့၊ တစ်ပါတီကိုပဲ ရည်ညွှန်းပြီး ပြောတာမဟုတ်ဘူး၊
ပြည်တွင်းပြည်ပ ပယောဂအားလုံးကို ဆိုလိုတာ။ ငါတို့ ဘဝတစ်လျှောက်မှာ ဒါမျိုးတွေကို
တွေ့ရလွန်းလို့ ရိုးနေပြီ၊ နောကျေနေ ပြီပေါ့ကွာ"

"ဟုတ်ပါပြီဆရာ၊ ဆရာ့အနေနဲ့ ကျောင်းသားသမဂ္ဂအကြောင်း ပြောရမယ်ဆိုရင် သမိုင်းနဲ့ချီပြီး
ပြောရမှာဖြစ်တယ်လို့ ပြောခဲ့တဲ့အတိုင်း အခု ကျောင်းသားသမဂ္ဂတွေ အကြောင်းကို
အတော်ရှည်ရှည်ဝေးဝေး ပြောခဲ့ပြီးပြီဆိုတော့ အဲဒီအချက်တွေအပေါ် ခြံုငုံပြီး သုံးသပ်ချက်ပေးပါဦး
ဆရာ"

"ကျောင်းသားသမဂ္ဂတွေအကြောင်းကို သမိုင်းနဲ့ချီပြီး ပြောရတဲ့အကြောင်းက ဒီ သမိုင်း
အဖြစ်အပျက်တွေကို မသိမီလိုက်သူတွေအနေနဲ့ သမိုင်းအချက်အလက် အမှန်တွေ သိရှိစေဖို့၊
ဒီသမိုင်းကြောင်းကို သိမီခဲ့တဲ့ ပြည်သူတွေအနေနဲ့လည်း ဒီသမိုင်းဖြစ်စဉ်တွေကို ပြန်လည်
သတိရကြစေဖို့ အဲဒီလို သမိုင်းအချက်အလက်အမှန်တွေကို သိရှိပြီး လတ်တလောဖြစ်ပေါ်နေတဲ့
ပြဿနာတွေကို မှန်ကန်စွာ ရှုမြင်သုံးသပ်ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး ပြောခဲ့တာပဲကွ၊
ငါ့သုံးသပ်ချက်နဲ့ ငါ့ရဲ့သဘောထားအမြင်က ဘယ်လောက် အရေးပါမှာမို့လဲကွာ"

"အဲဒီလိုလည်း မဟုတ်သေးဘူးဆရာ။ ကျောင်းသားတွေရဲ့ လုပ်ရပ်တွေကို ထောက်ခံတာ
မဟုတ်ပေမယ့် ပွင့်ပွင့်လင်းလင်းပြောတာတွေကိုတော့ ကြိုက်တဲ့သဘော ဆရာ ပြောခဲ့တာ
ရှိပါတယ်။ နောက်ပြီး ဆရာ့အနေနဲ့ ၀န်ထမ်းဘဝမှာ နှစ် ၄၀ လောက် ကျင်လည်ခဲ့ပြီး
ဌာနအကြီးအကဲ တစ်ဦးအဖြစ်နဲ့လည်း အတွေ့အကြံုတွေ ရှိခဲ့တဲ့အပြင် ဆောင်းပါးတွေ၊
စာအုပ်တွေလည်း ရေးသားနေသူတစ်ဦး ဆိုတော့ ..."

"ဟေ့ကောင်၊ တော်ပြီ။ မင်းက ချောင်ပိတ်ပြီးမှ အပိုင်မေးတတ်တဲ့ ရှေ့နေဉာဉ်နဲ့ ငါ့ကို
အပိုင်ချည်တုပ်လိုက်ပြီဆိုတာကို မြွေမြွေချင်း ခြေမြင်တာပေါ့ကွာ။ မင်းက အခုလို ဖိအားပေးပြီး
အကျပ်ကိုင်တယ်ဆိုတော့လည်း ပြောရမှာပေါ့ကွာ၊ ဒို့တွေ ကျောင်းသားသမဂ္ဂတွေအကြောင်း
ပြောခဲ့တယ်ဆိုတာက အခု သပိတ်မှောက်ကျောင်းသားတွေရဲ့ အဓိက အကျဆုံး
တောင်းဆိုချက်ဖြစ်တဲ့ 'ကျောင်းသားသမဂ္ဂများ တရားဝင်ဖွဲ့စည်း လှုပ်ရှားခွင့် ရရှိရေး'ဆိုတဲ့
အချက်ကို အခြေခံပြီး ပြောခဲ့ကြရတာ မဟုတ်လား"

"ဟုတ်ပါတယ်ဆရာ"

"ဒီတော့ အဲဒီသမိုင်းအချက်အလက်တွေနဲ့ အခုဖြစ်ပေါ်နေတဲ့ ပကတိအခြေအနေတွေကို
အခြေခံပြီး ငါ့အမြင် ငါ့သဘောထားကိုတော့ ဒီတစ်ပတ်အတွက် ဂျာနယ်စာမျက်နှာ
မကျန်တော့လို့ နောက်အပတ်မှပဲ ဆက်ကြတာပေါ့။"



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021