ပြီးခဲ့တဲ့ လပိုင်းကစ ကျောင်းသားတွေရဲ့ အမျိုးသား ပညာရေး ဥပဒေအပေါ် ကန့်ကွက် ဆန္ဒပြ သပိတ်တိုက်ပွဲ ဆင်နွှဲနေတဲ့ ပြဿနာနဲ့ တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာတဲ့ ပြဿနာတစ်ခုကတော့ အလုပ်သမားတွေရဲ့ သပိတ်မှောက် ဆန္ဒပြပွဲတွေပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းကစ ကျောင်းသားတွေရဲ့ အမျိုးသား ပညာရေး ဥပဒေအပေါ် ကန့်ကွက် ဆန္ဒပြ
သပိတ်တိုက်ပွဲ ဆင်နွှဲနေတဲ့ ပြဿနာနဲ့ တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာတဲ့ ပြဿနာ
တစ်ခုကတော့ အလုပ်သမားတွေရဲ့ သပိတ်မှောက် ဆန္ဒပြပွဲတွေပဲ ဖြစ်ပါတယ်။
စက်ရုံ တစ်ရုံ နှစ်ရုံလောက်မှာ ပေါ်ခဲ့တာ မဟုတ်ဘဲ ရွှေပြည်သာ စက်မှုဇုန်ဘက်က စက်ရုံ
ငါးရုံလောက်မှာ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်ခဲ့တာပါ။
အဲလို အလုပ်သမား ဆန္ဒပြပွဲ ပြဿနာနဲ့ပတ်သက်ပြီး အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်
ညှိနှိုင်းပြေလည်တာတွေ ရှိခဲ့သလို တချို့ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ကတော့ အာဏာပိုင်တွေ
ဘက်က စွမ်းအားရှင်တွေ အသုံးပြုပြီး အကြမ်းဖက်နှိမ်နင်းဖြိုခွဲ၊ အလုပ်သမား တချို့ကို
ဖမ်းဆီး အရေးယူတာတွေလည်း ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမား ပြဿနာတွေ ဘာလို့ မပြေမလည် ဖြစ်နေရတာလဲ၊ ဘယ်သူ့မှာ
တာဝန်အရှိဆုံးဖြစ်ပြီး ဘယ်လိုဖြေရှင်းမှ ပြေလည်နိုင်မလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေး
တင်ပြသွားပါ့မယ်။
အခု နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ရွှေပြည်သာ စက်မှုဇုန်က အလုပ်သမား ဆန္ဒပြမှု ပြဿနာကလည်း
ပြေပြေလည်လည်နဲ့ ပြီးဆုံးသွားတာ မဟုတ်ပါဘူး။
ဆန္ဒပြရာမှာ Costec အထည်ချုပ်စက်ရုံ၊ Ford Glory အထည်ချုပ်စက်ရုံ၊ E-Land Myanmar
အထည်ချုပ်စက်ရုံ၊ Red Stone အထည်ချုပ်စက်ရုံ၊ တိုင်ရီဖိနပ်စက်ရုံတွေက အလုပ်သမား
စုစုပေါင်း ၅,၅၀၀ ကျော် ပါ၀င်ပါတယ်။
အစိုးရရဲ့ ထုတ်ပြန်ချက်အရ စက်ရုံလေးရုံမှာ အလုပ်သမား အလုပ်ရှင် ညှိနှိုင်းပြေလည်မှု ရသွားပြီး
အလုပ်သမားအများစု အလုပ်ပြန်ဆင်းနေကြပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ ရာနဲ့ချီတဲ့ အလုပ်သမားတွေကတော့ အလုပ်က ထွက်သွားတာ၊ အလုပ်ဆုံးရှုံးကုန်တာ
တွေတော့ ရှိနေပါတယ်။
E-Land Myanmar အထည်ချုပ်စက်ရုံကတော့ နောက်ဆုံး အချိန်ထိ ညှိနှိုင်းပြေလည်မှု မရလို့
အလုပ်သမား ၆၀၀ ကျော် အလုပ်မဆင်း နိုင်ကြသေးပါဘူး။
ဒီကြားထဲ ချီတက် ဆန္ဒပြလို့ဆိုပြီး ရဲတွေက စွမ်းအားရှင်တွေ အသုံးပြု၊ အကြမ်းဖက် နှိမ်နင်းခဲ့လို့
အလုပ်သမား ၁၄ ယောက် အဖမ်းခံခဲ့ရပါတယ်။
ခုနောက်ဆုံး စာရင်းတွေအရ အလုပ်သမား ဆန္ဒပြမှုကြောင့် အလုပ်သမားစုစုပေါင်း အယောက်
၂၀ နီးပါး အဖမ်းခံခဲ့ရပါပြီ။
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကတောင် အဲဒီ ဖမ်းဆီးခံ အလုပ်သမားတွေကို ပြန်လွှတ်ပေးဖို့၊
အရပ်ဝတ်တွေ သုံးပြီး အကြမ်းဖက် နှိမ်နင်းခိုင်းသူတွေကို ဖော်ထုတ် အရေးယူပေးဖို့၊
လုပ်ခလစာကိစ္စ အမြန်ဆုံး ညှိနှိုင်း ဆောင်ရွက်ပေးဖို့ဆိုပြီး ရွှေပြည်သာ စုပေါင်းသပိတ်
တာဝန်ရှိသူတွေက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ သတင်းစာရှင်းလင်းပွဲလုပ် တောင်းဆိုခဲ့ကြပါ
သေးတယ်။
လတ်တလော ဖြစ်ပွားခဲ့တဲ့ အလုပ်သမား သပိတ်မှောက် ဆန္ဒပြမှုတွေကို ကြည့်ရင်
အချက်နှစ်ချက်ကြောင့် ဖြစ်ပွားတာ တွေ့နိုင်ပါတယ်။
အလုပ်ခွင် အခြေအနေကို လက်မခံနိုင်မှုနဲ့ လုပ်ခ လစာနည်းပါးမှု ပြဿနာတွေဖြစ်ပြီး လုပ်ခလစာ
နည်းပါးလို့ ဆန္ဒပြတာမျိုးက ပိုများပါတယ်။
ဒီ ပြဿနာနဲ့ ပတ်သက်ပြီး အစိုးရ ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့တွေက အလုပ်ရှင်၊ အလုပ်သမား
နှစ်ဖက် တွေ့ဆုံစေပြီး ညှိနှိုင်းဆွေးနွေးစေတာတောင် ပြေလည်မှု မရကြတာ တွေ့နိုင်ပါတယ်။
အလုပ်သမားတွေဘက်ကလည်း ရတဲ့ အခြေခံလုပ်ခလစာက နည်းတယ်၊ နေစရိတ် စားစရိတ်နဲ့
မလောက်ဘူးဆိုတာမျိုး ဖြစ်နေသလို၊ အလုပ်ရှင်တွေဘက်ကလည်း သူတို့ ကုန်ကျစရိတ်တွေနဲ့
မကာမိလို့ အလုပ်သမားတွေ တောင်းသလောက် မပေးနိုင်ဘူးဆိုတာမျိုး ဖြစ်နေပါတယ်။
အလုပ်သမားတွေဘက်ကို ကြည့်လိုက်ရင် သူတို့ တင်ပြ တောင်းဆိုချက်တွေဟာ ရိုးရှင်းပါတယ်။
သူတို့အနေနဲ့ တစ်လ စုစုပေါင်း ကျပ်ရှစ်သောင်းလောက်ကနေ တစ်သိန်း သုံးသောင်းလောက်
အထိ ရကြတယ်။
ဒီဝင်ငွေဟာ မိသားစု စားလို့ လောက်ဖို့ မဆိုထားနဲ့၊ နေစရိတ်စားစရိတ်တောင် သိပ်လောက်ငတာ
မဟုတ်ဘူးလို့ ဆိုကြပါတယ်။
ဒီအတွက်E-Land Myanmar အထည်ချုပ်စက်ရုံက အလုပ်သမားတွေဆိုရင် တစ်ရက်ကို
ကျပ် ၁၀၀၀ လောက် ပိုပေးဖို့ တောင်းဆိုကြတာပါ။
အလုပ်သမားတွေရဲ့ အဲဒီလို လုပ်ခလစာနဲ့ နေထိုင်စားသောက်စရိတ် မကာမိတဲ့ ပြသနာကို
အစိုးရ အပါအဝင် ဘယ်သူတွေကမှ မငြင်းကြပါဘူး။
တကယ့် အဖြစ်မှန်တွေလို့ လက်ခံပါတယ်။
ဒါပေမဲ့ အလုပ်ရှင်တွေဘက်ကလည်း အလုပ်သမားတွေဘက်က တောင်းဆိုသလောက်
မတိုးပေး နိုင်ပါဘူး။
သူတို့တွေရဲ့ အထွေထွေ ကုန်ကျစရိတ်တွေကြောင့်ပါ။
ဒီပြဿနာကိုကြည့်လိုက်ရင် အလုပ်ရှင် အလုပ်သမားနှစ်ဖက်တည်းနဲ့ ပြဿနာကို ဘယ်လိုမှ
ပြေလည်အောင် ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူးဆိုတာ အတော်ထင်ရှားပါတယ်။
အလုပ်သမားတွေဘက်ကို အရင်ကြည့်ကြရအောင်ပါ။
လက်ရှိမြန်မာအလုပ်သမားတွေရတဲ့ လုပ်ခလစာ တစ်နေ့ နှစ်ဒေါ်လာခွဲနဲ့ သုံးဒေါ်လာ ပတ်ဝန်းကျင်
ဆိုတာဟာ ကမ္ဘောဒီးယားက အလုပ်သမားတွေရတဲ့ လုပ်ခလစာနဲ့ မတိမ်းမယိမ်းပါ။
ဒါပေမဲ့ အဲဒီ နှစ်ဒေါ်လာခွဲ သုံးဒေါ်လာလောက်နဲ့ ကမ္ဘောဒီးယားအလုပ်သမားတွေ
စားလောက်သောက်လောက် ရှိပေမယ့် မြန်မာအလုပ်သမားတွေအတွက်ကျတော့
မလောက်ငပါဘူး။
မြန်မာနိုင်ငံဟာ ကမ္ဘောဒီးယားထက် နေရေးစားရိတ် စားသောက်ရေး စားရိတ်ဈေးနှုန်း
ပိုကြီးမြင့်ပါတယ်။
ဒီပြဿနာကတော့ အစိုးရရဲ့ စီးပွားရေးစနစ်ကို ကိုင်တွယ်ပုံနဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။
မြန်မာနိုင်ငံက စိုက်ပျိုးနဲ့ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ အသားငါးထုတ်ကုန်၊ ထုတ်လုပ်မှု
ကုန်ကျစရိတ်၊ သယ်ယူ ပို့ဆောင်မှု ကုန်ကျစရိတ် အစိုးရ ယန္တရားရဲ့ အကျင့်ပျက်လာဒ်စားမှု၊
စီမံခန့်ခွဲတာ ညံ့ဖျင်းမှု ပြဿနာ အထွေထွေကြောင့် မြန်မာနိုင်ငံမှာ ကုန်စည်ဈေးနှုန်း
ကြီးမြင့်နေရတာပါ။
အဓိက အစိုးရမှာ တာဝန်ရှိနေပါတယ်။
အလုပ်ရှင်တွေဘက် ကြည့်လိုက်ရင်လည်း သူ့ဒုက္ခနဲ့ သူပါ။
စက်ရုံ အလုပ်ရုံအတွက် ရင်းနှီးမြှုပ်နှံရာမှာ မြေဈေးအပါအဝင် ကုန်ကျစားရိတ် ကြီးမြင့်တာ၊
လျှပ်စစ်ဓာတ်အားလို ကိစ္စမျိုးအတွက် ရင်းနှီးမြှုပ်နှံမှု ထပ်လုပ်ရပြီး ကုန်ကျစရိတ် ပိုမြင့်စေတာ၊
အစိုးရ ဗျူရိုကရေစီယန္တရားကြောင့် မလိုအပ်ဘဲ ကုန်ကျစရိတ် ပိုစေတာစတဲ့ ပြဿနာတွေ
ရင်ဆိုင်ရလို့ သူတို့လည်း သိပ်ပြီး တွက်ခြေ မကိုက်ဘူးလို့ ပြောကြတာ ဖြစ်ပါတယ်။
ဒီမှာလည်း အစိုးရရဲ့ စီမံခန့်ခွဲမှု ပြဿနာကြောင့် စက်ရုံအလုပ်ရုံ လုပ်ငန်းရှင်တွေဘက်က
အခက်အခဲ ဖြစ်ရပုံကို မြင်ကြရမှာပါ။
ဒီပြဿနာအားလုံးကို ခြံုငုံသုံးသပ်ကြည့်ရင် အစိုးရဘက်က ကြီးမားတဲ့ လုပ်ဆောင်မှုတွေ
မပါဘဲနဲ့ အလုပ်ရှင် အလုပ်သမား ပြဿနာတွေ ပြေလည်မသွားနိုင်ဘူးဆိုတာ တွေ့မြင်ကြရမှာ
ဖြစ်ပါတယ်။
နောက် အရေးတကြီး လိုအပ်နေတာက အနိမ့်ဆုံး လုပ်ခ လစာ သတ်မှတ်ဖို့ ကိစ္စပါ။
အခုဆို အချိန် နှစ်နှစ်ကျော် ကြာသည့်တိုင် အစိုးရဟာ အနိမ့်ဆုံး လုပ်ခ လစာ သတ်မှတ်ရေး
အကောင်အထည် မဖော်နိုင်သေးပါဘူး။
အနိမ့်ဆုံး လုပ်ခ လစာ သတ်မှတ်မှု နည်းသွားရင် အလုပ်သမားတွေရဲ့ ဆန္ဒပြမှု ကြံုရနိုင်သလို
များသွားရင် ရင်းနှီးမြှုပ်နှံသူတွေ ၀င်မလာမှာလည်း စိုးရိမ်ပြီး အစိုးရဟာပြဿနာကို မဖြေရှင်းဘဲ
အချိန်ဆွဲထားတာ ဖြစ်နိုင်ပါတယ်။
နောက်ပြဿနာ တစ်ခုက မြန်မာနိုင်ငံမှာ တစ်နေရာနဲ့ တစ်နေရာ လူနေမှု ကုန်ကျစရိတ်
သိသိသာသာ ကွာခြားနေတဲ့ ပြသနာပါ။
ဒါကလည်း အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံကြောင့် ဖြစ်ရတာပါ။
ဒါကြောင့် ထိုင်းနိုင်ငံမှာလို အနိမ့်ဆုံး လုပ်ခလစာကို တပြေးညီ သတ်မှတ်ဖို့ မဖြစ်နိုင်တာကြောင့်
ကြံရာမရ ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီကနေ့ ဆူပွက်နေတဲ့ အလုပ်သမား ဆန္ဒပြမှု ပြဿနာတွေကို
ပြေလည်စေချင်ရင် အလုပ်သမားနဲ့ အလုပ်ရှင် နှစ်ဖက် တွေ့ခိုင်း၊ ညှိခိုင်းရုံနဲ့ ပြီးမှာ မဟုတ်သလို
အရပ်ဝတ် စွမ်းအားရှင်တွေသုံးပြီး အကြမ်းဖက်နှိမ်နင်း၊ အလုပ်သမား ခေါင်းဆောင်တွေကို
ဖမ်းဆီး ထောင်ချရုံနဲ့ ပြေလည်သွားမှာတော့ မဟုတ်ပါ။
အစိုးရဘက်က သူ လုပ်ပေးစရာရှိတာတွေကို အောင်မြင်အောင် အကောင်အထည် ဖော်ပေးနိုင်မှ
ပြေလည်နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ စီမံခန့်ခွဲမှု အရည်အသွေးနိမ့်ကျမှုမျိုးနဲ့ကတော့ အလုပ်သမား ပြဿနာတင်မက
ဘယ်လို ပြဿနာမျိုးကိုမှ ပြေလည်အောင် ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါကြောင်း
သုံးသပ်တင်ပြလိုက်ရပါတယ်။
















