အမျိုးသားပညာရေးဥပဒေကို ချဉ်းကပ်ကြည့်ခြင်း (၁၁)

အမျိုးသားပညာရေးဥပဒေကို ချဉ်းကပ်ကြည့်ခြင်း (၁၁)

"ဆရာ့ခြံလေးက အတော်တောင် ဖြစ်နေပြီပဲ" "ရောက်လာပြီလား၊ ငါရေလောင်းတာ ပြီးတော့မှာပါ၊ ငါ့အလုပ်ခန်းထဲကပဲ စောင့်နေ နှင့်ကွာ၊ ငါလာခဲ့မယ်" နံနက်စောစော ရ နာရီလောက်မှာ ဥပဒေ ပြဿနာများ ဆွေးနွေးဖက် တပည့်ရှေ့နေ ရောက်လာလို့ ပြောလိုက်တာပါ။

"ဆရာ့ခြံလေးက အတော်တောင် ဖြစ်နေပြီပဲ"

"ရောက်လာပြီလား၊ ငါရေလောင်းတာ ပြီးတော့မှာပါ၊ ငါ့အလုပ်ခန်းထဲကပဲ စောင့်နေနှင့်ကွာ၊
ငါလာခဲ့မယ်" နံနက်စောစော ရ နာရီလောက်မှာ ဥပဒေ ပြဿနာများ ဆွေးနွေးဖက် တပည့်ရှေ့နေ
ရောက်လာလို့ ပြောလိုက်တာပါ။

ခြံဆိုလို့ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး၊ စာရေးသူရဲ့ နေအိမ်နဲ့ ငမိုးရိပ်ချောင်းကြားက
မြေပိုလေးမှာ ခြံုတွေရှင်း၊ သဲနှုန်းဖို့ပြီး ခြံကာထားတဲ့ ပေ ရ၀ ပတ်လည်လောက်ရှိတဲ့
မြေကွက်လေးမှာ ရှောက်သံပုရာ၊ မာလကာစတဲ့ သီးပင်စားပင်တွေ စိုက်ထားတာပါ၊ နွေရာသီ
ရောက်လာပြီဖြစ်လို့ နေ့စဉ်ရေလောင်းပေးနေရပါတယ်။

"ဒီနေ့လာတာ တယ်စောပါလားကွ"

"ဟုတ်ကဲ့ နေ့ခင်းပိုင်းမှာ တခြားကိစ္စလေးတွေ ရှိတာနဲ့ စောစောပဲ လာလိုက်တာပါ ဆရာ၊
နံနက်စာနဲ့ လက်ဖက်ရည်လည်းသောက်လာခဲ့ပါပြီ၊ နေလယ်စာ မစားမီ ပြန်ရမှာပါ ဆရာ၊
ဆရာ့စည်းကမ်းချက်အတိုင်းပါပဲ ဟဲ... ဟဲ"

"အေးကွ၊ မင်းက အဲလိုသိတတ်လို့ ငါနဲ့ ဆက်ပေါင်းလို့ ရနေတာပေါ့ကွာ။ ဒါနဲ့ အရင်တစ်ပတ်က
မင်းပြန်သွားပြီးတဲ့နောက်မှာ ငါစဉ်းစားမိတာ ရှိတယ်ကွ"

"ဟုတ်ကဲ့၊ ပြောပါဦးဆရာ"

"မင်းက အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တယ်ပြောလို့သာ မင်းမေးခဲ့တာ
တွေကိုပဲ ငါသိရှိနားလည် သလောက် ပြောခဲ့ရတာပေါ့ကွာ၊ ငါ့အနေနဲ့တော့ ဒီဥပဒေအကြောင်း
ဆွေးနွေးဖို့ စိတ်ကူး မရှိခဲ့ပါဘူး။ မင်းပြောလို့ မူလက ငါရည်ရွယ်ခဲ့တာကလည်း ဒီဥပဒေနဲ့
ပတ်သက်ပြီး ဒို့မြင်တာ၊ သိတာလေးတွေလောက်ကိုပဲ အကြံပြုတဲ့ သဘောနဲ့ ဆောင်းပါးရေးဖို့ပါ။
အခုဟာက မင်းက ကျောင်းသားသပိတ်တွေအကြောင်း အစထွင်ပေးလိုက်တော့ သမိုင်းနဲ့ချီပြီး
ပြောရတော့တာပေါ့ကွာ၊ ဒီလိုပြောတဲ့အခါကြတော့ အခုကျောင်းသားသပိတ်မှောက်တဲ့ ကိစ္စအထိ
ပြောရတော့ ငါ့ဆောင်းပါးတွေလည်း မူလက မှန်းခဲ့တာထက် သုံးဆလောက်တော့ ရှည်သွားမယ်
ထင်တယ်ကွ။ ပိုပြီးဆိုးတာကတော့ ၈၈ ခုနှစ်နောက်ပိုင်းမှာ ငါစောင့်ထိန်းလာခဲ့တဲ့ သီလ
ကျိုးပေါက်သွားတာပဲ"

"ဘယ်လိုပါလဲ ဆရာ"

"၈၈ ခုနှစ် လူထုအုံကြွမှုကြီးအတွင်း ကိုယ်တိုင်တွေ့မြင် သိရှိခဲ့ရတာတွေကို နိုင်ငံရေး သံဝေဂယူပြီး
'နိုင်ငံရေးဝေရာမဏိ သက္ခာ ပဒံ သမာဓိယာမိ' ဆိုတဲ့ သီလကို စောင့်ထိန်း လာခဲ့တာပေါ့ကွာ၊
မင်းက ကျောင်းသားသမဂ္ဂတွေအကြောင်း ဆွေးနွေးပါလို့ဆိုတော့ ခေတ်အဆက်ဆက်က
ကျောင်းသားသမဂ္ဂတွေအကြောင်း ပြောပြရာမှာ အဲဒီကျောင်းသား သမဂ္ဂတွေက ပါတီနိုင်ငံရေး
လုပ်ခဲ့ကြတာဆိုတော့ နိုင်ငံရေးအကြောင်းက မလွဲမသွေ ပါလာရတော့တာပေါ့ကွာ၊ ဒီတော့
ငါစောင့် ထိန်းထားတဲ့ သီလကျိုးပြီးပေါ့"

"သီလဆိုတာက ကျိုးသွားရင်လည်း ပြန်စောင့်လို့ရပါတယ် ဆရာ။ ကျောင်းသားသမဂ္ဂတွေ
အကြောင်း သမိုင်းနဲ့ချီပြီး ပြောရတယ် ဆိုတာကတော့ ဒီသမိုင်းကြောင်းကို အမှန်အတိုင်း
မသိရှာကြတဲ့ ကျောင်းသားလူငယ်တွေအနေနဲ့ သမိုင်းအချက်အလက်အမှန်တွေကို သိရှိပြီး
လမ်းလွဲမလိုက်မိကြစေဖို့နဲ့ သိပြီးသူတွေအနေနဲ့လည်း ဒီသမိုင်း ဖြစ်စဉ်တွေကို ပြန်လည်
သတိရကြပြီး လတ်တလော ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို မှန်ကန်စွာ ရှုမြင်သုံးသပ်
ဖြေရှင်းနိုင်စေဖို့ ပြောရခြင်း ဖြစ်တယ်ဆိုတာကို ဆရာလည်း ပြောခဲ့ပြီးပါပြီ။ နောက်ပြီး သမိုင်းကို
သင်ပေးတဲ့ ရည်ရွယ်ချက်က 'မ အ အောင်လို့' လို့ သမိုင်း ပညာရှင်ကြီး ဒေါက်တာ သန်းထွန်းက
ပြောခဲ့တယ် မဟုတ်လား ဆရာ"

"ဆရာကြီးကတော့ အဲဒီလိုပြောခဲ့တာပေါ့ကွာ၊ ဆရာကြီးများ အခုထိရှိနေသေးရင် ဆရာကြီးကို
ငါတင်ပြချင်တယ်ကွ"

"ဘယ်လိုပါလဲ ဆရာ"

"ဆရာကြီးပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည်မှာတော့ သမိုင်းကို မသင်ရလို့
အ နေတဲ့ သူတွေထက် သမိုင်းကို သင်ရပါလျက်နဲ့ အ နေသေးတဲ့ သူတွေရဲ့ အရေအတွက်က
ပိုများလိမ့်မယ်လို့ ထင်ပါတယ်လို့ပေါ့ကွာ"

"ကျွန်တော်ကတော့ အဲဒီလို မပြောချင်ဘူး ဆရာ၊ သမိုင်းသင်ရတဲ့အတွက် မ အ တော့တဲ့အပြင်
အပါးလွန်ပြီး ကြက်သွန်ခွန်ထက်တောင် ပါးနေတဲ့သူတွေလည်း အများကြီး ရှိနေပါပြီလို့
ပြောချင်ပါတယ် ဆရာ"

"ငါတော့ အ နေသေးလို့လား မသိဘူး၊ မင်းအခုပြောတာကို သဘောမပေါက်ဘူးကွ"

"ဆရာကလည်း အခုဖြစ်နေတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ပြောဆိုနေကြတာကိုလည်း ကြည့်ပါဦး၊
ဘာတဲ့ ... 'ကလေးတွေ မင်းတို့ စိတ်ဓာတ်ကို လေးစားပါတယ်၊ ဂုဏ်ယူပါတယ် မိဘရပ်ထံ
ပြန်ကြပါကွာ' တဲ့ 'အစိုးရ ကလည်း အကြမ်းမဖက်ပါနဲ့' တဲ့ 'အကြမ်းဖက်ခြင်းကို ကန့်ကွက်ရှုတ်ချ'
သတဲ့၊ မဟောသဓ ဇာတ်တော်ထဲက သားလုခန်းနဲ့ နှိုင်းတာလည်း ရှိသေး၊ ဘယ်သူက ဘီလူးမ
ဘယ်သူက မိခင်ရင်းဆိုတာတော့ မပြောဘူး။ ကျွန်တော်လည်း မသိဘူး။ အဲဒီလို ပြောကြတဲ့
ခေါင်းဆောင်ဆိုသူ အမျိုးမျိုးကို ကျွန်တော် မေးခွန်းတစ်ခု မေးချင်တယ်ဆရာ"

"ဘယ်လိုလဲ"

"ခင်ဗျားတို့သာ အစိုးရဆိုရင် ဘယ်လို ဖြေရှင်းမလဲလို့ပေါ့"

"တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းစွာ ဖြေရှင်းကြပါလို့ ပြောနေကြတာပဲကွာ"

"ဒါက ဆီသည်မ လက်သုတ်ပုဝါလို ဖြစ်နေတဲ့ ကမ္ဘာသုံး ဝေါဟာရကြီးပါ ဆရာရယ်၊ အဲဒီလို
စေ့စပ်ဆွေးနွေးလို့ ပြောလည်သွားတာမျိုးက ဘယ်လောက်ရှိလို့လဲ၊ အခုကိစ္စက အောက်ခြေ
အဆင့်ကစပြီး ဆွေးနွေးလာလိုက်ကြတာ ဆွေးနွေးတဲ့ အကြိမ် အရေအတွက်တောင်
မမှတ်မိတော့ပါဘူး။ အခုလည်းပဲ သူတို့ သဘောကျ ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းကို
လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ခြင်း မပြုမီ ကြားနာရာမှာ သူတို့ 'ဗိုလ်' လို မှုတ်တာကတော့
"Stake Holder" ပေါ့ ဆရာ၊ ကျွန်တော် နားလည်သလို ပြောရမယ်ဆိုရင်တော့ သက်ဆိုင်သူ
ပါ၀င်ပတ်သက်သူအားလုံးရဲ့ သဘောထား ဆန္ဒကို သိရအောင် ဖိတ်ခေါ်တဲ့ အခါကျတော့ အဓိက
တာဝန်ရှိတဲ့ ကျောင်းသားအဖွဲ့နဲ့ သူတို့ကို ထောက်ခံတဲ့ အဖွဲ့တွေရယ်၊ နိုင်ငံရေးပါတီ တချို့ရယ်က
မလာကြတော့ဘူးတဲ့ ဆရာ၊ ကြက်သွန်ခွန်ထက် ပါးတဲ့ လူတွေပါ ဆရာရယ်။ နောက်ပြီး
သူတို့ပြောတဲ့ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းစွာ ဖြေရှင်းကြပါ ဆိုတာကလည်း ကြားလို့တော့
ကောင်းပါတယ် ဆရာ၊ ဖြစ်နိုင်ခြေတော့ မရှိပါဘူး လူကြိုက်အောင် ပြောနေကြတာပါ"

"ဘာဖြစ်လို့လဲ"

"ဘာဖြစ်လို့လဲဆိုတော့ သပိတ်ကျောင်းသား ခေါင်းဆောင်တွေက အပြတ်ပြောထား ပြီးပြီလေ၊
အရင်တစ်ပတ်တုန်းက သူတို့ ဘယ်လိုပြောထားတယ်ဆိုတဲ့ သတင်းကို ဆရာ့ကို ကျွန်တော်
ဖတ်ပြခဲ့ပြီးပြီပဲ ဆရာ"

"သူတို့ စိတ်ကြိုက် ပြင်ဆင်ရေးဆွဲထားတဲ့ ဥပဒေကြမ်းကို အစိုးရက လက်ခံပြီး လွှတ်တော်ကို
တင်ထားတဲ့အတိုင်း လွှတ်တော်က ဥပဒေအဖြစ် ပြဋ္ဌာန်းမပေးဘူးဆိုရင် ဆက်လက်ပြီး
တိုက်ပွဲဝင်ဦးမယ်ဆိုတာလား"

"ဟုတ်တယ် ဆရာ၊ နောက်ပြီး သပိတ် မှောက်တယ်ဆိုတာ ဆန္ဒပြရုံ သက်သက် မဟုတ်ဘူးတဲ့
နည်းမျိုးစုံနဲ့ လုပ်လို့ရတယ်တဲ့၊ ဘာနည်းတွေ ကျန်သေးလဲတော့ မသိရဘူးပေါ့ ဆရာ"

"အဲဒီလို 'ငါ့စကားနွားရ' ဆိုသလို ပြောတာမျိုးကတော့ ဒီမိုကရေစီမူဘောင်ကို ကျော်လွန်
သွားပြီကွ၊ အဲဒါမျိုးကို "Democracy" (ဒီမိုကရေစီ) လို့ မခေါ်တော့ဘူး။ "Mobocracy"
(မော့ဘိုကရေစီ) လို့ ခေါ်တယ်ကွ။ လူအုပ်ဖွဲ့ ပြီး ဥပဒေမဲ့ ထင်ရာစိုင်းပြီး အုပ်ချုပ်မှု (mob rule)
လို့ခေါ်တယ်၊ တစ်နည်းအားဖြင့် 'အားနားခစ်' (anarchist) လို့ခေါ်တဲ့ မင်းမဲ့ ၀ါဒီတွေပေါ့ကွာ"

"နောက်ပြီး အဲဒီကျောင်းသားသပိတ်ကို အားပေးအားမြှောက် လုပ်နေတာလား၊ ဦးဆောင်မှု
ပေးနေတာလား ဆိုတာတော့ ကွဲကွဲပြားပြား မသိရဘူးပေါ့ဆရာ၊ 'ဒီမိုကရေစီ ပညာရေး
လှုပ်ရှားမှုအဖွဲ့' ဆိုတာလည်း ရှိသေးတယ် ဆရာ၊ အဲဒီ 'ဒီမိုကရေစီပညာရေး' ဆိုတာက
ဘယ်လိုဟာလဲ ဆရာ"

"ငါလည်း ဘယ်သိမှာလည်းကွာ၊ လူအများက လက်ခံတဲ့ ပညာရေး၊ သို့မဟုတ် ကျောင်းသား
သမဂ္ဂတွေက လက်ခံတဲ့ ပညာရေးကို ဆိုလိုတာ ဖြစ်မလားမသိဘူး။ ကြည့်ရတာတော့
ဒီဝေါဟာရက ဒို့မြန်မာတွေ တီထွင်လိုက်တဲ့ ဝေါဟာရ ဖြစ်မယ်ထင်တယ်ကွ"


"အဲဒီလိုမျိုး နောက်တစ်ဖွဲ့ကတော့ အတိုကောက် NNER လို့ခေါ်တဲ့ "National Network for
Education Reform" တဲ့ ဆရာ"

"အဲဒါက ပညာရှင်အဖွဲ့ မဟုတ်လား"

"ပညာရှင် ဟုတ် မဟုတ်တော့ မသိပါဘူး ဆရာ၊ ဒီအဖွဲ့ထဲက အဖွဲ့ဝင်တွေအကြောင်းကို
မသိရလို့ပါ၊ သူတို့ပြောတာဆိုတာတွေကို သတင်းစာနဲ့ ဂျာနယ်တွေမှာ ဖတ်ရသလောက် သူတို့
ဦးစီးပြီး ရေးဆွဲထားတယ်ဆိုတဲ့ ပြင်ဆင် ချက်ဥပဒေကို ကြည့်ရသလောက်ဆိုရင်တော့
ပညာရှင်တွေကို ယှဉ်ပြိုင်တိုက်ခိုက်နေတဲ့ 'ပညာယှဉ်' အဖွဲ့လို့ ထင်ပါတယ် ဆရာ"

"ဟာ အဲဒီလိုတော့လည်း မပြောနဲ့ပေါ့ကွာ၊ သူတို့လည်း ပိုပြီးကောင်းစေလိုတဲ့ စေတနာနဲ့
ပြောတာပဲလို့ နားလည်ပေးရမှာပေါ့၊ မင်းအခုပြောသလို ပြောကြကြေးဆိုရင် မင်းတို့ ငါတို့လည်း
'ပညာယှဉ်' တွေပဲပေါ့ကွာ၊ ကိုယ်ထင်ရာကို စွပ်ပြောနေတဲ့ လူတွေလို့ သူများတွေက
ပြောကြမှာပေါ့"

"ခွင့်လွှတ်ပါဆရာ၊ ကျွန်တော်ဆိုလိုတဲ့ သဘောက ပြဿနာကို ဖြေရှင်းရာမှာ အကောင်းဆုံး
အဖြေတစ်ခုကို ရရှိနိုင်ဖို့အတွက် ပညာရှင်အချင်းချင်း ဆွေးနွေးညှိနှိုင်းကြတဲ့အခါ တစ်ဦးနဲ့တစ်ဦး
ယှဉ်ပြိုင်တိုက်ခိုက်တဲ့ စကားစစ်ထိုးတဲ့ သဘောမျိုးမဟုတ်ဘဲ အပြန်အလှန် လေးစားမှုနဲ့
ပြောဆို ဆွေးနွေးစေချင်တဲ့ သဘောပါဆရာ"

"ဒီကိစ္စကို ထားလိုက်ပါတော့ကွာ၊ ဒီနေ့ တစ်မနက်လုံး မင်းမှာ အကုသိုလ်တွေ ဖြစ်နေပြီကွ၊ ဒို့တွေ
အသက်တွေလည်း ကြီးနေကြပြီ၊ သတိကပ်လိုက်ဦး။ နောင်လာနောက်သားတွေ အကျိုးရှိမယ့်
စကားပဲ မေတ္တာနဲ့ ပြောရအောင်"

"တောင်းပန်ပါတယ်ဆရာ၊ ဆရာ့ဆီ လာခါနီးမှာ ဂျာနယ်တချို့ကို ဖတ်လိုက်တော့ ပြစ်မှု
ကျူးလွန်တဲ့ သူတွေကိုတော့ အကာအကွယ်ပေးပြီး၊ ပြစ်မှုကျူးလွန်သူတွေကို တာဝန်အရ
အရေးယူရတဲ့ ပြည်သူ့ဝန်ထမ်းတွေကိုတော့ အမနာပ တာဝန်မယ့် စွပ်စွဲ ပြစ်တင် ရှုတ်ချနေကြတာ
တွေကို ပြည်သူ့ဝန်ထမ်း ဟောင်းတစ်ဦးအနေနဲ့ ခံပြင်းမိလို့ပါ ဆရာ"

"ဒါတော့ ဒါပေါ့ကွာ၊ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး နားမလည်သူတွေ ရှိသလို နားလည်ပေမယ့်
ကိုယ်ချင်းစာတရား မထားတတ်သူတွေ ကိုယ်ကျိုးအတွက်သာကြည့်ပြီး ပြောတတ်သူလည်း
ရှိတာပေါ့။ စစ်တိုက်တာတို့ ရုန်းရင်းဆန်ခတ်မှုကို နှိမ်နင်းရတာတို့ဆိုတာက ရွှေတွေ၊ စိန်တွေ၊
ကျောက်မျက်ရတနာတွေကို ရွှေချိန်တဲ့ ချိန်ခွင်နဲ့ ချိန်ပြီး ရောင်းတာမျိုး မဟုတ်ဘူးကွ၊ တစ်စက္ကန့်ရဲ့
အပုံတစ်ထောင်မှာ တစ်ပုံအတွင်း ဆုံးဖြတ်လုပ်ကိုင်ရတာမျိုး၊ မှားတာ မှန်တာတွေ တွက်နေဖို့
အချိန်မရဘူး။ မေတ္တာသုတ်ရွတ်ဖို့လည်း အချိန်မရဘူး။ ကိုယ့်အသက်မသေဖို့က ပထမ ပဲကွ၊
သက်ရှိ သတ္တဝါမှန်သမျှ ကိုယ့်အသက်ထက် အရေးကြီးတာ ဘာရှိလို့တုန်း၊ ဘယ်သူမဆို
ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့် ရှိတယ်လေ။ သူတို့ကို မုန်းလို့လုပ်တာ မဟုတ်ဘူး။
သူတို့ကို သိတာလည်း မဟုတ်ဘူး။ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အညီ အဆင့်ဆင့် လိုက်နာ
ဆောင်ရွက်ပြီး နောက်ဥပဒေနဲ့ မညီတဲ့ လူစု လူဝေးကို လူစုခွဲဖို့ သတိပေးပြီးလို့ မလိုက်နာကြဘူး
ဆိုရင် အဲဒီနောက်ပိုင်းကတော့ စစ်တိုက်တာနဲ့ အတူတူပဲကွ။ အဲဒါတွေကို မသိဘဲ၊ သို့မဟုတ်
သိလျက်နဲ့ ကိုယ်ချင်းစာနာ စိတ်မရှိဘဲ ပြစ်မှုကျူးလွန်သူကို ဥပဒေအရ အရေးယူရတဲ့
ကိုယ်ကျိုးမပါတဲ့ ပြည်သူ့ဝန်ထမ်းကိုချည်း ဖိပြီးဝေဖန်ပြစ်တင်နေမယ် ဆိုရင်တော့
ဘယ်တရားမလဲကွာ၊ မင်းပြောခဲ့သလို ပဲ 'ခင်ဗျားသာ အစိုးရဖြစ်ရင်၊ ခင်ဗျားသာ အဲဒီလို ပြည်သူ့
၀န်ထမ်းဖြစ်ရင် ဘယ်လိုလုပ်မှာလဲ' လို့ မေး ရမလိုတော့ ဖြစ်နေတာပေါ့။ ထားလိုက်ပါ တော့ကွာ
အရင်အပတ်က ဖြတ်ထားခဲ့တဲ့ အကြောင်းအရာကိုပဲ ဆက်ပြီး ပြောကြစို့"

"အရင်အပတ်ကတော့ ကျောင်းသား သမဂ္ဂတွေရဲ့ သမိုင်းကြောင်းကို ပြောခဲ့ပြီး ဖြစ်လို့ လက်ရှိ
အခြေအနေအပေါ် သုံးသပ်ချက်ကို ပြောမယ်လို့ ဆရာပြောခဲ့ပါတယ်။ ဒီတော့ သပိတ်မှောက်
ကျောင်းသားတွေရဲ့ တောင်းဆိုချက် တစ်ရပ်ဖြစ်တဲ့ 'ကျောင်းသား သမဂ္ဂများ၊ ကျောင်းဆရာ
သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နဲ့ ၎င်းသမဂ္ဂများ တည်ရှိမှုကို တရားဝင်
အသိအမှတ်ပြုရေး' ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး ဆရာ့အမြင်ကို ပြောပြပါဆရာ"

"ငါ့အမြင်အရဆိုရင် ပညာရေးဆိုင်ရာ ဥပဒေတစ်ရပ်ရပ်မှာ ကျောင်းသားသမဂ္ဂနဲ့ ကျောင်းဆရာ
သမဂ္ဂတွေ ဖွဲ့စည်းခွင့်ပေးရမယ်ဆိုပြီး ထည့်သွင်းပြဋ္ဌာန်းပေးဖို့ မလိုအပ်သလို မဖွဲ့ရဘူးဆိုပြီး
တားမြစ်ပိတ်ပင်တဲ့ ပြဋ္ဌာန်းချက်မျိုးကိုလည်း ထည့်သွင်းဖို့ မလိုဘူးကွ၊ ဥပဒေအရ ပိတ်ပင်
တားမြစ်ထားခြင်း မရှိရင်၊ တည်ဆဲဥပဒေတစ်ရပ်ရပ်နဲ့ ဆန့်ကျင်ခြင်း မရှိရင် ဘာမဆို
လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ရှိတာပဲ။ တက္ကသိုလ်တွေမှာ တက္ကသိုလ် ကျောင်းသူ၊
ကျောင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးဖို့နဲ့ ဆိုင်ရာကိစ္စတွေမှာ ဖွံ့ဖြိုးတိုးတက်အောင်
လုပ်ဖို့အတွက် ဘာသာရပ်ဆိုင်ရာ အသင်းတွေ၊ သုတေသနဆိုင်ရာ အသင်းတွေ၊
စာပေအနုပညာနဲ့ ယဉ်ကျေးမှုဆိုင်ရာ အသင်းတွေ၊ ဘာသာရေးဆိုင်ရာ အသင်းတွေ၊
လူမျိုးစုဆိုင်ရာ အသင်းတွေ၊ ကျောင်းဆောင်သာယာရေးအသင်း စတာတွေကို ဖွဲ့စည်းရမယ်ကွ။
ဒီလိုဖွဲ့စည်းခဲ့တဲ့ သမိုင်းအစဉ်အလာလည်း ရှိခဲ့ပြီး ဒီလိုအသင်း အဖွဲ့တွေရဲ့ လှုပ်ရှားမှု အမျိုးမျိုးမှာ
မင်းတို့ ငါတို့တွေ ပျော်ပျော်ကြီး ဆင်နွှဲခဲ့ကြတာတွေက တစ်သက်မမေ့စရာတွေ မဟုတ်လား"

"မှန်ပါတယ် ဆရာ"

"ဒါပေမဲ့ မင်းတို့မမီလိုက်တဲ့ သမဂ္ဂ ရွေးကောက်ပွဲတွေမှာ တစ်ဖက်နဲ့တစ်ဖက် စွပ်စွဲ
ပုတ်ခတ်ကြတာတွေ၊ ဆန္ဒပြပွဲတွေ၊ ရှုတ်ချပွဲတွေ၊ ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ထိခိုက်စေတဲ့
ဆူပှုလှုံ့ဆော်တာတွေ သပိတ်မှောက်တာမျိုးတွေကတော့ အလွန်ကို စိတ်ပျက်စရာ
ကောင်းခဲ့တာပေါ့ကွာ"

"မှန်ပါတယ်ဆရာ၊ ကျွန်တော်တို့ ကိုယ်တိုင် မကြံုတွေ့ခဲ့ရပေမယ်လို့ အထက်တန်း ကျောင်းသား
ဘဝတုန်းက အဲဒါတွေကို ကြားသိခဲ့ရပါတယ်ဆရာ"

"ဥပဒေက တားမြစ်မထားလို့ ကျောင်းသား သမဂ္ဂတွေကို ဖွဲ့ခွင့်ရှိတယ်ဆိုဦးတော့ ငါ့ အမြင်အရ
ဆိုရင် မဖွဲ့သင့်တော့ဘူး။ ဖွဲ့ရင် ကျောင်းသားထုအားလုံး မဲပေးတဲ့စနစ်ကို ကျင့်သုံးရမှာဆိုတော့
ကျောင်းသားထုရဲ့ စည်းလုံးညီညွတ်မှု ပြိုကွဲရမှာပဲ၊ နိုင်ငံရေး ပါတီတွေ ၀င်လာပြီး
ကျောင်းသားတွေကို အသုံးချမှာပဲ ငြိမ်းချမ်းစွာပညာသင်ကြားမှုကို ထိခိုက်စေတဲ့ နိုင်ငံရေး
လှုပ်ရှားမှုတွေ ပါလာမှာပဲ၊ တချို့ပြောကြတာတွေ ရှိချင်ရှိမယ်၊ ဒီမိုကရေစီ အလေ့အကျင့်ရအောင်
ပျိုးထောင်တယ်တို့ ဘာတို့ပေါ့၊ ဒါတွေက လူကြိုက်အောင်၊ ကြားလို့ကောင်းအောင်
ပြောတာတွေပဲကွ၊ လက်တွေ့မကျပါဘူး။ အဲဒီလို ငြိမ်းချမ်းစွာ ပညာသင်ကြားမှုကို ထိခိုက်စေတဲ့
နိုင်ငံရေးလှုပ်ရှားမှုတွေ ပြုလုပ်လာသူတွေကို ထိုက်သင့်သလို လွတ်လွတ်လပ်လပ် အရေးယူ
ဆောင်ရွက်နိုင်တဲ့ အာဏာတွေကိုလည်း တက္ကသိုလ်အုပ်ချုပ်ရေး အာဏာပိုင်တွေကို
အပ်နှင်းထားမယ်ဆိုရင် အစိုးရအနေနဲ့ ဘာမှ ၀င်လုပ်စရာလိုမှာ မဟုတ်တော့တဲ့အတွက် အစိုးရနဲ့
ကျောင်း သားတွေ ပဋိပက္ခဖြစ်စရာ အကြောင်းမရှိတော့ဘူးပေါ့"

"ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဆောက်ပေးရမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ရော
ဆရာ"

"မလိုပါဘူးကွာ၊ အချောင်အမှတ်ယူပြီး ပြောနေကြတာပါ၊ အဲဒီအစား ကျောင်းသား
ကျောင်းသူတွေ စာသင်ချိန်အပမှာ အနားယူ အပန်းဖြေဖို့အတွက် အပန်းဖြေရိပ်သာ
(recreation) တွေ ဆောက်ပေးရမှာကွ"

"ကောင်းတယ်ဆရာ၊ ကျောင်းဆရာသမဂ္ဂနဲ့ ပတ်သက်လို့ကောဆရာ"

"တက္ကသိုလ်တွေက နိုင်ငံပိုင်တက္ကသိုလ်တွေဆိုတော့ တက္ကသိုလ်ဆရာတွေကလည်း
နိုင်ငံ့ဝန်ထမ်းတွေပဲကွ၊ နိုင်ငံ့ဝန်ထမ်းဥပဒေကို လိုက်နာရမှာပေါ့၊ သမဂ္ဂဆိုတာထက်
အရင်တုန်းကလို တက္ကသိုလ်ဆရာများအသင်းမျိုး ဖွဲ့စည်းပြီး ဆရာအချင်းချင်း ချစ်ကြည်ရင်းနှီးရေး၊
ပညာရပ်ဆိုင်ရာ တိုးတက်ရေးနဲ့ ဆရာများ အပန်းဖြေရေးကိစ္စတွေ လုပ်လို့ရတာပေါ့"

"ကောင်းပါတယ်ဆရာ"

"အပွင့်လင်းဆုံး ပြောရမယ်ဆိုရင်တော့ အမျိုးသားပညာရေး ဥပဒေမှာပဲဖြစ်ဖြစ်၊ ပညာရေးနဲ့ဆိုင်တဲ့
တခြားဥပဒေမှာပဲဖြစ်ဖြစ် ဆရာများသမဂ္ဂနဲ့ ကျောင်းသားများသမဂ္ဂ တွေကို တရားဝင် ဖွဲ့စည်းခွင့်နဲ့
လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်ခွင့်ရှိကြောင်း ဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းလိုက်တဲ့နေ့ဟာ ဒို့ရဲ့
မဟာ မြန်မာနိုင်ငံတော်ကြီးမှာ ဒေဝဒတ်နဲ့ အဇာတသတ်တို့ကို မီးရှူးသန့်စင် ဖွားမြင်ပေးလိုက်တဲ့
နေ့လို့သာ မှတ်ထားလိုက်ကွာ"

"ဟာ ဆရာကလည်း ဒေဝဒတ်နဲ့ အဇာတသတ်တို့က အဝီစိငရဲမှာ ကျခံနေရတုန်း မဟုတ်လား၊
ဘယ်လိုလုပ်ပြီး ...."

"မင်းကလည်းကွာ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ ဒီမိုကရေစီ ပညာရေး
လှုပ်ရှားမှုအဖွဲ့ကို ဆန္ဒပြတောင်းဆို တာကို ယမမင်းကြီးက မလွန်ဆန်ရဲလို့ အချိန်ကန့်သတ်ပြီး
"on duty" ပေးလိုက်တာကွ၊ တာဝန်ပြီးဆုံးရင် အဝီစိကို ပြန်သွားရဦးမှာ"

"ဟုတ်ကဲ့ပါ ဆရာ၊ အခုဆရာပြောခဲ့တာတွေက ပွင့်လင်းမြင်သာလွန်းတော့ ဆရာ့ကိုတော့
မလိုသူတွေက "Label" (တံဆိပ်) ကပ်ကြလိမ့်မယ် ထင်တယ်"

"ဘာတံဆိပ်မှ ကပ်လို့မရဘူး၊ ငါက မင်းတို့ ငါတို့ ငယ်ငယ်တုန်းက တွေ့ဖူးကြတဲ့ ခွေး တံဆိပ်
ဓာတ်ပြားထဲက ခွေးလို "His master's voice" (သူ့သခင်အသံ) ကို ပြန်ပြောတဲ့ ကောင်မျိုး
မဟုတ်ဘူး။ ငါပြောသမျှ ရေးသမျှတွေဟာ ငါ့အသံ၊ ငါ့အမြင်တွေချည်းပဲ ငါက ဘယ်ပါတီ၊
ဘယ်အဖွဲ့အစည်းနဲ့မှလည်း မပတ်သက်ဘူး။ ငါက ငါပဲ တစ်ကောင်ထဲကွ"

"ဒါပေမဲ့ ခြင်္သေ့လား ဆရာ"

"မဟုတ်ဘူး၊ ယုန်ကလေး"

"ယုန်ကလေးဆိုတော့ မြန်မာ့ရိုးရာ ပုံပြင်တွေထဲမှာ ပညာရှိပေါ့နော် ဆရာ"

"အေး၊ မင်းတော်တယ်၊ ငါ့တပည့် ပီသတယ်၊ ပြန်တော့"



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021