ကားလောက မသမာမှုကြီးတွေကို ဖော်ထုတ် အရေးမယူကြဘူးလား

ကားလောက မသမာမှုကြီးတွေကို ဖော်ထုတ် အရေးမယူကြဘူးလား

ပြီးခဲ့တဲ့ ရက်ပိုင်းက ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန)ဟာ စက်မှုဇုန်ထုတ်ကားတွေကို ယာဉ်အိုယာဉ် ဟောင်းအဖြစ် လာရောက် အပ်နှံတာကို လက်မခံတော့ဘူးလို့ ရုတ်တရက် ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှု
ဦးစီးဌာန(ကညန)ဟာ စက်မှုဇုန်ထုတ်ကားတွေကို ယာဉ်အိုယာဉ် ဟောင်းအဖြစ် လာရောက်
အပ်နှံတာကို လက်မခံတော့ဘူးလို့ ရုတ်တရက် ကြေညာလိုက်ပါတယ်။

အကြောင်းကတော့ ယာဉ်အိုယာဉ်ဟောင်းအဖြစ် သံရည်ကြိုစက်ရုံမှာ သွားရောက် အပ်နှံတဲ့
ကားတွေဆိုတာဟာ မောင်းလို့လည်းမရ၊ ကားလို့လည်း မခေါ် နိုင်တဲ့ ကလေးကစားစရာလို
ဟန်ပြအဖြစ် လုပ်ထားတဲ့ ကားတွေ ဖြစ်နေလို့ပါပဲ။

မောင်းလို့လည်း မရ၊ ကားအင်္ဂါ ပြည့်ပြည့်စုံစုံတောင်မပါတဲ့ ဒီကားတွေဟာ ဘယ်သူက ခွင့်ပြုပြီး၊
ဘယ်စက်မှုဇုန်တွေက ထုတ်လုပ်ခဲ့တာလဲ၊ အဲဒီကားတွေကို ဘယ်သူတွေက စစ်ဆေးပြီး
ဘယ်သူတွေက ယာဉ်မှတ်ပုံတင်တွေ ထုတ်ပေးခဲ့တာလဲ၊ နောက်ပိုင်း အဲဒီကားတွေကို
ယာဉ်အိုယာဉ်ဟောင်းအဖြစ် ဘယ်သူတွေက စိစစ်လက်ခံပြီး အစားထိုး ကားတင်သွင်းခွင့်
ပါမစ်တွေ ထုတ်ပေးခဲ့တာလဲ၊ အဲဒီကားတွေကို သံရည်ကြို စက်ရုံကရော ဘယ်လိုနည်းနဲ့
လက်ခံထားခဲ့တာလဲ စသဖြင့် မေးစရာ မေးခွန်းအများကြီး ပေါ်ပေါက်လာပြီး ကြီးမားတဲ့ မသမာမှု
ကွင်းဆက်ကြီး ရှိနေတာ သွားတွေ့ကြရပါတယ်။

ဒါပေမဲ့ ဒီကိစ္စ ပါ၀င်ပတ်သက်နေတဲ့ စက်မှုဝန်ကြီးဌာနနဲ့ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနတွေ
ကတော့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတာ မလုပ်ခဲ့သလို၊ ဘယ်လိုလူ တစ်စုံတစ်ယောက်ကိုမှ
အရေးယူတယ်လို့လည်း မကြားမသိကြရပါဘူး။

ဘယ်လို ကြီးမားတဲ့ မသမာမှုလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အဲဒီလိုကားလို့ မခေါ်နိုင်တဲ့ကားတွေကို အရည်ကြိုဖို့ အပ်နှံထားတဲ့ကား စုစုပေါင်း အစီး
၉၀၀ ကျော် သီလဝါ သံရည်ကြိုစက်ရုံက လက်ခံထားခဲ့ပြီးပါပြီ။

ကားတွေကိုကြည့်လိုက်ရင် ဖရိန်ကို Hollow Pipe တွေနဲ့ ခွေထားပြီး ဘော်ဒီကို အပါးဆုံး
လက်ရိုက်သံပြားတွေနဲ့ ထုရိုက်ထားပါတယ်။

အဲဒီကားတွေမှာ ဒက်ချ်ဘုတ် မပါ၊ ဘရိတ်မပါ၊ လီဗာမပါ၊ ကလပ် မပါသလို မှန်ကိုတောင်
ကြွပ်ကြွပ်အိတ် ပလပ်စတစ်တွေနဲ့ ကာထားပါတယ်။

မီးခွက်နေရာတွေမှာလည်း မီးလိုင်း၊ မီးလုံးတွေ မပါဘဲ ဆေးဝါ၊ နီဖြူတွေနဲ့ ချယ်ထားတဲ့
မီးခွက်တွေပါ။

ဆီတိုင်ကီ အဖြစ် ပုဇွန်နှစ်ကောင် ဆီပုံးရဲ့ သံပုံးလွတ်ကို အသုံးပြုထားပါတယ်။

အရည်ကြိုစက်ရုံက လက်ခံနိုင်ဖို့ အင်ဂျင်ဟောင်းကြီး တစ်တုံးကိုတော့ ထည့်ထားတာ
တွေ့ရပါတယ်။

အဲဒီ ကားတွေ ဘယ်လိုလုပ်ပြီး သံရည်ကြို စက်ရုံကို ရောက်လာသလဲ လမ်းကြောင်းကို
ပြန်ကြည့်ကြရအောင်ပါ။

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အရင် စစ်အာဏာရှင်တွေဟာ သူတို့ ထိပ်ပိုင်းခေါင်းဆောင်တွေ
ကိုယ်ကျိုးစီးပွားအတွက် ပြည်သူတွေကို ပြည်ပကနေ ကားတင်သွင်းခွင့် ပိတ်ပင်ခဲ့ပါတယ်။

အကျိုးဆက်အဖြစ် ပြည်တွင်းမှာ ကားဈေးနှုန်းတွေ မတန်တဆ ကြီးမြင့်ပြီး ပါမစ်ထုတ်ပေးနိုင်တဲ့
ထိပ်ပိုင်း စစ်အာဏာပိုင်တွေ အကျိုးစီးပွား အလွန် ဖြစ်ခဲ့ပါတယ်။

ကားတစ်စီး တင်သွင်းဖို့ ခွင့်ပြုလိုက်တာနဲ့ လာဘ်ငွေအဖြစ် ကျပ် သိန်း ၁,၀၀၀ လောက် ရတဲ့
အနေအထားမျိုးပါ။

ဒါတင်မက ပြည်တွင်းမှာ ကားထုတ် လုပ်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ စက်မှုဝန်ကြီးဌာန အပါအဝင်
သူတို့နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင် တချို့ကို စက်မှုဇုန်တွေ တည်ထောင် ခိုင်းပြီး ကားထုတ်လုပ်ခွင့်
ပေးခဲ့ပါသေးတယ်။

လက်တွေ့ အခြေအနေ အဲဒီ လုပ်ငန်းရှင်တွေထဲမှာ တကယ်ကားထုတ် လုပ်သူ နည်းနည်းလေးပဲ
ရှိခဲ့ပါတယ်။

အဲဒါကတော့ အများသိကြပြီးဖြစ်တဲ့ စက်မှုဇုန်ထုတ် ဂျစ်ကားလေးတွေနဲ့ လိုက်ထရပ်
ကားတချို့ပါ။

ကလေးကစားစရာ ကားတွေနဲ့ ဆင်တူပါတယ်။

အများစုကတော့ ပြည်ပကနေ ကားတွေခိုးသွင်း၊ ပြည်တွင်းမှာ အစီးလိုက် မှတ်ပုံတင်တာ
လုပ်သလို၊ တချို့က ခိုးသွင်းတဲ့ ကားကို အမြီးဖြတ် ခေါင်းဖြတ်၊ ဘော်ဒီ ပြန်ရိုက်ပြီး စက်မှုဇုန်ထုတ်
ကားဆိုပြီး မှတ်ပုံတင်၊ ပြီးမှ ပြန်ရောင်းတာမျိုးလည်း လုပ်ခဲ့ဖူးပါတယ်။

အဲဒီလို စက်မှုဇုန်ထုတ် ကားဆိုပြီး အာဏာပိုင်တွေနဲ့ လုပ်ငန်းရှင်တွေ မသမာမှုတွေလုပ်
ထုတ်ခဲ့ကြတာလည်း အရည်အတွက် မနည်းပါဘူး။

အရင် စစ်အာဏာရှင်ခေတ်ကနေ လက်ရှိ အချိန်ထိ အစီးရေ ရှစ်သောင်းကျော် ရှိနေပါတယ်။

ခံရတာကတော့ ပြည်သူတွေပါ။ အရည်အသွေးမဲ့တဲ့ ကားတွေကို ဈေးကြီးပေး စီးကြရတာပါ။
အန္တရာယ်ကလည်း များပါသေးတယ်။

သိပ်မကြာသေးခင်တုန်းက ယာဉ်မတော်တဆ ဖြစ်ပြီး စာဖြေ ကိုရင်လေးတွေ
ပျံလွန်တော်မူသွားတဲ့ ကားဟာ စက်မှုဇုန်ထုတ် လိုက်ထရပ်ကား ဖြစ်ပြီး မတော်တဆ ဖြစ်တာနဲ့
အောက်ခံ ဖရိန်နဲ့ အပေါ်က ဘော်ဒီ တခြားစီ ဖြစ်သွားသည်အထိ ပျက်စီးသွားခဲ့တာမျိုးပါ။

အစိုးရသစ် တက်လာတော့ နှစ် ၂၀ ကျော် သက်တမ်းရှိတဲ့ ကားတွေကို ယာဉ်အိုယာဉ်ဟောင်း
အဖြစ် သတ်မှတ်၊ တစ်စီး လာအပ်ရင် တစ်ပတ်ရစ် ကားတစ်စီး ပြန်သွင်းနိုင်တဲ့ ပါမစ်
ပြန်ထုတ်ပေးတဲ့ အစီအစဉ် တစ်ခု လုပ်ခဲ့ပါတယ်။

နဂို အဲဒီ အစီအစဉ်ထဲမှာ စက်မှုဇုန်ထုတ်လို့ နာမည်တပ်ထားတဲ့ ကားတွေ မပါပါဘူး။

နှစ် ၂၀ မပြည့်သေးလို့ပါ။ နောက်ပိုင်း နှစ် ၂၀ မပြည့်ပေမယ့်လည်း အလွန်ကို ဟောင်းနွမ်း
စုတ်ပြတ်နေတဲ့ ကား အများအပြား ရှိနေတာကြောင့် စက်မှုဇုန်ထုတ် ကားတွေကို
ယာဉ်အိုယာဉ်ဟောင်းအဖြစ် လက်ခံဖို့ ၀န်ကြီးဌာနက ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီမှာ နောက်ထပ် ကြီးမားတဲ့ မသမာမှုတစ်မျိုး ပြန်လုပ်ကြပါတော့တယ်။

အစိုးရသစ်ဟာ ကားတင်သွင်းခွင့် ပေါ်လစီ ပြောင်းပေမယ့် အဓိပ္ပာယ်မဲ့တဲ့ စက်မှုဇုန်ကနေ
ကားထုတ်နေတာတွေကိုတော့ တားမြစ် ရပ်ဆိုင်းစေခြင်း မရှိပါဘူး။

တချို့တွေကတော့ ကားကို အလုံးလိုက် ကွန်တိန်နာတွေနဲ့ တင်လာ၊ ပြည်တွင်း ရောက်မှ
ဘီးနဲ့ ပစ္စည်းကိရိယာတချို့ တပ်ဆင်ပြီး ပြည်တွင်းမှာ အဆင်ဘလီတွေနဲ့ တပ်ဆင် ထုတ်လုပ်တဲ့
ပုံသဏ္ဌာန် လိမ်လည် လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။

စက်မှုဇုန်ထုတ် ကားတွေကို ယာဉ်အိုယာဉ် ဟောင်းအပ် လက်ခံတယ်လို့ ဆိုလိုက်တဲ့ အချိန်မှာ
မသမာတဲ့ လုပ်ငန်းရှင် တချို့ ဟာ သူတို့ စက်မှုဇုန်ကနေ ကားထုတ်လုပ်ခွင့်ရအောင်
ကြိုးစားပါတယ်။

တချို့အစီး ၅၀ တချို့၁၀၀ ထုတ်လုပ်ခွင့်ရပါတယ်။

ဒီအခါ အရင် လုပ်ထားကိုင်ထားတဲ့ ကား တစ်စီးကိုပဲ အင်ဂျင်အဟောင်းမှာ ချက်စီနံပါတ်
ဖြတ်ဆက်ပြီး စက်မှုဇုန်ထုတ်ကားအဖြစ် အစစ်ဆေးခံပါတယ်။

တကယ်တော့ စစ်ဆေးတာ တစ်နေရာ နှစ်နေရာတည်းမဟုတ်ပါဘူး။

စက်မှုဝန်ကြီး ဌာနမှာတင် အင်ဂျင်နီယာတွေနဲ့ အဆင့်ဆင့် စစ်ဆေးခံရတာပါ။ စမ်းသပ်မောင်းနှင်
ပြရတာပါ။

စက်မှုဝန်ကြီးဌာနဘက်မှာ အဆင့်ဆင့် စစ်ဆေးခံပြီးမှ အဲဒီကားကို မှတ်ပုံတင်ပေးဖို့
ရထားဝန်ကြီးဌာန ကညန ဘက်မှာ လိုင်စင်ဝင် အစစ်ဆေးခံရပြန်ပါသေးတယ်။

ဒီလိုနည်းနဲ့ လိုင်စင်ရပါတယ်။ အဲဒီ လိုင်စင်ရတာမှ မကြာသေးတဲ့ ကား ကိုတစ်ခါ
ယာဉ်အိုယာဉ်ဟောင်းဆိုပြီး အရည်ကြိုစက်ရုံအပ်မယ်ဆိုပြီး တစ်ခါ ပြန်အစစ်ခံ၊ ပြည်ပကနေ
ကားတင်သွင်းခွင့် ပါမစ်၊ စလစ် ထုတ်ယူကြပါတယ်။

မသမာတဲ့ လုပ်ငန်းရှင်တွေ လုပ်ပုံကတော့ ကားတစ်စီးတည်းကိုပဲ အကြိမ်ကြိမ် အစစ်ဆေးခံ၊
လိုင်စင် အကြိမ်ကြိမ်ထုတ်၊ ယာဉ်အိုယာဉ်ဟောင်းအဖြစ် အကြိမ်ကြိမ် အပ်ပြီး ကားသွင်းခွင့် ပါမစ်၊
စလစ်တွေ ထုတ်ယူတာပါ။

နောက်ဆုံးအဆင့် မြန်မာ့စီးပွားရေးဦးပိုင်က ပိုင်ဆိုင်တဲ့ သီလဝါ သံရည်ကြိုစက်ရုံကို
အပ်ရမယ့်အဆင့် ရောက်မှသာ အထက်မှာ တင်ပြထားတဲ့ ကလေးကစားစရာ
ကားအရုပ်ကြီးတွေကို ကြိုးနဲ့ဆွဲ စက်ရုံမှူးက လက်ခံအောင်လာဘ် ငွေပေးပြီး ကားကို
အပ်ကြတာပါ။

လုပ်ငန်းရှင်တွေအနေနဲ့ အဲဒီဖြစ်စဉ်အတွက်အဖြစ် လုပ်ပြတာ၊ လိုင်စင်ရအောင်၊ အရည်ကြိုခွင့်
ရအောင် လာဘ်ငွေပေးရတာ ကားတစ်စီးအတွက် စုစုပေါင်း ကုန်ကျစားရိတ် ကျပ် သိန်း ၂၀
၀န်းကျင် ရှိပြီး တစ်ပတ်ရစ် ကားတင်သွင်းခွင့် ပါမစ်၊ စလစ်ကို ပြန်ရောင်းရင် ကျပ်သိန်း ၅၀၊
သိန်း ၆၀ လောက် ရတာမို့ အလွန်တွက်ခြေကိုက်တဲ့ မသမာတဲ့ လုပ်ငန်းကြီး ဖြစ်ခဲ့တာပါ။

ဒီ ဖြစ်စဉ်ကြီး တစ်ခုလုံးကို ကြည့်လိုက်ရင် အဆင့်ပေါင်းများစွာမှာ မသမာမှုတွေ လုပ်ခဲ့တာကို
ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။

လက်ရှိ အခြေအနေမှာ ကညနဟာ စက်မှုဇုန်ထုတ် ကားတွေကို ယာဉ်အိုယာဉ်ဟောင်းအဖြစ်
လက်မခံတော့ဘူးလို့ ဆိုပေမယ့် စက်မှုဝန်ကြီးဌာနဘက်ကတော့ စက်မှုဇုန်ထုတ်ဆိုပြီး
ကားတွေကို ဆက်ထုတ်ခွင့် ပြုထားဆဲ၊ မသမာမှုပုံစံ အမျိုးမျိုးနဲ့ ထုတ်လုပ်တဲ့ ကားတွေ
ထွက်ပေါ်လာနေဆဲ၊ ကညနဘက်ကလည်း မှတ်ပုံတင်ပေးနေရဆဲ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံက စက်မှုဇုန်တွေကနေ ကားထုတ်နိုင်တယ်ဆိုတာ
အရင်စစ်အာဏာရှင်တွေခေတ်က ပြည်သူတွေနဲ့ နိုင်ငံတကာကို လှည့်စားတဲ့ အလိမ်အညာတွေပဲ
ဖြစ်ပါတယ်။

ဒီ လိမ်ညာမှု အောက်မှာ အဂတိလိုက်စားမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပြီး အာဏာပိုင်
အသိုင်းအဝိုင်းနဲ့ အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစား စီးပွားရေးသမား လုပ်ငန်းရှင်တွေက
အကျိုးရှိသွားပြီး ကားတွေ လက်ခံရတဲ့ ပြည်သူတွေပဲ ဒုက္ခရောက်ခဲ့ရတာ ဖြစ်ပါတယ်။

အခု အဲဒီ ယန္တရားကြီး မရပ်ဆိုင်းသေးပါဘူး။

အခုလို ခေတ်ဟောင်း စနစ်ဟောင်းတုန်းကအတိုင်း လုပ်ကိုင်နေဆဲဖြစ်တဲ့ အာဏာပိုင်
အသိုင်းအဝိုင်းနဲ့ လုပ်ငန်းရှင်အသိုင်းအဝိုင်းတွေရဲ့ အလွန်ကြီးမားတဲ့ မသမာမှုကြီးကို
ဖော်ထုတ် အရေးယူချိန် တန်ပြီ ဖြစ်ပါကြောင်း သုံးသပ်လိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021