အမျိုးသားပညာရေး ဥပဒေကို ချဉ်းကပ်ကြည့်ခြင်း (၁၂)

အမျိုးသားပညာရေး ဥပဒေကို ချဉ်းကပ်ကြည့်ခြင်း (၁၂)

"ကျွန်တော်ရောက်ပါပြီ ဆရာ" "အေး လာထိုင်ကွာ၊ ဒီနေ့ငါ ဥပုသ်ယူ ထားတယ်နော်၊ သီလကျိုးအောင် မလုပ်နဲ့၊ အကုသိုလ်ကိစ္စတွေလည်း မပြောတော့နဲ့ကွာ" ...

"ကျွန်တော်ရောက်ပါပြီ ဆရာ"

"အေး လာထိုင်ကွာ၊ ဒီနေ့ငါ ဥပုသ် ယူထားတယ်နော်၊ သီလကျိုးအောင် မလုပ်နဲ့၊ အကုသိုလ်
ကိစ္စတွေလည်း မပြောတော့နဲ့ကွာ"

"ဟာ ဆရာကလည်း ကျွန်တော်တို့ ဆွေးနွေးနေတဲ့ကိစ္စက ပညာရေးကိစ္စဆိုတော့ အကုသိုလ်
မဖြစ်ပါဘူးဆရာ၊ ပြောရင်းဆိုရင်း အမှတ်တမဲ့ ဒေါသလေးတွေ ပါသွားနိုင်ပေမယ်လို့
ကျွန်တော်တို့က စေတနာအရင်းခံပြီး ပြောကြတာဆိုတော့ ကုသိုလ်တောင် ဖြစ်နိုင်ပါသေးတယ်
ဆရာ။ ဆရာစောင့်ထိန်းဖို့ ခံယူထားတဲ့ ရှစ်ပါးသီလမှာ အကျံုးဝင်စရာကိစ္စလည်း မရှိပါဘူး ဆရာ။
နောက်ပြီး ဆရာ ပြောခဲ့တဲ့ နိုင်ငံရေး 'ဝေရာမဏိ' သိက္ခာပုဒ် ကိုတော့ ဒီဆွေးနွေးပွဲပြီးမှပဲ
ပြန်စောင့်ပါဆရာ၊ 'တစ်တက်စားလည်း ကြက်သွန်' လို့ ဆိုသလိုပဲ ဒီသီလက ကျိုးသွားပြီဆိုတော့
ဆက်ပြောရင်လည်း ငရဲမကြီးပါဘူးဆရာ"

"မင်းကတော့ အတော်ကို ရှေ့နေပီသတဲ့ ကောင်ပဲကွာ၊ မင်းတို့ ငါတို့ ဆွေးနွေးခဲ့တဲ့ ကျောင်းသား
သပိတ်ကိစ္စကတော့ ပြီးသွားပြီ မဟုတ်လား၊ ဒီနေ့ကတော့ မင်းအလှည့်ကွ မင်းပဲပြောရမှာ"

"ကျောင်းသားသပိတ်ကိစ္စကတော့ ရိုက်သံ၊ နှက်သံ၊ ဝေဖန်သံတွေနဲ့ ခေတ္တခဏလောက်
ငြိမ်သွားတဲ့ သဘောလောက်ပဲလို့ ထင်ပါတယ် ဆရာ။ သပိတ်မှောက် ကျောင်းသားအုပ်စုနဲ့
ဒီအုပ်စုကို လမ်းညွှန်မှု ထောက်ခံမှုပေးနေတဲ့ အရင်အပတ်က ကျွန်တော်ပြောခဲ့တဲ့ အဖွဲ့ နှစ်ဖွဲ့က
ရေးဆွဲထားတဲ့ ပြင်ဆင်ချက်ဥပဒေကို လွှတ်တော်က လက်မခံရင် ဒါမှမဟုတ် ဒီသပိတ်မှောက်
အုပ်စုက သဘောတူညီချက်နဲ့ လွှတ်တော်က ဥပဒေပြဋ္ဌာန်းမပေးရင် ဆက်လက်ပြီး
သပိတ်တိုက်ပွဲ ဆင်နွှဲကြဦးမယ်လို့ သူတို့ပြောထားတယ် မဟုတ်လား ဆရာ"

"နောက်ပြီး ငါမြင်တာကို ပြောရမယ်ဆိုရင်တော့ အခုသတင်းမီဒီယာတွေမှာ ပြောဆိုရေးသား
နေကြတာတွေက အဓိကအကြောင်း အရာဖြစ်တဲ့ အမျိုးသားပညာရေး ဥပဒေကိစ္စ
မဟုတ်တော့ဘူးကွ၊ ကျောင်းသားသပိတ်ကို ဖြိုခွင်းရာမှာ အစိုးရဘက်က အကြမ်းဖက်
နှိမ်နှင်းတယ်ဆိုတဲ့ အချက်ကို အဓိကထားပြီး ပြောဆိုဝေဖန်နေကြတာကို တွေ့ရတယ်၊ ပြောရရင်
ကျောင်းသားသပိတ်ကိစ္စက အဓိက ဖြစ်နေပြီး ပညာရေးကိစ္စက ပျောက်နေတဲ့
သဘောဖြစ်နေတယ်ကွ"

"ဟုတ်ပါတယ်ဆရာ၊ ကျွန်တော်က ဥပဒေသမား တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင်
ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်အရ မိမိသဘောထားကို ထုတ်ဖော်ပြောဆိုခွင့်၊ ဆန္ဒပြခွင့်၊
စီတန်းလှည့်လည်ခွင့် ရှိပေမယ့် တည်ဆဲ ဥပဒေဖြစ်တဲ့ 'ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း
လှည့်လည်ခြင်းဆိုင်ရာ ဥပဒေ' နဲ့ အညီ ဆောင်ရွက်ဖို့ လိုအပ်တာပေါ့ဆရာ၊ အခု ကျောင်းသား
သပိတ်ဆိုတာက အဲဒီလို ဥပဒေနဲ့ အညီလုပ်တာ မဟုတ်တဲ့အပြင် ဥပဒေကို တမင်ချိုးဖောက်မယ်
ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်ကြတာဖြစ်ပါတယ်။ နောက်ပြီး တာဝန်ရှိတဲ့ ပြည်သူ့ဝန်ထမ်းတွေက
ပြည်သူ့ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းဖို့အတွက် ဥပဒေနဲ့ ဆန့်ကျင်တဲ့ လူစုလူဝေးကို လူစုခွဲဖို့
အမိန့်ပေးတာကိုလည်း မနာခံတဲ့အပြင် အတားအဆီးတွေ ကို ဖယ်ရှားပြီး တားဆီးတဲ့
ရဲတပ်ဖွဲ့ဝင်တွေကို လူအုပ်နဲ့ ထိုးဖောက်ထွက်ဖို့ ကြိုးပမ်းအား ထုတ်တာတွေကလည်း
ရာဇသတ်ကြီးဥပဒေကို ကျူးလွန်ခြင်းပဲမဟုတ်လား ဆရာ။ ဒါပေမဲ့ သူတို့ကတော့ အဲဒီ
ဥပဒေတွေဟာ ကိုလိုနီ ခေတ်က ပြုလုပ်တဲ့ ဥပဒေတွေ၊ စစ်တပ်က ပြုလုပ်တဲ့ ဥပဒေတွေဖြစ်ပြီး
မတရားတဲ့ ဥပဒေတွေဖြစ်လို့ မလိုက်နာနိုင်ဘူးလို့ ပြောနေကြတော့ သူတို့ ရည်ရွယ်ချက်က
ဆရာပြောခဲ့သလိုပဲ ၈၈ အရေးအခင်းလိုဖြစ်ပြီး အစိုးရ ပြုတ်ကျအောင် လုပ်နေတာဖြစ်တယ်လို့
ပြောနိုင်တာပေါ့ ဆရာ"

"၈၈ အရေးအခင်းလိုဖြစ်ရင် ၈၈ အရေးအခင်းအတိုင်း ဖြစ်လာမှာပေါ့လို့ စောစောပိုင်းက
ငါပြောခဲ့ပြီးပြီ မဟုတ်လား။ ၈၈ အရေးအခင်းလိုပြန်ဖြစ်ရင် စစ်တပ်ပဲ ပြန်လာမှာပေါ့၊ ဒါကို
ဗေဒင်မေးစရာ မလိုဘူး။ ၁၉၄၉ ခုနှစ်ကလို ၁၉၈၈ ခုနှစ်ကလို တိုင်းပြည်ပျက်ပြီဆိုရင်၊
ဥပဒေနဲ့အညီ အုပ်ချုပ်နိုင်တဲ့ အစိုးရမရှိတော့ဘူးဆိုရင် အစိုးရဝင်လုပ်ဖို့ အစိုးရအာဏာကို
သိမ်းပိုက်ဖို့ ဒေသအနှံ့အပြားမှာ လက်နက်ကိုင်အဖွဲ့အမျိုးမျိုးပေါ်လာပြီး ယှဉ်ပြိုင်တိုက်ခိုက်ကြ
တော့မှာပေါ့၊ ဒါမျိုးကို ၁၉၄၉ ခုနှစ်မှာ ငါတို့ကိုယ်တိုင် ကြံုတွေ့ခဲ့ရလို့ ကိုယ်တွေ့သမိုင်းဖြစ်ခဲ့ပြီ။
ဒို့နိုင်ငံသမိုင်းမှာလည်း ပုဂံခေတ်ကနေ ကုန်းဘောင်ခေတ်အထိ မင်းဆက်တွေပြုတ်၊
ဘုရင့်နိုင်ငံတွေ ပြိုကွဲပြီး လက်နက်လူသူ အင်အားကောင်းသူက ဘုရင်လုပ်ခဲ့ကြလို့
ဘုရင့်နိုင်ငံတော် အမျိုးမျိုးပေါ်ပေါက်ခဲ့ဖူးပြီ မဟုတ်လား။ ဒါကြောင့် သမိုင်းသင်ပြီး အနေတဲ့
လူတွေက အများကြီးပါလို့ ငါပြောခဲ့တာပါ။ မင်းကတော့ သမိုင်းသင်ရတဲ့အတွက် အပါးလွန်ပြီး
ကြက်သွန်ခွန်ထက်တောင် ပါးတဲ့ လူတွေ ရှိပါတယ်လို့ ပြောခဲ့တာပေါ့၊ ဒါလည်း
မှန်သင့်သလောက် မှန်ပေမယ့် ဒီလိုလူမျိုးက တစ်နိုင်ငံလုံးရဲ့ လူဦးရေနဲ့ နှိုင်းစာရင်
အနည်းစုပါကွာ"

"ဒါပေမဲ့ သူတို့က ရေပေါ်ဆီဖြစ်နေတော့ ပြဿနာက မကြီးထွားသင့်ဘဲ ကြီးထွားလာရတာလို့
ကျွန်တော်ကတော့ ပြောချင်တယ် ဆရာ။ သူတို့တွေသာ ကိုယ်ကျိုးမကြည့်ဘဲ ပြည်သူလူထုကို
မှန်ကန်တဲ့ခေါင်းဆောင်မှုကို ပေးရင်၊ ကလေးတွေကို မှန်ကန်တဲ့လမ်း ပြပေးရင် အခုဖြစ်နေတဲ့
ပြဿနာက ဒီလောက် ထိ ကြီးထွားလာဖို့မရှိဘူးလို့ ကျွန်တော်ထင်တယ် ဆရာ"

"ဒါကတော့ မင်းတို့ငါတို့ ဉာဏ်မမီလို့ဆိုပြီး သဘောထားလိုက်ပါကွာ၊ အဲဒီလိုလူတွေ ဘာတွေ
ဆက်ပြောကြမယ်၊ ဘာတွေဆက်လုပ်ကြမယ်ဆိုတာကို ပိတ်ကားပေါ်မှာ ဆက်ကြည့်ကြတာပေါ့"

"နောက်တစ်ခု ကျွန်တော်ဘဝင်မကျတဲ့ ကိစ္စကတော့ တာဝန်ရှိသူတွေရဲဲ့ ပြဿနာ ကိုင်တွယ်ပုံ
ကိစ္စပဲ ဆရာ"

"ဆိုပါဦး"

"အမျိုးသားပညာရေးဥပဒေကို ပြဋ္ဌာန်း နိုင်ဖို့အတွက် ဥပဒေကြမ်း မရေးဆွဲမီအချိန်က စပြီး
သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပညာရှင်တွေ သူတို့အခေါ် "stake holder" တွေပေါ့ ဆရာ၊
အကြိမ်ကြိမ် ညှိနှိုင်းပြီးမှ ဥပဒေကြမ်းကို ရေးဆွဲခဲ့တာဖြစ်တဲ့အပြင် ဥပဒေကြမ်း ရေးဆွဲပြီးတဲ့
အခါမှာလည်း ဆိုင်ရာဆိုင်ရာ ပုဂ္ဂိုလ်တွေ အကြိမ်ကြိမ် တွေ့ဆုံညှိနှိုင်းစိစစ်ခဲ့တယ် မဟုတ်လား
ဆရာ၊ နောက်ပြီး လွှတ်တော်မှာလည်း သဘောကွဲလွဲချက်တွေကို အကြိမ်ကြိမ် ညှိနှိုင်း
ဆွေးနွေးကြပြီးမှ ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်တာပဲဆရာ၊ ဒါကို ဒီမိုကရေစီ မခေါ်လို့ ဘယ်ဟာကို
ခေါ်ရမှာလဲဆရာ၊ သူတို့ပြောနေတဲ့ ဒီမိုကရေစီ ပညာရေးဆိုတာက လူဦးရေ သန်း ၅၀ ကျော်
လုံးက အတည်ပြု ပြဋ္ဌာန်းမှ ဒီမိုကရေစီ ပညာရေးဖြစ်မှာလား ဆရာ"

"ဆရာလေး၊ အသက် ရ၀ ရှိနေပြီး၊ သတိကပ်လိုက်ဦး"

"ရှေ့နေဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့ ဆရာ၊ ဟဲ ... ဟဲ"

"အေးကွာ ဒီဥပဒေကတော့ အစကတည်းက ယဉ်သကိုလို့ ဆိုရမလားဘဲ။ အခုပြဋ္ဌာန်းထားတဲ့
ဥပဒေမှာ ပညာရေးဝန်ကြီးဌာနက မူလ တင်ပြခဲ့တဲ့ အချက် ၅၄ ရာခိုင်နှုန်းသာပါပြီး ၄၆ ရာခိုင်နှုန်း
ကတော့ ပြည်ထောင်စုလွှတ်တော်က ဖြည့်စွက်တဲ့ အချက်တွေဖြစ်တဲ့အကြောင်း၊ နောက်ပြီး
ပညာရေးဝန်ကြီးဌာနက တင်သွင်းတဲ့ ဥပဒေကြမ်းမှာ တာဝန်ရှိသူတွေ၊ ကျွမ်းကျင်သူတွေ
ညှိနှိုင်းအတည်ပြုထားချက် ၉၀ ရာခိုင်နှုန်းပါ၀င်ခဲ့ပေမယ့် လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့
ဥပဒေမှာတော့ ၅၀ ရာခိုင်နှုန်းသာ ပါတော့တဲ့အကြောင်း တာဝန်ရှိသူတစ်ဦးက ရှင်းလင်း
ပြောဆိုခဲ့တဲ့အကြောင်း ဒို့ပြောခဲ့ပြီးပြီ။ ဒီနေရာမှာ ကြားဖြတ်ပြီး ပြောရဦးမယ် သူတကာတွေ
"stake holder" ဆိုတိုင်း မင်းက သံယောင်လိုက်ပြီး ပြောမနေနဲ့ ဒီကိစ္စမှာ "stake holder" လို့
သုံးတာ မမှန်ဘူး။ အဲဒီ အင်္ဂလိပ်ဝေါဟာရက ကုမ္ပဏီအသင်းအဖွဲ့ တစ်ခုမှာ ပါ၀င်သူ
ရင်းနှီးမြှုပ်နှံထားသူ အကျိုးအမြတ်ခံစားခွင့်ရှိသူ၊ နောက်အဓိပ္ပာယ်တစ်မျိုးက လောင်းကစားဒိုင်ကို
ဆိုလိုတာ၊ ဒီတော့ အခုကိစ္စမှာ "stake holder" အစား 'တာဝန်ရှိသူ ကျွမ်းကျင်သူနဲ့
စိတ်ပါ၀င်စားသူ' တွေလို့ သုံးရမှာ"

"ဟုတ်ကဲ့ပါဆရာ"


"မင်းပြောတဲ့သဘောက ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်က
ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်ပြီဖြစ်လို့ ဒီမိုကရေစီ စနစ်အရ အဲဒီဥပဒေကို လက်ခံရမယ်၊ ဒါဟာ
ဒီမိုကရေစီ ပညာရေးပဲလို့ ဆိုလိုတာ မဟုတ်လား။ ခက်တာက သူတို့က အဲဒီလို ခံယူထားပုံ
မရဘူး။ သူတို့ပြောနေကြတာတွေကို ကြည့်လေ သူတို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့
၂၀၁၀ ရွေးကောက်ပွဲကို လက်မခံဘူးကွ၊ ပြည်သူ့ဆန္ဒမပါဘူး။ လိမ်လည်မှုတွေဖြစ်တယ်၊
ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့ အစိုးရမဟုတ်ဘူးဆိုတဲ့ သဘောပြောနေကြတာ
ကိစ္စတိုင်းမှာလည်း အဲဒီအမြင်ကိုပဲ အခြေခံပြီး ပြောဆို လုပ်ကိုင်နေကြတာဆိုတော့ ပြောရဆိုရ
ခက်တာပေါ့ကွာ"

"အဲဒီလိုဆိုရင်တော့ ကြိုက်သွားပြီဆရာ၊ ဒါဆို ပညာရေးဥပဒေကြောင့် သပိတ်မှောက်ရတယ်
ဆိုပြီး မလုပ်နဲ့လေ။ ပြည်သူ့ဆန္ဒ အစစ်အမှန်မဟုတ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပြည်သူတွေက
ရွေးကောက်တင်မြှောက်ထားတာ မဟုတ်တဲ့ အစိုးရကို အလိုမရှိဆိုပြီး ပြောင်ပြောင်တင်းတင်း
သပိတ်မှောက်ကြပေါ့။ အဲဒီလို ရှင်းရှင်းလင်းလင်း ရိုးရိုးသားသားဆိုရင် ကျွန်တော်ကတောင်
ထောက်ခံ လိုက်ဦးမယ်၊ ပညာရေး ဥပဒေကိစ္စကို အခုလို ဝေဖန်ဆွေးနွေးနေဖို့တောင်
မလိုတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအတွက် ပြည်သူ့ဆန္ဒခံယူပွဲမှာ
ကြက်ခြေခတ်ခဲ့တဲ့အပြင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာလည်း ဘယ်ပါတီ၊ ဘယ် ပုဂ္ဂိုလ်ကိုမှ
မဲမပေးခဲ့လို့ပဲ ဆရာ"

"မင်းလည်း အတော်ပွင့်လင်းတာပဲကွ၊ အဲဒီလို ပွင့်ပွင့်လင်းလင်းရှိတာ ကောင်းပါတယ်ကွာ"

"ဆရာကရော"

"ဟာ ငါက ၈၈ ခုနှစ်နောက်ပိုင်းကစပြီး နိုင်ငံရေးဝေရာမဏိလို့ ပြောထားပြီးသား ဟာကို"

"ဆရာလည်း ကြက်သွန်ခွံပဲပေါ့"

"ဟာ ခွေးမသား၊ နင့်ဖာသာ ဖော်ကောင် လုပ်ချင်လုပ်၊ ငါ့ကို ဆွဲမချနဲ့။ ငါက မင်းတို့လို
'ဝေလေလေ' လူစားမဟုတ်ဘူးကွ။ ဘယ်ကိစ္စမှာ မဆို လက်ညှိုးမကောင်းရင် လက်ညှိုးပဲ၊
လက်မမကောင်းရင်လည်း လက်မပဲလို့ ပြောမှာကွ၊ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းရဲ့ မူဝါဒနဲ့မှ
ငါ့ကိုချည်နှောင်ထားလို့ မရဘူး"

"ဟုတ်ကဲ့၊ ဆရာလည်း အခုပွင့်လင်းသွားပါပြီ ဆရာ။ တာဝန်ရှိသူတွေ ပြဿနာ ကိုင်တွယ်ပုံနဲ့
ပတ်သက်ပြီး နောက်တစ်ခု ဘဝင်မကျတာက မီးဆိုတာ မလောင်ခင်တားရတယ် ဆိုသလို
ပြဿနာ အစပျိုးနေချိန်တုန်းက တားခဲ့ရမှာပေါ့ ဆရာ၊ နောက်ပြီး မီးဆိုတာ လောင်စမှာ
ငြိှမ်းသတ်ရင် လွယ်တဲ့ကိစ္စကို မီးအရှိန်ကြီးလာမှ ၀င်လုပ်တယ်ဆိုတော့ နာမည်ပျက်တာတွေ
ဖြစ်လာပြီး ပြောစရာတွေ များလာတာပေါ့ ဆရာ"

"ဒါကတော့ ၈၈ အရေးအခင်းတုန်းက လုပ်ခဲ့သလို၊ နောက်ပိုင်း စစ်အစိုးရ လက်ထက်မှာ
လုပ်ခဲ့သလို သမိုင်းမှာ ဖျက်မရတဲ့ အမည်းစက် ထင်တာမျိုး မဖြစ်စေချင်လို့ ချိန်ဆနေရတာလည်း
ရှိမှာပေါ့ကွာ၊ နောက်ပြီး ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာ ကျင့်သုံးခဲ့တဲ့ အုပ်ချုပ်ရေး စနစ်အရ
၀န်ထမ်းတွေက အထက်အမိန့်အတိုင်းသာ လိုက်လုပ်တတ်တဲ့ အကျင့်မျိုးက အရိုးစွဲနေခဲ့တော့
ပြဿနာတစ်ခုပေါ်တိုင်း အထက်ကို ဦးစွာတင်ပြဖို့နဲ့ အထက်အမိန့်အတိုင်း ဆက်လက်
ဆောင်ရွက်ဖို့ စိတ်က မသိမသာဘဲ စွဲနေပြီကိုးကွ။ ဒီတော့ အထက်အမိန့်ကိုပဲ မျှော်တော့မှာပေါ့။
နောက်တစ်ချက်ကတော့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ အုပ်ချုပ်မှုစနစ်
ပြောင်းလဲတာကြောင့်လို့ ဆိုရမယ်။ ကြားရတာကတော့ သမ္မတရုံး အမိန့်က တစ်မျိုး ပြည်ထဲရေး
၀န်ကြီးဌာန အမိန့်ကတစ်မျိုး၊ ဒေသန္တရအစိုးရရဲ့ အမိန့်က တစ်မျိုး၊ အဲဒီလို အမိန့်အမျိုးမျိုး
ဖြစ်နေတယ်လို့လည်း တစ်ဆင့်စကား ကြားသိရတာပေါ့ကွာ၊ ဟုတ်မဟုတ်တော့
မသေချာဘူးပေါ့"

"နောက်တစ်ခုက ဒီဥပဒေကြမ်းမရေးဆွဲမီကရော ဥပဒေကြမ်းရေးဆွဲပြီးလို့ လွှတ်တော်ကို
မတင်မီကရော လွှတ်တော်ကို တင်ပြီးမှရော အကြိမ်ကြိမ် ဆွေးနွေးကြပြီးမှ ဥပဒေ ဖြစ်လာတာပဲ
ဆရာ၊ ကိုယ်ကြိုက်ကြိုက် မကြိုက်ကြိုက် လက်ခံကြရမှာပေါ့၊ ဒါဒီမိုကရေစီ မဟုတ်ဘူးလား
ဆရာ၊ ဥပဒေဖြစ်ပြီး နောက်မှ ဒီဥပဒေကို သပိတ်မှောက်တယ်ဆိုတာနဲ့ အစိုးရကိုယ်စားလှယ်တွေ
လွှတ်တော် ကိုယ်စားလှယ်တွေ ပါ၀င်ပြီး ဘာဖြစ်လို့ ဒီလေးပွင့်ဆိုင် ဆွေးနွေးပွဲဆိုတာကြီးကို
လုပ်ရတာလဲ ဆရာ၊ နောက်ပြီးတော့ သပိတ်မှောက်အဖွဲ့ အဲ မဟုတ်သေးဘူး။ သပိတ်မှောက်
ကြိုးကိုင်အဖွဲ့ရဲ့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ပြင်ဆင်ချက်ဥပဒေကို တုံ့ပြန်ဆွေးနွေးခြင်း လုံးဝမရှိဘဲနဲ့
လက်ခံပြီး လွှတ်တော်ကို တင်လိုက်တာကရော ဘော်လီဘောပုတ်တဲ့ သဘောမဟုတ်လား
ဆရာ၊ ခင်ဗျားကြီးတို့ ဖန်တီးထားတဲ့ ပြဿနာကို ခင်ဗျားကြီးတို့ပဲ ပြန်ရှင်းဆိုပြီး
လုပ်လိုက်တာလား ဆရာ"

"မင်းမေးခွန်းတွေကို ဆက်ဖြေဖို့ ဉာဏ်မမီ တော့ဘူးကွာ၊ ဆက်ပြီးတင်ပေးလိုက်ပါမယ်
အားလုံးကြားသိကြစေသတည်းပေါ့ကွာ"

"နောက်ပြီး ဒီလေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ပါ၀င်တဲ့ သပိတ်ခေါင်းဆောင်ကျောင်းသား ဆိုတာတွေက
အဲဒီလို နိုင်ငံတော်အဆင့် ဆွေးနွေးပွဲကြီးကို တက်ရောက်နိုင်လောက်တဲ့၊ နိုင်ငံတော် ပညာရေး
ဥပဒေကြီးကို ပစ်ပစ်ခါခါ နှစ်ပြားမတန်အောင် ဝေဖန်နိုင်လောက်တဲ့ အရည်အချင်းတွေရှိနေလို့လား
ဆရာ၊ အဲဒီ ဆွေးနွေးပွဲတွေမှာ သူတို့ပြောကြတာတွေ၊ သူတို့ကို ကြိုးကိုင်တဲ့လူတွေ
ပြောကြတာတွေ အစအဆုံး ဗီဒီယိုရိုက်ထားတာရှိရင် ပြည်သူတွေသိအောင် ပြသသင့်တယ်
ဆရာ"

"နေပါဦး၊ ကြိုးကိုင်အဖွဲ့ဆိုပြီး မင်းက ဘာလို့ စွပ်စွဲရတာတုံး၊ မင်းမှာ ဘာအထောက်အထား
ရှိလို့လဲ"

"ဟာ ဆရာကလည်း ဥပဒေသမားပဲဥစ္စာ သက်သေအထောက်အထား မရှိဘဲ ဘယ်ပြောပါ့မလဲ
ဆရာ၊ ဒီမှာကြည့်ပါဆရာ၊ NNER ဆိုတဲ့အဖွဲ့ရဲ့ ၁၉-၈-၁၄ ရက်စွဲပါ ကြေညာချက်၊ ရ-၁၁-၁၄
ရက်စွဲပါ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နဲ့ တက္ကသိုလ်ကျောင်းသား
သမဂ္ဂများရဲ့ ကြေညာချက်နဲ့ ၁၃ဪ၁၁ဪ၁၄ ရက်စွဲပါ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု
အရေးပေါ် အစည်းအဝေးက ထုတ်ပြန်ကြေညာချက်တွေပါ။ အဲဒီ ကြေညာချက်တွေကို
ဖတ်ကြည့်ရင် သပိတ်မှောက် ကျောင်းသားတွေရဲ့ အသံဟာ NNER ရဲ့ အသံကို
ကြေညာပေးနေတဲ့ အသံချဲ့စက် (amplifier) ဖြစ်တယ်ဆိုတာ အရှင်းသား တွေ့ရပါလိမ့်မယ်ဆရာ၊
နောက်ပြီးတော့"

"တော်လောက်ပြီ ထင်တယ်ကွာ"

"တစ်ချက်ကလေးပါဆရာ၊ အဲဒီကြေညာချက်တွေကို ကြည့်ပြီး စလေဆရာကြီး ဦးပုည ရဲ့
ဆဒ္ဒန်ဆင်မင်းဝတ္ထုထဲက စာတစ်ပိုဒ်ကို သတိရမိတယ်ဆရာ"

"ဘယ်လိုတုံး"

"အစွယ်ကို လိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော်၊
ကြံဖော်ကြံဖက် ဤသုံးယောက်သား အနက်တွင်မှ ကံကွက်ကြား၍ ငမိုက်သား မုဆိုးလေ
နင်ချည်းပင် သေပေတော့ဟု ..."

"ဟာ ဟေ့ကောင် ရှုပ်ကုန်လိမ့်မယ် ဘယ်သူက ဘယ်ဝါဖြစ်တယ်ဆိုတာ ရှင်းပြဦး"

"ဟုတ်ကဲ့ အစွယ်လိုသူက NNER ပါ၊ အသွားစေခိုင်းသူက ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှုအဖွဲ့နဲ့
ဗကသအဖွဲ့၊ လေးပစ်သူက တကသအမည်ခံ ကျောင်းသားတွေပါဆရာ"

"ဟာ ဟေ့ကောင် ၄ နာရီရှိနေပြီ။ တီဗီက ဘောလုံးပွဲ ကြည့်ရအောင်၊ မြန်မာ ယူ-၂၀ နဲ့ မလေးရှား
ယူ-၂၂ အသင်း ကစားမယ်ကွ၊ ဒို့ဘောလုံးသမား ကောင်လေးတွေ ကောင်မလေးတွေက
နိုင်ငံ့ဂုဏ်ဆောင် သူရဲကောင်း လေးတွေ၊ သူတို့ကို အားပေးရမယ်ကွ၊ သူတို့က
သပိတ်မမှောက်တတ်ဘူး"

"ဟုတ်ကဲ့၊ ဆရာပဲကြည့်ပါဆရာ ကျွန်တော် ပြန်တော့မယ်"

"ဒါဆို နောက်နေ့မနက် ဖုန်းဆက်လိုက်ဦး"

"ဘာကိစ္စပါလဲဆရာ"

"မင်းရှိသေးသလားဆိုတာ သိချင်လို့"

"ဟာ ဆရာကလည်း ဆရာ့တပည့် ဒီလောက် သတ္တိမကြောင်ပါဘူး ဆရာ့ ဆောင်းပါးပါပြီးရင်
တစ်လလောက် ဇာတိရွာမှာ အနားယူမှာပါ"



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021