ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လက်ရှိ ကျင်းပနေတဲ့ ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးအတွင်းမှာ အပြီးဆောင်ရွက်မယ်ဆိုပြီး ထပ်ပြောလိုက်ပြန်ပါပြီ။
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ နာယက
သူရဦးရွှေမန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လက်ရှိ ကျင်းပနေတဲ့ ၁၂ ကြိမ်မြောက်
လွှတ်တော်အစည်းအဝေးအတွင်းမှာ အပြီးဆောင်ရွက်မယ်ဆိုပြီး ထပ်ပြောလိုက်ပြန်ပါပြီ။
အဲဒီမတိုင်ခင်တုန်းကတော့ လာမယ့် မေလမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး
လူထုဆန္ဒခံယူပွဲ တစ်ရပ် ကျင်းပမယ်လို့ ကတိပေးခဲ့ပြီး အဲဒါနဲ့ ပတ်သက်တဲ့ ဥပဒေကိုတောင်
လွှတ်တော်က အတည်ပြုပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်လိုအကြောင်းတွေကြောင့်
ဖွဲ့စည်းပုံ ပြင်ဆင်ရေး အကောင်အထည်မပေါ် ဖြစ်နေရပါသလဲ၊ ဘာကိုစောင့်ဆိုင်းနေကြသလဲ၊
ဘာတွေ ဆက်ဖြစ်လာနိုင်မလဲဆိုတာ သုံးသပ်တင်ပြသွားပါ့မယ်။
အခု ရက်ပိုင်းအတွင်း လွှတ်တော် နာယက သူရဦးရွှေမန်းရဲ့ ပြောစကား၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး
အကောင်အထည် ဖော်နိုင်မှုကော်မတီ အတွင်းရေးမှူး ဦးအေးမောက်ရဲ့ ပြောစကားနဲ့ အခြားသော
လွှတ်တော်အမတ်တွေရဲ့ ပြောစကားအရ လွှတ်တော်တွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်း
စတင်နိုင်ဖို့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲကို စောင့်ဆိုင်းနေကြတယ်လို့ ဆိုကြပါတယ်။
သူတို့တွေရဲ့ အဆိုအရ ခေါင်းဆောင်တွေရဲ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ မလုပ်ဘဲ ဖွဲ့စည်းပုံပြင်ရေးကို
အကောင်အထည် ဖော်မယ်ဆိုရင် အခက်အခဲတွေ တွေ့ကြမယ်လို့ ဆိုကြပါတယ်။
သူတို့ ပြောတာလည်း သဘာဝ ကျပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မယ် ဆိုရင် ဖွဲ့စည်းပုံ
ပြင်ဆင်ရေးမှာပါတဲ့ ပြဋ္ဌာန်းချက်တွေအရ တချို့သော ပုဒ်မတွေအတွက် လွှတ်တော်ထဲက
အမတ် ရ၅ ရာခိုင်နှုန်းနဲ့အထက် ထောက်ခံမှုရမှ ပြင်နိုင်ပါမယ်။
တချို့ ပုဒ်မတွေကိုတော့ လူထုဆန္ဒခံယူပွဲ ကျင်းပပြီးမှ အတည်ပြုနိုင်မှာပါ။
လက်ရှိ လွှတ်တော်ကို လွှမ်းမိုးထားတာဟာ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်သား အမတ်တွေပါ။
အဓိပ္ပာယ်ကတော့ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပြည်သူတွေက ဘယ်လောက်ပဲ ပြင်ချင်ပြင်ချင်၊
ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ နဲ့ တိုင်းရင်းသားတွေက ဘယ်လောက်ပဲ ပြင်ချင်ပြင်ချင်
လုပ်ထုံးလုပ်နည်းအရ လွှတ်တော်ထဲက ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်သား အမတ်တွေ
ထောက်ခံမှု မရရင် ပြင်နိုင်မှာ မဟုတ်ပါဘူး။
လက်ရှိ ဖွဲ့စည်းပုံထဲက ဘယ်အပိုင်း ဘယ်အပိုင်းတွေကို ပြင်ချင်ပါတယ်ဆိုပြီး ပါတီအလိုက်၊
အစုအဖွဲ့အလိုက် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီ ဆီကို သဘောထား
ပေးအပ်ထားပြီး ဖြစ်ပါတယ်။
အဲဒီအထဲမှာ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သား အမတ်တွေက ပြင်ချင်တယ်ဆိုတာဟာ
သေးသေးမွှားမွှား အချက်အလက်လေးတွေလောက်ပဲ ဖြစ်ပြီး တိုင်းပြည်အတွက် တကယ့်
အရေးကြီးတဲ့၊ အတိုက်အခံ၊ ပြည်သူတွေနဲ့ တိုင်းရင်းသားတွေ ပြင်ချင်ပါတယ်ဆိုပြီး
တောင်းဆိုထားတဲ့ အချက်တွေနဲ့ ပတ်သက်လို့ကတော့ မပြင်ချင်ပါဘူးဆိုပြီး သဘောထား
ပေးထားကြလို့ပဲ ဖြစ်ပါတယ်။
ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် တားမြစ်ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉(စ)၊
အင်န်အယ်လ်ဒီသာ ဆိုရင် ရွေးကောက်ပွဲမှာ အမတ်နေရာ ၆၇ ရာခိုင်နှုန်း အထက်ရမှ သမ္မတ
ရွေးချယ်နိုင်၊ အစိုးရဖွဲ့နိုင်မယ်၊ ပြည်ခိုင်ဖြိုးသာ ဆိုရင် ၃၄ ရာခိုင်နှုန်းရရုံနဲ့ သမ္မတ ရွေးချယ်နိုင်၊
အစိုးရဖွဲ့နိုင်မယ့် သမ္မတ ရွေးချယ်ရာမှာ တပ်မတော်သား အမတ်တွေ ပါ၀င် မဲပေးခွင့် ရယူထားတဲ့
ပုဒ်မ ၆၀ ဆိုတာမျိုးကို မပြင်လိုကြပါဘူး။
ဒါ့ပြင် လက်မှတ် ငါးသန်းကျော် ရေးထိုးထားပြီး အင်အယ်လ်ဒီက တင်ထားတဲ့ ပုဒ်မ ၄၃၆ ပြင်ရေး၊
တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတက ခန့်အပ်တဲ့ အနေအထားကနေ သက်ဆိုင်ရာ
ရွေးကောက်ခံ အမတ်တွေက ရွေးချယ် ခန့်အပ်ရေး ပုဒ်မ ၂၆၁ ကိုပြင်ဆင်ပေးဖို့ကိုလည်း
ပြည်ခိုင်ဖြိုးပါတီကရော၊ တပ်မတော်သား အမတ်တွေကပါ သဘောတူ မထားကြပါဘူး။
ဒီလိုအခြေအနေ အောက် လွှတ်တော်ထဲ ဖွဲ့စည်းပုံပြင်ရေး ဆွေးနွေး၊ မဲခွဲဆုံးဖြတ်ခဲ့ရင်
ပြည်သူတွေနဲ့ တိုင်းရင်းသား ပြည်သူတွေ လိုလားတဲ့ ဖွဲ့စည်းပုံ ပြင်ရေး ဖြစ်မလာမှာ
အသေအချာပါ။
ဒီအတွက် ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုမယ့် ခေါင်းဆောင်၊ တပ်မတော်သား အမတ်တွေရဲ့
ခေါင်းဆောင်၊ အတိုက်အခံ ခေါင်းဆောင်၊ တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံနိုင်ရေး
ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲလုပ်ဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
ဒီခြောက်ယောက် တွေ့ဆုံလိုက်ရင် ဖွဲ့စည်း ပုံပြင်ရေး အဆင်ပြေလိမ့်မယ်လို့ လွှတ်တော်ဘက်က
ယူဆကြပုံလည်း ရပါတယ်။
ဒါပေမဲ့လည်း သမ္မတနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘက်ကတော့ တွေ့ဆုံမယ်၊
မတွေ့ဆုံဘူး၊ တွေ့ဆုံမယ်ဆိုရင် ဘယ်တော့ တွေ့ဆုံမလဲ ဘာမှ ပြောမထားတော့ တစ်နေ့
တွေ့နိုးနိုး လွှတ်တော်ဘက်က စောင့်မျှော်နေပုံရပါတယ်။
ဒီကြားထဲမှာ သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့က လက်ရှိ
လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အပစ်ရပ် စာချုပ်ချုပ်၊ ပြီးရင် အားလုံးပါ၀င်တဲ့ နိုင်ငံရေး
ဆွေးနွေးပွဲကြီးလုပ်၊ အဲဒီ ဆွေးနွေးပွဲကြီးက ရလာတဲ့ သဘောတူညီချက်တွေကိုမှ ဖွဲ့စည်းပုံထဲမှာ
ပြင်ဆိုပြီး ပြောဆိုထားကြပြီ ဖြစ်ပါတယ်။
ပြောရရင် တကယ့် ဖွဲ့စည်းပုံပြင်ရေးကို နောင်အခါမှ လုပ်ဆိုတဲ့ သဘောထားမျိုးပါ။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။
မတ်လ ၂၀ ရက်နေ့ လွှတ်တော် အစည်းဝေးမှာ တပ်မတော်သား အမတ် ဗိုလ်မှူးချုပ် တင့်ဆန်းက
အရေးကြီး အဆိုတစ်ရပ် တင်ပါတယ်။
ရှည်လျားလှတဲ့ သူ့အဆိုကို လိုရင်းဖော်ပြရရင် လက်ရှိ တိုင်းနဲ့ ပြည်နယ်တွေဟာ
၂၀၀၈ ဖွဲ့စည်းပုံက ပေးအပ်ထားတဲ့ အာဏာခွဲဝေမှုကို အပြည့်အဝ မရသေးဘူး၊ ဒါကြောင့်
အပြည့်အဝ ရလာအောင် ဥပဒေတွေ ပြဋ္ဌာန်းပေးပါ၊
ဒါ့ပြင် လိုအပ်ရင် ဖွဲ့စည်းပုံထဲက အာဏာ၊ အခွန်၊ သဘာဝရင်းမြစ် ခွဲဝေရေး နောက်ဆက်တွဲ
ဇယား ပြင်ဆင်ရေး လုပ်ဆောင်ရေးမှာလည်း စဉ်းစားကြပါဆိုပြီး ဖြစ်ပါတယ်။
အဓိပ္ပာယ်ကတော့ တပ်မတော်အနေနဲ့ တိုင်းနဲ့ ပြည်နယ်တွေကို လက်ရှိ အနေအထားထက်
လုပ်ပိုင်ခွင့် ပိုပေးရေး သဘောထားရှိတယ် ဆိုတာပါပဲ။
ဒါနဲ့ ပတ်သက်ပြီး ဝေဖန်သူတွေကတော့ တပ်မတော်ဘက်က ဖွဲ့စည်းပုံကို ကောင်းကောင်း
မပြင်ချင်ဘူး၊ ပြည်နယ်နဲ့ တိုင်းတွေကို လုပ်ပိုင်ခွင့် ပိုပေးရေး တစ်ခုပဲ စိတ်ဝင်စားတယ်လို့
ဆိုကြပါတယ်။
တစ်ပြိုင်နက်တည်းမှာပဲ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေဟာ တစ်တိုင်းပြည်လုံးဆိုင်ရာ
အပစ်ရပ်စာချုပ် တစ်ခု လက်မှတ်ရေးထိုးနိုင်ဖို့ ဆွေးနွေး နေကြပါတယ်။
အစိုးရနဲ့ တပ်မတော်ဘက်က လိုချင်နေတာက အဲဒီ တစ်တိုင်းပြည်လုံး အပစ်ရပ် စာချုပ်ကြီး
လက်မှတ် ရေးထိုးနိုင်ရေးပါ။
ကျန်တဲ့ကိစ္စ နောင်မှ ရှင်းလို့ သဘောထားနေပုံရပါတယ်။
တကယ်လို့များ နောက်တစ်ပတ်အကြာ ပြန်စမယ့် ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲ ဒုတိယပိုင်းမှာ
အပစ်ရပ်စာချုပ်ကြီးကို သဘောတူညီမှု ရခဲ့လို့ရှိရင် သူတို့ လိုလားတာရပြီမို့ ပြည်ခိုင်ဖြိုးနဲ့
တပ်မတော်ဘက်က ဖွဲ့စည်းပုံပြင်ရေး နောက်မှ အေးအေးဆေးဆေး လုပ်ရအောင်ဆိုတဲ့
အခြေအနေ ဆိုက်သွားနိုင်ပါတယ်။
ခုဆိုရင် ၁၂ ကြိမ်မြောက် လွှတ်တော် အစည်းအဝေးကလည်း ရက်ပေါင်း ၃၀ ကျော်လာပါပြီ။
လွှတ်တော် အသိုင်းအဝိုင်းရဲ့ ပြောစကားအရ သိပ်မကြာခင် လွှတ်တော် ရပ်နားရပါမယ်။
ဒါပေမဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ မဆောင်ရွက်ရသေးလေတော့ သင်္ကြန်အပြီးကာလလောက်မှာ
၁၂ ကြိမ်မြောက် လွှတ်တော်ကို နောက်ဆက်တွဲအဖြစ် ပြန်ကျင်းပဖို့ ရှိနေသေးတယ် ဆိုပြီးလည်း
ပြောဆိုမှုတွေ ရှိနေပါတယ်။
ဒါကြောင့် သူရဦးရွှေမန်း ကတိပေးထားတဲ့အတိုင်း ဒီတစ်ကြိမ် လွှတ်တော်မှာ ဖွဲ့စည်းပုံ ပြင်ရေး
လုပ်နိုင်မလုပ်နိုင်၊ လုပ်ခဲ့ရင်လည်း ပြည်သူတွေ လိုလားတဲ့အတိုင်း ပြင်နိုင်၊ မပြင်နိုင်၊ မေလမှာ
ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ လုပ်ဖြစ်မဖြစ် သိပ်မကြာခင် အဖြေပေါ်တော့မှာ ဖြစ်ပါကြောင်း
သုံးသပ်လိုက်ရပါတယ်။
















