အမျိုးသားပညာရေးဥပဒေကို ချဉ်းကပ်ကြည့်ခြင်း (၁၃)

အမျိုးသားပညာရေးဥပဒေကို ချဉ်းကပ်ကြည့်ခြင်း (၁၃)

"ရောက်လာပြီလား၊ လာထိုင်ကွာ၊ အခု ကျောင်းသား သပိတ်ပြဿနာမှာ ပြည်သူတွေ ကျောင်းသား လူငယ်တွေအနေနဲ့ မှန်ကန်စွာ သုံးသပ် ဆုံးဖြတ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားသပိတ်အကြောင်း ဒို့ဆွေးနွေးခဲ့တာတွေ လုံလောက်ပြီလို့ ထင်တယ်ကွ၊ ဒီတော့ ဒို့ရဲ့ မူလ ရည်ရွယ်ချက်ဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ဒို့ပြောလိုတာလေးတွေကို ဆက်ပြောကြရအောင်"

"ရောက်လာပြီလား၊ လာထိုင်ကွာ၊ အခု ကျောင်းသား သပိတ်ပြဿနာမှာ ပြည်သူတွေ
ကျောင်းသား လူငယ်တွေအနေနဲ့ မှန်ကန်စွာ သုံးသပ် ဆုံးဖြတ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့
ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားသပိတ်အကြောင်း ဒို့ဆွေးနွေးခဲ့တာတွေ လုံလောက်ပြီလို့
ထင်တယ်ကွ၊ ဒီတော့ ဒို့ရဲ့ မူလ ရည်ရွယ်ချက်ဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး
ဒို့ပြောလိုတာလေးတွေကို ဆက်ပြောကြရအောင်"

"အရင်တစ်ပတ်တုန်းက ဆရာက တီဗီမှာ ဘောလုံးပွဲကြည့်ချင်တယ်ဆိုလို့ ကျွန်တော်တို့
ပြောလက်စကို ဖြတ်လိုက်ရတော့ ကျွန်တော် သိချင်တာလေး တစ်ချက်ကျန်သွားတယ် ဆရာ၊
တခြားမဟုတ်ပါဘူး ကျောင်းသား သပိတ်က ပညာရေးဥပဒေကို အကြောင်းပြတာ ဖြစ်ပေမယ်လို့
အမှန်အားဖြင့်တော့ အစိုးရကို ဆန့်ကျင်တာ၊ အစိုးရပြုတ်ကျအောင် လုပ်တာလို့ ကျွန်တော်
ပြောခဲ့တယ် မဟုတ်လား ဆရာ၊ အဲဒီလိုဆိုရင် ကျောင်းသား သပိတ်စစ်ကြောင်းက ဗဟိုအစိုးရ
ရုံးစိုက်တဲ့ နေပြည်တော်ကြီးကိုမသွားဘဲ ဘာဖြစ်လို့ ရန်ကုန်ကိုမှ ပစ်မှတ်ထားရတာလဲ ဆရာ"

"မင်းကို ငါက 'ပြဿနာ၏ အရင်းအမြစ်ကို ဆောလျင်စွာသိတတ်သူ' ဆိုတဲ့ ဂုဏ်ပုဒ်နဲ့
ချီးမြှင့်ထားတာ ဒီတစ်ခါတော့ မင်းက မင်းမဟုတ်တော့သလိုပဲ တုံးသွားပြန်ပြီကွ"

"ဟာ ဆရာကလည်း ကျွန်တော် တကယ် မသိလို့ ရိုးရိုးပဲ မေးတဲ့ဟာကို"

"ဟုတ်တယ်လေ၊ ခေတ်အဆက်ဆက်မှာ အစိုးရတွေရဲ့ ရာဇပလ္လင်ကို ကိုင်လှုပ်ခဲ့တာက
ကျောင်းသား၊ ဘုန်းကြီးနဲ့ အလုပ်သမားတွေက စတင်လှုံ့ဆော်ခဲ့တဲ့ လူထုအုံကြွမှုကြီးတွေ
မဟုတ်လားကွ၊ နေပြည်တော်ကို ချီတက်လို့ကတော့ ထမင်းစားဖို့ မပြောနဲ့ ရေတောင်
သောက်ရမှာ မဟုတ်ဘူးလေ။ ၀န်ထမ်းတွေ ချည်းနေကြတာ မဟုတ်လား။ နောက်ပြီး
လူတွေထောင်နဲ့ချီပြီ စုရုံးဆန္ဒပြဖို့အတွက် လူစုရတာ၊ လှုံ့ဆော်ရတာ မလွယ်သလို
၈၈ ခုနှစ်တုန်းကလို လနဲ့ချီပြီ စုရုံးဆန္ဒပြဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူးလေကွာ။
ဗဟိုအစိုးရရုံးတွေကို နေပြည်တော်ကို ပြောင်းရွှေ့ ရတဲ့ အဓိကအကြောင်းရင်းက အဲဒီလို
ဆန္ဒပြတာတွေကို ရှောင်ချင်လို့ဆိုတာ သိသာပါတယ်။ တခြားအကြောင်းတွေ ရှိချင်ရှိမှာ
ဖြစ်ပေမယ့် ခိုင်လုံမှု မရှိနိုင်ပါဘူးကွာ။ လက်ပံတန်း သပိတ်စစ်ကြောင်း ရန်ကုန်ကို ရောက်လာရင်
ပါ၀င်ပူးပေါင်းမယ့် ကျောင်းသားတွေ အလုပ်သမားတွေ ဘုန်းကြီးတွေအပြင် ဝေလေလေ
သမားတွေကလည်း အဆင်သင့်ပဲ မဟုတ်လား။ အကြိုဆန္ဒပြုမှုတွေတောင် လုပ်နေကြတာ
မဟုတ်လား။ အခုလိုဆိုတော့ မပိုင်ဘူးလား"

"ဪ ဒီလိုလား... အ တယ်ဘဲ ပြောပြော ကျွန်တော်ကတော့ အဲဒါကို မမြင်မိဘူး ဆရာ"

"ဒါထက်ပိုင်တာ ရှိသေးတယ်ကွ"

"ဘယ်လိုပါလဲဆရာ"

"ဒို့နိုင်ငံမှာ ၀န်ကြီးဌာနအသီးသီးအောက်မှာ ရှိတဲ့ တက္ကသိုလ်နဲ့ ကောလိပ်အမျိုးမျိုး စုစုပေါင်း
တစ်ရာလောက်ရှိမယ်ထင်တယ်ကွ၊ အတိအကျတော့ မသိဘူးပေါ့ကွာ၊ အဲဒီလို တက္ကသိုလ်
ကောလိပ်တွေ အများကြီး တိုးချဲ့ ဖွင့်လှစ်ပေးတာ ဘာကြောင့်ထင်လဲ"

"ကိုယ့်ဒေသရဲ့ အနီးတစ်ဝိုက်မှာ တက္ကသိုလ် ကောလိပ် တစ်ခုခုရှိတော့ စရိတ် အကုန်အကျ
နည်းနည်းနဲ့ တတ်နိုင်တာပေါ့ ဆရာ"

"တုံးပြန်ပြီကွာ၊ ကျောင်းသားအစုအဝေး နည်းသွားအောင် ခွဲပစ်လိုက်တာကွ၊ နောက်ပြီး
တက္ကသိုလ် ကောလိပ်တွေကို မြို့နဲ့ အဝေးကြီးမှာ ဖွင့်ထားတာ နယ်ကကျောင်းသားတွေ
ကျောင်းအိပ်ကျောင်းစားနေဖို့ အဆောင်တွေ မထားတာတွေကလည်း အဲဒီရည်ရွယ်ချက်နဲ့
လုပ်တာပဲကွ၊ ဒီတော့ ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်နိုင်ဖို့ အရည်အချင်းရှိသော်လည်းပဲ
လက်ရှိစနစ်အရ အမှတ်မမီတဲ့ ကလေးတွေက အဲဒီလို အဝေးရောက် တက္ကသိုလ်တွေကို
သွားတက်ကြရာမှာ နေ့စဉ်ကားစီးရတဲ့ ဒဏ်၊ ကိုယ့်စာသင်ချိန်ပြီးပေမယ့် အိမ်ပြန်ဖို့ ကား မရှိလို့
တစ်နေ့လုံး ကျောင်းမှာပဲ အချိန်ဖြုန်းနေရတဲ့ ဒဏ် စတာတွေ မခံနိုင်တဲ့ အခါကျတော့
စာတော်ပေမယ့် စာပေးစာယူ (အဝေးသင်) ပညာရေးကို ပြောင်းပြီး ဘွဲ့ရရင်ပြီးရောဆိုပြီး
လုပ်ကြရတာပေါ့၊ ခြွင်းချက်ကတော့ ပိုက်ဆံရှိတဲ့ လူတွေရဲ့ သားသမီးတွေကတော့ နိုင်ငံခြား
တက္ကသိုလ်တွေသွားပြီး တက်ကြတာပေါ့ကွာ"

"အဲဒီတက္ကသိုလ်တွေနဲ့ အပြိုင်သဘောနဲ့ စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာ
တက္ကသိုလ်၊ သူနာပြုတက္ကသိုလ် စတာတွေ ဖွင့်လှစ်တဲ့ ရည်ရွယ်ချက်က အဲဒီလို
ပရမ်းပတာဖြစ်နေတဲ့ တက္ကသိုလ်ပညာရေး စနစ်ကို အစားထိုးတဲ့ သဘောလား ဆရာ"

"အဲဒီလိုတော့ မဟုတ်ဘူးလို့ ထင်တယ်ကွ၊ 'မြန်မာ့နိုင်ငံရေးကို တပ်မတော်က ဦးဆောင်ရမည်'
'တပ်ကိစ္စကို တပ်ကပဲ လွတ်လွတ်လပ်လပ် လုပ်ပါစေ' လို့ဆိုတဲ့ အာဏာရှင် ဟောင်းတစ်ဦးရဲ့
ဆင်ခြင်တုံတရားကင်းမဲ့ပြီး အလွန်လွဲမှားတဲ့၊ နိုင်ငံအတွက်လည်း အလွန်အန္တရာယ်ကြီးမားတဲ့
အယူအဆကနေ ဆင်းသက် ပေါက်ဖွားလာတာဖြစ်တယ်။ အဲဒီ အန္တရာယ်ကြီးတဲ့ အယူအဆက
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လာရောက်ထင် ဟပ်နေတာကို တွေ့နိုင်တယ်။ အဲဒီအယူအဆ
ကို မဖယ်ရှားနိုင်သမျှ နိုင်ငံရေးပြဿနာတွေ ပဋိပက္ခတွေ ပေါ်ပေါက်နေပြီး တိုင်းပြည်ရဲ့
ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့နေဦးမှာပဲ။ ဒါကတော့ အခုစကားစပ်မိလို့ အကျဉ်းလောက်ပဲ ပြောတာ၊
သမိုင်းကြောင်းနဲ့ချီပြီး ပြောရမယ်ဆိုရင် စာတစ်အုပ်ဖြစ်သွားမှာပေါ့ကွာ၊ ကဲ ... ဆက်ပါဦး"

"နောက်တစ်ချက်ကတော့ ဒီအမျိုးသား ပညာရေး ဥပဒေကို မပြဋ္ဌာန်းမီ တာဝန်ရှိသူတွေ
အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ကြတဲ့အပြင် လွှတ်တော်မှာလည်း အစိုးရနဲ့ လွှတ်တော်နဲ့
သဘောကွဲလွဲမှုတွေ ရှိခဲ့ပြီး နောက်ဆုံးမှာ လွှတ်တော်က ဆုံးဖြတ်တဲ့အတိုင်း ဥပဒေဖြစ်လာ
ခဲ့တာပေါ့ဆရာ၊ အဲဒီလို ဥပဒေဖြစ်လာပြီးပေမယ့် ကျောင်းသားတွေနဲ့ သူတို့ကို ကြိုးကိုင်နေ
သူတွေက ကန့်ကွက်ကြ၊ သပိတ်မှောက်ကြလို့ သူတို့တွေ အလိုကျရေးဆွဲထားတဲ့ ပြင်ဆင်ချက်
ဥပဒေကြမ်းကို အစိုးရက လက်မခံလိုပေမယ့် သပိတ်ပြဿနာ ပြေလည်သွားစေဖို့ ရည်ရွယ်ချက်နဲ့
လက်ခံပြီး လွှတ်တော်ကို အစိုးရက တင်သွင်းတဲ့ ဥပဒေကြမ်းအဖြစ် တင်သွင်းခဲ့တယ်။
အခု ဒီဥပဒေကို ပြဋ္ဌာန်းပေးခဲ့တဲ့ လွှတ်တော်ကလည်း ပညာရှင်တွေ၊ စိတ်ပါ၀င်စားသူတွေ၊
နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးနေပြန်ပြီဆရာ၊ ဒီတော့ ..."

"ကြားနာတာပါကွာ"

"ထားပါတော့ ဆရာ၊ ကျွန်တော်ပြောလိုတာက အခုလိုလုပ်နေတာတွေဟာ 'ဆရာများ သားသေ'
ဆိုတာမျိုး မြည်းတစ်ကောင်နဲ့ သားအဖနှစ်ယောက် ပုံပြင်ထဲကလိုမျိုး ဖြစ်သွားမလားလို့ပါ"

"အဲဒီ ပုံပြင်ကို ဒို့ငယ်ငယ်တုန်းက ဆရာကြီး ဦးဖေမောင်တင်ရဲ့ ခြင်္သေ့တံဆိပ်ဖတ် စာအုပ်ထဲမှာ
ဖတ်ဖူးတယ်ကွ၊ ခပ်မေ့မေ့တော့ ဖြစ်နေပြီ အဲဒီပုံပြင်ကို မဖတ်ဖူးသေးတဲ့ ခုခေတ်လူငယ်တွေ
ကျောင်းသားလေးတွေ သိရအောင် အကျဉ်းချုပ်ပြီး ပြောပြစမ်းပါဦး"

"ကျွန်တော် မှတ်မိသလောက် ပြန်ပြောရရင် ဒီလိုပါ ဆရာ၊ သားအဖနှစ်ယောက်က
မြည်းတစ်ကောင်ကို ဆွဲလာရာမှာ ပထမတွေ့ တဲ့ လူတချို့က 'မြည်းကို တစ်ယောက်ယောက်က
စီးသွားရောပေါ့' လို့ ဝေဖန်သတဲ့၊ ဒါနဲ့ သားဖြစ်သူက မြည်းကိုစီးပြီး ဆက်သွားတဲ့အခါ
တစ်နေရာရောက်တော့ 'အဖေကြီးကတော့ မစီးရဘဲ သားကပဲ စီးရသလား' ဆိုပြီး
ပြောကြပြန်တာနဲ့ အဖေဖြစ်သူက မြည်းကိုစီးပြီး ဆက်သွားကြရာမှာ တစ်နေရာကို
ရောက်ပြန်တော့ 'မြည်းကို သားအဖ နှစ်ယောက်စလုံး စီးလို့ရရဲ့သားနဲ့' ဆိုပြီး ပြောကြပြန်ရော၊
ဒါနဲ့ သားအဖနှစ်ယောက်စလုံး မြည်းကိုစီးပြီး ဆက်သွားတော့ 'ဒီသားအဖ နှစ်ယောက်နှယ်
ကြင်နာမှု ကင်းမဲ့လိုက်တာ မြည်းလေးသနားပါတယ်၊ တကယ်ဆို သား အဖနှစ်ယောက်က
မြည်းကလေးကို ထမ်းသွားကြရောပေါ့' ဆိုပြီး ဝေဖန်ကြပြန်ရောတဲ့၊ ဒါနဲ့ သားအဖ
နှစ်ယောက်လည်း မြည်းကလေးကို ကြိုးနဲ့တုပ် တုပ်လျှိုပြီး ထမ်းသွားကြတော့ ချောင်းတစ်ခု
ရောက်လို့ တံတားကို ဖြတ်ကူးရာမှာ မြည်းကလန့်ပြီး ရုန်းကန်တာကြောင့် အားလုံးချောင်းထဲ
ကျပြီး 'ရှော' သွားကြသတဲ့ ဆရာ"


"အေးကွာ၊ 'မြို့အုပ်မင်း ကယ်ပါမှ ထောင် ခြောက်လကျရ' ဆိုသလို အစိုးရမှာလည်း
လွှတ်တော်က လုပ်လိုက်မှ ချောက်ကျလေ မလားတော့ မသိဘူးကွ။ ဒါတွေထားလိုက်ပါ
တော့ကွာ၊ ဒို့လည်း ဘာတတ်နိုင်တာမှတ်လို့။ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်မယ့်
ဥပဒေကြမ်းအကြောင်း ဆက်ဆွေးနွေးတာပဲ ကောင်းပါတယ်"

"ကောင်းပါပြီဆရာ၊ ကျွန်တော့်အနေနဲ့တော့ ဥပဒေရေးထုံးပိုင်းလောက်ပဲ ပြောချင်ပါတယ်။
ဥပဒေပြဿနာနဲ့ မူပိုင်းဆိုင်ရာကိုတော့ ဆရာပဲ ပြောပေးပါ"

"ဒါဆို ဥပဒေရေးထုံးပိုင်းနဲ့ ပတ်သက်လို့ ပြောပါဦး"

"ပထမဆုံး ပြောရမှာက ဥပဒေကြမ်းပုဒ်မ ၁(ခ) မှာ 'ဤဥပဒေကို နိုင်ငံတော်သမ္မတက
လက်မှတ်ရေးထိုးသည့်နေ့တွင် အတည်ဖြစ်သည်' တဲ့ ဆရာ၊ မြန်မာစာရေးထုံး မမှန်တဲ့ အပြင်
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်မနေဘူးလားဆရာ၊ အကျယ်မပြောချင်တော့ပါဘူး။
ဥပဒေသမား မဟုတ်သူတောင် သိနိုင်တဲ့ ကိစ္စဖြစ်လို့ပါ"

"ဒါလေးများ ပြင်လိုက်ရင် ပြီးရောပေါ့၊ ဘာခက်တာမှတ်လို့ လို့ သူတို့က ပြောမှာပေါ့ကွာ၊
အသေးအဖွဲလေးလို့ သဘောထား လိုက်ပါကွာ"

"ဆရာကလည်း 'မောင် အရင်လို မဟုတ်တော့ဘူး' လို့ ပြောရတော့မယ် ထင်တယ်။ ဖွဲ့စည်းပုံ
အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတာကိုများ အသေးအဖွဲလေးလို့ပြောရမှာလား ဆရာ"

"ကောင်းပါပြီ ဆရာလေးရယ်၊ ဆက်လိုက်ပါဦး"

"ဆရာရေ ပြင်ဆင်ချက်ဥပဒေပုဒ်မ၊ ပုဒ်မခွဲအလိုက် ပြောစရာတွေကတော့ များသလားမမေးနဲ့
ဆိုသလိုပါပဲဆရာ၊ အဲဒါတွေ အကုန်လုံးသာ ပြောရရင်တော့ ဆရာ့ကိုလည်း မြန်မာတိုင်း(မ်)က
'ကန်တော့ဆွမ်းလောင်း' တော့မှာပါ။ ဒီပြင်ဆင်ချက်ဥပဒေ 'မနိပ်' ပုံ ကို နိုင်ငံပိုင်သတင်းစာတွေမှာ
တတ်ကျွမ်း နားလည်သူ စိတ်ပါ၀င်စားသူ ပုဂ္ဂိုလ် အဖွဲ့ အစည်းတွေကလည်း ထောက်ပြထားကြ
ပါပြီ၊ နောင်လည်း လာကြဦးမှာပါ။ ဒီထောက်ပြချက်တွေကလည်း ထပ်ပြီး ပြောစရာမလို
လောက်အောင်ကို ကျိုးကြောင်းခိုင်လုံတာ တွေ့ရပါတယ်ဆရာ၊ နောက်ပြီး ပညာရေးဝန်ကြီးဌာန
အနေနဲ့လည်း လွှတ်တော်မှာ ငုံ့ခံနေမယ် မဟုတ်ဘူးလို့ ယူဆပါတယ်၊ တစ်ချက်ချင်းကို
ပြတ်ပြတ်သားသား ချေပ ငြင်းပယ်မယ်လို့လည်း ထင်ပါတယ်"

"နေပါဦး၊ ဒီဥပဒေကြမ်းက ပညာရေး ၀န်ကြီးဌာန (အစိုးရ) က တင်ထားတဲ့ ဥပဒေကြမ်း
မဟုတ်လား၊ အစိုးရက အတည်ပြုပြီး တင်ထားတဲ့ ဥပဒေကြမ်းကို အစိုးရက ပြန်ကန့်ကွက်တဲ့
သဘော ဖြစ်နေမှာပေါ့၊ လွှတ်တော်မှာ ဒီဥပဒေကြမ်းက ကန့်ကွက် ဆွေးနွေးတာတွေကိုပဲ
အစိုးရက ပြန်လည် ချေပရမှာ မဟုတ်လား"

"အဲဒီလို ခွကျတတတော့ ဖြစ်နေမှာပေါ့ ဆရာ၊ အမှန်က ကျွန်တော်သိရသလောက်ဆိုရင်
ကျောင်းသားသပိတ် ကြိုးကိုင်အဖွဲ့က ရေးဆွဲထားတဲ့ ပြင်ဆင်ချက်ဥပဒေကြမ်းပါ ပြင်ဆင်ချက်
၉၉ ရာခိုင်နှုန်းလောက်ကို ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ သဘောမတူပေမယ့်
တစ်ဖက်က သပိတ်မှောက်ပြီး အကြပ်ကိုင်နေတဲ့အတွက် လွှတ်တော်ကပဲ ဆုံးဖြတ်ပါစေတော့
ဆိုတဲ့ သဘောနဲ့ တင်လိုက်ပုံရတယ် ဆရာ။ ကိုယ်တင်တဲ့ ဥပဒေကြမ်းကိုပဲ ကိုယ်ကပြန်ကန့်ကွက်
ရမယ့် အခြေအနေတော့ ဖြစ်နေတာပေါ့ဆရာ။ လွှတ်တော်က ဆုံးဖြတ်ထားတဲ့အတိုင်းပဲ
လက်ခံမယ့် သဘောလားဆိုတာလည်း မသိရပါဘူး ဆရာရယ်။ အမှန်မှာတော့ ဒီဥပဒေကြမ်းကို
အစိုးရ (ပညာရေးဝန်ကြီးဌာန) က သဘောမတူရင် လွှတ်တော်အမတ်တစ်ဦးအနေနဲ့ တင်တဲ့
ပုဂ္ဂလိက ဥပဒေကြမ်း (private bill) အဖြစ် တင်ခိုင်းရမှာပေါ့။ သပိတ်မှောက်အုပ်စုထဲမှာ
ဒါမှမဟုတ် သပိတ်ကို ထောက်ခံတဲ့ လူတွေထဲမှာ လွှတ်တော်ကိုယ်စားလှယ်လည်း
ရှိမှာပေါ့ဆရာ"

"ကဲ ဒါတွေက မင်းတို့ငါတို့ လုပ်နိုင်တဲ့ ကိစ္စတွေမဟုတ်တော့ ထားလိုက်ပါတော့ကွာ၊
ဥပဒေရေးထုံးနဲ့ ပတ်သက်ပြီးသာ ဆက်ပြောပါတော့"

"ဟုတ်ကဲ့ပါဆရာ။ မူလဥပဒေမှာ ပုဒ်မပေါင်း ၆၉ ခုရှိတဲ့အနက် ပုဒ်မပေါင်း ၄၉ ခုကို ပြင်ဆင်ချက်
ဥပဒေကြမ်းအရ ပြင်ဆင်ထားတော့ မပြင်တဲ့ပုဒ်မက ၂၀ ကျန်တော့တယ် ဆရာ။ နောက်ပြီး
မူလဥပဒေမှာ ပုဒ်မခွဲပေါင်း ၁၅၂ ခုရှိရာမှာလည်း ပြင်ဆင်တဲ့ ပုဒ်မခွဲနဲ့ အသစ်ထည့်သွင်းတဲ့
ပုဒ်မခွဲပေါင်းက ၁၁၇ ခု ရှိပါတယ်ဆရာ။ ကျွန်တော်ဆိုလိုတာက မူလ ဥပဒေပါ ပုဒ်မပေါင်းရဲ့
သုံးပုံနှစ်ပုံကို ပြင်ဆင်မယ့်အပြင် မူလ ပုဒ်မခွဲပေါင်းရဲ့ လေးပုံသုံးပုံ လောက်ကို ပြင်ဆင်၊ ဖြည့်စွက်မှု
ပြုလုပ်မှာဆိုတော့ လိုက်နာအပ်တဲ့ ဥပေဒရေးဆွဲနည်း ကျင့်ထုံးအရဆိုရင် မူလဥပဒေကို
လုံးဝ ပယ်ဖျက်ပြီး ဥပဒေသစ်တစ်ခု ရေးဆွဲပြဋ္ဌာန်း ပြီး အစားထိုးသင့်တယ် မဟုတ်လားဆရာ"

"ဥပဒေရေးထုံးဆိုတာက ဥပဒေနဲ့ ပြဋ္ဌာန်းထားတာ မဟုတ်တော့ ဥပဒေရေးဆွဲနေကျ လူတွေပဲ
သိရှိလိုက်နာ ကြတာပေါ့ကွာ၊ တစ်ကျောင်း၊ တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို
မဖြစ်အောင် ကျင့်ဝတ်တစ်ခုအဖြစ် ထိန်းသိမ်းကြရတာကိုး၊ ဥပဒေကို တစ်ကြိမ် တစ်ခါလောက်ပဲ
ရေးဆွဲသူအနေနဲ့ကျတော့ အဲဒီလိုရေးထုံးရှိတယ်ဆိုတာ သိချင်မှလည်း သိမယ်၊ နောက်ပြီး
အဲဒီပုဂ္ဂိုလ်က ပညာရှင် ဖြစ်နေပြန်ရင်လည်း ဒီလိုလုပ်လည်းရတာပဲ ဘာလို့မဖြစ်ရမှာလဲဆိုတဲ့
မာန်မျိုးတော့ ရှိနိုင်တာပေါ့၊ ဒါလည်းဒို့တတ်နိုင်တဲ့ ကိစ္စမဟုတ်တော့ ထားလိုက်ပါတော့ကွာ"

"နောက်ပြီး ပိုဆိုးတာက မူလဥပဒေ အခန်း (၄) တစ်ခုလုံးကို ဖြုတ်ပြီး အခန်းခေါင်းစဉ်ကအစ
ပုဒ်မအားလုံးကို အစားထိုး ပြင်ဆင်ရာမှာ ပုဒ်မအမှတ်စဉ်တွေ မတတ်ဘဲ (က)ကနေ (ဆ) အထိ
အသစ်ထည့်သွင်းထားတယ်ဆရာ။ ပုဒ်မကို ဂဏန်းနဲ့ အမှတ်စဉ်မတတ်ဘဲ (က)၊ (ခ) ... (ဆ)
ဆိုပြီး လုပ်ထားတော့ ရေးထုံးအရဆိုရင် ပုဒ်မခွဲတွေ ဖြစ်နေပြီး အားလုံး ရှုပ်ကုန်ပြီဆရာ၊ နောက်ပြီး
ပုဒ်မခွဲဖြစ်ရမယ့် ပုဒ်မခွဲငယ်တွေကိုလည်း (၁)၊ (၂)၊ (၃) စသည် ဖြင့် အမှတ်စဉ်ထိုးရမယ့်အစား
(ကက)၊ (ခခ)၊ (ဂဂ) ... ဆိုပြီး လုပ်ထားပြန်ရော။ အဆိုးဆုံးကတော့ မူလဥပဒေရဲ့ အခန်း (၄) မှာ
ပုဒ်မ ၅ ကနေ ၁၀ အထိ ပုဒ်မ ၆ ခုရှိရာမှာ အားလုံးကို ပယ်ဖျက်ပြီး ဥပဒေကြမ်းရေးဆွဲ သူက
ပုဒ်မခွဲ (က) ကနေ (ဆ) အထိ ပုဒ်မခွဲ ရ ခုနဲ့ အစားထိုးတယ်ဆရာ၊ အဲဒီပုဒ်မခွဲ (က) မှ
(ဆ) အထိကို ပုဒ်မအဖြစ် ပြောင်းရင်တောင် ၁ မှ ရ အထိ ပုဒ်မ ရ ခုရှိပြီး ပုဒ်မ ၁၁ မှာ
ဆုံးမှာဆိုတော့ အခန်း (၅) ရဲ့ အစ ပထမ ပုဒ်မဖြစ်တဲ့ ပုဒ်မ ၁၁ နဲ့ ဆက်လို့မရတော့ဘူး ဆရာ။
ပုဒ်မ ၁၁ နှစ်ခါထပ်နေတယ် ဥပဒေ ရေးထုံးအရဆိုရင်တော့ ဥပဒေကြမ်းပုဒ်မခွဲ (ဆ) ကို ပုဒ်မ ၁၁
လို့ ပြောင်းလို့မရတော့ပဲ ပုဒ်မ ၁၀-က ဆိုပြီး ရေးရမှာဖြစ်တယ်ဆရာ"

"အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ အခု မင်းပြောသလို ချွတ်ယွင်းချက်တွေ
ရှိနေတာကို ငါလည်း သတိထားလိုက်မိပါတယ်"

"နောက်ပြီး ရှိသေးတယ်ဆရာ၊ ဥပဒေကြမ်းမှာ ရေးထားပုံအရ ပုဒ်မခွဲပေါ့ဆရာ၊ ကျွန်တော်တို့
ရေးထုံး အရဆိုရင်တော့ ပုဒ်မ ဖြစ်ရမှာပေါ့။ အဲဒီ ပိုဒ်မခွဲ (က)၊ (ခ)နဲ့ (ဃ) တို့မှာ ခြေဆင်းအဖြစ်
သုံးထားတဲ့ ကတ္တားပုဒ်နဲ့ အောက်ပုဒ်မခွဲတွေမှာပါတဲ့ စာသားတွေကို ၀ါကျတစ်ခုစီအဖြစ် ဆက်ပြီး
ဖတ်လို့ မရနိုင်တာကို တွေ့ရတဲ့အပြင် ဥပဒေကြမ်းမှာပါရှိတဲ့ ပုဒ်မနဲ့ ပုဒ်မခွဲတွေရဲ့ ၀ါကျတွေ
မှာလည်း 'ရမည်'နဲ့ ဆုံးလို ဆုံး၊ 'မည်'နဲ့ ဆုံးလို ဆုံး၊ 'သည်'နဲ့ ဆုံးလို ဆုံး၊ ဥပဒေရေးထုံး
မည်ီတာကို တွေ့ရသေးတယ် ဆရာ။ ဥပဒေကြမ်းက အဲဒီလို ချွတ်ယွင်းချက်တွေ ရှိနေတာကို
တွေ့ရတဲ့အခါကျတော့ ဒီဥပဒေကြမ်းကို ရေးဆွဲသူ(တွေ)ရဲ့ အတွေ့ အကြံုနဲ့ ပတ်သက်ပြီး
Reader's Digest မှာ ကျွန်တော်ဖတ်ဖူးတဲ့ စာပြောင်ကလေးတစ်ခုကို သတိရမိတယ် ဆရာ"

"ဆိုပါဦး"

"ခေါင်းကိုက်ရောဂါကို ပြင်းထန်စွာ ခံစားနေရတဲ့ သူဌေးတစ်ဦးက ပါရဂူဆရာဝန်ကို သွားပြတော့
ဆရာဝန်က စစ်ဆေးကြည့်ရှုပြီး 'ခင်ဗျားဦးနှောက်ကို အစားထိုး (Brain Transplant) လုပ်ရမယ်'
လို့ ပြောသတဲ့၊ လူနာက 'အစားထိုးဖို့ ဦးနှောက်က ဘယ်မှာ ရနိုင်မှာတုံး'လို့ မေးတော့ ဆရာဝန်က
'စိတ်မပူပါနဲ့၊ ကျွန်တော်တို့ ဆေးရုံမှာ ဦးနှောက်ဘဏ် (Brain Bank) ရှိပါတယ် ခင်ဗျားကြိုက်တာ
ကို ၀ယ်နိုင်ပါတယ်' လို့ ပြောပြီး ဦးနှောက်ဘဏ်မှာ သိုလှောင်ထားတဲ့ ဦးနှောက်တစ်ခုချင်းကို
ပြရင်း 'ဒါက ဆရာဝန်တစ်ဦးရဲ့ ဦးနှောက်၊ ဒါက အင်ဂျင်နီယာ တစ်ဦးရဲ့ ဦးနှောက်၊ သူတို့က
ဒေါ်လာ ငါးထောင်စီ၊ ဒါကတော့ သိပ္ပံပညာရှင် တစ်ဦးရဲ့ ဦးနှောက် ဒေါ်လာခြောက်ထောင်၊
ဒါကတော့ မြန်မာနိုင်ငံက ဥပဒေရေးဆွဲသူပညာရှင်တစ်ဦးရဲ့ ဦးနှောက် ဒေါ်လာတစ်သောင်း
ကြိုက်တာပြောပါ' လို့ ဆရာဝန်က ပြောတော့ လူနာသူဌေးက 'ဘာကြောင့် ဒီဦးနှောက်က
တခြားဦးနှောက်တွေထက် ပိုပြီး အဆမတန် ဈေးကြီးရတာလဲ' လို့ ပြန်မေးတဲ့အခါ ဆရာဝန်
ပြန်ဖြေလိုက်တာကတော့ 'တစ်ခါမှကို မသုံးရသေးဘူး' (never been used) တဲ့ ဆရာ"

"ဟာ အဲဒီလို ဟုတ်လို့လား၊ ငါလည်း ဒီဟာသလေးကို ဖတ်ဖူးပါတယ်ကွာ။ မူရင်းမှာက
'ဗျူရိုကရက်အရာရှိ တစ်ဦးရဲ့ ဦးနှောက်ပါ' လို့ ဆရာဝန်က ပြောတာ မဟုတ်လား' "

"ဟာ ဆရာကလည်း ကျွန်တော်တို့ ဥပဒေ ရေးဆွဲတဲ့အခါ 'The procedure may be applied
mutatis mutandis to other similar cases(ဤလုပ်ထုံးလုပ်နည်းကို အခြားအလားတူ
ကိစ္စများတွင်လည်း ဆီလျော်သလို ပြုပြင်သုံးစွဲနိုင်သည်)လို့ ရေးလေ့ရှိတယ် မဟုတ်လား ဆရာ၊
အခုလည်း ထိုနည်း လည်းကောင်းပေါ့ဆရာ၊ ဟဲ...ဟဲ"

"နေဦးကွ၊ မင်းကသာ ဥပဒေကြမ်းရဲ့ ချွတ်ယွင်းချက်တွေကို ထောက်ပြနေတာ၊ ဟောဒီမှာ
အခုရောက်လာတဲ့ Myanmar Times နေ့စဉ်သတင်းစာမှာတော့ ဒီဥပဒေကြမ်းကို အမျိုးသား
လွှတ်တော်က အတည်ပြုလိုက်ပြီလို့ ရေးထားတယ်ကွ၊ မင်းပြောတဲ့ ချွတ်ယွင်းချက်တွေကို ပြင်ပြီး
အတည်ပြုတာ ဖြစ်မယ်ထင်တယ်"

"အဲဒီလိုဆိုရင်တော့ ဆရာနဲ့ ကျောင်းသား သမဂ္ဂတွေကို တရားဝင်ဖွဲ့စည်း လှုပ်ရှားခွင့်ရှိတယ်လို့
ဥပဒေပြဋ္ဌာန်းတဲ့နေ့ဟာ ဒေဝဒတ်နဲ့ အဇာတသတ်တို့ကို ဖွားမြင်တဲ့နေ့ပဲလို့ ဆရာ ပြောခဲ့တယ်
မဟုတ်လား၊ အခုဆရာပြောတဲ့ သတင်းအတိုင်းဆိုရင်တော့ ဒေဝဒတ်နဲ့ အဇာတသတ်တို့
သန္ဓေတည်တဲ့နေ့ပေါ့ဆရာ၊ ကျွန်တော် ပြန်လိုက်ပါဦးမယ်"



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021