အစိုးရအဖွဲ့ဟာ လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ၂၀၁၅ - ၁၆ ဘဏ္ဍာနှစ် လာမယ့် ဧပြီလက စပြီး ၀န်ထမ်းတွေနဲ့ တပ်မတော်သားတွေကို လစာတိုးမြှင့်ပေးတော့မယ်လို့ ကြေညာလိုက်ပါပြီ။
အစိုးရအဖွဲ့ဟာ လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ၂၀၁၅ - ၁၆ ဘဏ္ဍာနှစ် လာမယ့် ဧပြီလက
စပြီး ၀န်ထမ်းတွေနဲ့ တပ်မတော်သားတွေကို လစာတိုးမြှင့်ပေးတော့မယ်လို့ ကြေညာလိုက်ပါပြီ။
အခုလို လစာတိုးမြှင့်ပေးလိုက်တဲ့ အချိန်ဟာ နိုင်ငံခြားငွေကြေးနဲ့ လဲလှယ်ရင် မြန်မာကျပ်ငွေ
တန်ဖိုး နိမ့်ကျလာနေချိန်ဖြစ်သလို ဆက်ပြီး နိမ့်ကျဦးမယ်လို့ မှန်းဆမှုတွေလည်း ရှိနေပါတယ်။
အစိုးရဟာ လစာတွေကို ဘယ်နည်း ဘယ်ပုံတိုးမြင့်ပေးခဲ့ပါသလဲ၊ လစာတိုးမြှင့်မှုကို ဘယ်သူတွေ
အကျိုးခံစားရမှာပါလဲ၊ လစာ တိုးမြှင့်မှုကြောင့် အများပြည်သူ စိုးရိမ်ပူပန်နေသလို ကုန်ဈေးနှုန်း
တွေရော တက်လာဦးမှာလားဆိုတာ ဒီတစ်ပတ် ဆွေးနွေးသွားပါမယ်။
လက်ရှိ အစိုးရဝန်ထမ်းတွေကို လစာ တိုးပေးတာဟာ ဒါ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။
လက်ရှိ လစာတိုးမြှင့်ပေးတဲ့ နှုန်းထားနဲ့ အနေအထားကို ကြည့်လိုက်ရင် ၀န်ထမ်းတွေဘက်မှာ
အနိမ့်ဆုံး တစ်လ ကျပ် ရ၅,၀၀၀ ရတဲ့ အောက်ခြေ ၀န်ထမ်းတွေကို ကျပ် ၁၂၀,၀၀၀၊
၀န်ထမ်းထဲမှာ ရာထူးအမြင့်ဆုံးဖြစ်တဲ့ ညွှန်ချုပ်တွေကို တစ်လ ကျပ်နှစ်သိန်းခွဲကနေ
ကျပ်ငါးသိန်း အထိ တိုးပေးတာတွေ့နိုင်ပါတယ်။
တပ်မတော်ဘက်မှာလည်း တစ်လ ကျပ် ရ၅,၀၀၀ ရတဲ့ အောက်ခြေ တပ်သားတွေကို
နှုန်းထားသစ်အရ တစ်လ ကျပ် ၁၂၀,၀၀၀၊ ရာထူးအကြီးဆုံးဖြစ် တဲ့ ဗိုလ်ချုပ်မှူးကြီး အဆင့်ကို
တစ်လ ကျပ် ၁၂ သိန်းကနေ နှုန်းထားသစ်အရ တစ်လ ကျပ်သိန်း ၃၀ အထိ တိုးမြှင့်ပေးထားတာ
တွေ့ရပါတယ်။
ဒီနှုန်းထားတွေကို ကြည့်ရင် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က စပြီး အသက်ဝင်တဲ့ သမ္မတ တစ်လကျပ်
သိန်း ၅၀၊ ၀န်ကြီး သိန်း ၃၀၊ ဒုဝန်ကြီး သိန်း ၂၀၊ သိပ်မကြာသေးခင်က ပြဋ္ဌာန်းလိုက်ပြီး အခု
ဧပြီလကစ အကျုံးဝင်မယ့် ပြည်ထောင်စုအဆင့် လွှတ်တော်အမတ် တစ်ယောက် လစာ တစ်လ
ကျပ် ၁၀ သိန်း စတာတွေနဲ့ ညှိယူနိုင်အောင် ပြင်ဆင်ထားတာ တွေ့ရပါတယ်။
အဓိပ္ပာယ်ကတော့ နောက်ဆုံး လစာနှုန်းထားအရ ၀န်ထမ်းထဲမှာ ရာထူးအမြင့်ဆုံးဖြစ်တဲ့
ညွှန်ချုပ်က တစ်လ ကျပ် နှစ်သိန်းခွဲပဲ ရပြီး သူ့အထက် ဒုဝန်ကြီးက တစ်လ ကျပ် သိန်း ၂၀၊
လစာ ရှစ်ဆလောက် ကွာနေတဲ့ အနေအထားကို တတ်နိုင်သမျှ နီးစပ်အောင် ညှိယူလိုက်တာ
တွေ့ရပါတယ်။
ဒါတောင် နှုန်းထားသစ်မှာ ညွှန်ချုပ်နဲ့ ဒုဝန်ကြီးလစာ လေးဆလောက် ကွာခြားနေပါသေးတယ်။
တပ်မတော်ဘက်ကိုကြည့်ရင်လည်း အစိုးရဘက်က ၀န်ကြီး သိန်း ၃၀၊ ဒုဝန်ကြီး သိန်း ၂၀
ရနေပေမယ့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တစ်လ ကျပ် ၁၂ သိန်း လောက်ပဲ ရနေတာကို
ညှိယူနိုင်အောင် လက်ရှိ နှုန်းထားသစ်မှာ တပ်ချုပ်ကို တစ်လ ကျပ် သိန်း ၃၀ အထိ
တိုးမြှင့်ပေးလိုက်တာ တွေ့ရပါတယ်။
ဒါက အစိုးရအနေနဲ့ လက်ရှိ နှုန်းထားသစ်ကို ဘယ်ပုံစံသတ်မှတ်လိုက်သလဲ ဆိုတာပါ။
ဒါကြောင့် လက်ရှိလစာ တိုးပေးတဲ့ နှုန်းထားတွေကို တကယ်တမ်း ဆန်းစစ်ကြည့်ရင်
အောက်ခြေဝန်ထမ်းတွေ၊ အောက်ခြေ တပ်မတော်သားတွေက မဆိုစလောက်ပဲ တိုးပြီး
အထက်ရာထူးမြင့်လေ လစာတိုးမှု နှုန်းထား ပိုမြင့်မားလေဖြစ်တာ တွေ့ရမယ် ဖြစ်ပါတယ်။
ဥပမာ - လစာ တစ်လ ကျပ် ရ၅,၀၀၀၊ အပိုကြေး ကျပ်သုံးသောင်း လက်ရှိစုစုပေါင်း တစ်လ
ကျပ် ၁၀၅,၀၀၀ ရနေတဲ့ အောက်ခြေဝန်ထမ်းတွေဟာ တိုးမြှင့်တဲ့ နှုန်းထားအရ တစ်လ
ကျပ် ၁၂၀,၀၀၀ ရလာမှာဖြစ်ပါတယ်။
ပြောရရင် တစ်လကျပ် တစ်သောင်းခွဲပဲ တိုးတဲ့ သဘောပါ။
ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်းတောင် မတိုးဘူးဆိုတာ တွေ့နိုင်ပါတယ်။
ရာထူးအမြင့်ဆုံး ညွှန်ချုပ် ကတော့ လက်ရှိတစ်လ ကျပ် နှစ်သိန်းခွဲ၊ အပိုကြေး ကျပ်သုံးသောင်း
စုစုပေါင်း ကျပ် ၂၈၀,၀၀၀ ရနေရာကနေ နှုန်းထားသစ် တစ်လ ကျပ်ငါးသိန်းရမှာဖြစ်တဲ့အတွက်
တိုးမြင့်ရငွေ ကျပ် ၂၂၀,၀၀၀၊ ရာခိုင်နှုန်း အားဖြင့် ၈၀ ရာခိုင်နှုန်းနီးပါး တိုးမြင့်ရလာတာ တွေ့ရမှာ
ဖြစ်ပါတယ်။
အလားတူ တပ်မတော်ဘက်မှာလည်း အောက်ခြေ တပ်သားသစ်တွေ တစ်လ ၁၀ ရာခိုင်နှုန်း
လောက်ပဲ တိုးတဲ့အချိန် ဗိုလ်ချုပ်မှူးကြီး အဆင့်က ၁၅၀ ရာခိုင်နှုန်းလောက် တိုးတာတွေ့ရမှာပါ။
လစာတိုးပေးတဲ့ နှုန်းထားဟာ အောက်ခြေ ၀န်ထမ်းတွေအတွက် အလွန်နည်းသလောက်
အထက်ရာထူးမြင့်လေ ပမာဏနဲ့ ရာခိုင်နှုန်းများလေ ဖြစ်နေတာကြောင့် မျှတတဲ့ လစာတိုးနှုန်းလို့
မဆိုနိုင်ပါဘူး။
ကောင်းပါပြီ။ တစ်လ လစာ ၁၀ ရာခိုင်နှုန်းလောက် တိုးမြင့်ရလာမယ့် အောက်ခြေ ၀န်ထမ်းတွေနဲ့
အောက်ခြေ တပ်မတော်သားတွေကရော တကယ်ပဲ အကျိုးခံစား နိုင်မလား၊ ငွေဖောင်းပွပြီး
ကုန်ဈေးနှုန်းတွေ တက်တဲ့ဒဏ် ခံရနိုင်သလားဆိုတာ ဆက်ပြီး ကြည့်ကြရအောင်ပါ။
တကယ်တော့ ၀န်ထမ်းတွေ လစာတိုးတာနဲ့ ကုန်ဈေးနှုန်းတက်တာ တိုက်ရိုက် မဆက်စပ်ပါဘူး။
ဒါပေမဲ့လည်း အစိုးရအဖွဲ့ ဘတ်ဂျက်လိုငွေပြတာ များနေရင်၊ အဲဒီငွေကို အခြားဘယ်ကမှ
ဖြည့်တင်းစရာ မရှိဘဲ လှည့်လည်သုံးစွဲနေတဲ့ ငွေစက္ကူကို တိုးမြှင့် ရိုက်ထုတ်ရင်တော့
ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်း တက်နိုင်ပါတယ်။
လက်ရှိအစိုးရ ဘတ်ဂျက် လျာထားချက် အခြေအနေကို လေ့လာကြည့်ရင် အစိုးရ ၀န်ကြီးဌာနနဲ့
ဦးစီးဌာနတွေရဲ့ ၀င်ငွေဟာ ကျပ်ငွေ ဘီလျံ ၈,၆၀၀ ကျော်ပဲ ရှိပါတယ်။
သုံးမယ့်ငွေက ကျပ်ဘီလျံ ၁၂,၀၀၀ ကျော်နေပါတယ်။
အစိုးရအဖွဲ့ရဲ့ ဘတ်ဂျက်လိုငွေ ပမာဏဟာ ကျပ် ဘီလျံ ၃,၄၀၀ ၀န်းကျင် ရှိနေတဲ့အတွက်
၀င်ငွေရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ဖြစ်နေတာ တွေ့နိုင်ပါတယ်။
အလွန်များတဲ့ လိုငွေ ပမာဏပါ။
ဒါ့ပြင် လက်ရှိ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးလိုငွေလည်း ကြီးမားနေတဲ့အတွက် အစိုးရဟာ
ဘတ်ဂျက် လိုငွေ ကာမိအောင် ဗဟိုဘဏ်ကနေ ငွေတိုက်စာချုပ် ပုံစံသစ်တွေ ထုတ်ရောင်းပြီး
ငွေရှာမယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဘက်က ပြောထားပါတယ်။
တကယ်လို့ အဲဒီနည်းနဲ့ ၀င်ငွေရှာတာ မလောက်ငရင်တော့ တိုင်းပြည်မှာ လှည့်လည်သုံးစွဲနေတဲ့
ငွေစက္ကူတွေကို ပိုပြီး တိုးရိုက်ရဖို့ ရှိပါတယ်။
ငွေကြေး ဖောင်းပွမယ့် သဘောပါ။
ငွေကြေးဖောင်းပွမယ်ဆိုရင် ကုန်ဈေးနှုန်းတက်မှာ သေချာသလောက်ဖြစ်ပြီး အဲဒီဒဏ်ကို
လစာ မဆို စလောက်ပဲ တိုးတဲ့ အောက်ခြေဝန်ထမ်းတွေ၊ အောက်ခြေတပ်မတော်သားတွေ
ခံကြရမှာဖြစ်ပါတယ်။
ဒါတင်မက အစိုးရဘတ်ဂျက် အသုံးစရိတ်ကို ပြန်စစ်ဆေးကြည့်လိုက်ရင်လည်း ၀န်ကြီးဌာနနဲ့
ဦးစီးဌာနအတွက် သုံးတာက ၅၈ ရာခိုင်နှုန်းပဲရှိပြီး နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေအတွက်
သုံးတာက ၃၈ ရာခိုင်နှုန်းအထိ ရှိနေတာ တွေ့နိုင်ပါတယ်။
အဲဒီ နိုင်ငံပိုင် စီးပွားရေးအတွက် သုံးမယ့်ငွေမှာလည်း လိုငွေ ကျပ်ဘီလျံ ၃၃၀ ကျော်ရှိနေတာ
တွေ့ရမှာ ဖြစ်ပါတယ်။
အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကကိုလွှဲတာ၊ ဘတ်ဂျက် လျှော့ချတာ မလုပ်ရင်
ခုလိုပဲ ဘတ်ဂျက် လိုငွေကြီးနေဦးမှာပါ။
အကျိုးဆက်ကတော့ လိုငွေအတွက် ငွေစက္ကူတွေပိုရိုက်၊ ကျပ်ငွေ တန်ဖိုးဖောင်းပွ၊
ကုန်ဈေးနှုန်းတွေ တက်ပြီး အောက်ခြေ ၀န်ထမ်းနဲ့ အောက်ခြေ တပ်မတော်သားတွေပဲ
အခက်တွေ့ကြမှာ ဖြစ်ပါတယ်။
တကယ်တော့ အစိုးရဟာ ပြီးခဲ့တဲ့ကာလ နိုင်ငံတကာမှာ လောင်စာဆီ ဈေးနှုန်းတွေ
ကျဆင်းနေတာတောင် ပြည်တွင်း လောင်စာဆီ ဈေးနှုန်းအချိုးညီ ကျအောင်
မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
အကျိုးဆက်ကတော့ သယ်ယူပို့ဆောင်စရိတ်တွေကိုလည်း မလျှော့ချနိုင်ခဲ့သလို ကုန်ဈေးနှုန်း
ကျဆင်းအောင်လည်း ဘာမှ အကောင်အထည် ဖော်မပေးနိုင်ခဲ့ပါဘူး။
ဒီသာဓကကိုကြည့်ရင် လက်ရှိဘတ်ဂျက်လိုငွေ ကြီးမားနေတဲ့အောက်မှာ ငွေကြေးဖောင်းပွမှုဖြစ်ဖို့၊
ကုန်ဈေးနှုန်း တက်ဖို့ အလားအလာ အလွန်များနေတာမို့ လစာ တိုးမြှင့်လိုက်တာကို
ရာထူးကြီးသူတွေကသာ အထိုက်အလျောက် အကျိုးခံစားရနိုင်ပြီး လစာ ၁၀ ရာခိုင်နှုန်းလောက်ပဲ
တိုးရတဲ့ အောက်ခြေဝန်ထမ်းတွေကတော့ အခက်အခဲကြံုတွေ့ရနိုင်ပါကြောင်း
သုံးသပ်တင်ပြလိုက်ရပါတယ်။
















