အခုရက်ပိုင်းအတွင်း နိုင်ငံရေး စိတ်ဝင်စားသူတွေနဲ့ ပြည်သူတွေကြား စိတ်အဝင်စားဆုံး သတင်းတစ်ပုဒ်ကတော့ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရိုက်တာ သတင်းဌာနကို ပြောလိုက်တဲ့ စကားပါ။
အခုရက်ပိုင်းအတွင်း နိုင်ငံရေး စိတ်ဝင်စားသူတွေနဲ့ ပြည်သူတွေကြား စိတ်အဝင်စားဆုံး
သတင်းတစ်ပုဒ်ကတော့ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က
ရိုက်တာ သတင်းဌာနကို ပြောလိုက်တဲ့ စကားပါ။
ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တဲ့ စကားကတော့ "ရွေးကောက်ပွဲကို သပိတ်မှောက်တာဟာ
အကောင်းဆုံး ရွေးချယ်မှုလို့ ကျွန်မတို့ မထင်ပါဘူး။ ဒါပေမဲ့ ဒါကို လုံးဝ ဘေးဖယ် မထားပါဘူး။
ရွေးချယ်နိုင်မယ့် နည်းလမ်း အားလုံးကို ကျွန်မတို့ လမ်းဖွင့်ထားပါတယ်" ဆိုပြီး ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြောဆိုလိုက်တဲ့ အဓိပ္ပာယ်ကတော့ လာမယ့် ရွေးကောက်ပွဲကို
သေချာပေါက် ၀င်ပြိုင်မယ် ဆိုတာမျိုးမဟုတ်ဘဲ သပိတ်မှောက်တာမျိုးလည်း ဖြစ်ကောင်း
ဖြစ်လာ နိုင်တယ်၊ အခြေအနေအပေါ် ကြည့်ပြီး သပိတ်မှောက်တာ၊ ရွေးကောက်ပွဲဝင်တာ
နည်းလမ်းအားလုံးအတွက် လမ်းဖွင့်ထားတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဒီလို စကားမျိုး ပြောရတာပါလဲ၊ သူ့ရဲ့ စိုးရိမ်ပူပန်မှုဟာ
ဘာဖြစ်မလဲ၊ ရှေ့ဆက် ဘာဖြစ်လာနိုင်မလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးကြည့်ရအောင်ပါ။
အဲဒီ သတင်းထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည် ပြောထားတာက သမ္မတ ဦးသိန်းစိန်အနေနဲ့
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အကြောင်းပြပြီး
ရွေးကောက်ပွဲ အချိန်ဆွဲဖို့ လုပ်ဆောင်လာနိုင်တဲ့အပေါ် စိုးရိမ်တယ် ဆိုပြီးဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာကြောင့် ဒီလို ခန့်မှန်းပြောဆိုရသလဲ ဆက်လေ့လာကြည့်ကြ
ရအောင်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်ဟာ လွှတ်တော်ဥက္ကဋ္ဌ၊
ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားရေးရာ
၀န်ကြီးတွေကို တွေ့ဆုံပြီး အစည်းအဝေး တစ်ရပ်ကျင်းပခဲ့ပါတယ်။
၄၈ ဦး တွေ့ဆုံဆွေးနွေးကြတဲ့ အဲဒီဆွေးနွေးပွဲမှာ သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့
ပတ်သက်ပြီး သူ့သဘောထားကို ခုလို ပြောဆိုခဲ့ပါတယ်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်သည် အခြေအနေ အချိန်အခါအလိုက် ပြင်ဆင်ရေးသားရမည်
ဟူသည့် မိမိ၏ ရပ်တည်ချက်ကို အစဉ်အမြဲ ဆုပ်ကိုင်ထားပါကြောင်း၊ တိုင်းရင်းသားများ
အစဉ်တစိုက် တောင်းဆိုလာခဲ့သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့်
အခြား လိုအပ်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စများကို ဆောင်ရွက်ရန် ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ပြင်ဆင်ရန် လုပ်ကိုင်ရမည် ဖြစ်ပါကြောင်း၊ ထိုသို့ လုပ်ဆောင်သည့် အခါတွင်
ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေခံသည့် နိုင်ငံရေး ဆွေးနွေးပွဲများမှ တစ်ဆင့် ပေါ်ထွက်လာမည့်
ရလဒ်များကို ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး နည်းလမ်းများနှင့်အညီ ပြင်ဆင် လုပ်ဆောင်သွားရမည်
ဖြစ်ပါကြောင်း။ ဆက်ပြီး "လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ
ပြင်ဆင်ရန် ဆောင်ရွက်ခြင်းသည် တရားဥပဒေ စိုးမိုးရေးကို ကျော်လွန် လုပ်ဆောင်သကဲ့သို့
ဖြစ်နိုင်ပါကြောင်း။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း ပြင်ဆင်၊
ဖြည့်စွက်၊ ရေးသားကြရမည် ဖြစ်ပါကြောင်း" ဆိုပြီး ပြောခဲ့ပါတယ်။
အခုဆိုရင် အစိုးရကိုယ်စားလှယ်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်တွေဟာ
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်ထဲ ထည့်သွင်းမယ့် အချက်အလက်တွေ အားလုံးကို
သဘောတူညီချက် ရခဲ့ပြီးပါပြီ။
ဒီအတွက် သိပ်မကြာခင် မေလ ၀န်းကျင်လောက်မှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် စာချုပ်ကြီး
လက်မှတ်ရေးထိုးနိုင်တော့မယ်လို့ မျှော်မှန်းနေကြပါတယ်။
ဒီအခါ သတ်မှတ်ကာလအတွင်း မူဘောင် ဆွေးနွေးပွဲလုပ်၊ သတ်မှတ်ကာလအတွင်း နိုင်ငံရေး
ဆွေးနွေးပွဲ စတင်နိုင်မယ်လို့ မျှော်မှန်းရပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ပြောဆိုချက်ဟာ အဲဒီ နိုင်ငံရေး ဆွေးနွေးပွဲကြီးပြီးမှ၊ နိုင်ငံရေးဆွေးနွေးပွဲက
ရလာတဲ့ ရလဒ်ကိုမှ ဖွဲ့စည်းပုံထဲမှာ ပြင်ဆိုတဲ့ သဘောဖြစ်ပါတယ်။
ဒါဟာ လွှတ်တော် နာယက သူရဦးရွှေမန်း တိုင်းပြည်ကို ကတိပေးထားတဲ့ လက်ရှိ
၁၂ ကြိမ်မြောက် လွှတ်တော် အစည်းအဝေးအတွင်း ဖွဲ့စည်းပုံကိုပြင်၊ မေလထဲမှာ လူထုဆန္ဒခံယူပွဲ
လုပ်ပြီး ဖွဲ့စည်းပုံ ပြင်ထားတာကို အတည်ပြုဆိုတာနဲ့ ကွဲလွဲ ဆန့်ကျင်နေတဲ့ သဘောသက်ရောက်
ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒီအချက်ကို စိုးရိမ်ပြီး ပြောဆိုခဲ့တာပါ။
ဒါနဲ့ ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်ချက် မှန်ကန်တယ်လို့ ပြောနိုင်ပါတယ်။
ဒါပေမဲ့လည်း ဖွဲ့စည်းပုံပြင်ဖို့ အချိန်ဆွဲတဲ့ ကိစ္စ၊ ရွေးကောက်ပွဲ ရွှေ့ဆိုင်းနိုင်တယ်လို့ စိုးရိမ်ရတဲ့ ကိစ္စ
သမ္မတ ဦးသိန်းစိန် တစ်ယောက်တည်းကို အပြစ်ပုံချတာမျိုးကတော့ သင့်တော်မှာ မဟုတ်ပါဘူး။
ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော် ဥက္ကဋ္ဌ နှစ်ယောက်ရဲ့ သဘောထားကလည်း
သမ္မတ ဦးသိန်းစိန် သဘောထားနဲ့ မကွာခြားပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ တုန်းက နေပြည်တော်ကို ရောက်လာတဲ့ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေဟာ သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပြင်
လွှတ်တော် ဥက္ကဋ္ဌ နှစ်ယောက်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။
လွှတ်တော် ဥက္ကဋ္ဌ နှစ်ယောက်နဲ့ တွေ့ဆုံပွဲမှာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က
ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ ပြင်ရေး အဆက်အစပ်ကို ခုလို ပြောဆိုခဲ့ပါတယ်။
သူက "လက်ရှိ လွှတ်တော်တွင် အရေးကြီးလုပ်ငန်းအဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်
ဆောင်ရွက်နေပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် ငြိမ်းချမ်းရေးအတွက်
အရေးကြီးပါကြောင်း၊ အပစ်အခတ် ရပ်စဲပါက နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ဆောင်သွားမည်
ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲမှ ပေါ်ထွက်လာသည့် အချက်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၌
ပြင်ဆင်ရမည် ဖြစ်ပါကြောင်း၊ အချို့အချက်များသည် လွှတ်တော်ကိုယ်စားလှယ်များ၏
၇၅ ရာခိုင်နှုန်းကျော် မဲဖြင့် ပြင်ဆင်ရမည် ဖြစ်ပြီး အချို့ အချက်များကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ
ပြုလုပ်ပြီးမှသာ ပြင်ဆင်ရမည် ဖြစ်ကြောင်း၊ တစ်ကြိမ်တည်း တစ်ခါတည်း ပြီးစီးသွားစေချင်သည့်
သဘောရှိပါကြောင်း"ဆိုပြီး ဖြစ်ပါတယ်။
ဒီအချက်ကို ကြည့်ရင် ဖွဲ့စည်းပုံ ပြင်ရေးကို အချိန်ဆွဲထားချင်သူဟာ သမ္မတ ဦးသိန်းစိန်
တစ်ယောက်တည်း မဟုတ်ပါဘူး။ လွှတ်တော် ဥက္ကဋ္ဌ နှစ်ယောက်ရော၊ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပါ ဒီသဘောအတိုင်း ရှိနေကြတာပါ။ တကယ်လို့
သူတို့အားလုံး ဖွဲ့စည်းပုံပြင်ရေး အချိန်ဆွဲနေရင် လာမယ့် ရွေးကောက်ပွဲကို ၂၀၀၈ ဖွဲ့စည်းပုံ
အတိုင်းပဲ ကျင်းပရမှာပါ။ ဒီအခါ ဘယ်လိုမှ မျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ပါဘူး။
ပုဒ်မ ၆၀(င) ပါ ပြဋ္ဌာန်းချက်အရ နိုင်ငံတော် သမ္မတ ရွေးချယ်ရာမှာ တပ်မတော်သား အမတ်
၂၅ ရာခိုင်နှုန်းကလည်း ပါ၀င်မဲပေးကြမှာပါ။ ဒီအခါ ရွေးကောက်ပွဲမှာ စစ်အာဏာရှင်ခေတ်
ပြည်ခိုင်ဖြိုးအသင်းကြီးက ပေါက်ဖွားလာတဲ့၊ စစ်ဗိုလ်ချုပ်ဟောင်းတွေက ဦးဆောင်တဲ့
ပြည်ခိုင်ဖြိုးလို ပါတီဟာ အမတ်နေရာ ၃၄ ရာခိုင်နှုန်းလောက် အနိုင်ရရုံနဲ့ တပ်မတော်သား
အမတ်တွေနဲ့ ပေါင်းပြီး သမ္မတ တစ်ယောက် ရွေးချယ်နိုင်၊ အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ်။
အင်န်အယ်လ်ဒီလို ပါတီမျိုးကတော့ အမတ်နေရာ ၅၀ ရာခိုင်နှုန်းကျော် ရွေးချယ်ခံရတဲ့တိုင်
ဘာမှ လုပ်လို့ မရပါဘူး။
၆၇ ရာခိုင်နှုန်းကျော် အနိုင်ရမှသာ သမ္မတ တစ်ယောက်ရွေးနိုင်၊ အစိုးရ ဖွဲ့နိုင်မှာ ဖြစ်ပါတယ်။
ဘယ်လိုမှ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ပါဘူး။
နောက်တစ်ချက်က ပုဒ်မ ၅၉(စ) ပါ။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရင်သွေးလည်းဖြစ်၊ နိုင်ငံသား တိုင်းရင်းသား
မိဘ နှစ်ပါးက မွေးဖွားတဲ့ နိုင်ငံသား တိုင်းရင်းသား တစ်ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို
ပုဂ္ဂိုလ်ကို သမ္မတ လုပ်ခွင့်မရအောင် တားမြစ်ထားတဲ့ ပုဒ်မပါ။
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်မပေးတဲ့ ဖွဲ့စည်းပုံကို အခြေခံပြီးကျင်းပတဲ့ ရွေးကောက်ပွဲ
ဆိုတာဟာလည်း တရားမျှတမှု ရှိမှာ မဟုတ်ပါဘူး။
အားလုံးကို ခြံုငုံသုံးသပ်လိုက်ရင် လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်
စိုးရိမ်ပူပန်နေတာဟာ အကျိုးအကြောင်း ခိုင်လုံပါကြောင်း၊ သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ
နှစ်ယောက်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ အားလုံး ပြည်သူတွေ လိုလားနေတဲ့
ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို အချိန်ဆွဲနေမယ်ဆိုရင် တိုင်းပြည်မှာ မမျှော်လင့်တဲ့ ပြဿနာ ပေါင်းစုံ
ဖြစ်ပေါ်လာနိုင်ပြီး တည်ငြိမ်အေးချမ်းမှုလည်း ပျက်ပြားသွားစရာ အကြောင်းရှိနေပါကြောင်း
သုံးသပ်တင်ပြလိုက်ရပါတယ်။
















