အမျိုးသားပညာရေးဥပဒေကို ချဉ်းကပ်ကြည့်ခြင်း (၁၄)

အမျိုးသားပညာရေးဥပဒေကို ချဉ်းကပ်ကြည့်ခြင်း (၁၄)

"ကျွန်တော် ရောက်ပါပြီဆရာ၊ ဒီနေ့ကျွန်တော် နည်းနည်းနောက်ကျသွားတယ်" "ရပါတယ်ကွာ၊ ငါလည်း မင်းမလာခင်မှာ ဒို့ဒီနေ့ ဆက်လက်ဆွေးနွေးမယ့် အကြောင်းအရာနဲ့ ပတ်သက်ပြီး ဆိုင်ရာစာအုပ်တချို့ကို ပြန်ဖတ်နေတာပါ"

"ကျွန်တော် ရောက်ပါပြီဆရာ၊ ဒီနေ့ကျွန်တော် နည်းနည်းနောက်ကျသွားတယ်"

"ရပါတယ်ကွာ၊ ငါလည်း မင်းမလာခင်မှာ ဒို့ဒီနေ့ ဆက်လက်ဆွေးနွေးမယ့် အကြောင်းအရာနဲ့
ပတ်သက်ပြီး ဆိုင်ရာစာအုပ်တချို့ကို ပြန်ဖတ်နေတာပါ"

"အမျိုးသားပညာရေးဥပဒေနဲ့ နောက် ဆက်တွဲ ပြဿနာများနဲ့ ပတ်သက်ပြီး ကျွန်တော်
ပြောစရာရှိတာကို ပြောပြီးပါပြီ ဆရာ၊ ဥပဒေကြောင်းနဲ့ ပတ်သက်ပြီး ဆရာ ပြောစရာရှိတာကို
ဆက်ပြောဖို့ပါ"

"ငါပြောချင်တာ သုံးလေးချက်လောက် ရှိပါတယ်၊ အဓိကကတော့ တက္ကသိုလ်တွေ
ဖွဲ့စည်းတည်ထောင်ရေးကိစ္စပေါ့ကွာ၊ ကျန်တဲ့ အချက်တွေကလည်း ဒီကိစ္စနဲ့ ဆက်စပ်ပေါ်ပေါက်တဲ့
အချက်တွေပါပဲ"

"ဟုတ်ကဲ့ပါဆရာ"

"အရင်အစိုးရလက်ထက်မှာ တက္ကသိုလ်၊ ကောလိပ်နဲ့ သိပ္ပံဆိုတာတွေ အားလုံးပေါင်းလိုက်ရင် ၆၀၊
ရ၀ လောက် ရှိမယ်ထင်တယ်ကွ၊ အမျိုးသားပညာရေးဥပဒေကို ပြဋ္ဌာန်းမယ်ဆိုတဲ့အခါကျတော့
ငါစိတ်ဝင်စားတဲ့၊ သိချင်တဲ့ အချက်က အဲဒီတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံတွေ ဘယ်လိုဆက်ပြီး
စခန်းသွားကြမလဲ ဆိုတာပဲ၊ ဒါပေမဲ့ ဥပဒေထွက် လာတဲ့ အခါကျတော့ အဲဒီကိစ္စက ပါမလာဘူး။

"တာဝန်ရှိသူတွေရဲ့ ရှင်းလင်းပြောဆိုချက်တွေအရဆိုရင်တော့ အခုပြဋ္ဌာန်းလိုက်တဲ့ အမျိုးသား
ပညာရေးဥပဒေဆိုတာက ပညာရေးကိစ္စအားလုံးကို လွှမ်းခြံုထားတဲ့ ဥပဒေဖြစ်ပြီး ဆက်စပ်
ဥပဒေများကို ဆက်လက် ပြဋ္ဌာန်းရဦးမယ်။ အခုဥပဒေက "mother law" (မိခင်ဥပဒေ)
သဘောသာဖြစ်တယ်လို့ နားလည်ထားတာပေါ့ကွာ"

"မှန်ပါတယ်ဆရာ"

" "mother law" လို့ ဆိုတဲ့အတွက် ငါ့အနေနဲ့ နားလည်ထားလိုက်တာက ဒီဥပဒေအရ
တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံတွေကို မွေးဖွားပေးမယ် (ဖွဲ့စည်းတည်ထောင်ပေးမယ်) လို့ပေါ့။
ဘာကြောင့်တုံးဆိုတာကို ဥပဒေအဖြစ် ပြောရမယ်ဆိုရင် ကုမ္ပဏီများအက်ဥပဒေက ကုမ္ပဏီ
ရာပေါင်းများစွာကို ပေါက်ဖွား (ဖွဲ့စည်း) ပေးနိုင်တယ်။ သမဝါယမအသင်းများ ဥပဒေကလည်း
သမဝါယမအသင်းပေါင်း ထောင်နဲ့ချီပြီး ပေါက်ဖွားပေးနိုင်တယ်၊ နိုင်ငံတော်ပိုင် စီးပွားရေး
ဥပဒေကလည်း နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ (အစိုးရ ကုမ္ပဏီများ) ကို ပေါက်ဖွားပေးနိုင်
တယ်။ ပညာရေးကိစ္စမှာဆိုရင်လည်း ရုပ်သိမ်းပြီး ဖြစ်တဲ့ ၁၉၆၄ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ
တက္ကသိုလ်ပညာရေးဥပဒေနဲ့ ယခု တည်ဆဲ ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ်
ပညာရေးဥပဒေတို့အရ အစိုးရက အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး တက္ကသိုလ်နဲ့ ကောလိပ်တွေကို
ဖွဲ့စည်းတည်ထောင် (မွေးဖွား) ပေးနိုင်တယ်။ တက္ကသိုလ် တစ်ခုစီအတွက် နောက်ထပ်သီးခြား
ဥပဒေ တစ်ခုစီကို ပြဋ္ဌာန်းပေးဖို့ မလိုတော့ဘူး"

"မှန်ပါတယ်ဆရာ"

"အခု အမျိုးသားပညာရေး ဥပဒေကတော့ အဲဒီလိုမျိုး မဟုတ်ဘူး၊ တက္ကသိုလ်၊ ကောလိပ်
စတာတွေကို တည်ထောင်ဖို့အတွက် သီးခြား ဥပဒေ(တွေ) ပြဋ္ဌာန်းပေးရဦးမယ့်သဘောကို
တွေ့ရတယ်ကွ"

"ကျွန်တော်လည်း အဲဒီလိုပဲ နားလည်ထား ပါတယ်ဆရာ"

"ခက်တာက လက်ရှိတက္ကသိုလ်အဆင့်ရှိတဲ့ ကျောင်းတွေက ၅၀ လောက်ရှိနေတာဆိုတော့
တက္ကသိုလ်တစ်ခုစီအတွက် ဥပဒေ တစ်ခုစီ ပြဋ္ဌာန်းဖွဲ့စည်းဖို့က မဖြစ်နိုင်ဘူးလို့ မဆိုနိုင်ပေမယ့်
အဲဒီလို လုပ်ဖို့ကတော့ မသင့်ဘူး မဟုတ်လား။ တက္ကသိုလ်တစ်ခု၊ နှစ်ခု လောက်ရှိတဲ့
အချိန်တုန်းကတော့ ရန်ကုန်တက္ကသိုလ် အက်ဥပဒေတို့ မန္တလေးတက္ကသိုလ် အက်ဥပဒေတို့ဆိုပြီး
လုပ်လို့ရတာပေါ့"

"မှန်ပါတယ် ဆရာ"

"ဒါကြောင့် ဒီဥပဒေဟာ "mother law" သဘောဖြစ်တယ်ဆိုပေမယ်လို့ တက္ကသိုလ်၊ ကောလိပ်
တွေကို ဆက်လက်ပေါက်ဖွားပေးနိုင်ခြင်း မရှိတဲ့အတွက် ဒီဥပဒေဟာ အမျိုးသား ပညာရေးဆိုင်ရာ
မူဝါဒကြေညာချက် သဘောသာ ဖြစ်တယ်။ ဒီထက်မပိုဘူး။ အဲဒီမူဝါဒတွေကို ဒီဥပဒေအရ
ဆက်လက် အကောင်အထည် မဖော်နိုင်သေးဘူးလို့ ငါပြောခဲ့တာဖြစ်တယ်။ အဲဒါကြောင့်
ဒီဥပဒေကို ကျောင်းသားတွေ သပိတ်မှောက်တယ်ဆိုတာ စောသေးတယ်၊ မှားတယ်။
ကျောင်းသားတွေ တောင်းဆိုချင်တဲ့ အချက်တွေကို ဆက်လက်ပြဋ္ဌာန်းဖို့ရှိတဲ့ ဥပဒေတွေမှာ
ထည့်ပေးဖို့သာ တောင်းဆိုသင့်တယ်လို့ ငါပြောခဲ့တာပေါ့"

"အခု အဲဒီဥပဒေပါ မူဝါဒအတိုင်း အကောင်အထည်ဖော်ဖို့အတွက် နောက်ဆက်တွဲ ဥပဒေ
(မူကြမ်း) တွေကို ရေးဆွဲနေပါပြီ ဆရာ၊ ဆရာပြောတဲ့ တက္ကသိုလ်၊ ကောလိပ်များ
ဖွဲ့စည်းတည်ထောင်ရေးအတွက် အဆင့်မြင့်ပညာရေးဥပဒေ (မူကြမ်း)ကို ရေးဆွဲထားတာကိုလည်း
တွေ့ရပါတယ်။ ကျွန်တော်ရရှိထားတဲ့ ဥပဒေ(မူကြမ်း)မှာ အခု ဆရာပြောတဲ့ကိစ္စကို ထည့်သွင်း
ထားပါတယ် ဆရာ"


"အဲဒီဥပဒေ (မူကြမ်း) မှာ ဘယ်လိုထည့်သွင်း ဖော်ပြထားသလဲ၊ ပြောပါဦး"

"အဆင့်မြင့်ပညာရေး ဥပဒေ(မူကြမ်း) မှာ ရေးထားတဲ့အတိုင်း ကျွန်တော် ဖတ်ပြပါမယ် ဆရာ၊
ဒီလိုပါ 'အဆင့်မြင့်ပညာပေါင်းစပ် ညှိနှိုင်းရေးကော်မတီနှင့် သက်ဆိုင်သော တက္ကသိုလ်များသည်
အမျိုးသားပညာရေး ဥပဒေ၊ ပုဒ်မ ၂၆ ပါ ပြဋ္ဌာန်းချက်နှင့်အညီ လွတ်လပ်သည့် သင်ကြားသင်ယူမှု
နှင့် လွတ်လပ်စွာ စီမံခန့်ခွဲရေး စနစ်ကို ကျင့်သုံး နိုင်ရန် မိမိတက္ကသိုလ် သဘောသဘာဝနှင့်
ကိုက်ညီသော တက္ကသိုလ် ပဋိညာဉ် စာတမ်းတစ်ခုကို ရေးဆွဲပြီး အမျိုးသားပညာရေး
ကော်မရှင်၏ အတည်ပြုချက်ဖြင့် ပြဋ္ဌာန်းရမည်'တဲ့ ဆရာ"

"ဟုတ်ပြီ၊ အဲဒီ 'တက္ကသိုလ်ပဋိညာဉ် စာတမ်း' ဆိုတဲ့ ဝေါဟာရကို သတင်းစာ၊ ဂျာနယ်တွေမှာ
တွေ့မိကတည်းက ဆောင်းပါး ရေးဖို့အကြောင်းအရာတစ်ခုအဖြစ် စိတ်ထဲမှာ ပေါ်လာခဲ့တယ်။
အမျိုးသားပညာရေး ဥပဒေမှာတော့ အဲဒီဝေါဟာရကို မတွေ့မိဘူး လို့ ထင်တယ်။ ငါမျက်စိ
လျှမ်းသွားတာလားတော့ မသိဘူး။ အမျိုးသားပညာရေးဥပဒေမှာ 'တက္ကသိုလ်ပဋိညာဉ် စာတမ်း'
ကိစ္စ မပါပေမယ်လို့ နောင်ရေးဆွဲပြဋ္ဌာန်းမယ့် 'အဆင့်မြင့် ပညာရေးဥပဒေ' ဆိုတာကလည်း
သီးခြားဥပဒေ တစ်ခုဆိုတော့ အဲဒီကိစ္စကို ထည့်သွင်းပြဋ္ဌာန်းလို့ ရပါတယ်။ ဆိုလိုတာက ဥပဒေမှာ
မပါတဲ့ အာဏာပေးမထားတဲ့ ကိစ္စဆိုရင် အဲဒီဥပဒေ အရ ပြုလုပ်တဲ့ နည်းဥပဒေ စတာတွေမှာမှ
ထည့်သွင်းပြဋ္ဌာန်းလို့ မရနိုင်ဘူး။ နည်းဥပဒေ လုပ်ထုံးလုပ်နည်း စတာတွေက ဥပဒေပြုအဖွဲ့ က
ပြဋ္ဌာန်းတာတွေ မဟုတ်လို့ပဲ"

"မှန်ပါတယ် ဆရာ"

"ဒါပေမယ့်လို့ 'ပဋိညာဉ်စာတမ်း' ဆိုတဲ့ မြန်မာဘာသာ ဝေါဟာရရဲ့ အရင်းအမြစ်နဲ့ အဓိပ္ပာယ်က
ဘာလဲဆိုတာနဲ့ အခုကိစ္စမှာ အဲဒီ ဝေါဟာရကို သုံးစွဲထားတာ မှန် မမှန်ဆိုတာ တွေကိုတော့
စိစစ်ကြည့်ဖို့ လိုတာပေါ့"

"ဟုတ်ကဲ့ပါဆရာ"

"ပထမ ဒီဝေါဟာရရဲ့ အရင်းအမြစ်နဲ့ အဓိပ္ပာယ်ကို ရှာကြည့်ရအောင်။ အမှန်မှာတော့ ဒီဝေါဟာရက
မြန်မာဘာသာ ဝေါဟာရ စစ်စစ်တော့ မဟုတ်ဘူး။ ပါဠိဘာသာ ဝေါဟာရဖြစ်တဲ့ ပဋိညာက
ဆင်းသက်လာ တာဖြစ်ပြီး '၀န်ခံခြင်း၊ ကတိပြုခြင်း' လို့ အဓိပ္ပာယ်ရကြောင်း မြန်မာစာအဖွဲ့က
ထုတ် ဝေထားတဲ့ 'မြန်မာအဘိဓာန်' မှာ ဖော်ပြထားတယ်။ အဲဒီလိုဆိုတော့ 'တက္ကသိုလ်
ပဋိညာဉ်စာတမ်း' ဆိုတာ တက္ကသိုလ်တစ်ခုရဲ့ '၀န်ခံချက်' သို့မဟုတ် 'ကတိပြုချက်' ဖြစ်တယ်လို့
အဓိပ္ပာယ် ထွက်မနေဘူးလား"

"မှန်ပါတယ်ဆရာ"

"အမှန်ကတော့ 'တက္ကသိုလ်ပဋိညာဉ် စာတမ်း' ဆိုပြီး သုံးစွဲထားတဲ့ စာတမ်းက တက္ကသိုလ်တစ်ခု
ကို ဖွဲ့စည်းတည်ထောင်ရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ရေး၊
ဘွဲ့နှင်းအပ်ရေး၊ သင်ကြားရေး၊ သုတေသနပြုရေး စတဲ့တက္ကသိုလ်တစ်ခုက ဆောင်ရွက်ရမယ့်
ကိစ္စအားလုံးအတွက် စည်းမျဉ်း စည်းကမ်းတွေကို ချမှတ်ပေးတဲ့ စာရွက်စာတမ်းကို ဆိုလိုတာ
ဖြစ်တယ်။ အဲဒီ ကိစ္စအားလုံးကို ခြံုမိငုံမိအောင် ဖော်ပြနိုင်တဲ့ မြန်မာဘာသာ ဝေါဟာရကတော့
'တက္ကသိုလ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းဥပဒေ' ဆိုတဲ့ ဝေါဟာရပေါ့၊ အင်္ဂလိပ်ဘာသာနဲ့
ဆိုရင်တော့ "The Constitution of a University" လို့ ဖြစ်မှာပေါ့"

"ဟုတ်ကဲ့ပါဆရာ"

"ဒီတော့ အခုတက္ကသိုလ် ဖွဲ့စည်းတည် ထောင်ရေးကိစ္စမှာ သုံးစွဲထားတဲ့ 'ပဋိညာဉ် စာတမ်း'
ဆိုတာက 'ပဋိညာဉ်' ဆိုတဲ့ စကားလုံးရဲ့ မူလအဓိပ္ပာယ်အရ 'တက္ကသိုလ်ရဲ့ ၀န်ခံချက်/
ကတိပြုချက်' ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်နေတဲ့အတွက် တက္ကသိုလ် ဖွဲ့စည်း တည်ထောင်ရေး
ကိစ္စနဲ့ ဘယ်လိုမှ ဆက်စပ်လို့မရနိုင်ဘူး။ ဆိုလိုတာက တက္ကသိုလ်တစ်ခုကို ဖွဲ့စည်း
တည်ထောင်ရေး၊ အုပ်ချုပ်ရေး ကိစ္စအတွက် 'တက္ကသိုလ် ပဋိညာဉ်စာတမ်း' ဆိုပြီး
သုံးစွဲထားတာဟာ မြန်မာဘာသာ ဝေါဟာရရဲ့ အဓိပ္ပာယ်အရ လုံးဝမှားယွင်းနေတာကို
တွေ့ရတယ်"

"ဒီလိုဆိုရင် 'တက္ကသိုလ်ပဋိညာဉ်စာတမ်း' ဆိုပြီး ဘာလို့ သုံးစွဲရတာလဲ ဆရာ၊ ပညာရှင်တွေက
သုံးစွဲထားတာဆိုတော့ အကြောင်းမဲ့တော့ မဟုတ်လောက်ဘူးလို့ ထင်ပါတယ် ဆရာ"

"မင်းက ပညာရှင်ဆိုတဲ့ စကားလုံးသုံး လိုက်တော့ ဆက်ပြောဖို့တောင် ခပ်လန့်လန့်
ဖြစ်သွားပြီကွ..."

"အခု ဥပဒေကြမ်းကို ရေးဆွဲသူတွေက တက္ကသိုလ်က ပညာရှင်တွေ ဖြစ်နေလို့ ပြောရတာပါ
ဆရာ"

"ဒီလိုဆိုတော့ "with due respect" ထိုက်သင့်တဲ့ ဂါရဝတရားနဲ့ ပြောရမယ်ဆိုရင် 'တက္ကသိုလ်
ပဋိညာဉ်စာတမ်း' လို့ သုံးစွဲထားတာ ဘာသာပြန်ဆိုရာမှာ အံချော်မှု ဖြစ်သွားတယ်လို့ပဲ
ပြောရမှာပေါ့ကွာ။ ဘာကြောင့်လဲဆိုတော့ 'တက္ကသိုလ်ပဋိညာဉ်စာတမ်း' ဆိုတာ
အင်္ဂလိပ်ဝေါဟာရဖြစ်တဲ့ "charter" ကို မြန်မာဘာသာပြန်ထားတဲ့ ဝေါဟာရဖြစ်လို့ပဲ"

"ဟုတ်ကဲ့ ရှင်းပြပါဦးဆရာ"


"ရှင်းပြပါဆိုတော့ အဘိဓာန်တွေကိုပဲ ကိုးကားပြီး ပြောရမှာပေါ့ကွာ၊ အခု ငါ့မှာရှိနေတဲ့
အင်္ဂလိပ်အဘိဓာန် လေးအုပ်နဲ့ အင်္ဂလိပ် ဥပဒေ အဘိဓာန် သုံးအုပ်မှာပါရှိတဲ့ "charter" ရဲ့
အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို တစ်ခုစီ ဖော်ပြဖို့ အခြေအနေမပေးတဲ့အတွက် မဖော်ပြနိုင်တော့ဘူး။
"ဒီအဘိဓာန်တွေမှာ "charter" ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေက စကားလုံး အသုံးအနှုန်း
အနည်းငယ် ကွဲပြားပေမယ်လို့ အဓိပ္ပာယ် အားဖြင့် တူညီတဲ့ ဆိုလိုရင်းအချက်ကိုပဲ 'လိုရင်းတိုရှင်း'
သဘောနဲ့ ပြောရတော့မယ်"

"ဟုတ်ကဲ့ပါဆရာ"

" "charter" ဆိုတဲ့ ဝေါဟာရမှာ အဓိပ္ပာယ် နှစ်မျိုးရှိတာကို တွေ့ရတယ်။ ပထမတစ်မျိုးက 'ဘုရင်၊
သို့မဟုတ် နိုင်ငံအကြီးအကဲ၊ သို့မဟုတ် အစိုးရက လူတစ်စု၊ မြို့တစ်မြို့၊ ကိုလိုနီနယ်မြေတစ်ခု၊
ကုမ္ပဏီတစ်ခု၊ အသင်း အဖွဲ့တစ်ခု၊ သို့မဟုတ် တက္ကသိုလ်တစ်ခုအား ရပိုင်ခွင့်များ၊
အထူးအခွင့်အရေးများ၊ အခွင့်အာဏာများကို အပ်နှင်းသည့် အမိန့်စာ' ဖြစ်တယ်။

"တချို့ အဘိဓာန်တွေမှ "charter" နဲ့ အဓိပ္ပာယ်တူဝေါဟာရ (Synonym အဖြစ် "constitution"
(ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်း ဥပဒေ) ဆိုပြီး ဖော်ပြတာလည်း ရှိတယ်" "charter" ရဲ့
နောက်အဓိပ္ပာယ်တစ်ခုကတော့ သင်္ဘော၊ လေယာဉ် စတာတွေကို စင်းလုံးငှားတဲ့ အခါမှာ
ချုပ်ဆိုတဲ့ ပဋိညာဉ်စာချုပ်ကိုလည်း "charter" လို့ခေါ်တယ်။ နိုင်ငံအများ ပါ၀င်ချုပ်ဆိုထားတဲ့
စာချုပ်တစ်မျိုးကိုလည်း "charter" လို့ခေါ်သေးတယ်။ ဥပမာ "UN charter" "ASEAN Charter"
ဆိုတာမျိုးတွေပေါ့၊ အဲဒါတွေကို 'ကုလသမဂ္ဂပဋိညာဉ် စာတမ်း'၊ 'အာဆီယံ ပဋိညာဉ်စာတမ်း'
ဆိုပြီး မြန်မာလို သုံးစွဲနေကြတာပေါ့"

"ဒါဆို 'တက္ကသိုလ်ပဋိညာဉ်စာတမ်း' ဆိုတာ "charter" ရဲ့ ပထမအဓိပ္ပာယ်ကို မယူဘဲ ဒုတိယ
အဓိပ္ပာယ်ကို ယူလိုက်တဲ့သဘော ဖြစ်နေတာပေါ့ဆရာ"

"အဲဒါကြောင့် ဘာသာပြန်တာ အံ့ချော်သွားတာဖြစ်တယ်လို့ ငါပြောခဲ့တာပေါ့။ 'တက္ကသိုလ်
ပဋိညာဉ်စာတမ်း' ဆိုတာက လူနှစ်ဦး၊ သို့မဟုတ် လူအများ ပါ၀င်လက်မှတ် ရေးထိုးချုပ်ဆိုတဲ့
ပဋိညာဉ်စာချုပ်မှ မဟုတ်တာ။ "charter" ဆိုတာက တက္ကသိုလ်ကို ဖွဲ့စည်းတည်ထောင်တဲ့
နိုင်ငံအကြီးအကဲ၊ သို့မဟုတ် အစိုးရရဲ့ အမိန့်ပဲ၊ အဲဒီအမိန့် ဆိုတာကလည်း သဘောအဓိပ္ပယ်အရ
ဆိုရင်တော့ တက္ကသိုလ်ကို တည်ထောင်ပြီးတဲ့အခါ သက်ဆိုင်သူအားလုံး လိုက်နာရမယ့်
'တက္ကသိုလ်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းဥပဒေ' သဘောပဲ ဒီစနစ်က အင်္ဂလိပ်အုပ်ချုပ်ရေး
စနစ်က ဆင်းသက်လာတာဆိုတော့ အင်္ဂလိပ်တက္ကသိုလ်တွေနဲ့ အင်္ဂလိပ် ကိုလိုနီ နိုင်ငံတွေမှာ
တည်ထောင်ခဲ့တဲ့ တက္ကသိုလ်တွေ ဖွဲ့စည်းတည်ထောင်ပုံကို နမူနာအဖြစ်နဲ့ ကြည့်ကြရအောင်"

"ဟုတ်ကဲ့ပါဆရာ"

"အင်္ဂလန်နိုင်ငံမှာ ရှေးအကျဆုံးဖြစ်တဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်တို့ ကင်းဘရစ်ချ် တက္ကသိုလ်တို့ကို
တည်ထောင်ခဲ့တဲ့ အချိန်တုန်းကတော့ တက္ကသိုလ်ဥပဒေတို့၊ ပညာရေး ဥပဒေတို့ဆိုတာ
ဘယ်ရှိမှာလဲ၊ နောက်ပြီး တက္ကသိုလ်တွေကလည်း ပုဂ္ဂလိက အဖွဲ့ အစည်းအဖြစ် တည်ထောင်တဲ့
တက္ကသိုလ်တွေဆိုတော့ ဥပဒေအာနိသင်ရှိဖို့ ဥပဒေအရ အကာအကွယ်ရရှိဖို့ အခွင့်အရေးတွေ
ရပိုင်ခွင့်တွေ ရှိဖို့အတွက် အင်္ဂလန်နိုင်ငံရဲ့ အုပ်ချုပ်ပုံစနစ်အရ နိုင်ငံအုပ်ချုပ်သူ/နိုင်ငံအကြီးအကဲ
ဖြစ်တဲ့ ဘုရင်/ဘုရင်မထံ လျှောက်လွှာ တင်ပြီး ဖွဲ့စည်းကြရတာပဲ၊ ဥပမာ - ၁၈ ရာစု
အကုန်လောက်မှာ တည်ထောင်ခဲ့တဲ့ "University of Birmingham" ကို အဲဒီလို အမိန့်
(Charter) နဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တာပဲ။

"ကုမ္ပဏီဥပဒေကို မပြဋ္ဌာန်းမီခေတ်က ဆိုရင်လည်း ကုမ္ပဏီတွေကို အဲဒီလိုပဲ ဘုရင်/ ဘုရင်မ
အမိန့်နဲ့ ဖွဲ့ခဲ့ရတာပဲ၊ သမိုင်းမှာ ထင်ရှားခဲ့တဲ့ 'အရှေ့အိန္ဒိယကုမ္ပဏီ' ဆိုတာကိုလည်း ဘုရင်/ဘုရင်မ
ရဲ့ အမိန့်နဲ့ ဖွဲ့စည်းခဲ့တာပဲ။ အဲဒီလို ဘုရင်/ဘုရင်မက တက္ကသိုလ်တွေ၊ ကုမ္ပဏီတွေ ဖွဲ့စည်းပေးတဲ့
အမိန့်ကို ဓခ့မေအနမဓ လို့ခေါ်ပြီး၊ အဲဒီအမိန့်မျိုး နဲ့ ဖွဲ့စည်းထားတဲ့ တက္ကသိုလ်တွေ၊
ကုမ္ပဏီတွေကိုလည်း "chartered University" "chartered Company" လို့ ခေါ်ကြတာပေါ့"

"ဟုတ်ကဲ့ပါဆရာ"

"အရင်တုန်းက ဗြိတိသျှကိုလိုနီတစ်ခု ဖြစ်ခဲ့တဲ့ မက်ဆာချူးဆက်ပြည်နယ်မှာ တည်ထောင်ထားတဲ့
'ဟားဘဒ်တက္ကသိုလ်' ကတော့ ယခု အမေရိကန်ပြည်ထောင်စုမှာ ရှေးအကျဆုံး တက္ကသိုလ်ဖြစ်ပြီး
၁၆၃၆ ခုနှစ်မှာ ဗြိတိသျှ ကိုလိုနီတရားရုံးရဲ့ အမိန့်နဲ့ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၁၆၅၀ ပြည့်နှစ်
မှာမှ 'ဟားဘဒ် ကော်ပိုရေးရှင်း' အမည်နဲ့ ကုမ္ပဏီအသင်း အဖွဲ့တစ်ခုအဖြစ် ပြောင်းလဲခဲ့တာပါ။
အဲဒီလို ဖွဲ့စည်းတဲ့ အမိန့်ကိုလည်း "charter" လို့ ခေါ်တာပါပဲ။

"ဟုတ်ကဲ့ပါဆရာ"

"၁၉ ရာစုလောက်ကျတော့ သက်ဆိုင်ရာ ဥပဒေပြုအဖွဲ့က ပြဋ္ဌာန်းတဲ့ ဥပဒေအရ တက္ကသိုလ်
တွေကို တည်ထောင်လာကြတယ်။ "Cornel University, New York University,
Pennsylvania University" စတာတွေကလည်း ဥပဒေပြုအဖွဲ့ရဲ့ ဥပဒေပြဋ္ဌာန်းချက်နဲ့
တည်ထောင်ခဲ့တဲ့ တက္ကသိုလ်တွေပါပဲ၊ ယခင်ရှိခဲ့တဲ့ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်
တို့ဟာလည်း ဥပဒေပြဋ္ဌာန်းချက်နဲ့ တည်ထောင်ခဲ့တဲ့ တက္ကသိုလ်တွေပဲပေါ့"

"ဟုတ်ကဲ့ပါဆရာ"

"ဒီမှာပြောလိုတဲ့ အချက်တစ်ခုကတော့ တက္ကသိုလ်တစ်ခုကို တည်ထောင်ရာမှာ
နိုင်ငံအကြီးအကဲရဲ့ အမိန့်နဲ့ တည်ထောင်တာပဲ ဖြစ်ဖြစ်၊ ဥပဒေပြုအဖွဲ့က ပြဋ္ဌာန်းတဲ့ အမိန့်အရ
တည်ထောင်တာပဲဖြစ်ဖြစ် အဲဒီတက္ကသိုလ်ကို အုပ်ချုပ်ဖို့ စည်းမျဉ်းစည်းကမ်းတွေပါတဲ့
စာရွက်စာတမ်းကိုတော့ "charter" လို့ပဲ ခေါ် ကြတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒီတော့
မြန်မာနိုင်ငံမှာ တက္ကသိုလ်တွေကို တည်ထောင်တဲ့ ကိစ္စမှာလည်း အဲဒီလို တည်ထောင်တဲ့
အမိန့်/အမိန့်ကြော်ငြာစာ၊ သို့မဟုတ် ဥပဒေကို 'တက္ကသိုလ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်း
ဥပဒေ'လို့ မြန်မာလို ခေါ်တွင်ပြီး အင်္ဂလိပ်ဘာသာနဲ့ဆိုရင်တော့ "charter" လို့ သုံးစွဲသင့်ကြောင်း
သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြံပြုလိုပါတယ်"

"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ဆရာ"



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021