ပြီးခဲ့တဲ့ သင်္ကြန်ကာလ မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်က ပြည်သူ တချို့ဟာ သူတို့ဖာသာ သူတို့ အသစ်တွေ့ထားတဲ့ ကဗျာဝဆိုတဲ့ ပင်လယ်ကမ်းခြေကို သွားရောက် လည်ပတ်ကြပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်ကာလ မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်က ပြည်သူ
တချို့ဟာ သူတို့ဖာသာ သူတို့ အသစ်တွေ့ထားတဲ့ ကဗျာဝဆိုတဲ့ ပင်လယ်ကမ်းခြေကို
သွားရောက် လည်ပတ်ကြပါတယ်။
အလားတူ တနင်္သာရီတိုင်း ထားဝယ်မြို့မှာဆိုရင်လည်း အထင်ကရ မောင်းမကန် ကမ်းခြေကို
သွားရောက် လည်ပတ်သူ များပြားခဲ့ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံသားတွေ၊ တခြားကမ္ဘာလှည့်
ခရီးသည်တွေတောင် ပါ၀င်ခဲ့ပါတယ်။
မောင်းမကန် ကမ်းခြေက တစ်ခုတည်းသော မောင်းမကန်ကမ်းခြေ ရီဆော့ဆိုရင် မတ်လ
ကတည်းက သင်္ကြန်အတွက် အခန်းမှာယူသူတွေ ပြည့်နှက်သွားခဲ့ပြီး ဈေးနှုန်းကလည်း
၅၀ ရာခိုင်နှုန်းလောက် မြှင့်တင်ထားတာ တွေ့ကြရပါတယ်။
ဒါတွေက စီးပွားရေးအရ ဖွံ့ဖြိုးဖို့ အလားအလာ ရှိနေတဲ့ ကမ်းခြေတွေထဲက နှစ်ခုပါ။
မြန်မာနိုင်ငံမှာ မဖော်ထုတ်ရသေးတဲ့ သာယာလှပတဲ့ ပင်လယ်ကမ်းခြေတွေ အများအပြား
ရှိနေပါသေးတယ်။
ဒီလိုပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတွေ စနစ်တကျဖွံ့ဖြိုးလာဖို့ ဘာတွေ လိုမလဲ၊
ကမ်းခြေအပန်းဖြေ စခန်းကရလာမယ့် အကျိုးအမြတ်တွေကို ဒေသခံတွေပါ ခံစားလာရအောင်
ဘယ်လို တည်ဆောက်သင့်သလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်ကနေ ၁၆ မိုင် ခရီးလောက် သွားရတဲ့ ခေါဇာကျေးရွာက
ကဗျာဝကမ်းခြေဆို အခုမှ ရှာဖွေတွေ့ရှိ ကြတာဖြစ်ပါတယ်။
သာယာလှပ ကျယ်ပြန့်တဲ့ ကမ်းခြေဖြစ်ပေမယ့် ခရီးလမ်းပန်း ဆက်သွယ်ရေးကြောင့်
ပြည်သူတွေ မသွားနိုင်ကြတာပါ။
အခုဆိုရင် လှပတဲ့ ကမ်းခြေ တစ်ခုအဖြစ် နာမည်ထွက်စပြုလာပေမယ့် ပုံမှန်ဘတ်စ်ကားခရီးစဉ်
တွေ မရှိသေးသလို၊ တည်းခိုခန်းမရှိ၊ စားသောက်ဆိုင်တွေတောင် မရှိသေးပါဘူး။
ဒါပေမဲ့ ဖွံ့ဖြိုးလာမယ့် အရေးကို မျှော်တွေးပြီး မြေကွက်လာရှာသူ လာဝယ်သူတွေတော့
ရှိနေနှင့်ပါပြီ။
တနင်္သာရီတိုင်းက မောင်းမကန်ကမ်းခြေ ကတော့ နာမည်ကြီးတာ ကြာပေမယ့် ရန်ကုန်ကနေ
သွားလာရ ခက်ခဲတာ၊ နိုင်ငံခြားသားတွေ အရောက်အပေါက် နည်းတာတွေကြောင့်
ဒေသခံတွေ သွားရောက် အပန်းဖြေတဲ့ နေရာလေးပဲ ဖြစ်ခဲ့တာပါ။
အရင်တုန်းက ဟိုတယ်ကြီးတွေ၊ တည်းခိုခန်းကြီးတွေ မရှိခဲ့ပဲ သိပ်မကြာသေးခင် ကာလကမှ
ကမ်းခြေ တစ်ဖက်စွန်းမှာ မောင်းမကန် ကမ်းခြေ ရီဆော့ကို တည်ဆောက်နိုင်ခဲ့ပြီး အခြား
တစ်ဖက်ခြမ်းမှာတော့ ဟိုတယ်သစ်တစ်လုံး တည်ဆောက်နေဆဲ ဖြစ်တာ တွေ့ရပါတယ်။
ပင်မအပန်းဖြေကမ်းခြေဧရိယာ ပင်လယ်ကဗွီးပင်တွေ ကြားမှာတော့ ယာယီဆိုင်တွေနဲ့ ယာယီ
အပန်းဖြေ တဲတွေလောက်ပဲ ရှိနေသေးတာပါ။
အခုဆိုရင် ထားဝယ် ထီးခီးနယ်စပ် ဂိတ်ကနေ ထိုင်းနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေ
၀င်ရောက် လည်ပတ်ခွင့်ရလာလို့ မောင်းမကန် ကမ်းခြေကိုလည်း လာရောက် လည်ပတ်စ
ပြုတာ တွေ့နေရပါပြီ။
ဒီကမ်းခြေဟာဖွံ့ဖြိုးဖို့ အားယူနေတဲ့ ကမ်းခြေလို့ ဆိုရင်လည်း မမှားပါဘူး။
ဒီလို ကမ်းခြေတွေဖွံ့ဖြိုးတိုးတက်လာဖို့ဆိုရင် အစိုးရဘက်က လိုအပ်တဲ့ ပံ့ပိုးမှုတွေ လုပ်ပေးရမှာ
ဖြစ်သလို၊ ကမ်းခြေ စီးပွားရေးကရလာတဲ့ အကျိုးအမြတ်ကို လူအများစုကြီး၊ အထူးသဖြင့်
ဒေသခံတွေ ခွဲဝေခံစားနိုင်အောင် စနစ်တကျ တည်ဆောက်ပေးဖို့ လိုပါတယ်။
နဂိုရှိနေနှင့်ပြီးဖြစ်တဲ့ ဧရာဝတီတိုင်းက ငွေဆောင်နဲ့ ချောင်းသာ ကမ်းခြေလို မှားယွင်းတဲ့
တည်ဆောက်မှုမျိုး၊ မှားယွင်းတဲ့ စီမံခန့်ခွဲမှုပုံစံမျိုး မဖြစ်ဖို့ လိုပါတယ်။
သာယာလှပတဲ့ ချောင်းသာနဲ့ငွေဆောင် ကမ်းခြေနှစ်ခု တည်ဆောက်စဉ်တုန်းက
အရင်စစ်အစိုးရဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကမ်းခြေက အုန်းခြံတွေသိမ်း၊ လျော်ကြေး
မဆိုသလောက်ပေးပြီး သူတို့နဲ့ ရင်းနှီးတဲ့ ခရိုနီတစ်စုကို ဟိုတယ် ဆောက်လုပ်ခွင့်
မြေနေရာတွေ ချထားပေးခဲ့ပါတယ်။
အဆိုးရွားဆုံး မှားယွင်းမှုကတော့ ဟိုတယ်ဧရိယာကို ပြည်သူတွေ အပန်းဖြေအနားယူမယ့်
ပင်လယ်ကမ်းစပ် တစ်လျှောက်မှာပဲ ခွဲစိတ် နေရာချထားပေးခဲ့တာကြောင့် အဲဒီ ကမ်းခြေနှစ်ခု
စလုံးဟာ အများပြည်သူ ပိုင်ဆိုင် အနားယူ၊ အပန်းဖြေနိုင်တဲ့ ကမ်းခြေတွေ ဖြစ်မလာပဲ
ခရိုနီ ဟိုတယ်ပိုင်ရှင်တွေ ပိုင်တဲ့ ကမ်းခြေဖြစ်သွားခြင်းပါပဲ။
ဟိုတယ်တွေ အားလုံး တကယ့် ပင်မကမ်းခြေကို ပိတ်ဆို့ပြီး ဆောက်လိုက်တဲ့အတွက်
အပန်းဖြေ ပြည်သူတွေ လွတ်လွတ်လပ်လပ် အပန်းဖြေနိုင်မယ့် ဧရိယာမရှိသလောက်
ဖြစ်သွားစေပါတယ်။
ကမ်းခြေဆင်းတဲ့ လမ်းအားလုံး ဟိုတယ်တွေက ၀င်းခြံတွေခတ် ကာရံလိုက်တဲ့အတွက်
ပြည်သူတွေအခက်အခဲ တွေ့သွားစေပါတော့တယ်။
တကယ်တော့ နိုင်ငံတကာ တိုင်းပြည် အများစုမှာ ပင်လယ်ကမ်းခြေအပန်းဖြေစခန်း
တည်ဆောက်တော့မယ်ဆိုရင် ကမ်းခြေတစ်လျှောက် ဆက်သွယ်ရေး ကားလမ်းတစ်ခု
ဖောက်ပါတယ်။
အဲဒီ ကားလမ်းနဲ့ ကမ်းခြေအကြား ဘာအဆောက်အအုံ၊ ဘာဟိုတယ်မှ ဆောက်ခွင့်မပြုပါဘူး။
ပြည်သူတွေ အပန်းဖြေဖို့ ဧရိယာအဖြစ် သတ်မှတ်ပြီး ယာယီ တဲတွေလောက် ထိုးခွင့်ပြုသလို၊
ရွေ့လျား ဆိုင်ခန်းတွေလောက်ပဲ ဈေးရောင်းခွင့်ပြုတာမျိုးဖြစ်ပါတယ်။
ဟော်တယ်ဆောက် လိုသူတွေဟာ ကားလမ်းအထက်ကုန်းတွင်းပိုင်းတွေမှာ ဖြစ်စေ၊ မြို့ထဲမှာ
ဖြစ်စေ၊ ကမ်းခြေရဲ့ တစ်ဖက်တစ်ချက် ပြည်သူ အပန်းဖြေ ဧရိယာနဲ့ မနီးတဲ့ နေရာတွေမှာသာ
ဖြစ်စေ တည်ဆောက်ခွင့် ရကြပါတယ်။
ဒါ့ပြင် ကမ်းခြေတစ်လျှောက် ရွေ့ လျားဈေးရောင်းတာ၊ အသက်ကယ်ဘော ငှားတာလို
၀န်ဆောင်မှု လုပ်ငန်းလုပ်တာမျိုးတွေကိုတော့ ဒေသခံ ပြည်သူတွေကို လုပ်ကိုင်ခွင့်ပြုလေ့
ရှိပါတယ်။
အခု ငွေဆောင်၊ ချောင်းသာမှာတော့ ကမ်းခြေအားလုံး လက်တဆုတ်စာ ဟော်တယ်ပိုင်ရှင်
တွေကို ပိတ်ပြီး စီးပွားရှာခွင့် ပေးလိုက်သလို ဖြစ်နေတဲ့အပြင် ရွေ့လျား ဈေးရောင်းတဲ့ ဈေးသည်
တွေကိုလည်း ရဲတွေက အကြမ်းဖက် ဖမ်းဆီးဖယ်ရှားသည်အထိ လုပ်ကိုင်တာ
တွေ့ကြရပါတယ်။
အာဏာပိုင်တွေဟာ ကမ်းခြေကနေ ပေါ်ပေါက်လာတဲ့ စီးပွားရေး အခွင့်အလမ်းတွေကို
လက်တဆုတ်စာ ဟိုတယ် ပိုင်ရှင်တွေနဲ့ သယ်ယူပို့ဆောင်ရေး ကားလိုင်း လုပ်သူတွေလောက်
ကိုပဲ ခံစား ခွင့်ပြုတဲ့သဘော သက်ရောက်နေပါတယ်။
အလွန်မှားယွင်းတဲ့ စီမံခန့်ခွဲမှုမျိုးပါ။
ဒါတင်မက အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အဲဒီဟိုတယ်ပိုင်ရှင်တွေရဲ့ အကျိုးစီးပွားကို
ကာကွယ်ပေးတဲ့အပြင် ဒေသခံ ဈေးသည်တွေကိုပါ ၀မ်းစာရှာမရအောင် နှိပ်ကွပ်မှုတွေ
လုပ်ခဲ့ပါသေးတယ်။
အခုပေါ်ပေါက်လာတဲ့ ကဗျာဝကမ်းခြေ၊ စည်ကားဖွံ့ဖြိုးဖို့ တာစူနေတဲ့ မောင်းမကန် ကမ်းခြေနဲ့
အခြားပေါ်ပေါက်လာမယ့် ကမ်းခြေ အပန်းဖြေစခန်းတွေ တည်ဆောက်ဖို့ဆိုရင် ချောင်းသာ၊
ငွေဆောင်လို မဖြစ်အောင် အကောင်အထည်ဖော်ဖို့ လိုပါတယ်။
နိုင်ငံတကာ နည်းတူ ဖြစ်လာအောင်၊ ကမ်းခြေ စီးပွားရေးကနေ ဒေသခံတွေအပါအဝင်
ပြည်သူအများစု အကျိုးအမြတ်ရအောင် စီမံပေးဖို့ လိုပါတယ်။
အဓိကကတော့ တကယ့်ပင်မအပန်းဖြေ ကမ်းခြေတစ်လျှောက် ဘယ်ဟိုတယ်ကိုမှ
နေရာချမပေးဖို့ပါ။
မောင်းမကန်မှာဆိုရင် ကမ်းခြေတစ်လျှောက် ကားလမ်းရှိပြီးဖြစ်လို့ ဟိုတယ်တွေ နေရာချပေးရင်
အဲဒီကားလမ်းရဲ့ ကုန်းတွင်းပိုင်းမှာပဲ နေရာချထားပေးရမှာ ဖြစ်ပါတယ်။
နောက်တစ်ချက်က လမ်းပန်းဆက်သွယ်ရေးပါ။
ပြည်သူတွေရော၊ နိုင်ငံခြားသားတွေပါ လာရောက် အပန်းဖြေနိုင်အောင် လမ်းပန်းဆက်သွယ်မှု
အဆင်ပြေအောင်၊ လေကြောင်း၊ ရေကြောင်း၊ ကားလမ်း အဆင်ပြေအောင် စီစဉ်ပေးရပါလိမ့်
မယ်။
နောက်တစ်ခု လျှပ်စစ်မီးပါ။
ကမ်းခြေတွေကို လျှပ်စစ်မီးရအောင် မဆောင်ကျဉ်းပေးလို့ ငွေဆောင်ရော၊ ချောင်းသာကမ်းခြေ
နှစ်ခုစလုံးက ဟိုတယ်အခန်းတွေ ဈေးအလွန်ကြီးမြင့်ပြီး၊ အဲဒီဒဏ် ပြည်သူတွေကပဲ ခံရတာ
ဖြစ်ပါတယ်။
အထူးသဖြင့် ဒေသတစ်ခုခုမှာ ပေါ်ထွန်းလာတဲ့၊ ပေါ်ထွက်လာဖွယ်ရှိတဲ့ ကမ်းခြေကနေ
ရလာမယ့် အကျိုးစီးပွားကို ဒေသခံတွေများနိုင် သမျှများများ ခံစားနိုင်အောင် စနစ်တကျ
စီမံခန့်ခွဲပေးဖို့ လိုအပ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
















