၀ိဘဇ္ဇ ပဲ့တင်သံ

၀ိဘဇ္ဇ ပဲ့တင်သံ

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က ရန်ကုန် ဗိုလ်အောင်ကျော်လမ်း၊ Home ခန်းမမှာ အလွန်ထူးခြားတဲ့ စာအုပ်မိတ်ဆက်ပွဲ တစ်ခု ကျင်းပခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က ရန်ကုန် ဗိုလ်အောင်ကျော်လမ်း၊ Home ခန်းမမှာ အလွန်ထူးခြားတဲ့
စာအုပ်မိတ်ဆက်ပွဲ တစ်ခု ကျင်းပခဲ့ပါတယ်။

စာအုပ်နာမည်က '၀ိဘဇ္ဇ ပဲ့တင်သံ' ဖြစ်ပြီး စာအုပ်ကို မိတ်ဆက်ကြတာကလည်း ဆရာတော်၊
သံဃာတော်တွေချည်း ဖြစ်နေလို့ပါပဲ။

လက်ရှိ မြန်မာနိုင်ငံထဲမှာ ဘာသာရေး၊ လူမျိုးရေးကို အခြေခံတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေချိန်၊
ဘုန်းတော်ကြီး တချို့နဲ့ လူပုဂ္ဂိုလ်တချို့က ဘာသာခြား အမုန်းတရား ဖြန့်ဖြူးနေကြချိန်၊ အေးမြ
ငြိမ်းချမ်းတဲ့ မြတ်ဗုဒ္ဓသာသနာဟာလည်း နိုင်ငံတကာ့အလယ်မှာ အထင်အမြင်လွဲ ခံနေရချိန်၊
ခုလို စာအုပ် ထွက်ပေါ်လာတာပါ။

ဒီ စာအုပ် ဘယ်လိုဖြစ်ပေါ်လာသလဲ၊ ဘယ်သူတွေက ဘာအကြောင်းအရာတွေ
ပါ၀င်ရေးသားကြသလဲ၊ ဘာတွေထူးခြားမှုရှိသလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဒီစာအုပ် ဖြစ်မြောက်လာရေးအတွက် ကနဦး ကမကထ ပြုလုပ်ခဲ့တဲ့ သံဃာတော် နှစ်ပါးကတော့
အမေရိကန်ပြည်ထောင်စုမှာ သီတင်းသုံးတော်မူတဲ့ ဆရာတော်ဦးဇဝနနဲ့ ဂျာမနီနိုင်ငံမှာ
သီတင်းသုံးတဲ့ ဆရာတော် ဦးရာဇိကတို့ပဲ ဖြစ်ပါတယ်။

ဆရာတော်တွေ စဉ်းစားမိကြတာက ၂၀၀၇ သံဃာ့အရေးအခင်း ရွှေဝါရောင်တော်လှန်ရေး
ကာလတုန်းက မြန်မာနိုင်ငံက ရဟန်းသံဃာတွေဟာ ဖိနှိပ်ခံနေရပြီး၊ ဆင်းရဲမွဲတေနေတဲ့
ပြည်သူလူထုဘက်က မားမားမတ်မတ်ရပ်ကာ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ အစိုးရကို
ဆန္ဒပြခဲ့ကြကြောင်း၊ နေပူမိုးရွာကြီးထဲမှာ ဖိနပ်မပါ၊ ထီးမပါ မေတ္တာပို့ လမ်းလျောက် ကြွချီကြတဲ့
သံဃာတော်တွေရဲ့ ပုံရိပ်ကို မြင်ကြရတဲ့ နိုင်ငံတကာ မိသားစုဟာ မေတ္တာကရုဏာ
သက်ခဲ့ကြတဲ့အကြောင်း၊ ဗုဒ္ဓသာသနာရဲ့ ပုံရိပ်ဟာ ကမ္ဘာ့အလယ်မှာ တင့်တယ်ခဲ့ကြောင်း၊
ဒါပေမဲ့ ကံအကြောင်း မလှစွာဘဲ သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့သစ် တက်လာပြီးနောက်
ဘာသာရေးကို အခြေခံတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာ၊ အဲဒီ ပဋိပက္ခထဲမှာ ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီးတချို့က ပုံစံမျိုးစုံနဲ့ ပါ၀င်ပတ်သက်မှုတွေ ရှိလာတော့ ကမ္ဘာ့အလယ်မှာ ဗုဒ္ဓဘာသာ
ပုံရိပ် ညှိးနွမ်းညစ်ထေးခဲ့ရကြောင်း၊ ဒါကြောင့် ပုံရိပ်ကောင်း ပြန်ထင်ဟပ်နိုင်ဖို့၊ မြန်မာနိုင်ငံမှာ
ဗုဒ္ဓဘာသာရဲ့ တကယ့် တရားစစ်တရားမှန် ပြန်ပြီးထွန်းကားလာစေဖို့ ဒီ '၀ိဘဇ္ဇ ပဲ့တင်သံ' ဆိုတဲ့
စာအုပ်ရေးသား ပြုစုထုတ်ဝေဖို့ လုပ်ကိုင်ခဲ့ကြတာဆိုပြီး ဘဝအလင်းဆရာတော်က မိတ်ဆက်ပွဲမှာ
မိန့်ပါတယ်။

ဒီစာအုပ်ထဲ ပါ၀င်ရေးသားခဲ့တဲ့ ဆရာတော် သံဃာတော်တွေကတော့ မြဝတီမင်းကြီး ဆရာတော်၊
ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)၊ သန္တိသုခ ဆရာတော်(ဒါးက)၊ ကံထွန်းသစ်၊ ဓမ္မဒူတ
ဒေါက်တာ အရှင်ပညိဿရ၊ အရှင်ဇဝန၊ မင်းသုည(ဗုဒ္ဓတက္ကသိုလ်)၊ သစ္စာနွယ် (ကျောက်တိုင်)၊
သားအေးည၊ အရှင်ဓမ္မိသာရ၊ ကိုသစ် (သီတဂူ)၊ ဓမ္မဂ္ဂင်္ါ၊ အရှင်ထာဝရ၊ ဦးသောဘိတ(ဘဝအလင်း)၊
ဘုန်းဘုန်း ဦးကောဝိဒ၊ အရှင်ဓမ္မဒေလီ၊ အရှင်ရာဟုလာ(မစိုးရိမ်)၊ အရှင်သံဝရာ လင်္ကာရ၊
အဝေရာမောင်၊ ဦးရာဝိက၊ အရှင်စန္ဒိမာ(မွန်စိန်တောရ)၊ အရှင်နိယာမ (အောင်သာဝတီ)၊
အရှင်ညာဏိန် (မစိုးရိမ်)၊ အရှင်နန္ဒမာလာ (မာဂဓ တက္ကသိုလ်)၊ မိုးသု (မန္တလေး)၊ ၀တီနွယ် တို့
ဖြစ်ကြပါတယ်။

စုစုပေါင်း ဆရာတော် သံဃာတော် ၂၆ ပါးရဲ့ စာတွေပါ။

စာအုပ်ထဲ ရေးသားထားတာတွေထဲက တချို့ကို ကောက်နှုတ်ဖော်ပြရရင် မဘသ အဖွဲ့နဲ့
ပတ်သက်ပြီး ဆရာတော် အရှင်ဇဝနက "မဘသတို့၏ အမျိုးစောင့်ဥပဒေသည် အမျိုးစောင့်ရာ
မရောက်ဘဲ တိုင်းပြည်ပျက်ဖို့ လှုံ့ဆော်နေသလို ဖြစ်နေတော့သည်။ တိုင်းရင်းသားတို့၏ (ဗမာ)
မြန်မာများအပေါ် သံသယက ပြည်တွင်းစစ်မီး၏ မူလ အကြောင်းဖြစ်သည်။ တိုင်းရင်းသားတို့၏
သံသယကို ပိုမိုခိုင်မာစေမည် ဖြစ်သော ဥပဒေ"၊ "ဘာသာရေးနှင့်နိုင်ငံရေးကို မရောထွေးပါနှင့်ဟု
ခေတ်အဆက်ဆက်က အုပ်စိုးသူတွေ လက်ကိုင်ပြု ပြောကြားခဲ့ကြသည်။ သူတို့တွေပင်
ဘာသာရေးကို အသုံးချပြီး လူတွေကို စည်းရုံးကြပြန်သည်။ အထူးသဖြင့် စစ်အာဏာရှင်သည်
ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချမှု အများဆုံးဟု ဆိုရမည်"ဆိုပြီး ရေးသားခဲ့ပါတယ်။

(စာ၄၅) မင်းသုည (ဗုဒ္ဓတက္ကသိုလ်) ကတော့ "ဒို့ဘုရားရဲ့ ၀ါဒဟာ အမှားအမှန်တွေကို
ဉာဏ်ပညာနဲ့ သေခြာပိုင်းခြား စိစစ်ပြီးမှ လက်ခံတဲ့ ၀ိဘဇ္ဇဝါဒ ဖြစ်တယ်၊ ဘယ်ဆရာတော်ကြီး
မို့လို့၊ ဘိ၀ံသ ဘွဲ့တွေရလို့၊ စာတတ်ပေတတ် အကျော်အမော်ဖြစ်လို့ မှားမှားမှန်မှန် မျက်စိစုံမှိတ်
လက်ခံရမယ်ဆိုတဲ့ ၀ါဒမဟုတ်ဘူး။ ယနေ့ နာမည်ကျော်ပါတယ်ဆိုတဲ့ မဘသထဲက
ဆရာတော်ဟာ ဒေဝဒတ်လောက် နာမည်ကျော်လို့လား။ ဒေဝဒတ်လောက် ဈာန်အဘိညာဉ်တွေ
ရကြလို့လား။ ဈာန်အဘိညာဉ်ရမှုနဲ့ ကြော်ကြားမှု တစ်ခုတည်းကိုပဲ ကြည့်ပြီး လိုက်သွားတဲ့၊
သောတာပန် ဖြစ်နိုင်လောက်အောင် ပါရမီ ပါလာတဲ့ အဇာသသတ်ဟာ သူ့အဖေကို သတ်မိသည်
အထိ လမ်းမှားသွားတာ သူ့ရဲ့သန္တာန်မှာ ၀ိဘဇ္ဇညာဉ် မရှိလို့ဘဲ သူငယ်ချင်း၊ ဒါကြောင့် ငါကတော့
မဘသအဖွဲ့ကြီးထဲကို လုံးဝ လုံးဝ မဝင်ရေးချ မဝင်ဘဲသူငယ်ချင်းရေ"လို့ ရေးသားထားပါတယ်။

(စာ၅၅) ဆရာတော် ဦးရာဝိက ကတော့ "ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းဟာ မိမိကိုယ်မှာ ဗုံးပတ်ပြီး
အသေခံ ဗုံးခွဲသူများနဲ့ မဖွဲ့စည်းစေချင်ဘူး။ ဗုဒ္ဓဘာသာကို အထူး အခွင့်အရေးပေးရမယ်လို့
အစိုးရကို အကျပ်မကိုင်ရဘူး။ မဲရအောင် မဘသကို ထောက်ခံကြလို့ မပြောဟောဘူး။ ငါတို့ကို
မထောက်ခံရင် နာပြီသာမှတ်လို့ မခြိမ်းခြောက်ဘူး။ ဗုဒ္ဓဘာသာဆိုတာ အင်မတန်မှ
သိမ်မွေ့နူးညံ့တယ်"လို့ဆိုပါတယ်။

(စာ၁၄၁) ဒါတွေကတော့ စာမြည်း နမူနာလောက်ပါ။ စာအုပ်ထဲမှာ ဆရာတော်၊ သံဃာတော်တွေ
ရေးထားတဲ့ အခြားသော ဖတ်စရာ မှတ်စရာ၊ မြတ်ဗုဒ္ဓရဲ့ တရားစစ် တရားမှန်နဲ့ ပတ်သက်ပြီး
စဉ်းစားစရာ အချက်အလက် များစွာ ပါပါတယ်။

အခြားတစ်ဖက် လက်ရှိ မြန်မာနိုင်ငံထဲက အခြေအနေကို ပြန်ကြည့်လိုက်ရင် ဘာသာခြား
အမုန်းတရား ဖြန့်ဖြူးမှု အရှိန်အဟုန် ကောင်းနေဆဲပါ။

ဘွဲ့ရ ပညာတတ် ဘုန်းတော်ကြီးတချို့ဟာ တရားပွဲတွေမှာ ဘာသာခြား မုန်းတီးရေး
ပြောင်ပြောင်တင်းတင်း ဟောပြောနေကြသလို တချို့ အဖွဲ့အစည်းတွေကတော့ နွေရာသီကလေး
တရားစခန်းလို နေရာမျိုးမှာတောင် ကလေးသူငယ်တွေ မကြည့်အပ်၊ မမြင်အပ်တဲ့ သွေးရဲရဲသံရဲရဲ
သတ်ဖြတ်ထားတဲ့ ဗီနိုင်း ပိုစတာကြီးတွေ ချပြပြီး ဘာသာခြား မုန်းတီးရေး ကျယ်ကျယ်ပြန့်ပြန့်
လုပ်ဆောင်နေကြတာ တွေ့မြင်ကြရပါတယ်။

အဲလို ဘာသာခြား အမုန်းတရား ဖြန့်ဖြူးသူတွေထဲမှာ ဘုန်းတော်ကြီးတွေ၊ လူပုဂ္ဂိုလ်တွေ
အများအပြား ပါ၀င်ကြသလို သူတို့လက်ထဲမှာ အပတ်စဉ် ဂျာနယ် ထုတ်ဝေတာအပြင်
လုံးချင်းစာအုပ် ထုတ်ဝေမှုကအစ မီဒီယာတချို့ကို အသုံးပြု လုပ်ကိုင်နေတာလည်း
တွေ့ကြရပါတယ်။

အခု ၀ိဘဇ္ဇ ပဲ့တင်သံ စာအုပ်ကတော့ ဆရာတော် သံဃာတော်အပါး နှစ်ကျိပ်ကျော်ရဲ့
ဆောင်းပါးတွေကို ပထမဦးဆုံးအကြိမ် စုစည်းထားတာ ဖြစ်လေတော့ ရှိနေနှင့်ပြီးသား
အစွန်းရောက် အမုန်းတရားတွေကို ဘယ်လောက် ဖောက်ထွင်းနိုင်မလဲ၊ ဘယ်လောက်
ကျယ်ပြန့်လေမလဲ မမှန်းဆနိုင်သေးပါဘူး။

တကယ်တော့ မြန်မာနိုင်ငံမှာ အစွန်းရောက်ဝါဒ ခြေချစ ပြုလာတဲ့ဆီမှာ ဗုဒ္ဓဘာသာဝင်
ဘုန်းတော်ကြီးတချို့ ပါ၀င်ပတ်သက်နေသလို စစ်မှန်တဲ့ ဗုဒ္ဓရဲ့ ၀ိဘဇ္ဇဝါဒ ထွန်းကားလာရေးမှာလည်း
ဆရာတော် သံဃာတော်တွေကပဲ အဓိက စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

အခု စာအုပ်ကိုတော့ ဆရာတော် ဦးကောဝိဒက အင်္ဂလိပ်လို ဘာသာပြန်ပြီး နိုင်ငံတကာမှာ
ဖြန့်ဝေဖို့ အစီအစဉ် ရှိတယ်လို့လည်း ဆိုပါတယ်။

တကယ့်တကယ် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဗုဒ္ဓရဲ့ တရားတော်တွေ ထွန်းကားလာဖို့၊ အစွန်းရောက်
၀ါဒတွေကို ထိထိရောက်ရောက် ဟန့်တား တိုက်ဖျက်နိုင်ဖို့ ဆိုတာဟာ နိုင်ငံတကာ မိသားစု
အမြင်ကောင်းလာရေးထက် ပိုပြီး အရေးကြီးနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021