ခွင့်လွှတ်ခြင်းနှင့် ပြန်လည်ရင်ကြားစေ့ရေး (၅)

ခွင့်လွှတ်ခြင်းနှင့် ပြန်လည်ရင်ကြားစေ့ရေး (၅)

ယဉ်ကျေးမှုအသီးသီးမှာ တောင်းပန်ခြင်း ရှိပါသည်။ တောင်းပန်ခြင်းနဲ့ ခွင့်လွှတ်ခြင်းတို့ မတူညီသော ယဉ်ကျေးမှုပတ်ဝန်းကျင်အသီးသီးမှာ လက်ခံနိုင်မှုရှိပါ့မလား။

ယဉ်ကျေးမှုအသီးသီးမှာ တောင်းပန်ခြင်း ရှိပါသည်။ တောင်းပန်ခြင်းနဲ့ ခွင့်လွှတ်ခြင်းတို့
မတူညီသော ယဉ်ကျေးမှုပတ်ဝန်းကျင်အသီးသီးမှာ လက်ခံနိုင်မှုရှိပါ့မလား။

ထိရောက်သော တုံ့ပြန်မှုကိုရော ရနိုင်ပါ့မလား၊ တစ်ကမ္ဘာလုံးက လက်ခံထားတဲ့
စံပြုတောင်းပန်ခြင်း ပုံစံဆိုတာတော့ မရှိပါဘူး။

တောင်းပန်ခြင်းအတွက် ထုတ်ဖော်တင်ပြပုံ တင်ပြနည်းတော့ ကွာချင် ကွာခြားနိုင်ပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ယဉ်ကျေးမှု အသီးသီးမှာ တောင်းပန်ခြင်းဆိုတာတော့ ရှိပါတယ်။

အင်္ဂလိပ်လူမျိုးတို့ရဲ့ တောင်းပန်တဲ့ ပုံစံက နှုတ်က ၀မ်းနည်းပါတယ်၊ သို့မဟုတ် တောင်းပန်ပါတယ်
ဆိုပြီး ဖွင့်ဟပြောရတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။

ကွဲပြားခြားနားသော ယဉ်ကျေးမှုကို လက်ခံကျင့်သုံးသူအတွက်ကတော့ နှုတ်ကဖွင့်ဟ
ပြောကြားခြင်း မပါတဲ့ တောင်းပန်ခြင်းအခမ်းအနား ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

မှန်ကန်သော ကိုယ်ဟန်အနေအထား သင့်တင့်လျောက်ပတ်သော အမူအကျင့်နဲ့
၀တ်စားဆင်ယင်မှုတို့ဟာ နှုတ်က တောင်းပန်တဲ့ စကားလုံးများကဲ့သို့ ရှင်းလင်း ပီပြင်ဖို့
လိုပါလိမ့်မယ်။

ကျွန်တော်တို့ မြန်မာပြည်မှာ ပေါင်းစည်း စွမ်းအင်ပေါ်ထွန်းစေချင်ပါတယ်။ ကျွန်တော့်လိုပဲ
မြန်မာနိုင်ငံသူနိုင်ငံသား အများစုမှာလည်း ဒီဆန္ဒမျိုး ရှိကြမှာပါ။

ပေါင်းစည်းစွမ်း အင်ပေါ်ထွန်းစေဖို့အတွက် ပဋိပက္ခတွေကို ဖြေရှင်းနိုင်ပြီး ပြန်လည်ရင်ကြားစေ့ရေး
လုပ်နိုင်ဖို့ မဖြစ်မနေ လိုပါတယ်။

ပဋိပက္ခဖြေရှင်းရာ မှာ ဖြစ်ဖြစ်၊ ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာ
မှာပဲဖြစ်ဖြစ် တောင်းပန်ခြင်းနဲ့ ခွင့်လွှတ်ခြင်းတို့ကို ရဲရဲဝံ့ဝံ့ လုပ်နိုင်ရင် အခက်အခဲတွေအများကြီးကို
လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် တောင်းပန်ခြင်းနဲ့ ခွင့်လွှတ်ခြင်းအလေ့အကျင့်ကောင်း တစ်ခုသာ ကျွန်တော်တို့မှာ
ရှိခဲ့ရင် ကျွန်တော်တို့ သားသမီးတွေ၊ မြေးမြစ်တွေ ဤကမ္ဘာမြေပေါ်မှာ မျက်နှာငယ်ပြီး
ကျန်ရစ်မနေစေရအောင် အထောက်အကူပေးနိုင်ပါလိမ့်မည်။

ခွင့်လွှတ်ခြင်းအလေ့အထတွေ မရှိဘူးလို့တော့ ကျွန်တော်က မဆိုလိုပါဘူး။ အနည်းဆုံး ဓမ္မတာ
တောင်းပန်ခြင်းကတော့ နေ့စဉ်ရှိနေ ကြတာပါပဲ။

ဩကာသကန်တော့ချိုးမှာ ကာယကံ၊ ၀စီက၊ံ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို
ပျောက်ပါစေခြင်း အကျိုးငှာဆိုပြီး ရတနာသုံးပါးကို ဖူးမြော်မာန်လျှော့ ကန်တော့တာကိုက
ရှိခိုးတောင်းပန်ခြင်းပါပဲ။

လူကြီး မိဘတွေကို ရှိခိုးကန်တော့တာလည်း တောင်းပန်ခြင်းပါပဲ။

တောင်းပန်ပါတယ်ဆိုတဲ့ စကားလုံးတွေ မပြောခဲ့ရင်တောင် ဒါဟာ တောင်းပန်တာပဲလို့
လူကြီးတွေက နားလည်လက်ခံ ကြပါတယ်။

အခြားယဉ်ကျေးမှုတွေမှာ ဘယ်လို တောင်းပန်ကြသလဲ။

ရှေးဦးစွာ ပေါင်းစည်း စွမ်းအင်ပေါ်ထွန်းနေသည်မှာ ကြာပြီဖြစ်တဲ့ ဂျပန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုမှာ
တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်းတို့ကို ဘယ်လို သဘောထားကြသလဲဆိုတာ တင်ပြလိုပါတယ်။

ဂျပန်တွေရဲ့ ပဋိပက္ခဖြေရှင်းရေးနည်းလမ်းများဟာ သူတို့ရဲ့ သဟဇာတဖြစ်သော လူမှုဆက်ဆံရေး
သဘာဝကို အမြဲတမ်းထိန်းသိမ်းစောင့်ရှောက်လိုတဲ့ ရည်ရွယ်ချက်ပါရှိနေတာ တွေ့ရပါတယ်။

နောက်ပြီး သဟဇာတဖြစ်ခြင်းနဲ့ ပြန်လည်ရင်ကြားစေ့ခြင်းတို့ရဲ့ တန်ဖိုးကိုသူတို့က
အထွတ်အမြတ်အဖြစ် သဘောထားပြီး လေးစားလိုက်နာလေ့ ရှိကြပါတယ်။

ဂျပန်လူ့အဖွဲ့ အစည်းရဲ့ အခြေခံ အကျဆုံး အယူအဆတစ်ခုကတော့ တောင်းပန်တာဟာ
ပဋိပက္ခဖြေရှင်း ရေးလုပ်ငန်းတိုင်းရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းအဖြစ် သဘောထားတာပါပဲ။

အဓိပ္ပာယ်ရှိတဲ့ တောင်းပန်မှုမှာ အချက်အလက်ပေါင်းများစွာ ပါ၀င်တယ်လို့ သူတို့
ယုံကြည်ကြပါတယ်။

အမှားအယွင်းဖြစ်ခဲ့ခြင်း၊ သို့မဟုတ် ထိခိုက်နစ်နာစေသော ပြုလုပ်မှုဖြစ်စေခဲ့ခြင်းကို
အသိအမှတ်ပြုတယ်။

အလားတူ နောက်ထပ် မဖြစ်စေဖို့လည်း တာဝန်ယူတယ်။ မိမိမှာ အပြစ်ရှိကြောင်းနဲ့
ထိခိုက်နစ်နာမှုအတွက် ပေးဆပ်ပါမယ်။

အနာဂတ်မှာ ကောင်းမွန်သော ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းပါမယ်လို့
အဓိပ္ပာယ်ဆောင်ပါတယ်။

တောင်းပန်တဲ့ စာထဲမှာ အနည်းဆုံး အထက်ပါသိသာ ထင်ရှားတဲ့ အချက်အလက်များ ပါ၀င်ဖို့
စေ့စေ့စပ်စပ် စစ်ဆေးရပါတယ်။

ပဋိပက္ခဖြေရှင်းရေး လုပ်ငန်းစဉ်မှာ တောင်းပန်ခြင်းက အရင်ထွက်ပေါ်လာလေ့ရှိပြီး အဲဒီလို
ဖြစ်လာပါက ဒီပြဿနာဟာ တရားရုံးတို့ ခုံရုံးတို့ ရောက်စရာ မရှိဘဲ ပြေလည်စွာ ပြီးမြောက်သွားလေ့
ရှိပါတယ်။

တကယ်လို့ တောင်းပန်ခြင်းမရှိဘူး၊ စတိပဲဖြစ်ဖြစ် ပေးလျော်ခြင်း မရှိဘူးဆိုရင်တော့ တရားစွဲခံရတာ
များပါတယ်။

သူတို့ရဲ့ ယဉ်ကျေးမှုမှာ တောင်းပန်ပြီးပြီဆိုရင်တော့ နောက်ထပ်နောင်တရနေဖို့နဲ့ ဆက်ပြီး
တာဝန်ခံဖို့ မရှိတော့တာပါပဲ။

စည်းနှောင်မှုကနေ လွတ်မြောက်သွားတဲ့သဘော သက်ရောက်တယ်လို့ ထင်ပါတယ်။

ဒါကြောင့် ဂျပန်တွေရဲ့ တောင်းပန်ခြင်းမှာ အပြစ်အတွက် ၀န်ခံရခြင်း ရည်ရွယ်ချက်က နည်းပြီး
လူ့လောကထဲမှာ ဆက်လက်ရှင်သန်စွာ တာဝန်ထမ်းဆောင် နိုင်ဖို့အတွက် ရည်ရွယ်ချက်က
ပိုများတယ်လို့ ဆိုနိုင်ပါတယ်။

အရှေ့တိုင်းသားချင်းတူပေမယ့် တောင်းပန်ခြင်းနဲ့ ခွင့်လွှတ်ခြင်းတို့အပေါ် ယဉ်ကျေးမှု အယူအဆနဲ့
ဂျပန်ယဉ်ကျေးမှုအယူအဆ ကွဲပြားမှုရှိပါတယ်။

တောင်းပန်ခြင်းဟာ ပုံမှန် သုံးစွဲနေနိုင်တဲ့ ရင်ကြားစေ့ရေးကိရိယာ အဖြစ်မယူဆပါဘူး။


တရုတ်ယဉ်ကျေးမှုမှာ တောင်းပန်ခြင်းလုပ်ငန်းဟာ ရှုပ်ထွေးသော လုပ်ငန်းဖြစ်ပြီး ရှားရှားပါးပါးပဲ
လက်ခံတတ်ပါတယ်။

ဒီအလုပ်ဟာ ခပ်ပေါ့ပေါ့ လုပ်လို့ရတဲ့ အလုပ်မဟုတ်ဘဲ မျက်နှာပူစရာ၊ မျက်နှာပျက်စရာ
အလုပ်မျိုးလည်း ဖြစ်ပါတယ်။

အများနဲ့ သက်ဆိုင်သော တောင်းပန်မှုမှာ အနည်းဆုံး နာကျင်စရာ အကြောင်းနှစ်ချက်တော့ ပါလေ့
ရှိပါတယ်။

တစ်ချက်က အမှားအယွင်း လုပ်မိခြင်းအတွက် နောင်တရကြောင်း ၀န်ခံရခြင်းဖြစ်ပြီး
နောက်တစ်ချက်က အရှက်ရနိုင်တဲ့ နှိမ့်ချမှုကို ပြသရခြင်း ဖြစ်ပါတယ်။

၀န်ခံချက်မှာ မိမိကိုယ်မိမိဆန်းစစ်ရခြင်း၊ ထုံးတမ်း ဖောက်ဖျက်မှုအတွက် တာဝန်ယူရခြင်း၊
နောင်တရရှိခြင်းနဲ့ နောက်မဖြစ်အောင် ပြုပြင်ပါမယ်လို့ ကတိပြုရခြင်းတို့ ပါ၀င်ပါတယ်။

သမိုင်းကြောင်းမှာတော့ ကိုယ့်ကိုယ်ကိုယ် စွဲချက်တင်ခြင်း ရှိခဲ့သလို နောက်ပိုင်းမှာ အများရဲ့
ရှေ့မှောက်မှာ အပြစ်ကျူးလွန်မှုရှိကြောင်း အသိအမှတ်ပြုရခြင်းလည်း ပါ၀င်နိုင်ပါတယ်။

၀န်ခံခြင်းအပြင် အများပြည်သူကို တောင်းပန်ရာမှာ နောင်တရရှိကြောင်း မှတ်တမ်းနဲ့
အသနားခံခြင်းတို့လည်း ပါ၀င်လေ့ ရှိပါတယ်။

တောင်းပန်သူဟာ ဒဏ်ခတ်ခြင်းက ကင်းလွတ်စေရန်အတွက် အကြီးအကဲထံ
တောင်းပန်ရပါတယ်။

ဒီတောင်းပန်ခြင်း အယူအဆဟာ ကွန်ဖြူးရှပ်ရဲ့ အတွေးအခေါ်နဲ့ ဆက်စပ်တယ်လို့ ထင်ရပါတယ်။

အရှေ့အလယ်ပိုင်းဒေသ အာရပ်တို့ရဲ့ ယဉ်ကျေးမှုပုံစံမှာတော့ တောင်းပန်ခြင်းဟာ
ယှဉ်ပြိုင်ရင်ဆိုင်ခြင်းတို့ကို ပြန်လည်ငြိမ်းအေးစေခြင်းနဲ့ ပြိုင်ဘက်မျိုးနွယ်စုများရဲ့ ပြန်လည်
ရင်ကြားစေ့ခြင်း အခမ်းအနားတွေမှာ အဓိက ကျသော အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါ၀င်တယ်လို့
ဆိုပါတယ်။

ဒီလိုအခမ်းအနား တွေဟာ အဖျက်အဆီးကြီးမားတဲ့ သွေးထွက်သံယို ဘေးရန်အန္တရာယ်တွေက
လျှော့ချဖြတ် တောက်နိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်လေ့ရှိတယ် လို့လည်း သိရပါတယ်။

ကျွန်တော်တို့ စောစောကတည်းက ဆွေးနွေးနေခဲ့ကြတဲ့ တောင်းပန်ခြင်းအယူအဆရဲ့
အခြေခံကတော့ အနောက်တိုင်းယဉ်ကျေးမှုက စတယ်လို့ ပြောနိုင်ပါတယ်။

ဒီအယူအဆဟာ အဆိုနဲ့ အတီးတေးသွား နှစ်ခုကို နားဝင်ပီယံဖြစ်အောင် သီဆိုတီးမှုတ်
ထားသကဲ့သို့ အနောက်တိုင်းက ခရစ်ယာန်ဘာသာရေး လူ့အသိုက်အဝန်းဆိုင်ရာ
ပြန်လည်ရင်ကြားစေ့ရေးအယူအဆနဲ့ ပြုမှားမိခဲ့သော အပြစ်အတွက် ဥပဒေအရတာဝန်ရှိမှုကို
အသိအမှတ်ပြုခြင်း အယူအဆတို့ကို သဟဇာတ မျှတစွာ ပါ၀င်စေခြင်းဖြစ်တယ်လို့ သူတို့က
ဆိုပါတယ်။

ဒီအယူအဆအရဆိုရင် တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်း၊ ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်နဲ့
ပဋိပက္ခဖြေရှင်းရေးလုပ်ငန်းစဉ်တို့ဟာ လမ်းကြောင်းတစ်ကြောင်းစီ သွားတဲ့သဘော ဖြစ်ပါတယ်။

ဂျပန်ကတော့ တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်းဟာ ပဋိပက္ခ ဖြေရှင်းရေးလုပ်ငန်းစဉ်ရဲ့ ပထမအပိုင်းလို့
ရှုမြင်နိုင်ပါတယ်။

ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားတယ် ကျွန်တော်တို့ ပြောပိုင်ခွင့် မရှိပါဘူး။

ဒါပေမဲ့ ကျွန်တော် ပြောချင်တာက တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်းတို့ဟာ ယဉ်ကျေးမှုအသီးသီးတို့မှာ
သူ့အဓိပ္ပာယ်နဲ့သူ ရှိနေတယ်ဆိုတာကိုပဲ တင်ပြချင်တာပါ။

မူရင်း ဂရိစကားလုံးဖြစ်တဲ့ Apologia ဟာ ခုခံကာကွယ်ပြောကြားခြင်းလို့ သိရပါတယ်။

အနောက်တိုင်း အယူအဆအရ တောင်းပန်ခြင်းဟာ အမှားအယွင်းအတွက် မိမိရဲ့ တာဝန် ရှိမှုကို
အနည်းဆုံးဖြစ်အောင် စောဒကတက် ခြင်းဖြစ်လေတော့ ခုခံကာကွယ်ခြင်း သဘောလည်း
ဆောင်ပါတယ်။

အမှားအယွင်းတွေကလည်း ဘယ်သူမှ မကင်းနိုင်ကြဘူးဆိုတော့ လူတွေရဲ့ နေ့စဉ်ဘဝမှာ
တောင်းပန်ခြင်းဟာ အခြေအနေမှန်ကို ရှင်းလင်းတင်ပြခြင်း၊ တရားမျှတမှုရှိစေချင်းတို့နဲ့ ဆက်စပ်ပြီး
အစဉ်အမြဲ ရှိနေရတာပါ။

တောင်းပန်ခြင်းဟာ ဒီလို ဖြစ်ရပ်မျိုး တကယ်ဖြစ်ခဲ့တာပါလို့ ၀န်ခံရာ ရောက်နိုင်တဲ့အတွက်
တချို့ကိစ္စတွေမှာ တောင်းပန်ခြင်းရဲ့ ဥပဒေအကျိုးဆက်ကိုလည်း သတိထားဖို့တော့ လိုပါတယ်။

အာမခံကုမ္ပဏီ တွေဆိုရင် မတော်တဆဖြစ်မှု တစ်ခုအတွက် တာဝန်ရှိကြောင်း ၀န်ခံချက်
အထောက်အထား မထွက်မခြင်း အလျင်စလို မတောင်းပန်မိဖို့ သူ့လူတွေကို သတိပေးထားကြပါ
တယ်။

ဒါပေမဲ့ ပြစ်မှုမြောက်သော လျစ်လျူပြု မှု၊ သို့မဟုတ် တာဝန်ရှိမှုကို သီးသန့်ဝန်ခံချက် ပေးခြင်းမှလွဲ၍
၀မ်းနည်းကြောင်း ဖော်ပြတာကတော့ ပြစ်မှုနဲ့ ဆက်စပ်ကြောင်း မပေါ်လွင်နိုင်ပါဘူး။

တောင်းပန်ခြင်းကို မြန်မာ့ယဉ်ကျေးမှုနဲ့ ဆက်စပ်ပြီး စဉ်းစားမယ်ဆိုရင် တိုင်းရင်းသားတွေရဲ့
ယဉ်ကျေးမှုအယူအဆတွေပါ ဆွေးနွေးနိုင်မှ ပြည့်စုံမှာဖြစ်ပါတယ်။

သို့ရာတွင် ဒီစာစောင်မှာတော့ ဒီလောက်အထိ အသေးစိတ်သွားဖို့ မရည်ရွယ်ပါဘူး။

ဗုဒ္ဓဘာသာဝင် မြန်မာအများစုရဲ့ ယဉ်ကျေးမှုမှာ တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ပတ်သက်တဲ့
အယူအဆအနည်းငယ်သာ တင်ပြလိုပါတယ်။

ဗုဒ္ဓဘာသာတွင် မကောင်းမှု အကုသိုလ်တစ်ခုခု ပြုမိပြီးတဲ့အခါ အချက်သုံးချက်ကို
လိုက်နာရပါတယ်။

"အပြစ်ရှုကာ၊ လျော်စွာကု၊ မပြု နောင်ကြဉ်၊ ပြစ်ကင်းစင်၊ သာသနာတွင် ကြီးပွားကြောင်း"လို့
သင်ယူမှတ်သားခဲ့ရပါတယ်။

ဆိုလိုတာက အပြစ်ပြုပြီးတဲ့အခါ အပြစ်ကို အပြစ်မှန်းသိရမယ်။ ပြုပြီးရင် ပြုခဲ့တဲ့ အပြစ်ကို
၀န်ခံရပါမယ်။ တောင်းပန်ရင် သူတစ်ပါးကျေနပ်တဲ့အထိ တောင်းပန်ရမယ်။ ကန်တော့သင့်ရင်
၀န်ချကန်တော့ရမယ်။ ကျေအေးတဲ့အထိ လုပ်ဆောင်ပေးသင့်တာ လုပ်ဆောင်ပေးရပါမယ်။

သံဃာတွေဆိုရင် အပြစ်အကြီးအသေးပေါ် မူတည်ပြီး ဒေသနာ နာကြားသင့်ရင် နာကြားရပါမယ်။

ပြီးရင် ဒီအပြစ်မျိုး နောက်ထပ် ဘယ်တော့မှ မကျူးလွန်တော့ ပါဘူးလို့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာ
ချပြီး ချထားတဲ့ ဆုံးဖြတ်ချက်အတိုင်း သေသည်အထိ တစ်သဝေမတိမ်း ထိန်းသိမ်းလိုက်နာ
ရပါတယ်။

ဒီအချက်သုံးချက်နဲ့ ပြည့်စုံအောင် အပြစ်ကို ကုစားနိုင်မယ်ဆိုရင်တော့ သေးတဲ့ အပြစ်တွေ
ပျောက်ပြီး ကြီးတဲ့အပြစ်တွေ သက်သာရာရပါလိမ့်မယ်ဆိုပြီး ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်တိုင်
အဇာတသတ်ဘုရင်ကို ဟောကြားဆုံးမတော်မူခဲ့ကြောင်း သာမည ဖလသုတ္တန်တရားတော်မှာ
ကျွန်တော်တို့ နာကြားခဲ့ကြရပါတယ်။ (ဒီဃနိကာယ် သီလက္ခန်ပါဠိတော် မြန်မာပြန် ၂၅၀-၂၅၁)

ဒါကြောင့် မြန်မာ့ယဉ်ကျေးမှုမှာ တောင်းပန်ခြင်းနဲ့ ခွင့်လွှတ်ခြင်းဟာ ဘယ်လို အကြောင်းပြချက်နဲ့မျှ
ငြင်းကွယ်လို့ မရပါကြောင်း တင်ပြလိုခြင်း ဖြစ်ပါတယ်။

(စာရေးသူသည် အငြိမ်းစားပြည်ထောင်စု ၀န်ကြီးတစ်ဦး ဖြစ်သည်။)



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021