အပြည်ပြည်ဆိုင်ရာတွင် တောင်းပန်ခြင်း သဘောထား လူပုဂ္ဂိုလ်အချင်းချင်း သို့မဟုတ် အဖွဲ့အစည်းအချင်းချင်း သို့မဟုတ် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအကြား တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်းတွေဟာ ပဋိပက္ခ ဖြေရှင်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးအတွက် မည်သို့မည်ပုံ အထောက်အကူ ဖြစ်နိုင်သလဲဆိုတာကို မြန်မာတိုင်း(မ်)မှာ ဆွေးနွေးတင်ပြခဲ့ပြီး ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာတွင် တောင်းပန်ခြင်း သဘောထား လူပုဂ္ဂိုလ်အချင်းချင်း သို့မဟုတ် အဖွဲ့အစည်း
အချင်းချင်း သို့မဟုတ် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအကြား တောင်းပန်ခြင်း၊ ခွင့်လွှတ်ခြင်းတွေဟာ
ပဋိပက္ခ ဖြေရှင်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးအတွက် မည်သို့မည်ပုံ အထောက်အကူ
ဖြစ်နိုင်သလဲဆိုတာကို မြန်မာတိုင်း(မ်)မှာ ဆွေးနွေးတင်ပြခဲ့ပြီး ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးမှာတော့ တောင်းပန်ခြင်းအယူအဆဟာ ယခင် ဆွေးနွေးခဲ့တဲ့
အချက်များမှ ကွဲပြားခြားနားပါတယ်။
တောင်းပန်ခြင်းကို ပဋိပက္ခဖြေရှင်းရေးအတွက်ပဲဖြစ်ဖြစ်၊ ပြန်လည်ရင်ကြားစေ့ရေး အတွက်ဖြစ်ဖြစ်
ကုထုံးတစ်ရပ်အနေနဲ့ အသုံးမပြုနိုင်တော့တဲ့အကြောင်း ဆက်လက်ဆွေး နွေးတင်ပြသွားမှာ
ဖြစ်ပါတယ်။
နိုင်ငံအချင်းချင်းကြားမှာ ဖြစ်ပေါ်နေတဲ့ တင်းအားတွေ လျော့နည်းစေဖို့နဲ့ မလိုလားအပ်တဲ့
အကျိုးဆက်တွေ ပပျောက်စေဖို့အတွက် သံခင်းတမန်ခင်း တောင်းပန်ခြင်း အမျိုးအစား
သုံးမျိုးရှိတယ်လို့ လေ့လာ သိရှိရပါတယ်။
ပထမတစ်မျိုးကတော့ နောင်တရကြောင်း ဖော်ပြတဲ့ တောင်းပန်ခြင်းဖြစ်ပါတယ်။
ဒီလို တောင်းပန်ရတဲ့ရည်ရွယ်ချက်က သမိုင်းမှာ အလွန်ကြီးမားတဲ့၊ တရားမျှတမှု မရှိတဲ့
အကြောင်းကိစ္စကို ပြန် လည်ပြင်ဆင်နိုင်ဖို့ ဖြစ်ပါတယ်။
ဒါပေမဲ့ လက်တွေ့မှာ ဒီလို အဖြစ်မျိုးက သိပ်ခဲယဉ်းပါတယ်။
ဒုတိယ တစ်မျိုးကတော့ ၀မ်းနည်းကြောင်းဖော်ပြ၍ တောင်းပန်ခြင်း ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာဥပဒေ၊ ထုံးတမ်းတစ်ခုကို ချိုးဖောက်မိခြင်းအတွက် ၀မ်းနည်းကြောင်း ဖော်ပြတဲ့
ရည်ရွယ်ချက်က နှစ်ဖက်ဆက်ဆံရေး မူလအခြေအနေဆီ ပြန်ရောက်စေဖို့ပဲ ဖြစ်ပါတယ်။
တတိယတစ်မျိုးကတော့ တရားဥပဒေအရ တာဝန်ယူမှု မပါတဲ့၊ တောင်းပန်ခြင်းလည်း မဟုတ်တဲ့
၀မ်းနည်းခြင်းအဓိပ္ပာယ်သာ ပါ၀င်တဲ့ ဖော်ပြချက် ဖြစ်ပါတယ်။
ရည်ရွယ်ချက်က အချေအတင်အငြင်းပွားမှု ဖြစ်ပေါ်နေတဲ့ အခြေအနေက ရုန်းထွက်သွားနိုင်ဖို့
ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာအဆင့်မှာ သမိုင်းတွင်မယ့် တရားမျှတမှုမရှိတဲ့ ဖြစ်ရပ်ကို ပြန်လည်
ပြင်ဆင်နိုင်ဖို့ တောင်းပန်ခြင်းဟာ နိုင်ငံအလိုက် လက်မခံနိုင်စရာ၊ အငြင်းပွားစရာ
အကြောင်းအရာတွေ အများအပြားရှိနေပါတယ်။
အစိုးရတွေအနေနဲ့ အတိတ်ကပြစ်မှုတွေကို ၀န်ခံလိုက်ဖို့ဆိုတာ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာနဲ့ နိုင်ငံသူ
နိုင်ငံသားတွေရဲ့ စိတ်ဆန္ဒ သဘောထားကို ထည့်မတွက်လို့ မရပါဘူး။
ဘယ်လိုပဲ အကျိုးသင့်အကြောင်းသင့် ဖြစ်ပါစေ၊ ဘယ်လောက်ပဲ မှန်နေမှားနေပါစေ၊ ဒီလို
ဆတ်ဆတ်ထိမခံနိုင်တဲ့ ကိစ္စတွေအတွက် အစိုးရကတောင်းပန်ဖို့ဆိုတာ သိပ်ခက်ခဲနိုင်ပါတယ်။
နိုင်ငံကို အရှက်တကွဲအကျိုးနည်းအောင် ဖြစ်စေတယ်၊ အောက်ကျနောက်ကျ ဖြစ်စေတယ်ဆိုပြီး
ဘယ်သူကမျှ လက်ခံနိုင်ကြမှာ မဟုတ်ပါဘူး။
ဒါကြောင့် ခေါင်းဆောင် တွေဟာ အမျိုးသားရေးနဲ့ဆိုင်တဲ့ အမှားအယွင်းတွေအတွက်
တောင်းပန်ဖို့ မပြောနဲ့၊ လက်ခံအသိအမှတ်ပြုဖို့တောင် သိပ်ဝန်လေး ကြပါတယ်။
ပြည်သူလူထုရဲ့ ယုံကြည်စိတ်ချ မှု ရှိသင့်သလောက် မရှိသေးတဲ့ အစိုးရတွေ အတွက်ဆိုရင်
ပိုခဲယဉ်းပါတယ်။
ပြည်သူလူထု အများစုက မိမိတို့ရဲ့ အမျိုးသားရေး ကိုယ်ကျင့်တရားနဲ့ အမျိုးသားရေးတန်ဖိုးဟာ
လုံးဝမမှားယွင်းနိုင်ဘူးလို့ အယူအဆရှိကြတဲ့အပြင် မျိုးချစ်စိတ်ဓာတ်ကိုလည်း လုံးဝအထိအခိုက်
မခံနိုင်ကြဘူး။
လူထုရဲ့ ယုံကြည်စိတ်ချမှု နည်းသေးတဲ့ အစိုးရတိုင်းဟာ မျိုးချစ်စိတ်ဓာတ်ကို ဗဟိုပြုပြီး လူထုရဲ့
ထောက်ခံအားပေးမှုကို ယူထားရတာဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေတွေနဲ့
စည်းမျဉ်းစည်းကမ်းတွေကို ထိခိုက်တဲ့တိုင် မျိုးချစ်စိတ်ဓာတ်ကိုတော့ ပွန်းပဲ့ခံမှာ မဟုတ်ပါဘူး။
အစိုးရတွေအဖို့ တောင်းပန်ဖို့ အခက်အခဲဖြစ်စေနိုင်တဲ့ နောက်တစ်ချက်ကတော့
တောင်းပန်လိုက်ရင် မိမိဘက်က မူလကတည်းက ခုခံကာကွယ်ထားရတဲ့ တစ်ဖက်က
တောင်းဆိုမှုတွေနဲ့ အခြား အပြည်ပြည်ဆိုင်ရာ အခွင့်အရေးတွေ၊ ကတိကဝတ်တွေကို
သွယ်ဝိုက်ပြီး လက်ခံအသိ အမှတ်ပြုလိုက်သလို ဖြစ်သွားမှာလည်း စိုးရိမ်နေရသေးခြင်း
ဖြစ်ပါတယ်။
ဒါတွေထက်ပိုပြီး အဓိကကျတဲ့အကြောင်းအရာ တစ်ခုကတော့ အတိတ်ကာလက အစိုးရတွေရဲ့
ရက်စက်ကြမ်းကြုတ်ခဲ့မှုတွေကို ၀န်ခံလိုက်ခြင်းဟာ ပျားတူအုံ တုတ်နဲ့ ထိုးလိုက်သလို၊ ပြဿနာပေါင်း
မြောက်မြားစွာကို ဖွင့်ဟပေးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် ဒီလိုစွန့်စားမှုမျိုးကို လုပ်နိုင်တဲ့ သတ္တိနဲ့ အရည်အချင်း တော်ရုံတန်ရုံခေါင်းဆောင်မှာ ရှိဖို့
မလွယ်ပါဘူး။
နောက်တစ်ချက်ကတော့ နိုင်ငံတစ်နိုင်ငံရဲ့အတိတ်မှာ ဖြစ်ပွားခဲ့တဲ့ ဒုစရိုက်ဇာတ်လမ်းဇာတ်ကွက်
တွေကို စုံစမ်းစစ်ဆေးလာရပြီဆိုရင် ဒီအလုပ်က ဘယ်တော့ ပြီးမှာလဲ၊ နောက်ဆုံး
ဘယ်လူတန်းစား ဘယ်အလွှာအထိ ရောက်သွားမလဲ၊ အငြင်းပွားစရာတွေ ထပ်ဖြစ်လာဦးမှာပါ။
ဒါကြောင့် မျက်မှောက်ခေတ်မှာ ဟိတ်နဲ့ဟန်နဲ့ ဖြစ်နေတဲ့ ဒီမိုကရေစီနိုင်ငံကြီး တွေပင်လျှင်
အတိတ်က မတရားဖြစ်ခဲ့မှုတွေ၊ ကျူးကျော်တိုက်ခိုက် သတ်ဖြတ်ခဲ့မှုတွေအတွက် မတောင်းပန်နိုင်
သေးတာတွေ အများအပြား ရှိနေသေးတယ်ဆိုတာ တွေ့နေရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ အနေနဲ့လည်း အခြားနိုင်ငံတွေထက် ထူးချွန်ပြီး ဘာမှလုပ်စရာအကြောင်း မရှိပါဘူး။
ကိုယ့်နိုင်ငံ ကိုယ့်လူထုအတွက် အကျိုးရှိစေမယ့် ရှုထောင့်ကပဲ ကျွန်တော်တို့ကြည့်ဖို့ လိုပါတယ်။
အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးမှာ တရားနဲ့မညီတဲ့ သီးခြားလုပ်ဆောင်မှုတစ်ခုအတွက်
တာဝန်ရှိကြောင်း အသိအမှတ်ပြုခြင်း သို့မဟုတ် ၀မ်းနည်းကြောင်းဖော်ပြပြီး တောင်းပန်တာမျိုး
မကြာခဏ မြင်တွေ့ ကြရပါတယ်။
တစ်ခါတစ်ရံမှာ ထိခိုက်နစ်နာမှုအတွက် လျော်ကြေးပေးခြင်း ပါ၀င်သော်လည်း အမြဲတမ်းတော့
ဒီလိုလုပ်လေ့ မရှိပါဘူး။
ဒီလိုကိစ္စမျိုးတွေမှာ တောင်းပန်ခြင်းဆိုတာဟာ နိုင်ငံတကာဥပဒေတွေ၊ ပြဋ္ဌာန်းချက်တွေနဲ့ ဆီလျော်
ညီညွတ်စေရန်အပြင် သံခင်းတမန်ခင်း ပရိယာယ်တစ်ရပ်အနေနဲ့ပါ သုံးစွဲကြတာ ဖြစ်ပါတယ်။
တခြားနိုင်ငံရဲ့ အမျိုး သားရေးဂုဏ်သိက္ခာနဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ မဟုတ်တဲ့ ပျက်စီးဆုံးရှုံးမှုအတွက်
ကျေနပ်မှုတစ်စုံတစ်ရာ ရရှိအောင် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။
ဒီလိုနည်းနဲ့ နှစ်နိုင်ငံအကြား တင်းမာတဲ့ ခံစားမှုတွေ ပျော့ပျောင်းသွားစေဖို့ ရည်ရွယ်လုပ်ဆောင်တာ
ဖြစ်ပါတယ်။
တောင်းပန်တဲ့အခါ သုံးနှုန်းရမယ့် အသုံးအနှုန်းကစပြီး ယခင်ရှိခဲ့တဲ့ သာဓကတွေကို အသုံးပြုကာ
ကျွမ်းကျင်သူအဆင့်ဆင့်က အကျေအလည် ဆွေးနွေးညှိနှိုင်းပြီး ရေးဆွဲရပါတယ်။
ဒီလိုတောင်းပန်မှုဟာ နားလည်မှု လွဲမှားနေတာတွေကို သင့်လျော်ကောင်းမွန်စွာ ဖြေရှင်းပေးနိုင်
ပါတယ်။
အပြည်ပြည်ဆိုင်ရာ အလေ့အကျင့်နဲ့လည်း ညီညွတ်ပါတယ်။
သာဓကအနေနဲ့ ညွှန်းဆိုရမယ်ဆိုရင် ၁၉၈၅ ခုနှစ်၊ ဇူလိုင်လမှာ နယူးဇီလန်နိုင်ငံ အော့ကလင်
သင်္ဘောဆိပ်မှာ Rainbow Warrior အမည်ရှိ ဂရင်းပိစ်သင်္ဘောတစ်စင်းကို ပြင်သစ် သူလျှိုတွေက
နှစ်မြှုပ်ခဲ့ခြင်းကိစ္စကို ညွှန်းဆို နိုင်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ နယူးဇီလန်က ဖမ်းမိသူလျှိုတွေ
ပြန်လွှဲပေးခဲ့ခြင်း၊ ပြင်သစ်က နှစ်နိုင်ငံပြည်သူတွေ ချစ်ကြည်ရင်းနှီးရေး ရန်ပုံငွေ
ထူထောင်ပေးခြင်းတွေ ဆောင်ရွက်ခဲ့ပါတယ်။
နောက်ဆုံး ၁၉၉၁ ခုနှစ်၊ ဧပြီလမှာ ပြင်သစ်ဝန်ကြီးချုပ် ကိုယ်တိုင် နယူးဇီလန်ခရီးစဉ်၌
တောင်းပန်ခဲ့ခြင်းနဲ့ အတိတ်က အမှားအယွင်းတွေကို ချေဖျက်နိုင်ခဲ့ပါတယ်။
တောင်းပန်ခြင်းမဟုတ်တဲ့ ၀မ်းနည်းမှုအတွက် ဖော်ပြချက်ဟာ အပေါ်ယံအမြင် အားဖြင့်တော့
တောင်းပန်ခြင်းနဲ့ ဆင်တူပါတယ်။
အမှားအယွင်းတွေအတွက် တာဝန်ယူခြင်း၊ အသိအမှတ်ပြုခြင်း လုံးဝမပါ ရှိပါဘူး။
တရားဥပဒေအရ တာဝန်မကင်းဘူးဆိုတဲ့ အချက်ကို လက်မခံနိုင်ဘဲ ငြင်းပယ်လိုတဲ့အတွက်
ဂရုတစိုက် အပင်ပန်းခံပြီး ရေးသား ပြုစုရပါတယ်။
များသောအားဖြင့် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရခြင်းမှာ နှစ်ဖက် အဓိပ္ပာယ်ကောက်ယူမှု မတူညီတဲ့
အတွက်သာဖြစ်ကြောင်း ဖော်ပြလေ့ရှိပါတယ်။
တစ်ဖက်က အမှားအယွင်းအတွက် ၀န်ခံတဲ့ သဘော မဖြစ်စေရဘဲ အခြားတစ်ဖက်က
ထိခိုက်နစ်နာသူကိုလည်း ပြန်လည် သင့်မြတ်လာစေဖို့ အမျက်ပြေစေမယ့် စကားလုံးလေးတွေကို
ရွေးချယ်သုံးစွဲရပါတယ်။
အနည်းဆုံး နစ်နာတယ်လို့ ခံယူထားတဲ့ဘက်က ရန်လိုမှု သို့မဟုတ် တုံ့ပြန်မှု ရပ်ဆိုင်းသွားစေ
ရပါမယ်။
အချေအတင် ငြင်းခုံနေကြခြင်း အဆင့်မှ သံခင်းတမန်ခင်းဆွေးနွေးခြင်း အဆင့်သို့ ရောက်ရှိစေရ
ပါမယ်။
မှားယွင်းခဲ့တဲ့ အဖြစ်အတွက် စောင်းပါးရိပ်ခြည်ပါရှိတဲ့ စကားလုံး၊ တောင်းပန်ခြင်းနဲ့တန်းတူတဲ့
စကားလုံးတို့ကို ရှောင်ရှား ရပါတယ်။
၀မ်းနည်းကြောင်း စကားလုံးကို ရွေးချယ်ရာမှာ တာဝန်ခံမှုမပါရှိသော လူသားချင်း
စာနာထောက်ထားမှုကို ဖော်ပြနိုင်ပါတယ်။
နှစ်ဖက်နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေဘဲ အများပြည်သူ
လူထုရှေ့မှောက်မှာလည်း လုံလောက်စွာ ခုခံကာကွယ်ရှင်းလင်းနိုင်တဲ့ ရလဒ်ဟာ
အကောင်းဆုံးပါပဲ။
ဒီရလဒ်မျိုး ထွက်ခဲ့ပြီဆိုရင်တော့ နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံရေးဟာ မကြာခင်
ပုံမှန်ပြန်ရောက်တော့မှာပါ။
ကျွန်တော့်အနေနဲ့ အပြည်ပြည်ဆိုင်ရာ သံခင်းတမန်ခင်း တောင်းပန်ခြင်းနဲ့ ပတ်သက်ပြီး
အကျဉ်းချုံး ဆွေးနွေးတင်ပြနေတာကတော့ ကမ္ဘာ့မိသားစုဝင်ဖြစ်တဲ့ နိုင်ငံတစ်နိုင်ငံ၊ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ အစိုးရဟာ နိုင်ငံတကာ ရေးရာကိစ္စတွေမှာ
ပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို ဘယ်လိုအလေးထားသင့်တယ်၊ ပြည်သူလူထုကလည်း
အစိုးရအဖွဲ့ အစည်းတွေရဲ့ လုပ်ဆောင်ချက်ကို ဘယ်လို နားလည်လက်ခံသင့်တယ်၊
ပြည်သူလူထုရဲ့ အသံဟာ နိုင်ငံတကာဆက်ဆံရေးမှာ နိုင်ငံတော်ရဲ့ ပုံရိပ်ကို ဘယ်လိုပုံဖော်ပေးနိုင်
တယ်၊ နိုင်ငံအကျိုးစီးပွားအတွက် တောင်းပန်ခြင်းကို ဘယ်လိုကျွမ်းကျင်လိမ္မာစွာ အသုံးချနိုင်သလဲ
ဆိုတာကို နိုင်ငံသူ နိုင်ငံသားတိုင်း နားလည်ထားသင့်တဲ့အတွက် ဖြစ်ပါတယ်။
ကျွန်တော် တို့ရဲ့ ပြည်သူတွေ အတိတ်မှာ ဒီလိုအတွေ့ အကြံုမျိုး၊ ဒီလိုအခွင့်အရေးမျိုး တစ်ခါမျှ
မရရှိခဲ့တဲ့အပြင် အပြည်ပြည်ဆိုင်ရာကွန်ရက်ချိတ် ဆက်မှုကလည်း အခုအခါ အလွန်ဖွံ့ဖြိုး
တိုးတက်နေတဲ့အတွက် ကျွန်တော်တို့ လေ့လာ သိရှိသမျှကို အဆောတလျင် မျှဝေပေးလိုခြင်းမျှသာ
ဖြစ်ပါတယ်။
ဒါပေမဲ့ တစ်ခုတော့ သတိပြုရန် လိုပါတယ်။ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတွေရဲ့
တောင်းပန်ခြင်းနဲ့ သံခင်းတမန်ခင်းတောင်းပန်ခြင်းအကြားမှာ သဘောထားများစွာ ကွဲပြားခြားနားမှု
ရှိခြင်းပါပဲ။
လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းတွေက အမှားအယွင်းအတွက် နောင်တရနိုင်တယ်။ တောင်းပန်ခြင်း၊
ခွင့်လွှတ်ခြင်း ပြုနိုင်တယ်။
နိုင်ငံတွေကျတော့ ကျင့်ဝတ်စောင့်ထိန်းရတဲ့ လူတွေလို မဟုတ်တဲ့ အတွက် ဥပဒေအရ
ကင်းလွတ်မှုရှိတယ်။
သံခင်းတမန်ခင်း တောင်းပန်ခြင်းကလည်း နိုင်ငံက တောင်းပန်ခြင်း မဟုတ်ပါဘူး။
နိုင်ငံသူ နိုင်ငံသားများရဲ့ ယုံကြည်မှုကို ခေတ္တထိန်း သိမ်းစောင့်ရှောက်နေရတဲ့ အစိုးရအဖွဲ့ကိုယ်စား
သို့မဟုတ် အရာရှိကြီးက တောင်းပန်ခြင်းသာဖြစ်ပါတယ်။
လူပုဂ္ဂိုလ်အဖွဲ့အစည်းမှာတော့ နောင်တရပြီဆိုရင် လူ့အသိုက်အဝန်းမှာ ပြန်လက်ခံတယ်။
ဆက်ဆံရေးအခြေအနေ ကောင်းမွန်အောင် တည်ဆောက်တယ်။ အနာကျက်ပြီးမှ ပြန်လည်
ရင်ကြားစေ့ရတာပါ။
နိုင်ငံတကာဆက်ဆံရေးမှာကျတော့ ဒုတိယကမ္ဘာစစ်အတွင်းက ရန်သူကြီးတွေဖြစ်တဲ့ ဂျာမနီနဲ့
ဂျပန်ကို အနောက်အုပ်စုက ၁၉၅၀ ပြည့်လွန်နှစ်များကစပြီး မဟာမိတ်အဖြစ် ပြန်လက်ခံခဲ့ပါတယ်။
နိုင်ငံတကာဆက်ဆံရေးမှာ ပုံမှန်ပြန်ဖြစ်ဖို့ဆိုတာ လူ့ကျင့်ဝတ်အပေါ်မှာ မူမတည်ဘူး၊
အကျိုးစီးပွားအပေါ်မှာပဲ အခြေခံတယ်လို့ ပြောနိုင်ပါတယ်။
ဒါကြောင့် အမြဲတမ်းရန်သူ အမြဲတမ်းမိတ်ဆွေ မရှိဘူး၊ အမြဲတမ်းအကျိုးစီးပွားပဲ ရှိတယ်လို့
ပြောနေကြတာပါ။
















