မြန်မာ့မီဒီယာ လွတ်လပ်ခွင့်နဲ့ တပ်မတော်

မြန်မာ့မီဒီယာ လွတ်လပ်ခွင့်နဲ့ တပ်မတော်

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ World Press Freedom Dayဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ World Press Freedom Day
ဖြစ်ပါတယ်။

စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဖြစ်တဲ့ အားလျော်စွာ ရန်ကုန်မှာလည်း ပြန်ကြားရေးဝန်ကြီးဌာန၊
UNESCO အဖွဲ့တွေ ပူးပေါင်းပြီး အခမ်းအနားတစ်ခု ကျင်းပခဲ့ပါတယ်။

ရန်ကုန်မှာ World Press Freedom Day 2015 အခမ်းအနား ကျင်းပတာနဲ့ တိုက်ဆိုင်တယ်ပဲ
ပြောရမလား၊ သတင်းဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)
ဆီကို တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က အကြောင်းကြားစာတစ်စောင်ပေးပို့
လာပါတယ်။

အဲဒီ စာမှာ ဘာတွေ ဖော်ပြထားသလဲ၊ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့
တပ်မတော်ဘက်က ဘယ်လို သဘောထားနေသလဲ၊ စာနယ်ဇင်းလွတ်လပ်ခွင့်
ရှေ့ဘာဆက်ဖြစ်လာနိုင်မလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေး
ညွှန်ကြားရေးမှူးရုံး ကနေ မေလ ၃ ရက် နေ့စွဲ တပ်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ကို
ပေးပို့ခဲ့တဲ့ အကြောင်းကြားစာရဲ့ အကြောင်းအရာမှာ "ကိုးကန့် သောင်းကျန်းသူအဖွဲ့ (MNDAA) ၏
ထုတ်ပြန် ကြေညာချက်များကို သတင်းမီဒီယာများတွင် ထည့်သွင်းဖော်ပြမှု မရှိစေရေး"လို့
ဖော်ပြထားပါတယ်။

စာထဲမှာတော့ "ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ပန်ဆန်းမြို့တွင် ပြုလုပ်လျက်ရှိသည့် တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ အစည်းအဝေးသို့ မြန်မာ အမျိုးသား
ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) (ကိုးကန့်သောင်းကျန်းသူအဖွဲ့)
တက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

"အဆိုပါ ကိုးကန့် သောင်းကျန်းသူအဖွဲ့ (MNDAA)ကို နိုင်ငံတော်အစိုးရက မတရားအသင်းအဖြစ်
သတ်မှတ်ကြေညာထားရှိသဖြင့် ပန်ဆန်းမြို့တွင် ပြုလုပ်လျက်ရှိသော အစည်းအဝေးမှ
ကိုးကန့်သောင်းကျန်း သူအဖွဲ့ (MNDAA) ၏ ထုတ်ပြန်ကြေညာချက်များကို သတင်းမီဒီယာများက
ရုပ်သံထုတ်လွှင့်ခြင်း၊ ပုံနှိပ်ဖော်ပြခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်စေရေး အသိပေးထားရှိပါရန်နှင့်
ထုတ်လွှင့်ဖော်ပြခဲ့ပါက တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း
ညှိနှိုင်းအကြောင်း ကြားအပ်ပါသည်"ဆိုပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ
ကိုယ်စား တာဝန်ရှိသူ တစ်ယောက်က လက်မှတ်ရေးထိုး ဖော်ပြထားပါတယ်။

စာမှာ ရေးသားဖော်ပြထားချက်ကိုရှင်းလင်းရရင် တရားမဝင် အဖွဲ့အစည်း ဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့ရဲ့
ထုတ်ပြန်ကြေညာချက်တွေကို လုံးဝ မဖော်ပြဖို့ပါ။

အခြား အဖွဲ့ အစည်းတွေရဲ့ ထုတ်ပြန် ကြေညာချက်တွေကို တားမြစ်ထားတာမျိုး မရှိသလို
သတင်းရေးသားတာနဲ့ ပတ်သက်ပြီးတော့လည်း တားမြစ်ထားခြင်းမျိုးတော့ မတွေ့ရပါဘူး။

ဒါပေမဲ့ စာပါ အကြောင်းအရာမှာ သိပ်ပြီး ရှင်းရှင်းလင်းလင်း မရှိတဲ့ အနေအထားတချို့
ပါ၀င်နေတာမို့ ပြည်တွင်းက ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်တွေက ကိုးကန့်ပြဿနာ၊ လက်နက်ကိုင်
တိုင်းရင်းသားတွေရဲ့ သတင်းစတာတွေ ဖော်ပြရာမှာ စိုးရိမ်ထိတ်လန့် ကြောက်ရွံ့မှုတွေ
ဖြစ်ပေါ်စေမှာကတော့ အမှန်ပဲ ဖြစ်ပါတယ်။

ဥပမာ ပန်ဆန်း လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ကိုးကန့်တိုက်ပွဲ
ပြဿနာဆွေးနွေးမယ်လို့ ဆိုထားပါတယ်။

အဲဒီသတင်း ဖော်ပြလို့ ရမရ၊ နောက် အဲဒီ အစည်းအဝေးကနေပဲ ကိုးကန့်ကိစ္စနဲ့ ပတ်သက်ပြီး
ကြေညာချက်တွေ ထုတ်နိုင်ပါတယ်။

ဒါဟာ ကိုးကန့် အဖွဲ့အစည်းက ထုတ်တာ မဟုတ်ပေမယ့် အဲဒီ ထုတ်ပြန် ကြေညာချက်တွေကို
ဖော်ပြလို့ ရမရ၊ နောက်တစ်ချက်က ကိုးကန့်အဖွဲ့အစည်းကလည်း ကြေညာချက်
ထုတ်ပြန်နိုင်ပါတယ်။

အဲဒီ ကြေညာချက်ကိုကြေညာချက်အတိုင်း ထပ်ဆင့် ဖော်ပြတာမျိုးမဟုတ်ဘဲ နိုင်ငံတကာနည်းတူ
သတင်းအဖြစ် ဖော်ပြတာမျိုး ရနိုင်မရနိုင် စတဲ့ အချက်တွေပဲဖြစ်ပါတယ်။

ပြောရရင် တပ်မတော်ဟာ ကိုးကန့် တိုက်ပွဲ စဖြစ်လာကတည်းက သတင်းရယူခွင့်၊
သတင်းဖော်ပြခွင့်တွေကို ကန့်သတ်ဖို့ အစဉ်တစိုက် ကြိုးစားလာတာ တွေ့ရပါတယ်။

ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေး ကြေညာပြီးတာနဲ့ စစ်အုပ်ချုပ်ရေး ဥပဒေအရ သေဒဏ်အထိ
ကျခံနိုင်တယ်ဆိုတဲ့ ပြစ်မှုတွေထဲမှာ သတင်းမီဒီယာဆိုင်ရာ ပြစ်မှုတွေကို ထည့်သွင်းထားခဲ့ပြီး
ဖြစ်ပါတယ်။

ဒါကြောင့် ပြည်တွင်းပုဂ္ဂလိက စာနယ်ဇင်းတွေအနေနဲ့ ကိုးကန့် တိုက်ပွဲသတင်း ဘယ်သူမှ
စွန့်စားပြီး သတင်းသွားယူတာမျိုး မလုပ်ကြတော့ပါဘူး။

ဒါပေမဲ့ သတင်းတွေဖော်ပြရာမှာတော့ တပ်မတော် ထုတ်ပြန်ချက်တွေကိုရော၊ ကိုးကန့်ဘက်က
ပြောဆိုတာတွေကိုပါ စာနယ်ဇင်းကျင့်ဝတ်နဲ့အညီ ရေးသား ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့လည်း ကိုးကန့်ပြဿနာကို ဒုဗိုလ်ချုပ်ကြီး မြတ်ထွန်းဦး သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီးနောက်
ကိုးကန့်ဘက်ကို သတင်းမေးတာဟာ ဥပဒေနဲ့ ငြိစွန်းသလားဆိုပြီး သတင်းထောက်
တစ်ယောက်က မေးတော့ တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ရင် အရေးယူနိုင်တဲ့
ပုဒ်မတွေ ရှိတယ်ဆိုပြီး ပြန်လည် ဖြေကြားခဲ့တဲ့အတွက် နောက်ပိုင်း ပြည်တွင်းစာနယ်ဇင်းတွေဟာ
ကိုးကန့်အဖွဲ့ဘက်ကို မေးမြန်းမှု မပြုလုပ်ကြတော့ပဲ သတင်းရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။

နောက်ဆုံး အဖြစ်အပျက်ကတော့ ပြီးခဲ့တဲ့ ဧပြီလ ၂၃ နဲ့ ၂၄ ရက်နေ့က ကိုးကန့်ဒေသ
တောင်ကုန်းအမှတ် ပွိုင့် ၂၂၀၂ တိုက်ပွဲ သတင်းဖော်ပြမှုပါ။

ဒီသတင်းနဲ့ပတ်သက်ပြီး အလဲဗင်း သတင်းစာကနေ တပ်မတော်ဘက်က ထုတ်ပြန်ချက်တွေ
ကိုရော၊ အခြား သတင်းရင်းမြစ် ဖော်ပြချက်တွေကိုပါ ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

သတင်းထဲမှာ တပ်မတော်ဘက်က အလွန်အကျအဆုံး အထိအခိုက်များတယ်ဆိုတဲ့
အတည်မပြုနိုင်တဲ့အချက်တွေလည်း ပါ၀င်ခဲ့ပါတယ်။

အဲဒီ သတင်းဖော်ပြပြီးနောက် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကနေ တပ်မတော်သား
တွေရဲ့ ဂုဏ်သိက္ခာနဲ့ စိတ်ဓာတ်ကို ထိခိုက်စေလို့ ဆိုပြီး ပြင်းထန်စွာ ကန့်ကွက်တာကို
တွေ့ရပါတယ်။


အခု နောက်ဆုံးတော့ ကိုးကန့် သတင်းထုတ်ပြန် ချက်တွေ မဖော်ပြဖို့ မီဒီယာ အားလုံးကို
သတိပေးစာ ထုတ်ပြန်တဲ့ အဆင့်ရောက် လာတာပါ။

အကြောင်းကြားစာထဲမှာပါတဲ့ နောက်အရေးကြီးတဲ့ အချက်တစ်ခုကတော့ 'ထုတ်လွှင့်ဖော်ပြခဲ့ပါက
တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း' ဆိုတဲ့ စာသားပါ။

တပ်မတော်ဟာ မကွေးတိုင်း ပေါက်မြို့နယ်က လက်နက်စက်ရုံ အကြောင်း သတင်းဖော်ပြလို့ဆိုပြီး
ယူနတီ ဂျာနယ်က သတင်းသမား ငါးယောက်ကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေနဲ့
တရားစွဲဆိုခဲ့ပါတယ်။

သက်ဆိုင်ရာ တရားရုံးက သတင်းသမား ငါးယောက်ကို ထောင်ဒဏ် ၁၀ နှစ်စီ အပြစ်ပေးလိုက်ပါ
တယ်။

အယူခံတက်တဲ့အခါ သုံးနှစ်လျှော့ပေါ့ပြီး လက်ရှိ ထောင်ဒဏ် ခုနစ်နှစ် ကျခံနေရဆဲ ဖြစ်ပါတယ်။

အဲဒီ ပြဿနာ ဖြစ်ပြီးကတည်းက တပ်မတော်သတင်းတွေ ဖော်ပြဖို့ ပုဂ္ဂလိက စာနယ်ဇင်းတွေ
ထိတ်လန့် ကြောက်ရွံ့နေကြတာပါ။

လက်ရှိ မြန်မာနိုင်ငံ တရားစီရင်ရေး ဆိုတာကလည်း တပ်မတော် အပါအဝင် အာဏာပိုင်
အဖွဲ့အစည်းတွေက တရားစွဲဆို တင်ပို့ရင် အပြစ်မရှိပါဘူးဆိုပြီး လွှတ်ပေးလိုက်တာ မရှိသလောက်
နည်းပြီး အားလုံးလိုလိုလောက်ကို ပြစ်ဒဏ် ချမှတ်လိုက်တာသာ များပါတယ်။

ဒါကြောင့် တပ်မတော် ဒါမှမဟုတ် အာဏာပိုင် အဖွဲ့အစည်းတစ်ခုခုက တရားစွဲမှာကို စိုးရိမ်
ကြောက်ရွံ့ကြတာပါ။

တကယ်တော့ မြန်မာနိုင်ငံဟာ ၂၀၁၁ ရှေ့ပိုင်း အခြေအနေနဲ့ ခြားနားခဲ့ပါပြီ။

ရုပ်သံနဲ့ ရေဒီယိုကို အစိုးရက ဆက်ပြီး ထိန်းချုပ်ထားဆဲ ဖြစ်ပေမယ့် ပုံနှိပ် စာနယ်ဇင်း
လွတ်လပ်ခွင့်ကတော့ ရနေပါပြီ။

ဒီလို ပုံနှိပ်စာနယ်ဇင်း လွတ်လပ်ခွင့် ရလာတာလေးကိုပဲ နိုင်ငံတကာက ချီးကျူး ဩဘာပေးတာခံ
ရပါတယ်။

နောက်တစ်ချက်က အရင်စစ်ဗိုလ်ချုပ်ကြီး တစ်ယောက်က တစ်သွေးတစ်သံ တစ်မိန့်အာဏာရှင်
စနစ်နဲ့ အုပ်ချုပ်နေရာကနေ အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး၊ တပ်မတော် စသဖြင့် မဏ္ဍိုင်တွေ
ခွဲခြားပြီး တိုင်းပြည်ကို စီမံခန့်ခွဲ အုပ်ချုပ်လာတဲ့ အခြေအနေပါ။

ဒါကိုလည်း နိုင်ငံတကာက ချီးမွမ်းကြပါတယ်။

ဒါကြောင့် ဖြစ်ပေါ်လာတဲ့ အဖွဲ့အစည်းတွေကလည်း အခြေအနေသစ်နဲ့ လျော်ညီအောင်
ပြုပြင်ပြောင်းလဲနေကြ၊ ပြောင်းလဲဖို့ ကြိုးစားနေကြတာပါ။

ဒီအထဲမှာ တပ်မတော်လည်း ပါပါတယ်။

အခြေအနေသစ်မှာ တပ်မတော်ဟာ ကောင်းတဲ့ဘက်ကို အများကြီး ပြောင်းလဲခဲ့ပါတယ်။

ကလေး စစ်သား စုဆောင်းမှုတွေကို အရေးယူတာ၊ ပေါ်တာ အထမ်းသမား ခိုင်းစေ အသုံးပြုမှုကို
ရပ်စဲတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှု နည်းနိုင်သမျှနည်းအောင် ကြိုးစားတာ၊ ဘတ်ဂျက်ကို
တရားဝင် ထုတ်ဖော်ပြီး လွှတ်တော်ထဲမှာ ပွင့်ပွင့်လင်းလင်း တောင်းခံရယူတာ၊ ငြိမ်းချမ်းရေး
တည်ဆောက်မှု ဖြစ်စဉ်ထဲ ပါ၀င်တာစသဖြင့် ကောင်းမွန်တဲ့ ဘက်ကို အများကြီး အပြောင်းအလဲ
လုပ်ခဲ့တာ တွေ့ရပါတယ်။

သတင်းစာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ရင်လည်း ပြောင်းလဲလာတဲ့ အခြေအနေအောက်မှာ
အရင်ခေတ်ကနဲ့ မတူ အများကြီး နားလည်သီးခံ၊ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားတာလည်း
တွေ့မြင်ရပါတယ်။

ကေအိုင်အေ အပါအဝင် တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲ သတင်းတွေကိစ္စ၊ တပ်မတော်ကို
ဝေဖန်တာတွေကအစ ခွင့်ပြုပေးခဲ့တဲ့ သဘော တွေ့မြင်ရပါတယ်။

ဒါပေမဲ့ အခု ကိုးကန့် တိုက်ပွဲ ပြသနာကျမှသာ သတင်းတွေ မီဒီယာတွေကို လုံးဝ သည်းမခံဘူး
ဆိုတဲ့ သဘောထား မြင်တွေ့လာရတာ ဖြစ်ပါတယ်။

တကယ်တော့ ကိုးကန့်တိုက်ပွဲဟာ ကိုယ့်ပြည်တွင်းမှာ ဖြစ်ပွားနေတာပါ။

တပ်မတော်ဆိုတာ တိုင်းပြည်ရဲ့ အစိတ်အပိုင်းတစ်ခုပါ။

တပ်မှူး တပ်သားတွေ ဆိုတာဟာလည်း ပြည်သူတွေထဲက ပေါက်ဖွားလာသူတွေ ဖြစ်ပါတယ်။

ဒါကြောင့် တပ်မတော်တစ်ရပ်အနေနဲ့ အဲဒီဒေသမှာ ဘယ်လို တိုက်ခိုက်နေသလဲ၊ ဘယ်လို
အခြေအနေ ရှိနေသလဲဆိုတာ တပ်မတော်သားတွေ အားလုံး သိခွင့်ရှိသလို၊ ပြည်သူလူထုလည်း
သိပိုင်ခွင့်ရှိပါတယ်။

လက်ရှိ ပြည်တွင်းက ပုဂ္ဂလိက စာနယ်ဇင်းတွေဟာ အဲဒီ ပြည်သူတွေရဲ့ သတင်း သိပိုင်ခွင့်
တာဝန်ကို ထမ်းဆောင်နေကြတာပါ။

သတင်းအမှောင်ချတာဟာ အရင် စစ်အစိုးရ၊ အာဏာရှင်တွေ လုပ်ခဲ့တဲ့ လုပ်ရပ်မျိုးပဲ ဖြစ်ပြီး
လက်ရှိ ပြုပြင် ပြောင်းလဲရေး လုပ်နေတဲ့ တပ်မတော်က လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်မျိုးတော့
မဟုတ်နိုင်ပါဘူး။

လက်ရှိ တပ်မတော်ရဲ့ လုပ်ရပ်ဟာ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ရာရောက်ရင် တပ်မတော်ရဲ့
ကောင်းမွန်တဲ့ အပြောင်းအလဲ လုပ်နိုင်ခဲ့တဲ့ ပုံရိပ်တွေကို ပြည်တွင်း ပြည်ပမှာ ထိခိုက်စေမှာ
အသေအခြာပဲ ဖြစ်ပါတယ်။

အလားတူ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် နောက်ဆုတ်၊ ကျဆင်းမှု ပုံရိပ်ကိုလည်း
ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ရဲ့ ဒီထုတ်ပြန်ချက်ကြောင့်
တပ်မတော်၊ ပြည်သူနဲ့ တိုင်းပြည်အတွက် အကျိုးရှိ မရှိ ပြန်ပြီးတော့လည်း သုံးသပ်သင့်ပါကြောင်း
တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021