နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တွင် နေထိုင်လျက်ရှိသည့် မြန်မာတစ်ယောက်က ငလျင်လှုပ်ပြီး နောက်တစ်နေ့ စတိုးဆိုင်အများစု ဖွင့်နေသဖြင့် ၀မ်းသာသွားသည်။
နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တွင် နေထိုင်လျက်ရှိသည့် မြန်မာတစ်ယောက်က ငလျင်လှုပ်ပြီး
နောက်တစ်နေ့ စတိုးဆိုင်အများစု ဖွင့်နေသဖြင့် ၀မ်းသာသွားသည်။
ခေါက်ဆွဲခြောက်ထုပ်နှင့် စားစရာများ ၀ယ်ရန် စိတ်ကူးပြီး ဆိုင်တစ်ဆိုင်ထဲသို့ ၀င်လိုက်မိရာ
စားစရာအများစုမှာ ငလျင်ဒဏ်ကြောင့် ကြမ်းပြင်ပေါ်တွင် ပြိုကျနေသည့် အတိုင်းပုံလျက်သား။
ခေါက်ဆွဲထုပ်အများစုက ကုန်သလောက်ဖြစ်နေပြီ။ သို့သော် အံ့ဩမိသည်က စတိုးဆိုင်
မန်နေဂျာက ၀ယ်သည့် ပစ္စည်းအားလုံးကို ငလျင်မတိုင်ခင်က ဈေးအတိုင်းသာ
ရောင်းပေးလိုက်ပါသည်။
တကယ်တော့ နောက်မှ ပိုအံ့ဩရသည်မှာ ဆိုင်တိုင်းလိုလိုက အပျက်အစီးကြားထဲမှာ
ကြိုးစားဖွင့်ကာ ဈေးရင်းအတိုင်း ရောင်းနေခြင်းဖြစ်သည်။
ကျွန်တော့်အိမ်မှာ ကံကောင်းထောက်မ၍ ငလျင်ကြောင့် ဘာမှမဖြစ်သော်လည်း ကိုယ့်လောက်
ကံမကောင်းသဖြင့် ငလျင်ဒဏ်ကို ကိုယ့်ထက် ပိုပြီးခံရသူတွေကို တွေ့ရ၊ သတင်းများတွင်
မြင်ရပါသည်။
ငလျင်လှုပ်ခါစ ရက်ပိုင်းတွင် ပျက်စီးသေဆုံး သတင်းများကို အများဆုံးကြားခဲ့ရသော်လည်း
ယခုတစ်ပတ်ကျော် နှစ်ပါတ်နီးပါးခန့် ကြာလာသည့်အခါတွင်တော့ သတင်းတွေထဲတွင်
ကြားရသည်မှာ နီပေါအစိုးရ၏ ငလျင်ဘေးတုံ့ပြန်မှု ကိုင်တွယ်ပုံတို့ကို ဝေဖန်သံများဖြစ်သည်။
အပြောခံရသည့် အကြောင်းများတွင် ကိုင်တွယ်ပုံ ညံ့ဖျင်းခြင်းမှအစ၊ နိုင်ငံတကာက
အကူအညီများကို ခက်ခဲအောင် ဖု၊ ထစ်ခြင်းများပါသည်။
ဒီလောက်ကြီးသည့် သဘာဝဘေးအန္တရာယ်ကို ကိုင်တွယ်နိုင်ရန် တော်တော်တန်တန် အစိုးရအဖို့
မလွယ်တာမှန်သော်လည်း အချို့ကိစ္စများမှာမူ အစိုးရအနေဖြင့် ဝေဖန်ခံထိုက်ပါပေသည်ဟု
ပြောရမလို ဖြစ်သည်။
နိုင်ငံတကာမှ ဘဏ်စာရင်းဖြင့် လွှဲပေးလာသည့် အလှူငွေကြေးများကို အစိုးရဘဏ်စာရင်းသို့
ပြောင်းပေးရန် သတ်မှတ်ခြင်း၊ ခတ္တ မန္ဒူလေဆိပ်သို့ ရောက်လာသည့် ကယ်ဆယ်ရေးနှင့်
စားနပ်ရိက္ခာများကို အခွန်ကောက်ခြင်း၊ ငလျင်ကြောင့်ဖြစ်သော ရေခဲပြိုကျခြင်းထဲတွင်
သေဆုံးသွားသော ဧဝရက်တောင် တက်သမားများကို ငလျင်ဘေးကြောင့် သေဆုံးသူများ
စာရင်းတွင် အသိအမှတ်မပြုခြင်း စသည်တို့မှာ (ဘဏ်လွှဲငွေနှင့် အခွန်ကိစ္စတို့ကို အစိုးရက
ရက်အနည်းငယ်အကြာတွင် ပြန်ရုပ်သိမ်းပေးခဲ့သော်လည်း) နီပေါနိုင်ငံသားများရော
နိုင်ငံတကာကပါ ဒေါသထွက်ရသည့် ကိစ္စများဖြစ်သည်။
အချို့ကိစ္စများတွင်တော့ အစိုးရက ဝေဖန် ခံနေရသော်လည်း တကယ်လုပ်ဖို့ မလွယ်သည့်
ကိစ္စတွေလည်း ရှိပါသည်။
လမ်းအများစုမှာ မြေပြိုပြီးပိတ်နေရာ တူးဖော်ရေးစက်များ မရောက်နိုင်သဖြင့် အပျက်အစီးများ
မတူးရသေးခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများ အရောက်နောက်ကျခြင်းတို့မှာ နားလည်နိုင်ပါသည်။
ဘယ်လိုပဲဖြစ်ဖြစ် လေးစားဖို့ကောင်းသည်မှာ နီပေါ ပြည်သူတွေ အများစုက ကိုယ်ကျိုးမဖက်ဘဲ
ဘေးဒုက္ခကို ရင်ဆိုင်ဖြေရှင်းပုံဖြစ်ပါသည်။
ငလျင်လှုပ်လျှင်လှုပ်ချင်း ပြိုကျအက်ကွဲသွားသည့် အဆောက်အအုံများအတွင်းမှ ဒုက္ခရောက်သူ
များကို ကိုယ့်အသက်အန္တရာယ် မမှုဘဲ ၀င်ကယ်ကြသည်။
ငလျင်ကြီးလှုပ်ပြီးလျှင် နောက်ဆက်တွဲ ငလျင်များ ဆက်တိုက်လှုပ်တတ်သည့် အန္တရာယ်ကို
ဂရုမထားဘဲ အိမ်နီချင်းများက ကျွန်တော့်အသိတစ်ယောက်ကို အိမ်တွင်းမှ ကွန်ပျူတာနှင့်
အရေးကြီးစာရွက်စာတမ်းများယူရန် ကူညီပေးကြသည်။
ငလျင်လှုပ်ပြီးနောက်နေ့များတွင် အစားအသောက်နှင့် အခြားပစ္စည်းပစ္စယများ ရောင်းသည့်
စတိုးဆိုင်များမှာ ဆိုင်တိုင်းလိုလို စင်တွေပြိုလဲ၊ ရှိသမျှပစ္စည်းအားလုံး ကြမ်းပြင်ပေါ် ဖရိုဖရဲဖြစ်နေတဲ့
ကြားက ငလျင်မတိုင်မီကဈေးအတိုင်း ရောင်းပေးကြသည်။
အမှန်တော့ လူတိုင်းဒုက္ခရောက်နေသည်ဖြစ်ရာ ဆိုင်ဖွင့်ပြီးရောင်းပေးတာကပင် ကျေးဇူးတင်စရာ
ဖြစ်ပါသည်။
အဲဒီအချိန် လူတိုင်းလိုနေသည့် ပစ္စည်းများမှာသောက်ရေ၊ ခေါက်ဆွဲခြောက်ထုပ် စသည်တို့ဖြစ်ရာ
ဈေးပိုတောင်းလည်းပေးမည်သာ။ သို့သော် ချီးကျူးဖို့ကောင်းပါသည်။ ဈေးပိုမတောင်းသည့်အပြင်
ကျွန်တော်နေသည့် အိမ်နားမှ စတိုးဆိုင်တစ်ဆိုင်ဆိုလျှင် သာမန်ထက်ပင် ဈေးလျှော့ပြီး
အမြတ်မယူဘဲ ရောင်းပေးပါသေးသည်။
အစိုးရက အရောက်မသွားနိုင်သေးသည့် ရွာတွေသို့လည်း တတ်နိုင်သူများက
ကိုယ့်အစီအစဉ်နဲ့ကိုယ် ကိုယ့်ကားကိုယ်စိုက်ပြီး အနီးအနားကရွာများသို့ မိုးကာစများ၊ အခင်းများ၊
အခြားအကူအညီများ ပို့ပေးကြပါသည်။
ကိုယ်တတ်နိုင်သလောက် တနိုင်တပိုင်ပေါ့။ ကျွန်တော်တွေ့သလောက် သတိထားမိသည်မှာ
ဘယ်သူကမှ အစိုးရကို တာဝန်မကျေ ဟု ထိုင်ဆဲမနေ၊ ကြာကြာဒေါသထွက်မနေ။ ကိုယ်လုပ်လို့
ရသလောက် လုပ်ကြခြင်းပါ။
တကယ်တော့ နီပေါအစိုးရ မကောင်းဘူးလို့ ပြောရမှာထက် နီပေါမှာ အစိုးရစစ်စစ် မရှိတာ
ကြာပါပြီ။ တော်တော်နှင့်လည်း ရှိဦးမည့် ပုံမပေါ်။
လက်ရှိအစိုးရမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆွဲနေတုန်း အုပ်ချုပ်ရန် ယာယီဖွဲ့ထားသည့် အစိုးရ။
ဖွဲ့စည်းပုံအခြေခံဥပဒေဆွဲနေတာကလည်း ခြောက်နှစ်ကျော် ရှိပြီ၊ တော်တော်နှင့်လည်း
ပြီးဦမည့်ပုံမပေါ်။
ဒီတော့ အစိုးရထဲက လူတွေကလည်း ဘာမှ သိပ်မလုပ်နိုင်။
တကယ်တော့ နီပေါဆိုသည့် နိုင်ငံသည် လမ်းကောင်းကောင်း မရှိ၊ ရေအားလျှပ်စစ်ထုတ်ရန်
အရင်းအမြစ်များစွာ ရှိသော်လည်း မီးတစ်ချိန်လုံး ပျက်နေသည့် တိုင်းပြည်။
မီးမလာသဖြင့် မြို့တော် ခတ္တမန္ဒူတွင် မီးပွိုင့် တောင် မရှိ။ ကျွန်တော်ကိုယ်တိုင် မီးပွိုင့် မီးလင်းနေတာ
တစ်ခါသာမြင်ဖူးသေးသည်ထင်သည်။
ဒီတော့ လူတွေ ကိုယ့်အားကိုယ်ကိုးပြီး ပုံမှန်အားဖြင့် အစိုးရလုပ်ရမည့် အလုပ်တွေကို
အားတက်သရော လုပ်ကြသလားမသိပါ။
အစိုးရက နှစ်ပေါင်းများစွာအခြေခံ လိုအပ်ချက်တွေ မဖြည့်ဆည်းနိုင်ဘဲနေလာခဲ့ရာ မိမိကိုယ်သာ
အားကိုးရာဟု ဖြစ်လာတာ ဖြစ်နိုင်သည်။
ကျွန်တော် မပြောတတ်ပါ။ ဘာကြောင့်ပဲဖြစ်စေ တုန်လှုပ်ချောက်ချားစရာတွေကြားထဲက
အမြတ်မယူဘဲဆိုင်ဖွင့် ရောင်းပေးသည့် ဆိုင်အပျက်အစီးပုံကြားထဲက ဈေးရောင်းသူတွေကိုတော့
ချီးကျုးမိပါသည်။
သူတို့ စိတ်စေတနာက တမင်လုပ်ယူလို့ မရသည့် စေတနာဖြစ်သည်။
နီပေါနိုင်ငံသည် ငလျင်ကြောပေါ်တွင် ရှိနေသည်ဖြစ်ရာ နီပေါက လူတွေအားလုံး လိုလိုသည်
တစ်နေ့နေ့ ငလျင်လှုပ်မယ်ဆိုတာကို တထစ်ချသိပြီး ကြီးလာကြသူတွေချည်း ဖြစ်သည်။
အခုလိုဘေးဒုက္ခနှင့် တကယ်ကြံုလာတော့ ဒုက္ခရောက်သူအချင်းချင်း ကူညီကြသည့်အဖြစ်
ကိုစိတ်မှာ ချီးကျူးမိသည်။
ကျွန်တော့်အဖို့ ဤငလျင်ကို တစ်သက်မေ့နိုင်မည် မဟုတ်သလို နီပေါက လူတွေ၏
ရပ်ရွာစိတ်ဓာတ်ကိုလည်း တစ်သက်သတိရနေဦးမည်ဖြစ်သည်။

















