ခွင့်မလွှတ်နိုင်ခဲ့သော် ခွင့်လွှတ်ခြင်းဆိုတဲ့ အယူအဆဟာ နားလည်မှု အမျိုးမျိုးရှိနိုင်တဲ့ အယူအဆပါ။ ဘယ်ကိစ္စလဲ၊ ဘယ်သူ့ကိုလဲ၊ ဘယ်အချိန်မှာလဲ၊ ဘယ်နေရာမှာလဲ၊ ဘာအကြောင်းကြောင့်လဲ။
ခွင့်မလွှတ်နိုင်ခဲ့သော် ခွင့်လွှတ်ခြင်းဆိုတဲ့ အယူအဆဟာ နားလည်မှု အမျိုးမျိုးရှိနိုင်တဲ့ အယူအဆပါ။
ဘယ်ကိစ္စလဲ၊ ဘယ်သူ့ကိုလဲ၊ ဘယ်အချိန်မှာလဲ၊ ဘယ်နေရာမှာလဲ၊ ဘာအကြောင်းကြောင့်လဲ။
ခွင့်လွှတ်ဖို့အတွက် စဉ်းစားစရာ အကြောင်းအချက်၊ အတိမ်အနက်၊ အကျိုးအပြစ် စသည်ဖြင့်
ချင့်ချိန်စရာ အများအပြားရှိနေပြီး တချို့ကိစ္စတွေမှာကျတော့ လက်တွေ့ကျင့်သုံးဖို့ ဘယ်လို နည်းနဲ့မျှ
မဖြစ်နိုင်ဘူးလို့ ယတိပြတ် ဆုံးဖြတ်ထားတာတွေလည်း ရှိနိုင်ပါတယ်။
ဒါကြောင့် ဈေးဆိုင်တစ်ဆိုင်၊ ရုံးဌာနတစ်ခုမှာ စိတ်ပျက်စရာ ဆက်ဆံရေးအတွေ့အကြံု
တစ်ခုကြောင့် မကျေမချမ်းဖြစ်ရသော လူတစ်ဦးချင်းရဲ့ ခံစားမှုအဆင့်မှသည် အာဏာပိုင်များရဲ့
မူဝါဒရေး ရာခွဲခြားဆက်ဆံမှု၊ သို့မဟုတ် ငြင်းပယ်မှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးရမှုနဲ့
စိတ်နာကျည်းမှုဖြစ်ခဲ့ရတဲ့ လူစုလူဝေး၊ လူ့အသိုက်အဝန်းတစ်ခုရဲ့ ခံစားမှုအဆင့်အထိ၊ တုံ့ပြန်မှု
တစ်ရပ်အနေဖြင့် ဖြစ်နိုင်တာမှန်သမျှ အမြဲခွင့်လွှတ်နိုင်ကြပါစေလို့ ကျွန်တော်က တင်ပြလိုခြင်း
ဖြစ်ပါတယ်။
ခွင့်လွှတ်ခြင်းမှာ အဓိပ္ပာယ်ရှင်းလင်း ဖော်ပြချက် အမျိုးမျိုးရှိပါတယ်။
အခုတင်ပြမယ့် ရှင်းလင်းဖော်ပြချက်ကတော့ ဒီနေရာမှာ ပိုပြီးအသုံးတည့်မယ်လို့ ထင်ပါတယ်။
ခွင့်လွှတ်ခြင်းဆိုတာ လူတစ်ဦးချင်းအနေနဲ့ပဲ ဖြစ်ဖြစ်၊ လူအများစုအနေနဲ့ပဲဖြစ်ဖြစ် စိတ်နာကျည်းမှု
အတွေ့အကြံုများကို ဆက်လက်မခံစားတော့ဘဲ စိတ်ပြေရာပြေကြောင်း ဖြေဖျောက်နိုင်ခြင်း၊
သို့မဟုတ် စိတ်ပြေပျောက်မှုကို ပေါ်လွင်စွာပြသနိုင်ခြင်း၊ သို့မဟုတ် မကောင်းသော
ခံစားချက်များကို အကြောင်းအကျိုး ညီညွတ်စွာ စိစစ်သုံးသပ်နိုင်ခြင်းတို့ဖြင့် မိမိတို့ရဲ့ အတွင်းစိတ်ကို
ငြိမ်းအေးစေခြင်းလို့ အဓိပ္ပာယ်ရှင်းလင်းဖော်ပြချက် တစ်ခုမှာ ဆိုပါတယ်။
ဒီရှင်းလင်းဖော်ပြချက်အရဆိုရင် လူတွေရဲ့ သဘောသဘာဝကို တချို့နေရာတွေမှာ ကျော်လွှားရဲတဲ့
သတ္တိရှိမှ ခွင့်လွှတ်နိုင်ကြတယ်လို့ ဆိုလိုရာရောက်ပါတယ်။
လူတွေရဲ့ သဘောသဘာဝက ဘယ်လိုလဲဆိုတော့ ဆိုးဝါးခါးသီးတဲ့ အတွေ့အကြံု တစ်ခု ရလာပြီ
ဆိုရင် ဒေါသထွက်ခြင်း၊ မကျေမချမ်းဖြစ်ခြင်းစတဲ့ မကောင်းသောစိတ်ခံစားချက်များ ရရှိလာတယ်။
နောက်ပြီး မကောင်းသောစိတ် ခံစားမှုတစ်ခု (သာဓက- ဒေါသထွက်ခြင်း) အတွေ့အကြံုတစ်ကြိမ်
ရရှိပြီးပြီဆိုရင်လည်း အဲဒီခံစားမှု (ဒေါသတရား)နဲ့ ယဉ်ပါးသွားတတ်ပါတယ်။
ဒီလိုပါပဲ နာကျည်းမှုခံစားချက် ရှိတတ်သူများဟာ မကြာခဏ နာကျည်းမှုများ ဖြစ်ပေါ်တတ်ပြီး
နာကျည်းမှုကိုစွဲလမ်းသူ၊ သို့မဟုတ် နာကျည်းမှုရဲ့ သားကောင် ဖြစ်လာပါတော့တယ်။
မကောင်းသော စိတ်ခံစားချက်ရဲ့ အကျိုးဆက်အနေနဲ့အားလုံးအတွက် အကျိုးရှိပြီး ကောင်းမွန်သော
တုံ့ပြန်မှု နည်းလမ်း၊ သို့မဟုတ် အခြားရွေးချယ်စရာနည်း လမ်းများ မမြင်မတွေ့ နိုင်တော့ဘဲ
ဆိုးဝါးသော နည်းလမ်းကိုသာ အသုံးပြုရန် အားသန်တတ်ကြပါတယ်။
ကဗျာဆရာမကြီး မာရာအိန်ဂျလိုက "ဖိညှစ်ထားခြင်းခံရသော နာကျင်မှုဝေဒနာတွေ
ရှိနေလင့်ကစား ဒီသမိုင်းကို ပြန်လည်မခံစားနိုင်အောင် လုပ်လို့တော့ မရပါဘူး။ ဒါပေမဲ့ သမိုင်းကို
သတ္တိရှိရှိ ရင်ဆိုင်လိုက်မယ်ဆိုရင်တော့ ဒီသမိုင်းဟာ နောက်တစ်ကြိမ် ပြန်လည် ခံစားနေဖို့
မလိုအပ်တော့ပါဘူး"လို့ ရေးခဲ့ပါတယ်။
သူ့ရဲ့ ဘဝအတွေ့အကြံုနဲ့ယှဉ်ပြီး လူတွေမှာ ခွင့်လွှတ်ရဲတဲ့သတ္တိရှိဖို့ နှိုးဆော်ခဲ့တာပါ။
ဒါပေမဲ့လည်း များသောအားဖြင့် နာကျင်မှုတွေ၊ ထိခိုက်ဆုံးရှုံးမှုတွေနဲ့ ၀မ်းနည်းကြေကွဲမှုတွေ
အကြားမှာ ရောက်ရှိနေကြတဲ့လူတွေဟာ သူတို့ရဲ့ နာကျင်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက်
လက်တုံ့ပြန်သော နည်းလမ်းကိုသာ ရွေးချယ်တတ်ကြပါတယ်။
သူတို့ရဲ့ နာကျင်မှု ပြဿနာကို ဖြေရှင်းရာမှာ တခြားလူတွေကို လည်း နာကျင်စေလိုကြတယ်။
ဒါဟာ တကယ်တော့ (နာကျင်ခြင်း၊ လက်စားချေခြင်း၊ နာကျင်ခြင်း) အဆိုးကျော့သံသရာကို
လည်နေကြခြင်းသာ ဖြစ်ပါတယ်။
များသောအားဖြင့် နာကျင်တတ်သူများဟာ လောလောလတ်လတ် ဖြစ်ပေါ်လာတဲ့ နာကျည်းသော
ခံစားမှုများကို မလွန်ဆန်နိုင်ကြဘဲ တစ်ခုခုဖြစ်လျှင် တစ်ခုခုဖြင့် အလိုအလျောက်တုံ့ပြန်ကြခြင်း
ဖြစ်ပါတယ်။
အဲဒီလို တုံ့ပြန်တဲ့အခါမှာ ဖြစ်နိုင်ဖွယ်ရှိသော နည်းလမ်းများကို ရှာဖွေခြင်း၊ အားလုံးအတွက်
အကျိုးရှိမယ့် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ခြင်း၊ အတွေ့အကြံုကနေ သင်ခန်းစာရယူခြင်း
တို့ကို မလုပ်နိုင်ကြဘူး။
ဆင်ခြင်တုံတရား ပြည့်ပြည့်ဝဝ အသုံးမချနိုင်ခဲ့တဲ့ သဘောပါ။
ဘာဖြစ်လို့လဲဆိုတော့ သူတို့ ရဲ့စိတ်ထဲမှာ အတိတ်က နာကျည်းမှုကို မေ့ပစ်ရင် သူတို့မှာ
အပြစ်ရှိတယ်၊ သူတို့ လူပျော့ လူညံ့ဖြစ်သွားမယ်လို့ ခံစားတတ်ကြတယ်။
ဒါကြောင့် သူတို့ဟာ သူတို့ရဲ့ အနာဂတ်၊ သူတို့ရဲ့ ရှေ့ခရီး ပန်းတိုင်ရောက်ဖို့အတွက်
အားထုတ်ကြရမယ့်အစား ကြာရှည်လှပြီ ဖြစ်သော နာကျည်းဖွယ်အတိတ်မှာပဲ တွယ်ကပ်
နေကြတယ်။
နာကျည်းမှု အချုပ်အနှောင်အတွင်းမှာ ကျခံနေကြတယ်။
ခွင့်မလွှတ်နိုင်ကြသူများရဲ့ အဆိုး ကျော့သံသရာက လွတ်မြောက်စေမယ့် နည်းလမ်းများကို
ရှာဖွေရာမှာ ပညာရှင်များဟာ နောက်ဆုံးတော့ ဂန္ဓီ၊ မာတင်လူသာကင်း၊ နယ်ဆင်မန်ဒဲလားတို့
ဆီပဲ ပြန်ရောက်သွားကြပါတယ်။
သူတို့အားလုံးဟာ ခွင့်လွှတ်နိုင်ကြသူများသာ ဖြစ်ပါတယ်။
သူတို့ရဲ့ ဘယ်လို ရဲစွမ်းသတ္တိ ရှိမှုများဟာ ခွင့်လွှတ်ခြင်းကို ဖြစ်စေခဲ့ပါသလဲ။
နိုင်ငံတစ်ခုအတွင်းမှာသာမက၊ ကမ္ဘာအနှံ့အပြားမှာ နမူနာယူစရာကောင်းလောက်အောင်
ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၊ ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်းနဲ့ ငြိမ်းချမ်းရေး ရေရှည်တည်တံ့
ခိုင်မြဲစေခြင်းတို့ကို ဆောင်ရွက်ရာမှာ ဒီပုဂ္ဂိုလ်ကြီးများဟာ အဖွဲ့အစည်းအချင်းချင်း ထိတွေ့ဆက်ဆံမှု
မြှင့်တင်ရေးနဲ့ အကြမ်းမဖက်သော နည်းလမ်းဖြင့် ပဋိပက္ခဖြေရှင်း ခြင်းတို့ကို သည်းခံမှု၊ စာနာမှု၊
ကရုဏာထားရှိမှုတို့ဖြင့် ရဲဝံ့တည်ကြည်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။
ငြိမ်းချမ်းရေး စိတ်ပညာရှုထောင့်က လေ့လာသူများက လူတစ်ဦးချင်း၊ သို့မဟုတ် အဖွဲ့အစည်း
တစ်ခုချင်းအပေါ် ဖြစ်စဉ် ဖြစ်ရပ်အလိုက် လေ့လာတွေ့ရှိချက်များနဲ့ ဖွဲ့စည်း တည်ဆောက်ပုံအပေါ်
လေ့လာ တွေ့ရှိချက်များအရ နိုင်ငံတစ်နိုင်ငံအတွင်း "မညီမျှမှုများ"ဟာ လူ့အဖွဲ့အစည်းရဲ့
အစိတ်အပိုင်း တချို့အပေါ်မှာ ခက်ခဲသောအခြေအနေဖြစ် ပေါ်စေခဲ့ကြောင်း၊ လူတစ်ဦးချင်းရဲ့
ကိုယ်စိတ် နှစ်ပါးချမ်းသာမှုကို ထိခိုက်စေခြင်းမှအစ ကြီးမားကျယ်ပြန့်သော သွေးထွက်သံယို
ဖြစ်စေတဲ့ အကြမ်းပတမ်း လုပ်ဆောင်ချက်များအထိ ဖြစ်စေခဲ့ကြောင်း၊ ထိုမှတစ်ဖန်
လူ့အဖွဲ့ အစည်း အစိတ်အပိုင်းအချင်းချင်း ဖျက်လိုဖျက်ဆီးလုပ်လိုသော အတွေးအခေါ် အယူအဆ
အပါအဝင် မကောင်းသောစိတ်ဓာတ်ရေးရာနဲ့ ဆိုးဝါးသော လူမှုရေးချို့တဲ့မှုများကို
ဖြစ်ပေါ်စေခဲ့ကြောင်း ဖော်ပြထားတာကို ကျွန်တော် ဖတ်ရှုခဲ့ရပါတယ်။
သူတို့ရဲ့ တွေ့ရှိချက်အတိုင်းဆိုရင် နိုင်ငံတစ်ခုအတွင်း "မညီမျှမှုများ"သာလျှင် လက်သည်တရားခံ
ဖြစ်ပါတယ်။
ဖြစ်စဉ်ဖြစ်ရပ် တစ်ခုချင်းမှာနဲ့ ဖွဲ့စည်း တည်ဆောက်ပုံမှာ မညီမမျှဖြစ်နေတာတွေကို ညီမျှအောင်
လုပ်ပေးလိုက်နိုင်မယ်ဆိုရင် တစ်နည်းအားဖြင့် "မျှဝေခြင်း" လုပ်ပေးနိုင်မယ်ဆိုရင် ငြိမ်းချမ်းရေး
နည်းလမ်းများ ကျယ်ပြန့်စွာ ပွင့်လန်းလာမှာဖြစ်လို့ ငြိမ်းချမ်းရေး ပန်းတိုင်ဆီသို့ သေချာပေါက်
ရောက်ရှိနိုင်ပါကြောင်း အဆိုပါ ပညာရှင်များအုပ်စုက ဆိုကြပါတယ်။ အလားတူပါပဲ စိတ်ပညာရှင်
ခရစ်တီးက နိုင်ငံများဟာ လူမှုရေးတရားမျှတမှုကို ဆောင်ကြဉ်းပေးနေစဉ်မှာပဲ အကြမ်းမဖက်သော
ပဋိပက္ခ ဖြေရှင်းရေးလုပ်ငန်းစဉ်ကို အားလုံး ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် အနာဂတ်ကာလမှာ
ကမ္ဘာ့ငြိမ်းချမ်းရေးလှိုင်းတောင် ပေါ်ထွန်းလာနိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း ခွင့်လွှတ်ခြင်းအလေ့အကျင့်က ကျွန်တော်တို့ဆီမှာ မရှိသေးရင် အတိတ်က
ပဋိပက္ခအကြွင်းအကျန်များနဲ့ လက်ရှိဖြစ်ပေါ်နေဆဲ ပဋိပက္ခများဟာ နောက်တစ်ချိန်၊ တစ်နေရာမှာ
ပေါက်ကွဲထွက်လာမှာပဲ ဖြစ်ပါတယ်။
တောင်အာဖရိကနိုင်ငံမှာ အမှန်တရားနဲ့ ပြန်လည်ရင်ကြားစေ့ရေးကော်မရှင်က စံနမူနာ
ယူလောက်အောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ယခုအချိန်အထိ အစာမကြေမှုများ
ရှိနေပါသေးတယ်။
ရဝမ်ဒါနဲ့ ယခင် ဆိုဗီယက်နိုင်ငံ တချို့မှာလည်း ရန်လိုမှုများ ကျန်နေပါသေးတယ်။
ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကို လုပ်ထားပြီးသော်လည်း အခုတိုင် မကျေလည်သေးတဲ့
အခြေအနေတွေ ဖြစ်နေရတာကို ပညာရှင်တွေက၊ ပဋိပက္ခဖြစ်ပွားတဲ့ဒေသက လူတွေကို
ခွင့်လွှတ်ခြင်း အလေ့အကျင့် ရရှိဖို့အတွက် အချိန်ယူသင် ကြားပေးရန် လိုအပ်ချက်များ
ရှိနေသောကြောင့်လို့ မှတ်ချက်ပြုထားကြပါတယ်။
အဲဒီ နိုင်ငံတွေမှာ ပြန်လည်ရင်ကြားစေ့ရေး လုပ်စဉ်တုန်းက ခွင့်လွှတ်ခြင်းအယူအဆကို
ကမ္ဘာပေါ်မှာ အခုလောက်အထိ တန်ဖိုးထားမှု မရှိကြသေးတာဟာလည်း အကြောင်းရင်းတစ်ခု
ဖြစ်ပါတယ်။
ထိုစဉ်က ခွင့်လွှတ်ခြင်းကို ဘာသာရေးအယူအဆ အဖြစ်သာ အများစုက လက်ခံထားခဲ့ကြပြီး
ထိုစဉ်က သိပ္ပံနည်းကျ သုတေသနပြုမှုက အားနည်းနေခဲ့ပါတယ်။
၂၁ ရာစု ပညာရှင်တချို့ကတော့ အားလုံး လက်ခံနိုင်တဲ့ ခွင့်လွှတ်ခြင်းလုပ်ငန်းစဉ်မှာ
အပိုင်းလေးပိုင်း၊ အဆင့် ၂၀ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
အသေးစိတ်အဆင့်တွေတော့ ဒီနေရာမှာ မတင်ပြတော့ပါဘူး။
အပိုင်းအနေနဲ့ဆိုရင် ပထမပိုင်းက အဖြစ်မှန် ပေါ်ထွက်လာခြင်းအပိုင်း ဖြစ်ပါတယ်။
နာကျင်မှုကို ခံစားနေရစဉ် အကန့်အသတ်ဖြင့် လက်ခံနိုင်သော အဖြစ်မှန်ကို ရှာဖွေသိရှိလာရခြင်း
ဖြစ်ပါတယ်။
ဒုတိယအပိုင်းကတော့ အဆုံးအဖြတ်ပြုရသောအပိုင်း ဖြစ်ပါတယ်။
ခွင့်လွှတ်မလား၊ ခွင့်မလွှတ်နိုင်ဘူးလား စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
ခွင့်လွှတ်ဖို့ ဆုံးဖြတ်တယ်ဆိုရင် တတိယအပိုင်းကို ကူးနိုင်ပါတယ်။
တတိယအပိုင်းက အလုပ်လုပ်ရတဲ့အပိုင်းပါ။ နာကျင်ခဲ့ရသော အခြေအနေတစ်ရပ်လုံးကို
လက်ရှိအခြေအနေနဲ့ ပြန်လည် ဘောင်ခတ် စဉ်းစားခြင်း ဖြစ်ပါတယ်။
များသောအားဖြင့် စာနာမှု၊ ကရုဏာဖြစ်မှုနဲ့ ဆင်ခြင်တုံတရားတို့ဖြင့် ဝေဖန်ပိုင်းခြားနိုင်ခြင်းတို့
ဖြစ်လာပါတယ်။
စတုတ္ထနဲ့ နောက်ဆုံးအပိုင်းကတော့ အနာကျက်သော ခံစားမှုနဲ့ ခွင့်လွှတ်ရန် လိုအပ်ချက်ကို
နားလည်သဘောပေါက်ခြင်းတို့ ဖြစ်ပါတယ်။
ပြည်တွင်း ငြိမ်းချမ်းရေးအတွက်ဖြစ်စေ၊ ပြန်လည်ရင်ကြားစေ့ရေးအတွက်ဖြစ်စေ ယခင်က
မဖြေရှင်း နိုင်ခဲ့သော ပဋိပက္ခများ၊ အနာဟောင်းများ၊ နယ်မြေဒေသပိုင်ဆိုင်မှုဆိုင်ရာ ပြဿနာများနဲ့
အခြားသော တောင်းဆိုမှုများကို ဖြေရှင်းရာမှာ ကျွန်တော်တို့ဟာ အကြမ်းမဖက်သောနည်းလမ်းကို
အသုံးပြုရမယ်ဆိုတာကို လူအများစု လက်ခံနိုင်ကြပါတယ်။
ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သည်းမခံနိုင်၊ ခွင့်မလွှတ်နိုင်၊ ကရုဏာတရား၊
မေတ္တာတရား မထားနိုင်ကြရင် အဲဒီအကြမ်းမဖက်သော နည်းလမ်းကို လက်တွေ့မကျင့်သုံးနိုင်
ပါဘူး။
အစွယ်ရှိသူကလည်း အစွယ်တပြပြ၊ ဦးချိုရှိသူကလည်း ဦးချိုတသသ လုပ်နေကြမှာပါပဲ။
သည်းခံနိုင်ဖို့၊ ခွင့်လွှတ်နိုင်ဖို့၊ ကရုဏာတရားထား နိုင်ဖို့ဆိုရင် ကျွန်တော်တို့ရဲ့ အတွင်းစိတ်ထဲမှာ
ကိုက ငြိမ်းချမ်းနေမှသာ ဖြစ်နိုင်ပါတယ်။
အတွင်းစိတ်ထဲမှာ လောဘတရားတွေ၊ အမုန်းတရားတွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေ၊
ကိုယ့်အမျိုးအနွယ် ကိုယ့်အဖွဲ့အစည်းရဲ့ အကျိုးစီးပွားတစ်ခုတည်းပဲ ကြည့်နေမယ်ဆိုရင်တော့
ကျွန်တော်တို့ရင်ထဲမှာ မငြိမ်းချမ်းနိုင်သလို၊ လူထုကိုလည်း ငြိမ်းချမ်းအောင် မလုပ်ပေးနိုင်ပါဘူး။
အချုပ်အားဖြင့်ဆိုရ သော်ခွင့်လွှတ်ခြင်းကို ကျော်လွန်ပြီး ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်နိုင်သော
နည်းလမ်း မရှိပါဘူး။
ခွင့်လွှတ်ခြင်းကို ရှောင်ကွင်းသွားသော ငြိမ်းချမ်းရေးဖြတ်လမ်းလည်း မရှိပါဘူး။
ဒါကြောင့် ငြိမ်းချမ်းရေးရရှိရန်နဲ့ ပြန်လည် ရင်ကြားစေ့ရေး ပြီးမြောက်အောင်မြင်စေရန်တို့အတွက်
ကျွန်တော်တို့အားလုံး တစ်ဦးအပေါ်တစ်ဦး ခွင့်လွှတ်နိုင်စွမ်းရှိကြဖို့ သိပ်အရေးကြီးပါကြောင်း
တင်ပြလိုက်ရပါတယ်။
















