ညွန့်ပေါင်းအစိုးရ၊ စိတ်ကူးယဉ်မှုလား

ညွန့်ပေါင်းအစိုးရ၊ စိတ်ကူးယဉ်မှုလား

ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန် ပြည်ထောင်စုကိုရောက်ရှိခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ၀ါရှင်တန်မှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေးဆွေးနွးပွဲမှာ ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ခြေကိစ္စနဲ့ ပတ်သက်တဲ့ မေးခွန်းကို ဖြစ်နိုင်ခြေရှိတဲ့သဘော ဖြေကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန် ပြည်ထောင်စုကိုရောက်ရှိခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်
နာယက သူရဦးရွှေမန်းက ၀ါရှင်တန်မှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေးဆွေးနွးပွဲမှာ ညွန့်ပေါင်း အစိုးရ
ဖွဲ့နိုင်ခြေကိစ္စနဲ့ ပတ်သက်တဲ့ မေးခွန်းကို ဖြစ်နိုင်ခြေရှိတဲ့သဘော ဖြေကြားခဲ့ပါတယ်။

အဲလို ဖြေကြားမှုနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ကလည်း ကြိုဆိုတယ် ဆိုတဲ့အကြောင်း အေအက်ဖ်ပီသတင်းဌာနကို
ပြောကြားခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အခြား နိုင်ငံအတော်များများ
မှာလို ညွန့်ပေါင်းအစိုးရ ဖွဲ့ဖို့ ဖြစ်နိုင်ခြေ ရှိသလား၊ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့
မှတ်ချက်ပြုမှုတွေဟာ ဘယ်လို အဓိပ္ပာယ်ဆောင်နေသလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြ
သွားပါ့မယ်။

ညွန့်ပေါင်း အစိုးရဖွဲ့နိုင်ခြေနဲ့ ပတ်သက်ပြီး အမေရိကားမှာ သူရ ဦးရွှေမန်းက ခုလို ပြောဆိုခဲ့ပါ
တယ်။

"အင်န်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်ဟာ မိတ်ကောင်း ဆွေကောင်း
ဖြစ်သလို တစ်ဖက်က ပြိုင်ဆိုင်မှုကောင်းမယ့် သူများပဲဖြစ်ပါတယ်၊ ရွေးကောက်ပွဲ ညွှန့်ပေါင်းအစိုးရ
ဖွဲ့စည်းမယ့် ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံအတွက်၊ အများပြည်သူ အတွက်ဆိုရင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ရော၊ မနက်ဖြန်ရော၊ အနာဂတ် အတွက်ရော ပူးပေါင်းဆောင်ရွက်ဖို့
အဆင်သင့်ရှိပါတယ်" ဒီပြောဆိုချက်ကို ဒေါ်အောင်ဆန်းစုကြည်က

"အဲဒီ့လို ပူးပေါင်းဆောင်ရွက်လိုတဲ့ စိတ်ဓာတ်ဟာ အင်မတန်ကောင်းပါတယ်၊ ကျွန်မတို့
ကြိုဆိုပါတယ်"လို့ တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းဖို့ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကို သိနိုင်ဖို့ ဖွဲ့စည်းပုံနဲ့ သမ္မတ
ရွေးချယ်ရေးစနစ်ကို အရင်လေ့လာဆန်းစစ်ဖို့ လိုပါလိမ့်မယ်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအရ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်ဟာ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်ဆိုတဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်နဲ့ နိုင်ငံရဲ့ အထွတ်အထိပ်လို့ ခေါ်တဲ့ သမ္မတ တစ်ယောက်၊
နှစ်ယောက်ပေါင်းပြီး အုပ်ချုပ်တဲ့စနစ်လို့ လွယ်လွယ် ပြောနိုင်ပါတယ်။

တပ်ချုပ်ဆိုသူဟာ နိုင်ငံရဲ့ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းလို့ခေါ်နိုင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့
လုံခြံုရေးကောင်စီမှာ ဩဇာအရှိဆုံးလူ ဖြစ်ပါတယ်။

အကြောင်းကတော့ အဖွဲ့ဝင် ၁၁ ယောက်ပါ အဲဒီကောင်စီမှာ တပ်ချုပ်ဟာ သူအပါအဝင် အခြား
ငါးယောက်ကို ခန့်အပ်နိုင်တဲ့အတွက် စုစုပေါင်း ခြောက်ယောက်အင်အားနဲ့ တိုင်းပြည်မှာ
အာဏာ အရှိဆုံးသူ ဖြစ်နေလို့ပါပဲ။

အခြားအရေးပါတဲ့ အာဏာတွေကိုလည်း ရယူပိုင်ဆိုင်ထားပါသေးတယ်။

သမ္မတကတော့ ကျန်အာဏာ အတော်များများကို ချုပ်ကိုင်ခွင့်ရပါတယ်။

ဖွဲ့စည်းပုံအရ သမ္မတဟာ ၀န်ကြီး၊ ဒုဝန်ကြီးတွေ ခန့်အပ်နိုင်ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေ၊ ရှေ့နေချုပ်၊ ဒုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊
ဒုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနဲ့
ကောင်စီဝင်တွေ၊ တရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတွေ၊
တိုင်းဒေသကြီးနဲ့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တွေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ
ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေစသဖြင့် ခန့်အပ်
တာဝန်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။

သမ္မတရဲ့ လုပ်ပိုင်ခွင့် အာဏာကလည်း ကြီးပါတယ်။

ဒီလို ဒုတိယဩဇာအာဏာကြီးတဲ့ သမ္မတကို ဘယ်လိုရွေးကောက်တင်မြှောက်သလဲ
ဆက်လေ့လာကြည့်ရအောင်ပါ။

ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် လွှတ်တော်ကနေ သမ္မတနဲ့ ဒုသမ္မတတွေကို ရွေးချယ်
တင်မြှောက်မှာပါ။

ပထမအဆင့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် အမတ်အုပ်စု၊ ရွေးကောက်ခံအမျိုးသားလွှတ်တော်
အမတ်အုပ်စုနဲ့ ပြည်ထောင်စုအဆင့် လွှတ်တော်ထဲကို တပ်ချုပ်ကထည့်သွင်းမယ့် တပ်မတော်သား
အမတ်အုပ်စု သုံးစုကနေ ဒုသမ္မတ တစ်ယောက်စီ ရွေးချယ်ကြရပါလိမ့်မယ်။

တပ်မတော်သား အမတ်တွေ အုပ်စုကတင်မယ့် ဒုသမ္မတဟာ တပ်ချုပ်ကပဲ ရွေးချယ်တာဖြစ်မှာမို့
အထူးအထွေ ဆွေးနွေးဖို့ မလိုပါဘူး။

ရွေးကောက်ခံ အုပ်စုတွေရဲ့ ဒုသမ္မတ ရွေးချယ်ရာမှာ ဒုသမ္မတလောင်း အမည်စာရင်းကို
လွယ်လွယ်ကူကူ တင်နိုင်ကြပါတယ်။

အမတ်တစ်ယောက်က အဆိုပြု၊ တစ်ယောက်က ထောက်ခံတာနဲ့ ဒုသမ္မတလောင်း အမည်စာရင်း
၀င်သွားပါပြီ။

ဒါကြောင့် ဒုသမ္မတလောင်းဟာ တစ်ယောက်မက ၁၀ ယောက်၊ ၁၀ယောက် ကျော်တာလည်း
ဖြစ်နိုင်ခြေ ရှိပါတယ်။

အဲဒီ ဒုသမ္မတလောင်းတွေကနေ ဒုသမ္မတ တစ်ယောက်ရဖို့ အမတ်တွေက လျှို့ဝှက်စနစ်နဲ့
မဲပေးရွေးချယ်ရမှာ ဖြစ်ပါတယ်။

ဒုသမ္မတဖြစ်ဖို့ အမတ် စုစုပေါင်း ထက်ဝက်ကျော် မဲရဖို့ မလိုပါဘူး။

ဒုသမ္မတလောင်း အများကြီးထဲကမှ မဲအများဆုံး ရသူဖြစ်ရင် နိုင်ပါပြီ။
(မဲအများဆုံးရသူ နှစ်ယောက် သုံးယောက် အရေအတွက် တူနေမှသာ နောက်တစ်ကြိမ်
မဲထပ်ပေးတာ လုပ်ရမှာပါ။)

ပြောရရင် ဒုသမ္မတ ရွေးချယ်တာဟာ နိုင်သူ အားလုံးယူ စနစ်ပါ။

မဲတွေ ပျံ့နေရင် မဲတစ်ဝက်ကျော် မရသူလည်း ဒုသမ္မတ ဖြစ်နိုင်တဲ့ စနစ်ပါ။

လောလောဆယ် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ကို အခြေခံပြီး ခန့်မှန်းရင်
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ အင်န်အယ်လ်ဒီ ပါတီဟာ မဲအများစု ရနိုင်ခြေ
ရှိပါတယ်။

သူ့နောက်မှာ ပြည်ခိုင်ဖြိုးပါတီနဲ့ တိုင်းရင်းသားတွေရဲ့ ပါတီ ရှိနိုင်ပါတယ်။

တကယ်လို့ ပြည်သူ့လွှတ်တော်မှာ အင်န်အယ်လ်ဒီ မဲအများစု အနိုင်ရရင် ဒုသမ္မတ တစ်ယောက်
သေချာပေါက် ရွေးနိုင်ပါလိမ့်မယ်။

အမျိုးသားလွှတ်တော်မှာလည်း အလားတူပါပဲ။

ဒီနေရာမှာ ဒုသမ္မတ ရွေးချယ်တာနဲ့ ပတ်သက်ပြီး ပါတီ တစ်ခုနဲ့ တစ်ခု၊ အပေးအယူ လုပ်ရတာ
ခက်ခဲပါလိမ့်မယ်။

အကြောင်းကတော့ လျှို့ဝှက်မဲပေးစနစ် ဖြစ်တာကြောင့် ဘယ်သူက ဘယ်သူ့ကို မဲပေးလိုက်တယ်
ဆိုတာ မသိနိုင်ကြလို့ပါပဲ။

လူကြီး လူကောင်း သဘောတူညီချက်လောက်တော့ လုပ်နိုင်ပါတယ်။

သမ္မတရွေးချယ်ရာမှာလည်း ထိုနည်းလည်းကောင်းပါပဲ။

တပ်ကရွေးပေးလိုက်တဲ့ ဒုသမ္မတ အပါအဝင် ဒုသမ္မတ သုံးယောက် ရှိမှာဖြစ်ပြီး မဲအများဆုံးသူ
သမ္မတဖြစ်မှာပါ။

မဲ ထက်ဝက်ကျော်ရမှ နိုင်မယ်ဆိုတာမျိုး မဟုတ်ပါဘူး။

ဒီနေရာမှာလည်း အပေးအယူ လုပ်ရခက်ခဲပါတယ်။

အကြောင်းကတော့ လျှို့ဝှက် မဲဆန္ဒပေးတဲ့စနစ်ဖြစ်နေလို့ ဘယ်သူက ဘယ်သူ့ကို မဲပေးလိုက်မှန်း
မသိနိုင်တာ၊ သမ္မတအဖြစ် ရွေးချယ်ခံရပြီးရင် အဲဒီ သမ္မတကို အပေးအယူလုပ် မဲပေးလိုက်တဲ့
အစုအဖွဲ့က ဘာမှ အကျပ်ကိုင်အရေးဆိုလို့ မရလောက်အောင် ဖြုတ်ချရခက်တာတွေကြောင့်ပဲ
ဖြစ်ပါတယ်။

ပါလီမန် ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ လွှတ်တော်ထဲ အမတ်ထက်ဝက်ကျော်မရရင်
ပါတီတွေ တစ်ခုနဲ့တစ်ခု အပေးအယူလုပ် ညှိနှိုင်းရလေ့ ရှိပါတယ်။

ညှိနှိုင်းထားတဲ့အတိုင်း ၀ိုင်းထောက်ခံပြီး ၀န်ကြီးချုပ်ရာထူးရ၊ အစိုးရ ဖွဲ့ကြရတာမျိုးပါ။

တကယ်လို့ ၀န်ကြီးချုပ် လုပ်တဲ့သူနဲ့ သူ့ပါတီက ကတိဖျက်ရင် ကျန်သူ့ကို ထောက်ခံထားတဲ့
အမတ်တွေ၊ ပါတီတွေက အဲဒီ ၀န်ကြီးချုပ်နဲ့ ပါတီကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး
လွယ်လွယ် ပြန်ဖြုတ်ချနိုင်ကြလို့ ဖြစ်ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံမှာတော့ သမ္မတကို လွယ်လွယ် စွပ်စွဲပစ်တင် ရှုတ်ချ၊ ထုတ်ပယ်လို့ မရပါဘူး။

ပြည်သူ့လွှတ်တော် အမတ်တွေရဲ့ သုံးပုံ နှစ်ပုံနဲ့ အမျိုးသား လွှတ်တော် အမတ်တွေရဲ့ သုံးပုံနှစ်ပုံ
ဆန္ဒမဲနဲ့မှသာ ဖြုတ်ချနိုင်ပါလိမ့်မယ်။

ဒါဟာ ပြည်ထောင်စု လွှတ်တော်တစ်ခုလုံးရဲ့ သုံးပုံနှစ်ပုံ မဲဆန္ဒရဖို့ထက် ပိုခက်ခဲပါတယ်။

အဓိပ္ပါယ်ကတော့ ပါတီတစ်ခုနဲ့ တစ်ခု အပေးအယူလုပ်ပြီး သမ္မတ ဖြစ်သွားသူဟာ သူပေးခဲ့တဲ့
ကတိမတည်ဘူးဆိုရင်တောင် သူ့ကို ထောက်ခံပေးခဲ့တဲ့ ပါတီနဲ့ အမတ်တွေက
ဘာမှကောင်းကောင်း ပြန်မလုပ်နိုင်ဘူးဆိုတဲ့ သဘောပါ။

သမ္မတဖြစ်သူ လက်ထဲ အားလုံး ရောက်သွားပြီဆိုတဲ့ သဘောပါ။

တကယ်တော့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ အရ၊ ပါတီတွေ တစ်ခုနဲ့တစ်ခု ညှိ၊
ပူးပေါင်းပြီး သမ္မတ တစ်ယောက်တင်၊ အာဏာကို ခွဲဝေယူကြဆိုတာ လုပ်ဖို့ အလွန်
မလွယ်ကူပါဘူး။

အထူးသဖြင့် အကျိုးစီးပွားချင်း ဆန့်ကျင်ဘက်သဖွယ် ခြားနားတဲ့ အင်န်အယ်လ်ဒီနဲ့ ပြည်ခိုင်ဖြိုးပါတီ
တို့ အဲဒီလို ညွန့်ပေါင်း အစိုးရဖွဲ့ဖို့ ပိုပြီး မဖြစ်နိုင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့ နှစ်ယောက် အဲလို အကောင်အထည်ဖော်ခဲ့ရင်
သက်ဆိုင်ရာ ပါတီဝင် အသီးသီးရဲ့ ဆန့်ကျင်မှုကို အကြီးအကျယ် ခံရဖွယ်လည်း ရှိနေပါတယ်။

ဒါကြောင့် လက်ရှိ ဖွဲ့စည်းပုံအောက်မှာကျင်းပတဲ့ ရွေးကောက်ပွဲအပြီး ရလဒ်ကို ညွန့်ပေါင်းအစိုးရဖွဲ့ဖို့
စဉ်းစားပြောဆိုတာဟာ စိတ်ကူးယဉ်မှုတစ်ခုပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021