ခွင့်လွှတ်ခြင်းနှင့် ပြန်လည်ရင်ကြားစေ့ရေး (၈)

ခွင့်လွှတ်ခြင်းနှင့် ပြန်လည်ရင်ကြားစေ့ရေး (၈)

ဘာကြောင့် ပြန်လည်ရင်ကြားစေ့ရေးလဲ တချို့က တော်တော်ထူးဆန်းတယ်လို့ ပြောကြမယ်ထင်ပါတယ်။

ဘာကြောင့် ပြန်လည်ရင်ကြားစေ့ရေးလဲ တချို့က တော်တော်ထူးဆန်းတယ်လို့ ပြောကြမယ်
ထင်ပါတယ်။

ကျွန်တော့်လို အငြိမ်းစား စစ်ဗိုလ်ချုပ်တစ်ယောက်၊ တပ်မတော်အစိုးရနဲ့ ရွေးကောက်ခံအစိုးရကာလ
တွေမှာ ရှစ်နှစ်ကျော်လောက် အစိုးရအဖွဲ့ရဲ့ တာဝန်ဝတ္တရားများကို ထဲထဲဝင်ဝင် လုပ်ခဲ့တဲ့
လူတစ်ယောက်က အခုလို ပြန်လည်ရင်ကြား စေ့ရေးစာတွေ ရေးနေတယ်ဆိုတော့။

တချို့ ကျတော့လည်း ဒါဟာ နိုင်ငံရေး ပရိယာယ်၊ ကစားကွက်တစ်ခု ဖန်တီးနေသလားလို့
သံသယရှိနိုင်ပါတယ်။

အဲဒီလိုတော့ မဟုတ်ပါဘူး။ ကျွန်တော်က အာဏာနိုင်ငံရေး၊ ပါတီနိုင်ငံရေး လုံးဝမလုပ်တော့ဘူးလို့
ကြေညာထားပြီးသားပါ။ နိုင်ငံရေး စာပေတွေရေးနေတာက အတိတ်ကို ပြန်လည်တူးဖော်ဖို့
မဟုတ်ပါဘူး။ အနာဂတ်ခရီးလမ်း ချောမောစေဖို့အတွက် လမ်းပြ အမှတ်အသား
ချထားပေးလိုခြင်းသာ ဖြစ်ပါတယ်။

ရှေ့ဆက်မယ့်လမ်းကြောင်း မှန်မမှန် စစ်ဆေးဖို့နဲ့ အခုရောက်နေတဲ့ နေရာအမှန် သိဖို့အတွက်
အတိတ်က ရှိခဲ့တဲ့နေရာကို နောက်ညွှန်းပြန်ယူရသလို ရံဖန်ရံခါ နောက်ပြန်လှည့်ကြည့်မိတာတော့
ရှိနိုင်ပါတယ်။

ပြန်လည် ရင်ကြားစေ့ရေးခေါင်းစဉ်နဲ့ ကျွန်တော် ရေးသားတင်ပြနေတာက ဒီမိုကရေစီနိုင်ငံရေး
အသိပညာပေး စာစဉ်တစ်ခုအနေနဲ့သာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးအခြေအနေတွေ အထူးသဖြင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်
ပြောင်းလဲစနိုင်ငံတွေရဲ့ အတွေ့အကြံုတွေ လေ့လာပြီး မြန်မာ့နိုင်ငံရေး နဲ့ ချိတ်ဆက်ပေးနေတာပါ။

အလုံးစုံချုပ်ကိုင်မှု စနစ်တစ်မျိုးမျိုးကနေ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲခဲ့တဲ့နိုင်ငံတွေ ကမ္ဘာပေါ်မှာ
အများကြီးရှိခဲ့တယ်လေ။

ကျွန်တော်တို့က သူတို့ နောက်ဆုံးနားကမှ လိုက်ပြောင်းလဲနေရတာပါ။
သူတို့ရဲ့ အတွေ့အကြံုတွေကို ကျွန်တော်တို့ လေ့လာသုံးသပ်ပြီး ကိုယ့်တိုင်းပြည်အတွက်
သင့်တော်ရာကို ပြန်လည်အသုံးချတာဟာ ဉာဏ်ပညာ အမြော်အမြင်ရှိရာကျမယ်လို့
ကျွန်တော်ထင်ပါတယ်။

ဟိုလူပြော ဟုတ်နိုးနိုး ဒီလူပြော ယောင်ချာချာဖြစ်နေတာထက်စာရင်ပေါ့။

ဒါကြောင့် ကျွန်တော်က အခြားနိုင်ငံ တွေရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးက ထွက်ပေါ်လာတဲ့
အတွေ့အကြံုတွေ၊ သီအိုရီ အထောက်အထားတွေနဲ့ တတ်နိုင်သမျှ တိကျ ခိုင်မာ ညီညွတ်အောင်
ပြုစုထားပါတယ်။

သို့သော်လည်း တိကျခိုင်မာတယ်လို့တော့ ကျွန်တော်က မဆိုနိုင်ပါဘူး။ ကျွန်တော်ဖြတ် သန်းခဲ့ရတဲ့
ခရီးလမ်းတစ်လျှောက်ကရခဲ့တဲ့ အသိပညာနဲ့ အတွေ့အကြံုတို့အရ စေတနာကောင်းဖြင့်
သုံးသပ်တင်ပြထားခြင်းသာလျှင် ဖြစ်တဲ့အတွက် ကျွန်တော့်အတွေး ကျွန်တော့် အမြင်လို့သာ
မှတ်ယူကြစေလိုပါတယ်။

အခုလို ကိုယ့်အတွေး ကိုယ်ရေးနေတာကတော့ အငြိမ်းစားတစ်ယောက်အနေနဲ့ ကျန်ရှိနေသေးတဲ့
အချိန်ကာလကလေးမှာ လူ့အဖွဲ့အစည်းအတွက် အသုံးဝင်မှုရှိတန်သရွေ့ ရှိစေဖို့အတွက်သာ
ရည်ရွယ်ပါကြောင်း တင်ပြလိုပါတယ်။

ဒီမိုကရေစီ အသိပညာပေးရေးအစီအစဉ်မှာ ဘာကြောင့် ပြန်လည်ရင်ကြားစေ့ရေး ခေါင်းစဉ်ကိုမှ
ရွေးချယ်ရသလဲလို့ မေးလာရင်တော့ ကျွန်တော့်မှာ ပြန်ဖြေစရာအကြောင်းပြချက် သုံးချက်ရှိပါတယ်။

ပထမ အကြောင်းပြချက်ကတော့ အရှေ့တောင်အာရှမှာ အခုအခါ အရှိန်အဟုန်နဲ့
ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတချို့ဟာ ကျွန်တော်တို့ ငယ်စဉ်တုန်းကတော့ နောက်ကပါ။

ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှု ပထမအဆင့် မျှော်လင့်ချက်ဟာ
အနည်းဆုံး သူတို့ကို အမီလိုက်နိုင်ဖို့ ဖြစ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။

သူတို့ထဲမှာ ပေါင်းစည်းစွမ်းအင် (Synergy) ပေါ်ထွန်းနေတဲ့နိုင်ငံ ရှိနေပြီဖြစ်သလို ပေါ်ထွန်းအောင်
အားထုတ်နေတဲ့ နိုင်ငံတွေလည်း တွေ့နေရပါတယ်။

ဒါကြောင့် ကျွန်တော်တို့ဆီမှာ ပေါင်းစည်းစွမ်းအင်မရှိဘဲ သူတို့ကို မီနိုင်ဖို့က မဖြစ်နိုင်ပါဘူး။

ပေါင်းစည်း စွမ်းအင် ပေါ်ထွန်းလာအောင် လုပ်ရတာကလည်း လွယ်ကူတဲ့လုပ်ငန်း မဟုတ်ပါဘူး။

လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ စဉ်းစားတွေးခေါ်မှုစံတွေကို ပြောင်းလဲနိုင်ဖို့ လိုပါတယ်။

ဒီလို ပြောင်းလဲနိုင်ဖို့ဆိုတာကလည်း ကျွန်တော်တို့အားလုံး တစ်စိတ်တည်း တစ်ဝမ်းတည်း ရှိပါမှ
ဖြစ်နိုင်တာပါ။

မြန်မာနိုင်ငံရဲ့ ပစ္စက္ခ အခြေအနေက အားလုံးသိကြတဲ့အတိုင်းပဲ၊ မယုံကြည်မှုတွေ၊ မလုံခြံုမှုတွေ၊
စိုးရိမ်သောကတွေ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုစိတ် ကြီးမားမှုတွေ ရှိနေကြတယ်။

ဒါတွေဟာ ခွဲခြားခြင်းခံခဲ့ရတဲ့ အတိတ်ရဲ့အကျိုးဆက်များအဖြစ် ကျွန်တော်တို့ရဲ့ နှလုံးသားထဲကို
ရောက်ရှိနေကြတာပါ။

ဒီခံစားချက်တွေကို ရှင်းလင်းသွားစေရန်အတွက် ပစ္စုပ္ပန်မှာ ကျွန်တော်တို့ဟာ သည်းခံခြင်း၊
ခွင့်လွှတ်ခြင်း၊ အမှန်တရားနဲ့ တရားမျှတမှုတို့ကို လက်ကိုင်ထားပြီး မျှဝေထားသော အနာဂတ်ဆီသို့
လျှောက်လှမ်းနိုင်ရပါမယ်။

ဒါဟာ ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ပါပဲ။ ပြန်လည် ရင်ကြား စေ့ခြင်းမရှိဘဲ ဘယ်နည်းနဲ့မျှ
ပေါင်းစည်းစွမ်းအင်ဖြစ်လာစရာ အကြောင်း မရှိတဲ့အတွက် ကျွန်တော်က ဒီခေါင်းစဉ်ကို
ဦးစားပေးရွေးချယ်ခဲ့တာပါ။

ကျွန်တော့်ရဲ့ ဒုတိယအကြောင်းပြချက်ကတော့ ယနေ့မြန်မာပြည် ဒီမိုကရေစီတည် ဆောက်ရေးမှာ
ပြန်လည်ရင်ကြားစေ့ရေးကို ပို၍ အလေးအနက်ထားစေလိုတဲ့အတွက် ဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ ပြန်လည် ရင်ကြားစေ့ရေးတို့ဟာ တစ်ခုကိုတစ်ခု ကျောထောက် နောက်ခံပြုပြီး
တစ်ခုကိုတစ်ခု မှီခိုနေကြရပါတယ်။

ဒီမိုကရေစီမရှိဘဲ ပြန်လည်ရင်ကြားစေ့ရေးလုပ်လို့ မရနိုင်သလို ပြန်လည်ရင်ကြားစေ့ခြင်းမရှိဘဲ
ဒီမိုကရေစီ ထူထောင်ရင် အောင်မြင်မှု မရတတ်ပါဘူး။

ကမ္ဘာပေါ်မှာ အတော်ဆုံး ဒီမိုကရက်တွေက အကောင်းဆုံးဒီမိုကရေစီ စနစ်ကို ချပေးလိုက်ပါ။
ပြည်သူတွေဆီမှာ အနည်းဆုံးရှိသင့်တဲ့ ခွင့်လွှတ်ခြင်းနဲ့ ပြန်လည် ရင်ကြားစေ့ရေးအစီအစဉ်သာ
မရှိခဲ့ရင် အဲဒီ ဒီမိုကရေစီဟာ အဲဒီနိုင်ငံမှာ မရှင်သန်နိုင်ပါဘူး။

ဒါကြောင့် ကျွန်တော်က ပြန်လည်ရင် ကြားစေ့ရေးဆိုတာ ဘာလဲ၊ ဘာကြောင့် လုပ်သင့်သလဲ၊
ဘယ်လိုလုပ်သင့်သလဲဆိုတာတွေကို ဆွေးနွေးတင်ပြနေရတာပါ။


နောက်ထပ်အကြောင်းတစ်ချက်ကတော့ ၂၁ ရာစုရဲ့ ထူးခြားချက်ကြောင့်ပါ။

၂၀ ရာစု တုန်းက ကမ္ဘာစစ်ကြီး နှစ်ကြိမ်၊ ဒေသန္တရ စစ်ပွဲအများအပြားနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ
အကြိမ်ကြိမ် ရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်တစ်ရာက အာမေးနီးယန်းတွေ လူမျိုးတုံး သတ်ဖြတ်ခံခဲ့ရခြင်းက စတင်ပြီး
နောက်ဆုံးမှာ ဘော့စနီးယားနဲ့ ရဝမ်ဒါရဲ့ သတ်ဖြတ်မှုများနဲ့ ၂၀ ရာစုဟာ ကုန်ဆုံးခဲ့ရပါတယ်။

အဲဒီအချိန် တုန်းက ပဋိပက္ခတွေရဲ့ အရင်းအမြစ်က လူမျိုးရေးနဲ့ ၀ါဒရေးပါပဲ။

၂၁ ရာစုအစမှာတော့ ဧက မဏ္ဍိုင်အရိပ်အယောင်နဲ့အတူ စစ်ပွဲများ အဆုံးသတ်နိုင်ဖို့
မြင်တွေ့နေရပေမယ့် အကြမ်းဖက်မှုများကတော့ လျော့ကျမသွားပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့ ရာစုတုန်းကဖြစ်ခဲ့ရတဲ့ ပြင်းထန်သောခံစားမှုများကို ကုစားနိုင်ရေးအတွက်
ကမ္ဘာ့နိုင်ငံအများအပြားမှာ ဥပဒေကျင့်ဝတ်များအရ လည်းကောင်း၊ ယုံကြည်ကိုးကွယ်မှုနဲ့
စိတ်ပညာသဘောအရ လည်းကောင်း ပြန်လည်ရင်ကြားစေ့ရေးလုပ် ငန်းစဉ်များအပေါ် ဦးစားပေး
အရေးယူဆောင်ရွက်မှုများဟာ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများနဲ့အတူ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။

လူ့အဖွဲ့အစည်းဆိုင်ရာ အနာများ ကျက်စေရေးနဲ့ အတိတ်ကာလရန်သူများ အနာဂတ်မှာ
လုပ်ဖော်ကိုင်ဖက်အိမ်နီးနားချင်းများအဖြစ် ရောက်ရှိရေးဟာ ၂၁ ရာစုရဲ့ လေးနက်သော
အိပ်မက်တစ်ခု ဖြစ်နေရပါတယ်။

ကြွယ်ဝချမ်းသာတဲ့ နိုင်ငံတွေနဲ့ အဖွဲ့ အစည်းတွေက ဒီအိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့
အတွက် အပြိုင်အဆိုင် အကူအညီတွေ ပေးနေကြတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

တစ်ချိန်တည်းမှာပဲ အခွင့်အရေးသမားများကလည်း အစီအစဉ်တကျ အကြမ်းဖက်မှုများနဲ့
ကလဲ့စားချေမှုများကို နည်းအမျိုးမျိုးနဲ့ မီးထိုးပေးနေမှုများကလည်း ရှိနေပါတယ်။

ဒါကြောင့် ယခု ၂၁ ရာစု အစောပိုင်းကာလဟာ ကမ္ဘာပေါ်မှာ ပြန်လည် ရင်ကြားစေ့ရေးနဲ့
ကလဲ့စားချေရေး အားပြိုင်နေကြတဲ့ ကာလတစ်ခုအဖြစ် လူ့သမိုင်းမှာ ထူးခြားနေရခြင်း ဖြစ်ပါတယ်။

လူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ အနာဂတ်ရှင်သန်မှုအတွက် အကြမ်းဖက်ခံရသူများကို
အကာအကွယ်ပေးခြင်း၊ ကျူးလွန်ခဲ့သူများ တာဝန်ခံမှုရှိစေခြင်း၊ အမှန်တရားကို ရှာဖွေဖော်ထုတ်ခြင်း၊
တရားမျှတမှုကို အခြေခိုင်မာစေခြင်း၊ ခွင့်လွှတ်ခြင်း ကရုဏာတရားနဲ့ မေတ္တာတရားတို့ကို
ရှေးရှုခြင်းတို့ ပါ၀င်တဲ့ အပြည်ပြည်ဆိုင်ရာ ပြန်လည် ရင်ကြားစေ့ရေး အစီအစဉ်ကြီးကို
သတိပြုမိစေလိုတဲ့အတွက်လည်း ကျွန်တော်က ကြိုးစား တင်ပြနေရခြင်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်နဲ့ ဒီလုပ်ငန်းအတွက်
ဖြည့်ဆည်းပေးရမယ့် တောင်းဆိုချက် များအပေါ်မှာတော့ လူ့အဖွဲ့အစည်းတစ်ခု နဲ့တစ်ခု၊
တစ်နေရာနဲ့ အခြားတစ်နေရာ နားလည်မှု ကွဲလွဲနိုင်ပါသေးတယ်။

နစ်နာခဲ့သူဘက်ကတော့ သူတို့ရဲ့ နစ်နာချက်များကြောင့် ခံစားနေရတဲ့ ဒုက္ခဝေဒနာတွေကို
လက်ဆုပ်လက်ကိုင် အသိအမှတ်ပြုပေးနိုင်မှ ပြန်လည်နားလည်လက်ခံပေးနိုင်မှာ ဖြစ်ပါတယ်။

ကျူးလွန်ခဲ့သူဘက်ကလည်း သူတို့ရဲ့ အတိတ်က အမှားအယွင်းများကို ပြန်တောင်းပန်ဖို့နဲ့
ပေးဆပ်မှုတွေလုပ်ဖို့ဆိုတာ သူတို့ရဲ့ အတွင်းစည်းထဲမှာကို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

ခုခံ ကာကွယ်ရေး မဟာဗျူဟာတစ်မျိုးတည်း နားလည်ကြတဲ့ ခေါင်းဆောင်တချို့ကလည်း
လက်စားချေဖို့၊ ငြင်းပယ်ဖို့နဲ့ အပြစ်တင်ဖို့ပဲ လိုလားကောင်း လိုလားနေနိုင်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတချို့ကတော့ တည်ငြိမ်မှုရှိဖို့၊ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးဖို့၊
ဝေဖန်သုံး သပ်ခြင်းပြုဖို့ နည်းလမ်းများကိုပဲ ရွေးချယ်ထားပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလုပ်ငန်းစဉ်ဟာ စူးစမ်း ရှာဖွေမှု
အများအပြား၊ အနာကျက်စေခြင်းနဲ့ ပြောင်းလဲစေခြင်းနည်းလမ်း အများအပြားတို့ကို တီထွင်ဖန်တီး
ပေးရမယ့် ယန္တရား ဖြစ်စေရမယ့်အပြင် ကိုယ့်အကြောင်းကိုယ် ထုတ်ဖော်ပြောကြားခြင်းများနဲ့
နှစ်ဖက်အား ပြိုင်မှုများကိုလည်း ကောင်းစွာကိုင်တွယ် ထိန်းကျောင်းနိုင်ရမှာ ဖြစ်ပါတယ်။

ဒီလုပ်ငန်း စဉ်ကို ပဋိပက္ခ ဖြစ်ပွားနေတဲ့ လူ့အသိုက်အဝန်း အတွင်းကသာမက၊ အပြင်က
စည်းမျဉ်းစည်းကမ်း စောင့်ထိန်းပေးနိုင်တဲ့ လူတွေရဲ့ ခေါင်းဆောင်မှုနဲ့ ဉာဏ်အမြော်အမြင်ကြီးစွာ
လမ်းညွှန်ပေးမှု လိုအပ်ပါတယ်။

ဒီခေါင်းဆောင်များဟာ မိမိတို့ရဲ့ ကိုယ်ကျင့်သိက္ခာ၊ တရားမျှတမှုတို့ဖြင့် လူသားများရဲ့ လုံခြံုမှု၊
ဘေးအန္တရာယ်ကင်းမှု၊ အချင်းချင်းမေတ္တာ တရားထားရှိမှုတို့အတွက် အားပေးပြီး ကလဲ့စားချေခြင်း၊
တုံ့ပြန်ရန် ကြံစည်ခြင်းများကို တားမြစ်သွားရမှာ ဖြစ်ပါတယ်။

ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့အစည်း များဟာ ပဋိပက္ခလွန်ကာလ ပြန်လည်ရင်ကြားစေ့ရေး
ပြုလုပ်ရာ၌ ဆက်ဆံရေးကောင်းမွန်ဖို့ အရေးကြီးသလို ကွဲပြားခြားနားသော လူ့အဖွဲ့ အစည်း
အချင်းချင်း ရင်ကြားစေ့ရေး ပြုလုပ် ရာမှာလည်း ဆက်ဆံရေးသာ အခြေခံဖြစ်ပါတယ်။

ပြန်လည်ရင်ကြားစေ့ရေးဆိုတာ တစ်ကွဲတစ်ပြားစီ ဖြစ်ခဲ့ရသော အတိတ်ကာလ ဆက်ဆံရေးနဲ့
ဆန့်ကျင်လျက်၊ အတွေးအမြင်တူသော အနာဂတ် ဆက်ဆံရေးဆီသို့ ရည်ရွယ်ရတာ ဖြစ်ပါတယ်။

ပြန်လည်ရင်ကြားစေ့ရေး (Reconciliation)ဆိုတဲ့ စကားဟာ လက်တင်ဘာသာ (Conciliatus)က
ဆင်းသက်လာတာ ဖြစ်လေတော့ မူရင်းအဓိပ္ပာယ်က "ကောင်စီ တစ်ခုအဖြစ် နီးကပ်စွာအတူတကွ
ရောက်ရှိလာခြင်း"ဖြစ်ပါတယ်။

"ကောင်စီတစ်ခု"နဲ့ "အတူတကွရာက်ရှိ"ဆိုတဲ့ ပုဒ်များကြောင့် ကျွန်တော့် အယူအဆအရတော့
တစ်ကွဲတစ်ပြားစီကနေ တစ်ခုတည်းဖြစ်လာစေရန် "ရင်ကြားစေ့ခြင်း"ကို ပို၍သဘောတွေ့တဲ့
အတွက် ပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲ တင်ပြရခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ပြန်လည်ရင်ကြားစေ့ရေးဆိုတာ ကြမ်းတမ်းသော ပဋိပက္ခများကြောင့် လူများဟာ
တစ်ကွဲတပြားစီဖြစ်ပြီး တစ်ယောက် ကိုတစ်ယောက် ဆန့်ကျင်ဘက်ဖြစ်စေခဲ့တာကို လူ့အဖွဲ့အစည်း
အတွင်းမှာ ပြန်လည် သဟဇာတဖြစ်လာရအောင်လုပ်တဲ့ လုပ်ငန်းစဉ်လို့လည်း ခေါ်နိုင်ပါတယ်။

ပြန်လည် ရင်ကြားစေ့ရေးဟာ အလိုအလျောက်ဖြစ်ဖို့ ခဲယဉ်းပြီး နှစ်ဖက်စိတ်ဆန္ဒရှိမှု
လိုအပ်တဲ့အပြင် ရဲရင့်စွာ စွန့်လွှတ်နိုင်စွမ်းရှိဖို့လည်း လိုပါတယ်။

လူ့အဖွဲ့ အစည်းတစ်ခု ငြိမ်းချမ်းရေးရဖို့လုပ်တဲ့ လုပ်ငန်းအဆင့်တိုင်းမှာ လူ့အသိုက်အဝန်းအချင်းချင်း
ပြန်လည်ရင်ကြားစေ့ရေးဟာ မရှိမဖြစ် လိုအပ်ပါတယ်။

လူ့အသိုက်အဝန်းအချင်းချင်း ပြန်လည်ရင်ကြားစေ့ရေး အစီအစဉ် မရှိဘဲ ငြိမ်းချမ်းရေးလုပ်မယ်
ဆိုရင်တော့ စာရွက်အပေါ်မှာ ခေါင်းဆောင်တချို့ရဲ့ လက်မှတ်တချို့သာ ရရှိနိုင်ပြီး လူတွေရဲ့ရင်ထဲမှာ
စစ်မှန်သော ငြိမ်းချမ်းမှု ရရှိနိုင်မှာ မဟုတ်ပါကြောင်း တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021