ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးနောက် သမ္မတဆီကနေ သဘောထားမှတ်ချက်နဲ့ ပြန်ပေးပို့လာတဲ့ 'လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း' ကို မေလ ၁၄ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေး အတည်ပြုပြီး နောက်ဆုံးအကြိမ်အဖြစ် သမ္မတဆီ ပြန်ပို့ပေးလိုက်ပါပြီ။
ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးနောက် သမ္မတဆီကနေ သဘောထားမှတ်ချက်နဲ့
ပြန်ပေးပို့လာတဲ့ 'လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု
ဥပဒေကြမ်း' ကို မေလ ၁၄ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေး အတည်ပြုပြီး
နောက်ဆုံးအကြိမ်အဖြစ် သမ္မတဆီ ပြန်ပို့ပေးလိုက်ပါပြီ။
ဒီအတွက် သမ္မတ က လက်မှတ်ရေးထိုး ထုတ်ပြန်သည်ဖြစ်စေ၊ မရေးထိုးသည်ဖြစ်စေ
၁၄ ရက်အတွင်း ဥပဒေအဖြစ် အသက်ဝင်လာတော့မှာ ဖြစ်ပါတယ်။
မဘသအဖွဲ့အစည်းက ပြဋ္ဌာန်းပေးပါလို့ တောင်းဆိုထားတဲ့ မျိုးစောင့် ဥပဒေ လေးခုအနက် အဲဒီ
ဥပဒေဟာ ဘယ်လို ဥပဒေမျိုးလည်း၊ လွှတ်တော်တွင်း ဆွေးနွေးမှု နောက်ဆုံး အခြေအနေ
ဘယ်လို ရှိသလဲ၊ ဒီဥပဒေဟာ ဥပဒေ တစ်ရပ်အဖြစ် ပြဋ္ဌာန်းသင့်တဲ့ ဥပဒေ ဟုတ်ပါရဲ့လားဆိုတာ
ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
ဒီဥပဒေရဲ့ ဆိုလိုရင်းကတော့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် ဒေသတစ်ခုခုမှာ လူဦးရေ
သိပ်သည်းမှု များနေတာ၊ လူဦးရေတိုးနှုန်း မြင့်တက်နေတာ၊ မိခင်နဲ့ ကလေးသေဆုံးနှုန်းမြင့်တက်
နေတာ၊ ပြောင်းရွှေ့ ၀င်ရောက်မှုနှုန်းမြင့်လို့ လူဦးရေနဲ့ သယံဇာတ အချိုးညီမှု မရှိဖြစ်နေတာ၊
ဒေသတွင်း စားနပ်ရိက္ခာ လုံလောက်မှု မရှိတာ စတဲ့ ပြဿနာတွေ ပေါ်ပေါက်နေတယ်ဆိုရင် အဲဒီလို
ဖြစ်ပေါ်နေတာ ဟုတ်မဟုတ် ပထမအဆင့် ကျွမ်းကျင်သူတွေရဲ့ အကူအညီရယူပြီး
စစ်တမ်းကောက်ရမယ်လို့ ဆိုပါတယ်။
စစ်တမ်းမှာ အထက်က အချက်အလက်တွေ မှန်နေမယ်ဆိုရင် သက်ဆိုင်ရာ တိုင်းဒေသကြီး
ဒါမှမဟုတ် ပြည်နယ်လွှတ်တော်ဟာ အဲဒီဒေသကို ကျန်းမာရေးအထူးစောင့်ရှောက်ဖို့ လိုအပ်တဲ့
ဒေသအဖြစ် အတည်ပြုပေးရမယ်လို့ ဆိုပါတယ်။
တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်က အတည်ပြုတယ်ဆိုရင်တော့ သက်ဆိုင်ရာ
အစိုးရအဖွဲ့ဟာ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု လုပ်မယ့် အဖွဲ့ ဖွဲ့စည်းပြီး ၃၆ လမှာ
ကလေးတစ်ယောက် ယူရမယ်ဆိုတာ ပါ၀င်တဲ့ သားဆက်ခြား ကျန်းမာရေး အစီအစဉ်
အကောင်အထည်ဖော်ရမယ်လို့ ဆိုထားပါတယ်။
ဒီဥပဒေနဲ့ ပတ်သက်ပြီး ပြင်ပမှာ ဆွေးနွေးငြင်းခုံမှုတွေ ရှိသလို လွှတ်တော် ကော်မတီတွေကို
အကြံပြုစာ ပေးပို့တဲ့ အဖွဲ့အစည်းတွေလည်း အများအပြား ရှိခဲ့ပါတယ်။
တစ်ဆက်တည်း လွှတ်တော်တွင်း ဆွေးနွေးမှုတွေမှာလည်း အငြင်းအခုံတွေ ရှိခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်လို့ ဥပဒေ ရေးဆွဲပြဋ္ဌာန်းပေးဖို့ တောင်းဆိုခဲ့တဲ့ မဘသ အဖွဲ့ကြီးကရော၊
ရေးဆွဲပေးခဲ့တဲ့ အစိုးရ တာဝန်ရှိသူတွေကပါ ဥပဒေရဲ့ ဦးတည်ရာဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်
မောင်းတောဘက်က ဘင်္ဂါလီ ရိုဟင်ဂျာတွေကို ရည်ရွယ်တာမို့ လွှတ်တော်အတွင်း ကြီးမားတဲ့
အငြင်းအခုံမျိုး မပေါ်ပေါက်ခဲ့ပါဘူး။
အကြောင်းကတော့ အမျိုးသားလွှတ်တော်မှာ အဲဒီ ဘင်္ဂါလီ ရိုဟင်ဂျာတွေအရေး
ကာကွယ်ပြောဆိုပေးမယ့် အမတ်တွေ ရှိမနေလို့ပါပဲ။
ဒီလိုနဲ့ အဲဒီဥပဒေ လွှတ်တော် နှစ်ရပ်က အတည်ပြုပြီးနောက် သမ္မတ ဆီရောက်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့မှာတော့ သမ္မတဆီကနေ သဘောထား မှတ်ချက်နဲ့ အတူ အဲဒီဥပဒေ
ပြန််ရောက်လာပါတယ်။
သမ္မတရဲ့ သဘောထားမှတ်ချက်ကတော့ ထွေထွေထူးထူး မဟုတ်ပါဘူး။
ကျန်းမာရေး ဦးစီးဌာနမှာ အခေါ်အဝေါ်တွေ ပြောင်းလဲထားတဲ့အတွက် ဥပဒေမှာ အဲဒီ
အခေါ်အဝေါ်တွေအတိုင်း ပြောင်းလဲ ထည့်သွင်းဖို့ လောက်ပါပဲ။
ဥပဒေ အတည်ပြုဖို့ နောက်ဆုံးအဆင့်ရောက် သည်အထိ ဒီဥပဒေကို မပြဋ္ဌာန်းဖို့ အင်န်အယ်လ်ဒီ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမတ် ဒေါက်တာဒေါ်မေဝင်းမြင့်က ကန့်ကွက်ခဲ့ပါသေးတယ်။
သူက "ဒီဥပဒေဟာ လူမှုရေးဆိုင်ရာ ရိုက်ခတ်မှုများနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်ကို
ကျော်လွန်ပြဋ္ဌာန်းခြင်း မဖြစ်စေရန် လွန်စွာမှ အရေးကြီးပါကြောင်း၊ အမှန်စင်စစ်မှာ လူမျိုးစု
တိုင်းရင်းသားများ၏ ဆန္ဒ၊ အမျိုးသမီးများ၏ အခွင့်အရေး၊ မိသားစု အခွင့်အရေး၊ လူ့အခွင့်အရေး
ကြေညာစာတမ်းပါ လူ့အခွင့်အရေး၊ လူမှုစီးပွားရေး ဆိုင်ရာများမှာ ရိုက်ခတ်မှုများစွာ ရှိနိုင်ပါသဖြင့်
သမ္မတနဲ့ အစိုးရအဖွဲ့၊ အကြံပေးအဖွဲ့တွေအနေနဲ့ သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်း မပြုခင်
လေးလေးနက်နက် ပြန်လည် သုံးသပ်သင့်တယ်"ဆိုပြီး တင်ပြခဲ့ပါတယ်။
တစ်ဆက်တည်း ဒေါက်တာဒေါ်မေဝင်းမြင့်က ဒီဥပဒေဟာ မြန်မာနိုင်ငံ လူဦးရေရဲ့ ထက်ဝက်ကျော်
ရှိတဲ့ အမျိုးသမီးတွေကို သက်ရောက်မှု ရှိစေမယ်၊ ဒါကြောင့် ဒီဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းအားဖြင့်
ကောင်းကျိုးထက်စာရင် ဆိုးကျိုးကို ဖြစ်စေမယ်၊ ပြဋ္ဌာန်းဖို့ မသင့်တော်ပါဘူးဆိုပြီး နောက်ဆုံးအကြိမ်
ပြောဆိုခဲ့ပါတယ်။
ဒီ ဥပဒေနဲ့ပတ်သက်ပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ဦးထွန်းထွန်းဦးက ဥပဒေကြမ်းကို အမျိုးသမီး
အခွင့်အရေး၊ လူ့အခွင့်အရေး၊ ကွန်ဗင်းရှင်းတွေ၊ နိုင်ငံတကာ ကတိကဝတ်တွေနဲ့ စိစစ်ခဲ့တယ်ဆိုတဲ့
အကြောင်း၊ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု မျိုးစုံပပျောက်ရေး ကွန်ဗင်းရှင်း(စီဒေါ)၊ လူဦးရေနဲ့
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အစီအစဉ်ဆိုင်ရာ နိုင်ငံတကာ ညီလာခံ၊ ဘီဂျင်း လုပ်ငန်း မူဝါဒ
ကြေညာချက်၊ အပြည်ပြည်ဆိုင်ရာ မိသားစုစီမံချက် ၂၀၂၀ တွေနဲ့ တိုက်ဆိုင် စစ်ဆေးခဲ့တဲ့
အကြောင်း၊ စီဒေါစာချုပ်မှာဆိုရင် ကလေးအရေအတွက်နဲ့ သားဆက်ခြားခြင်းမှာ လွတ်လပ်စွာနဲ့
တာဝန်ရှိစွာ ဆောင်ရွက်ဖို့ ဖော်ပြထားတဲ့ အကြောင်း၊ အခုဥပဒေမှာလည်း ကလေးအရေအတွက်နဲ့
သားဆက်ခြားတာကို ပိတ်ပင်ခြင်း မရှိ၊ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိတယ်လို့
ဖော်ပြထားကြောင်း၊ သားဆက်ခြားဖို့ ၃၆ လ ဆိုတာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က
သတ်မှတ်ထားတဲ့ အစီအစဉ်ကာလအတွင်းမှာ အကျံုးဝင်တဲ့အကြောင်း၊ ဒါပေမဲ့လည်း
သားဆက်ခြားဖို့ဆိုတာ အတင်းအကျပ်မဟုတ်၊ မဖြစ်မနေ ဆောင်ရွက်ရမှာ မဟုတ်ကြောင်း၊
ပညာပေးတာ၊ အသိပညာပေးတာပဲ ရည်ရွယ်ပါကြောင်း။ ပျက်ကွက်ရင် အရေးယူမယ်ဆိုတာ
မပါကြောင်း ရှင်းလင်းပါတယ်။
ဒါကြောင့် ဥပဒေမှာ အမျိုးသမီးတွေကို ခွဲခြား ဆက်ဆံတာ မပါ။ ဥပဒေအရ မဖြစ်မနေ လိုက်နာဖို့
တာဝန် မရှိတဲ့အတွက် နိုင်ငံတကာ စာချုပ်တွေနဲ့လည်း မဆန့်ကျင်၊ သားဖွားတာကို လွတ်လပ်စွာ
ဆောင်ရွက်နိုင်တယ်။ ရွေးချယ်ခွင့်လည်း ပေးထားတယ်လို့ ဆိုခဲ့ပါတယ်။
လွှတ်တော်နာယက သူရဦးရွှေမန်းကတော့ လက်ရှိ ဆွေးနွေးနေတာဟာ သမ္မတ က
သဘောထားမှတ်ချက်နဲ့ ပေးပို့လာတာကို ပြန်ဆွေးနွေးတာပဲ ဖြစ်ကြောင်း၊ ဆွေးနွေးချက်ကို
ပြန်ပို့လိုက်ရင် သမ္မတက လက်မှတ်ထိုးထိုး မထိုးထိုး ဥပဒေဖြစ်လာမှာမို့ ဒေါက်တာ ဒေါ်မေဝင်းမြင့်
တင်ပြတာ သိပ်မထူးတဲ့အကြောင်း ပြောပါတယ်။
ဒီလိုနဲ့ ဥပဒေကြမ်း ပြင်ဆင်ချက်ကို မဲခွဲရာမှာ အမတ်စုစုပေါင်း ၅၃၀ ရှိတဲ့အနက် ထောက်ခံမဲ ၄၄၃၊
ကန့်ကွက်မဲ ၃၉ နဲ့ ဥပဒေကြမ်း အတည် ဖြစ်သွားပါတယ်။
နောက်ဆုံး လွှတ်တော် နာယက သူရဦးရွှေမန်းကတော့ ဒီဥပဒေဟာ ကျန်းမာရေးအတွက် မိခင်နဲ့
ကလေးကို အဓိကထားတယ်ဆိုတဲ့အကြောင်း၊ စည်းနှောင်အား မရှိတဲ့ ဥပဒေ၊ ပညာပေးတဲ့
သဘောပဲဖြစ်တယ်ဆိုတဲ့အကြောင်း၊ ဥပဒေလို့ အမည်တပ်ထားတဲ့အတွက် ဥပဒေနဲ့
ညီညွတ်သလား မညီညွတ်ဘူးလားဆိုတာ ပြန်စဉ်းစားနိုင်မှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
ဒီနေရာမှာ မေးစရာ မေးခွန်းပေါ်လာတာက ဒါကို ကျန်းမာရေးဝန်ကြီးဌာနကနေ စီမံချက်တစ်ခု
အနေနဲ့ အကောင်အထည်ဖော်ရင် မရဘူးလား၊ ဘာကြောင့် စည်းနှောင်မှု လုံးဝ မရှိတာကို
ဥပဒေအဖြစ် ပြဋ္ဌာန်းရပါသလဲ ဆိုတာပါ။
ပြောရရင် ဒီ ဥပဒေကြမ်းဟာ တိုင်းပြည်အတွက်၊ မိခင်နဲ့ ကလေးတွေအတွက် လိုအပ်၊ မလိုအပ်
ဆိုတာထက် မဘသ လို အဖွဲ့ကြီးက ဥပဒေပြဋ္ဌာန်းပေးဖို့ တောင်းဆိုထားတာကို အဲဒီအဖွဲ့အစည်းနဲ့
အဖွဲ့အစည်းဝင်တွေ စိတ်ကျေနပ်မှုရှိအောင်၊ သူတို့ရဲ့ ထောက်ခံမှုရအောင် သမ္မတ ဦးသိန်းစိန်နဲ့
လွှတ်တော်နာယက သူရဦးရွှေမန်းတို့ ပူးပေါင်းပြီး ဥပဒေဖြစ်အောင် အကောင်အထည်
ဖော်ပေးခဲ့တာပဲ ဖြစ်ပါတယ်။
မဘသ အဖွဲ့ဥက္ကဋ္ဌ အင်းစိန် ရွာမ ပရိယတ္တိ စာသင်တိုက်ဆရာတော် အရှင်တိလောကာ ဘိ၀ံသ
ကိုယ်တိုင်ရေးပြီး မေလ ၁၇ ရက်နေ့ထုတ် သာကီသွေး ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ 'တိုင်းပြည်အတွက်
မဘသ' ဆိုတဲ့ ဆောင်းပါးမှာလည်း အမျိုးစောင့် ဥပဒေကို ကန့်ကွက်သူတွေဟာ
မြန်မာနိုင်ငံတော်ကို သစ္စာဖောက်သူတွေ ဖြစ်တဲ့အကြောင်း ဖော်ပြထားပြီး '၂၀၁၅ ခု
ရွေးကောက်ပွဲ၌ မြန်မာနိုင်ငံ၏ နိုင်ငံ့သစ္စာဖောက်များနှင့် ကိုယ်ကျိုးသာ ကြည့်သူများကို ရှောင်ရှားပြီး
နိုင်ငံတော်နှင့် အမျိုးဘာသာ သာသနာအတွက် အားကိုးလောက်သော နိုင်ငံ့ခေါင်းဆောင်
ကိုယ်စားလှယ်များကိုသာ စနစ်တကျ ရွေးချယ်နိုင်ကြပါစေကြောင်း' ဆိုပြီး အတိအလင်း
ရေးသားထားတာ တွေ့ရပါတယ်။
ဒါတွေအားလုံးကို ခြံုငုံသုံးသပ်ကြည့်လိုက်ရင် သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော် နာယက
သူရဦးရွှေမန်းတို့ဟာ 'လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု
ဥပဒေကြမ်း' ကို ဥပဒေဆိုင်ရာ လိုအပ်ချက်ဆိုတာထက် နိုင်ငံရေး အကျိုးအမြတ် ရည်ရွယ်ချက်နဲ့
ပြဋ္ဌာန်းခဲ့တာ ဖြစ်နိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
















